လူထုစိန်ဝင်း - ပထမအမျိုးသမီးလမ်းထွင်သူများ
၁။ အဆင့်မြင့် အမျိုးသမီးစာစောင်များ ပေါ်ထွက်ရေး
မတ်လဆန်းတုန်းက အထက်တန်းကျောင်းသူ ဂျပန်မလေး နှစ်ယောက် စာကလေးတစ်စောင်နှင့် လက်ဆောင်ပစ္စည်းအချို့ ယူပြီး ရောက် လာခဲ့ပါတယ်။ စာကိုဖတ်ကြည့်လိုက်တော့ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က တပည့်ဖြစ်ဖူးတဲ့ ဂျပန်အမျိုးသမီးတစ်ယောက်က ရေးလိုက်တဲ့စာ ဖြစ်နေ ပါတယ်။
စာနဲ့ လက်ဆောင်ပစ္စည်းတွေ ယူလာသူ ဂျပန်မလေးဟာ တပည့် ဟောင်း ဂျပန်အမျိုးသမီးရဲ့ သမီးလေးဖြစ်ပါတယ်။ အထက်တန်းကျောင်း ပြီးသွားလို့ သူငယ်ချင်းနှစ်ယောက် အရှေ့တောင်အာရှဒေသကို သွားလည် ဖို့ ထွက်လာကြတာပါတဲ့။ နှစ်ယောက်စလုံး အသက် ၁၇ နှစ်သာသာပဲ ရှိကြပါသေးတယ်။ တပည့်ဟောင်းရဲ့ သမီးလေးကိုကြည့်ပြီး အံ့သြဝမ်းသာ ဖြစ်ရပါတယ်။
ဒီကလေးကို ကောင်းကောင်းသိပါတယ်။ သူ့နာမည်လေးက ကူမီကို ပါ။ သူ့အဖေက ဂျပန်ကုမ္ပဏီကြီးတစ်ခုရဲ့ အင်ဂျင်နီယာအဖြစ်နဲ့ ရန်ကုန် မှာလာပြီး အမှုထမ်းနေတာပါ။ သူတို့ကုမ္ပဏီက စီမံကိန်းကြီးတစ်ခုကို တာဝန်ယူလုပ်ဆောင်နေပါတယ်။ သူ့ဇနီးက အားနေတဲ့အချိန်တွေကို အသုံး ချဖို့အတွက် အင်္ဂလိပ်စကားပြောသင်တန်း လာတက်ပါတယ်။ သူက ဂျပန် မှာ အင်္ဂလိပ်စာနဲ့ ဘွဲ့ရထားတာပါ။ ဒါပေမဲ့ ဂျပန်တွေရဲ့ ထုံးစံအတိုင်း အင်္ဂလိပ်စကားတွေ မပြောတတ်ပါဘူး။ ရန်ကုန်မှာ သူတို့ ၃ နှစ် နေသွားပါတယ်။ ၃ နှစ်စလုံး ဂျပန်အိမ်ရှင်မလေးက သင်တန်းလာတက်ပါတယ်။ မြန်မာကျောင်းသားတွေရဲ့ ဖော်ရွေမှုနဲ့ ခင်မင်တတ်မှုကြောင့် သူတော်တော် ပျော်နေပါတယ်။ ကလေးချစ်တတ်လို့ တစ်ခါတလေ ၂ နှစ်အရွယ် သမီး လေးကို ကျောင်းလာတဲ့အခါ ခေါ်လာခဲ့ပါလို့ ပြောတဲ့အတွက် သမီးလေး ကို ခေါ်လာတတ်ပါတယ်။ ၂ နှစ်အရွယ်ဆိုတော့ တောက်တောက် တောက် တောက်”နဲ့ ပြေးဆော့နေတဲ့ ချစ်စရာအရွယ်လေးပေါ့။ သူ့နာမည်လေးက ကူမီကိုပါ။ အဲဒါကြောင့် သူ့ကို ကော်နီလို့ အမည်ပေးထားပါတယ်။ မြန်မာ လိုလည်း “ရွှေမိ” လို့ ပေးထားပါသေးတယ်။
အဲဒီတုန်းက ၂ နှစ်အရွယ် ရွှေမိ” လေးက အခုတော့ လူကြီးတစ်ယောက် ဖြစ်နေပြီလေ။ သူ့အဖေလိုပဲ ပိန်ပိန်သွယ်သွယ်နဲ့ ကြည့်လို့ကောင်းပါတယ်။ သူ့အမေလို မျက်စိမမေ့ဘဲ မျက်လုံးလေး ပြူးဝိုင်းဝိုင်းကြီးနဲ့မို့ ပိုပြီးချစ်စရာ ကောင်းပါတယ်။
