Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

လူထုစိန်ဝင်း - ပန်းတိုင်ကဘာလဲနှင့်အခြားဆောင်းပါးများ

Regular price 3,300 MMK
Regular price Sale price 3,300 MMK
Sale Sold out
Type

 

ဒီဇယ်လေနဲ့ ကော့တေးလေ

 

           အောက်တိုဘာလ ၃ ရက် မနက်မှာ မန္တလေးက ဒေါ်ဒေါ် ဖုန်းဆက်ပါ တယ်။ လူကြုံရှိလို့ ဆူးပုပ်ကလေး၊ ဆီးဖြူသီး၊ ပြင်ဦးလွင် တညင်းသီး၊ ပဲရေပွ စတဲ့ တိုလီမိုလီလေးတွေ ထည့်ပေးလိုက်ကြောင်း ပြောပါတယ်။

           “ရန်ကုန်မှာ ပူလွန်းလို့ ထမင်းမစားနိုင်ဖြစ်နေတာနဲ့ အတော်ပဲ”

           လို့ ကျေးဇူးတင်ရင်း ပြောလိုက်ရတယ်။ ရန်ကုန်မှာ တအားပူလာတာ နှစ်ပတ်ရှိပြီ။ ပူလွန်းတော့ ရေထဲကငါး ကုန်းပေါ်ပစ်တင်ထားသလို ဖုတ် လိုက်ဖုတ်လိုက် ဖြစ်နေတော့တယ်။ မျက်လုံးတွေပူ ခေါင်းတွေ ကိုက်ပြီး ထမင်းစားချင်စိတ်လည်း မရှိတော့ဘူး။ အညာမွေး အညာကြီး အညာသား စစ်စစ်ကြီးဖြစ်ပါလျက်နဲ့ အပူဒဏ် မခံနိုင်တာ အံ့သြရတယ်။ ရင်ကျပ်ရောဂါ ရှိသူအများစုဟာ မိုးတွင်းတို့ ဆောင်းတွင်းတို့မှာ ရောဂါထလေ့ရှိတယ်။ သူများနဲ့ မတူဘဲ ဘာ့ကြောင့် ပူရင် အသက်ရှူကျပ်ပြီး မောလာရတယ် မသိပါဘူး။ တောင်ကြီး၊ ကလောကို ဒီဇင်ဘာထဲ ရောက်သွားတာ ဘာမှ မဖြစ်ခဲ့သလို ပြင်ဦးလွင် သွားနေတာလည်း ဘာမှ မဖြစ်ပါဘူး။ မဖြစ်ရုံသာ မဟုတ်ဘူး။ ရန်ကုန်မှာ ဆရာဝန်ညွှန်ကြားချက်အတိုင်း တစ်နေ့ ၁၆ နာရီ

အောက်စီဂျင်ပိုက်တန်းလန်း တပ်ထားရတဲ့သူက ပြင်ဦးလွင်ရောက်ပြီး တစ်ပတ်လောက်ကြာတော့ ဘာအောက်စီဂျင်ပိုက်မှ မလိုတော့ဘူး။ သဘာဝ လေသန့်အေးနဲ့ အဆင်ပြေနေတာပဲ။

          “မင်းလိုပဲ ဒေါ်ဒေါ်လည်း မန္တလေးပြန်ရောက်တာနဲ့ အသက်ရှူလို့ မဝတော့ဘူး။ မောနေတယ်။ ဒီက လေဟာ ပြင်ဦးလွင်လေ ရှူရသလို မသန့်တော့ ဘယ်လောက်ရှူရှူ ဝတယ်လို့ကို မထင်ရဘူး”