ရွှေမိ” လေးနဲ့ သူငယ်ချင်းမလေးဟာ ခရီးထွက်လာကြတာ တစ်လ ကျော်ပါပြီ။ ထိုင်း၊ ဗီယက်နမ်နဲ့ လောနိုင်ငံတွေကို ရောက်ခဲ့ပြီးပါပြီ။ မြန်မာ ပြည်မှာ နှစ်ပတ်ကြာလည်ပတ်ပြီးရင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် တို့ကိုဆက်သွားမယ်လို့ပြောပါတယ်။သူတို့လေးတွေကိုကြည့်ပြီးအားကျမိပါတယ်။သူငယ်ချင်းနှစ်ယောက်သားလွတ်လွတ်လပ်လပ်သွားလာလည်ပတ်နေရတာဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ။ ဂျပန်ကျောင်း သွသူလေးနှစ်ယောက်ကို ကြည့်ရင်းနဲ့ ရန်ကုန်က မန္တလေးကို ကုမ္ပဏီအလုပ် ကိစ္စနဲ့ ၁ဝ ရက်လောက် ခရီးထွက်ရတာတောင်မှ အမေက အဖော်လိုက်ပေးနေရတဲ့တပည့်စာရင်းကိုင်မလေးတစ်ယောက်ကို တွေးလိုက်မိပါတယ်။ စာရင်းကိုင်မလေးဟာ ဘွဲ့ရပြီး LCCIတတိယအဆင့်ထိ အောင်ပြီးပါပြီ။ အသက်ကလည်း ၂၈ နှစ်ရှိပါပြီ။ ဒါပေမဲ့ ဘယ်သွားသွား အမေက အဖော် လိုက်ပေးနေရပါတယ်။
ဂျပန်ကျောင်းသူလေးနှစ်ယောက်ဟာ အခုလိုနိုင်ငံရပ်ခြား ခရီးထွက် လာတာ မိဘအကူအညီမပါဘူး။ သူတို့ပိုက်ဆံ သူတို့ရှာပြီး ထွက်တာပါတဲ့။ သူတို့နှစ်ယောက်စလုံး အသက် ၁၄ နှစ် အရွယ်ကတည်းက ကျောင်းနေ ရင်းတန်းလန်းနဲ့ အချိန်ပိုင်းအလုပ်တွေ ဝင်လုပ်ကြပါတယ်တဲ့။ စားသောက်ဆိုင်မှာလည်း လုပ်ဖူးတယ်။ ဓာတ်ဆီဆိုင်မှာလည်း လုပ်ဖူးတယ်။ စက်ရုံ တွေမှာလည်း လုပ်ဖူးတယ်။ နောက်ဆုံး ကုမ္ပဏီရုံးခန်းကြီးတွေမှာ တံမြက် စည်းလှည်း၊ သန့်ရှင်းရေးလည်း လုပ်ဖူးတယ်။ ၃ နှစ်လောက် ကြုံရာအလုပ်
တွေလုပ်ရင်း ငွေစုပြီးမှ ခုလိုခရီးထွက်လာကြတာပါတဲ့။ သူတို့လေးတွေရဲ့ စိတ်ဓာတ်ဟာ အားကျစရာ၊ အတုယူစရာ ကောင်းလိုက်တာ။ ၁၄ နှစ်သမီး ကတည်းက ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချစိတ်တွေ အပြည့်စုံပါလား။
ဒီလိုစိတ်ဓာတ်မျိုးတွေကို ကျွန်တော်တို့ မြန်မာမိန်းကလေးတွေ အတု ယူစေချင်လိုက်တာ၊ အားကျစေချင်လိုက်တာ။
ဒီနေ့ ခေတ်ကြီးဟာ မိန်းကလေးတွေလည်း ယောက်ျားလေးတွေနဲ့ တန်းတူအလုပ်လုပ်ပြီး ပိုက်ဆံရှာကြတဲ့ခေတ် ဖြစ်ပါတယ်။ မိန်းကလေးတွေ လည်း စက်တွေကိုင်တွယ်ရတဲ့ အင်ဂျင်နီယာလုပ်ရတာပဲ။ မိန်းကလေးတွေ လည်း မီးပွိုင့်မှာ ဘတ်စ်ကားပေါ်က ခုန်ဆင်းရတာပဲ။ မိန်းကလေးတွေ မီး ရထားတွဲအမိုးပေါ် တက်စီးနေတာတွေတောင် သာစည်- ရွှေညောင်ရထားမှာ အမြဲမြင်တွေ့ နေရသေးတယ်။