           ဒေါ်ဒေါ်က ပြင်ဦးလွင်မှာငါးလလုံးလုံး သွားနေခဲ့ပြီး ပြန်ဆင်းလာတာ နှစ်ရက်သာရှိသေးတာဆိုတော့ မန္တလေးက “ဒီဇယ်လေ” နဲ့ ဘယ်အသား ကျဦးမှာလဲ။ ပြင်ဦးလွင်လေသန့်အေးလေးကို လွမ်းနေဦးမှာပေါ့။ ပြင်ဦးလွင် က ပြန်ရောက်တာ လေးလရှိနေပြီဖြစ်တာတောင် ခုထိ ရန်ကုန်လေနဲ့ မယဉ်ပါးသေးဘူး မဟုတ်လား။ မန္တလေးက “ဒီဇယ်လေ”လို့ ဆိုလိုက်တော့ ရန်ကုန်လေကို ဘယ်လိုခေါ်ရမလဲ။ မန္တလေးလေထက် ကိုးဆယ်ဆ ပိုဆိုး တော့မပေါ့ ။ ဒီဇယ်နံ့ ၊ ဓာတ်ဆီနံ့၊ အမှိုက်ပုံနံ့နဲ့ မြောင်းပုပ်နံ့၊ မျှော်နံ့၊ ချွေးနံ့၊ အိမ်က ကမ်းနားနဲ့နီးတော့ ရေပုပ်နံ့စတဲ့ အနံ့ပေါင်းစုံ ရောမွှေပေါင်းစပ် ထားတာဖြစ်လေတော့ ခေတ်မီမီနဲ့ “ကော့တေးလေ” လို့ ခေါ်လိုက်ရင် ကောင်းမလား။ မြို့ကြီးပြကြီးရဲ့ အနံ့ပေါင်းစုံ ထောင်းထောင်းထနေတာကို တော့ “မြို့ပြလေ”လို့ပဲ ခပ်ရိုးရိုး ခေါ်လိုက်ရတာ ကောင်းမလား။

           ထားပါတော့။ ဘယ်လိုပဲခေါ်ခေါ် ရန်ကုန်လေနဲ့ မန္တလေးလေက မသန့်တဲ့နေရာမှာတော့ အတူတူပါပဲ။ ပြင်ဦးလွင်လေနဲ့များ ကွာချင်တိုင်း ကွာပေါ့။ ဒီလိုမတူတာကို ဒီတစ်ခေါက် ပြင်ဦးလွင်ရောက်မှ သတိပြုမိတာ။ အရင်က ဘယ်လိုမှ သတိမပြုမိခဲ့ဘူး။ ပူတာနဲ့ အေးတာပဲ ကွာတယ်လို့ ထင်မှတ်နေခဲ့တာ။

          ဒီတစ်ခေါက် ရန်ကုန်က ထွက်သွားပြီး သုံးနာရီလောက်အကြာ ပြင်ဦးလွင်ရောက်သွားတော့မှ သတိပြုမိသွားတာ။ ရန်ကုန်က မသွားခင်မှာ ကုန်းပေါ်ရောက်ငါးလို ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေတဲ့သူဟာ ပြင်ဦးလွင် ရောက်ရောက်ချင်းမှာပဲ ကွာခြားမှုကို ချက်ချင်း သတိပြုမိသွားတော့တယ်။ ပြင်ဦးလွင်လေကို ရှူရတာက ရှူးရမှန်းကို သိသိသာသာကြီး အဆုတ်ထဲ ရောက်သွားတာ။ အဆုတ်ထဲမရောက်ခင် လေပြွန်တစ်လျှောက် ဖြတ်သွားစဉ် ကတည်းက သန့်သန့်အေးအေးလေး ဝင်သွားတဲ့အရသာကို ကောင်းကောင်း ခံစားလိုက်ရတယ်။ အဆုတ်ထဲရောက်တော့လည်း အဆုတ်ထဲ ပြန်ရောက်သွား တယ်ဆိုတာ ခံစားမှုက သိလိုက်ရတယ်။ ချက်ချင်း ဝပြီးလန်းဆန်းသွားတယ်။

          ရန်ကုန်လေရှူရတာက ကမ္မဋ္ဌာန်းထိုင်သူတချို့ ရှူသလို တရှူးရှူး တရှဲရှဲ အသံထွက်အောင် ရှူရှိုက်လုပ်လို့လည်း ရှူလိုက်ရမှန်း မသိရဘူး။ အဆုတ်ထဲ လေတွေဝင်သွားတယ်လို့လည်း မခံစားရဘူး။ ဘယ်လိုမှကို ဝတယ်လို့ မထင်ရဘူး။

           လေသန့်သန့်အေးအေးလေး ရှူရှိုက်ရတာ ဘယ်လောက်ထိ အရသာ ရှိတယ်ဆိုတာကို “ကော့တေးလေ”တွေနဲ့ ယဉ်ပါးအသားကျနေတဲ့ နှာခေါင်း တွေက ဘယ်လိုပြောလို့မှ သိနိုင်မှာ မဟုတ်ဘူး။ ကိုယ်တိုင် ပြင်ဦးလွင်ရောက် ပြီး အတော်လေးကြာမှ ဒီအချက်ကို သတိပြုမိတယ်။ တစ်နေ့ မနက် ငါးနာရီခွဲလောက် နေ့စဉ်လုပ်နေကျအတိုင်း ခြံဝထွက်ပြီး အသက်ရှူလေ့ကျင့် ခန်း လုပ်နေတုန်း နှာခေါင်းထဲမှာ ဒီဇယ်နံ့ကြီး ထောင်းခနဲ ဝင်လာတယ်။ ရှေ့နောက်ဝဲယာ လှမ်းကြည့်တော့ ဘာကားမှ မမြင်ရဘူး။ ခြံချင်းကပ်ရက် က “ဒေလီယာမိုတယ်”ဘက်မှာလည်း မနက်စောစောဆိုတော့ ငြိမ်သက်နေ ကြဆဲ ဖြစ်တယ်။ ရောက်နေတာ လေးငါးဆယ်ရက်ကြာပြီဖြစ်တဲ့ ရုပ်ရှင် အဖွဲ့သားတွေလည်း မိုးအေးအေးမို့ ကွေးကောင်းနေကြတုန်းပဲထင်ပါရဲ့။

          ဟိုကြည့် ဒီကြည့် ဟိုတွေး ဒီတွေး လုပ်နေခိုက်မှာ ခပ်လှမ်းလှမ်း လမ်းကွေ့က ထော်လာဂျီတစ်စင်း ခေါင်းတိုင်က မီးခိုးတလူလူ စက်သံ ဖွတ်ချက်ဖွတ်ချက်နဲ့ ရောက်လာတာ တွေ့ရတယ်။

          “ဪ၊ တရားခံက ကိုယ်တော်ချောကိုး”

           သူ့ကိုမမြင်ရမီ၊ သူ့အသံ မကြားရမီကတည်းက သူ့အနံ့ကို နှာခေါင်း က ကြိုရလိုက်တာ ဖြစ်တယ်။ ရှင်းသန့်ကြည်အေးနေတဲ့လေထဲမှာညစ်ညမ်း တဲ့အနံ့တစ်ခုဝင်လာတာဆိုတော့ အဖြူရောင်ပိတ်ကားပေါ်မှာ အမည်းစက် တစ်စက် တို့လိုက်တာနဲ့ ထင်းခနဲဖြစ်သွားသလိုမျိုး သိသိသာသာ ထင်ထင် ရှားရှားကြီးကို သိလိုက်ရတာ ဖြစ်တယ်။

          ရန်ကုန်အိမ်က အစိုးရရုံးကြီးတွေနဲ့ သံရုံးကြီးတွေရှိရာ မြို့လယ်ကောင် လမ်းမကြီးပေါ်မှာရှိနေတာကြောင့် တစ်နေ့လုံး တစ်ညလုံး ကားကြီး ကားငယ် တွေ ဥဒဟို ဖြတ်သန်းသွားလာနေကြတာ ဖြစ်တယ်။ ည နှစ်နာရီထိုးလောက် ကျမှ ကားသံလုံးလုံး တိတ်သလောက် ရှိတတ်တယ်။ ဒါပေမဲ့ မနက်လေးနာရီ ထိုးတာနဲ့ ဈေးပို့ ဈေးကြိုတာတွေ တဝေါဝေါနဲ့ ထွက်လာကြပြန်တာပါပဲ။ဒါလောက် ကားတွေ ရှုပ်တဲ့နေရာမှာ နှစ်ပေါင်း ၄၀ ကျော်နေလာခဲ့ရတာ ဆိုတော့ နှာခေါင်းက “ယဉ်” နေပြီလေ။ ဘာနံ့မှမရတော့ဘူး။ နားလည်း အတူတူပဲ။ ဆူသံတွေယဉ်နေပြီ။ နယ်က ဧည့်သည့်စောင်သည်တွေ ညဉ့်အိပ် ညနေရောက်လာတဲ့အခါမျိုးတွေမှာ လာရင်းကိစ္စပြီးတာနဲ့ ချက်ချင်း ပြန်ကြ တာချည်းပဲ။ ရောက်တုန်းပေါက်တုန်း အေးအေးဆေးဆေးနေပါဦးလားလို့ ဘယ်တော့မှတားမရဘူး။ မျက်စိရှုပ်၊ နားရှုပ်နဲ့ မနေတတ်ဘူးလို့ ပြောကြ တယ်။ ရေသောက်ရတာတောင် ပေါ့ရွှတ်ရွှတ်နဲ့ ဘာအရသာမှ မရှိဘူးလို့ လည်း ပြောတတ်ကြတယ်။ ရှမ်းပြည်ကလာတဲ့ ဧည့်သည်တွေ သာဆိုးသေး။ ပူလွန်းလို့ ယပ်တဖျပ်ဖျပ်နဲ့ ညည်းတွားလို့ကို မဆုံးတော့ဘူး။

           အခု ပြင်ဦးလွင်မှာ အတော်ကြာကြာလာနေမှ ခြားနားချက်ကို သတိထားမိရတယ်။ ရန်ကုန်မှာတော့ နှာခေါင်းက ယဉ်နေပြီဆိုတော့ ဘာဒီဇယ်နံ့မှ မရပါဘူး။ ဆူညံသံတွေကြားမှာ နားကလည်း ယဉ်နေပြီလေ။ ဒီတော့ ဆူလို့ အိပ်မရဘူး မရှိတော့ပါဘူး။

            “ယဉ်”နေပြီဆိုတဲ့အဖြစ်က တော်တော်ဆိုးတယ်နော်။ အမှတ်မထင် ကိုယ်တိုင်တောင်မှ မသိလိုက်ရဘဲနဲ့ အာရုံငါးပါးလုံးကို လုံးလုံးကြီး ပျက်စီး သွားစေတာ။ အာရုံငါးပါးကို ဖျက်ဆီးရုံနဲ့တင် မပြီးသေးပြန်ဘူး။ အဲဒီက တစ်ဆင့်တက်ပြီးတော့ လူ့အကျင့်စရိုက်တွေ၊ လူ့စိတ်ဓာတ်တွေကိုပါ ဖျက်ဆီး ပြန်သေးတာ။

            ဒီနေ့ ကလေးပေါက်စနလေးတွေ ပါဝါရိန်းဂျားတို့၊ ဘက်တ်မင်းန်တို့၊ စပိုက်ဒါမင်းတို့ စီဒီချပ်တွေ စွဲစွဲလမ်းလမ်း နှစ်နှစ်ခြိုက်ခြိုက်ကြီး ကြည့်နေ ကြတာတွေ့တိုင်း မအံ့ဩဘဲကို မနေနိုင်ဘူး။ ဟို ရှေးခေတ်ကလေးတွေများ ထိုးတာ ခုတ်တာ သတ်တာ ဖြတ်တာတွေ ဘယ်ကြည့်ရဲမှာလဲ။ လူကြီးမိဘ

တွေနဲ့ ရုပ်ရှင်သွားကြတဲ့အခါ သတ်ခန်း ဖြတ်ခန်းတွေဆိုရင် အမေ့ရင်ခွင်ထဲ ခေါင်းထိုးပြီး ဝှက်ထားကြရတာ။ ကလေးတွေသာ မဟုတ်ပါဘူး၊ ကောလိပ်ကျောင်းသူ အပျိုမကြီးတွေတောင်မှ စစ်ကားတွေ ဘာတွေကြည့်လေ့ရှိတာ မဟုတ်ဘူး။ သွေးသံရဲရဲ သတ်တာ ဖြတ်တာတွေနဲ့ တယ်ပြီး မယဉ်ပါးကြ သေးဘူးဆိုရလိမ့်မယ် ထင်ပါရဲ့။

          သွေးသံရဲရဲမှ မဟုတ်ပါဘူး။ ဝတ်စားဆင်ယင်မှုမှာလည်း အလားတူပါပဲ။ ၅ဝ ပြည့်နှစ်တွေအတွင်းက ကောင်းဘွိုင်ကားလို အပေါစားရုပ်ရှင်တွေ မှာတောင် မင်းသမီးတွေက ဂါဝန်ပွပွကြီးတွေ မြေကြီးတရွတ်တိုက် ဝတ်ကြ တာ။ ရင်စည်းကိုယ်ကျပ် အင်္ကျီဆိုတာလည်း ကြိုးတွေကို လူတစ်ယောက်က နောက်မှာ မတင်းတင်းအောင် ဇွတ်ဆွဲပြီး စည်းပေးရတာ။ ၁၉၅၆ - ၅၇က မန္တလေးတက္ကသိုလ်မှာ ပြင်ဦးလွင်ကွန်ဗင့်က ရောက်လာသူ တရုတ်မလေး တစ်ယောက် ဘရာစီယာဝတ်ပြီး ကျောင်းတက်တာကို အထူးအဆန်းဖြစ်နေ ကြရတာ။ မန္တလေးတက္ကသိုလ်မှာ သူပထမဆုံး စဝတ်တာပဲ။ တစ်နှစ်လုံးလည်း သူတစ်ယောက်တည်း ဝတ်တာပါပဲ။ သူတွေ ငေးကြပေမဲ့ နှာခေါင်းရှုံ့ သူက ခပ်များများပါ။ ညနေတိုင်း တင်းနစ်ကွင်းမှာ ဆုံရပြီး၊ ရံဖန်ရံခါ သူနဲ့တွဲပြီး ကစားရတာမျိုး ရှိတတ်ပေမဲ့ ဗိုက်သားပေါ်နေလေ့ရှိသူနဲ့ နီးနီး ကပ်ကပ်ရပ်ပြီး စကားမပြောရဲခဲ့ဘူး။

            နောက်တော့လည်း ဘရာစီယာဝတ်တာ ရိုးသွားတော့တာပါပဲ။ ဝတ်ခါစကများ “အိုက်သားအော်၊ နိုက်သားနော်” “ဗိုက်သားပေါ်၊ ကိုက်စား မနော်”ဆိုပြီးတောင် စာချိုးပြီး စကြ နောက်ကြသေးတာ။

           တိုက်ခိုက်သတ်ဖြတ်တာတွေလည်း ဒီခေတ်မှာတော့ နှစ်နှစ်သား သုံးနှစ်သား ကလေးလေးတွေကတောင် ကြောက်ရမှန်း မသိတော့ပါဘူး။ နေ့စဉ်နဲ့အမျှ ကြည့်နေရတဲ့ ရုပ်ရှင်ကားတွေ၊ ဗီဒီယိုကားတွေမှာ သွေးရဲရဲ သံရဲရဲ ပြကွက်တွေချည်း တွေ့နေရတော့တာကိုး။ ကြာတော့လည်း ရိုးသွား တတ်တာ ဓမ္မတာပဲလေ။ ရိုးသွားရာက ယဉ်သွားဖို့သာ ရှိတော့တာပါ။

            ဒီခေတ်လူတွေရဲ့ မျက်စိထဲမှာက မမြင်အပ် မကြားအပ်တဲ့အရာဆိုတာ မရှိတော့ဘူး။ စာနယ်ဇင်းတွေထဲမှာလည်း သွေးသံရဲရဲပုံတွေ မြင်တွေ့နေရ တာပဲ။ ဒီတော့ သတ်တာတို့ သေတာတို့ ဒီခေတ်မှာ ဘာမျှ မဆန်းတော့ဘူး။ အားလုံးရိုးနေပြီ။ မျက်စိက ကျင့်သားရနေပြီ။ စိတ်ကလည်း ယဉ်ပါးနေပြီလေ။

ရှေးခေတ် အနှစ်လေးငါးဆယ်က အမေရိကန် ရုပ်ရှင်ကားဟောင်း တွေ ပြန်ကြည့်မိတဲ့အခါမျိုးမှာ သူတို့ဆီက မိန်းမပျိုလေးတွေလည်း သူတို့ ခန္ဓာကိုယ် သန့်ရှင်းစင်ကြယ်မှုကို အလွန်အင်မတန်တန်ဖိုးထားတာ တွေ့ရ တယ်။ လက်မထပ်ရသေးဘဲနဲ့ ကိုယ်ဝန်တွေဘာတွေရှိလာတာမျိုးဆိုရင်လည်း အိမ်ထဲက အိမ်ပြင်မထွက်ရဲအောင်ကို ဖြစ်ကြရတာပါ။ သတ်သေချင်စိတ်ပေါက်အောင်လည်း ရှက်ကြတာပါ။ ရှေးကတော့ အနောက်တိုင်းမှာလည်း “အရှက်” ဆိုတာ ရှိတာပါပဲ။ ဟီရိဩတ္တပ္ပဆိုတာလည်း နားလည်ကြတာ ပါပဲ။ နောက်တော့မှသာ အရှက်ဆိုတာ ကွယ်ပျောက်သွားရတာပါ။ တန်ဖိုး ဆိုတာတွေ ပြောင်းလဲကုန်ကြတာပါ။

            ရက်စက်ကြမ်းကြုတ်တာ၊ ရိုင်းတာ၊ အရှက်ကင်းမဲ့တာကို လူတွေ ယဉ်ပါးသွားအောင် ရုပ်ရှင်တွေ၊ မီဒီယာတွေက လုပ်ပေးခဲ့ကြတာပဲလေ။ ယဉ်သွားပြီဆိုရင် ကြောက်စရာကို မကြောက်တတ်တော့ဘူး။ ရှက်စရာကို လည်း မရှက်တတ်တော့ဘူး။ မြို့ပြလူသားရဲ့ နှာခေါင်းထဲမှာ ဒီဇယ်နံ့ကို နံမှန်း မသိတော့သလိုဖြစ်ရတာ နှာခေါင်းယဉ်သွားလို့ပဲ။ ရှက်စရာကို မရှက် တတ်တော့တာလည်း အရှက်ယဉ်ပါးသွားလို့ပဲ။ ယဉ်ပါးသွားတာဆို ဘယ်လို ယဉ်ပါးမှုမှ မကောင်းပါဘူး။ မရှက်တတ်တော့ဘဲ အရှက်ယဉ်ပါး ဖြစ်မှုကတော့ သိပ်ဆိုးပါတယ်။

 

(တေးကဗျာ၊ ၁၀- ၁၀- ၁၄)