ဒီနေ့ မိန်းကလေးတွေဟာ အိမ်ထဲမှာနေပြီး သိုးမွေးဆွယ်တာထိုးတာ၊ တက်တင်းထိုးတာ၊ ခေါင်းအုံးစွပ်ပန်းထိုးတာနဲ့ ဆနွင်းမကင်း ဖုတ်တာမျိုးတွေ လုပ်မနေကြတော့ပါဘူး။ ယောက်ျားလေးတွေလို ပြေးလွှားလှုပ်ရှားနေကြရ တာပါ။ ပညာတွေ သင်ရတယ်၊ ပိုက်ဆံရှာရတယ်။
ဒီလိုမလုပ်လို့လည်း မဖြစ်ပါဘူး။ မြန်မာနိုင်ငံရဲ့ လူဦးရေစာရင်းမှာ အမျိုးသမီးကတောင် ပိုနေသေးတယ်မဟုတ်လား။ ၅၀ ရာခိုင်နှုန်းမကတဲ့ ဒီလုပ်အားတွေမပါဘဲ တိုင်းပြည်တိုးတက်ကြီးပွားအောင် လုပ်လို့မရနိုင်ပါ ဘူး။ အမျိုးသမီးတွေရဲ့ လုပ်အားကို အများကြီး လိုအပ်နေပါတယ်။ အမျိုး သမီးတွေ ကာယအားဖြင့်ရော၊ ဉာဏအားဖြင့်ရော စိတ်ဓာတ်အားဖြင့်ပါ ကြံ့ခိုင်မှုရှိဖို့ အရေးကြီးပါတယ်။
ဒီဗလသုံးတန်နဲ့ပြည့်စုံဖို့အတွက် ပံ့ပိုးပေးနိုင်တာက အမျိုးသမီး ဂျာနယ် မဂ္ဂဇင်းတွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီးဂျာနယ် မဂ္ဂဇင်းတွေ အစဉ်အဆက်ရှိခဲ့ပါတယ်။ ဒီနေ့လည်း ရှိကြပါတယ်။ ရှိခဲ့တဲ့၊
ရှိနေတဲ့ အမျိုးသမီးဂျာနယ်မဂ္ဂဇင်းတွေကို အားကိုးတကြီးနဲ့ ငဲ့စောင်းကြည့် လိုက်တဲ့အခါကျတော့...
(၁) ထမင်းဟင်းချက်နည်း
(၂) ဇာထိုးပန်းတွဲနည်း
(၃) ကိုယ်ကာယ အလှပြုပြင်နည်း
(၄) ကလေးပြုစုစောင့်ရှောက်နည်း
(၅) ဆေးမြီးတိုနဲ့ကုနည်း
စတဲ့ အချက်တွေကိုသာ အဓိကထားနေသေးကြတာကို တွေ့နေရပါ တယ်။ “မိန်းမရဲ့ နေရာမှန်မှာ မီးဖိုချောင်ဖြစ်တယ်”ဆိုတဲ့ မဟာဖိုဝါဒသမား တွေရဲ့ လက်သုံးစကားအတိုင်း အမျိုးသမီးစာစောင်တွေကိုယ်တိုင်က အမျိုး သမီးတွေကို မီးဖိုချောင်ကိစ္စလောက်ကိုသာ ရေးကြီးခွင်ကျယ်လုပ်ပြီး ပညာ ပေးနေတာတွေ တွေ့မြင်နေရပါတယ်။
၂၀ ရာစုကုန်လို့ ၂၁ ရာစုထဲကို ဝင်ရောက်ဖို့ လက်တစ်ကမ်းသာ လိုတော့တဲ့ ဒီအချိန်ထိ ၁၈ ရာစုက ပုံစံအတိုင်း မိန်းကလေးတွေကို ပုံသွင်း နေလို့ မဖြစ်တော့ဘူး။ သူများနိုင်ငံက မိန်းကလေးတွေ လပေါ်ကိုတောင် တက်ခဲ့ကြပြီလေ။
အမျိုးသမီးစာစောင်တွေက မိန်းကလေးငယ်တွေ အားကျအတုယူ စရာအကြောင်းတွေကို ရှာဖွေဖော်ထုတ်တင်ပြပေးကြရပါမယ်။ မင်းသမီး တွေ၊ မော်ဒယ်တွေအကြောင်းတွေ ဖော်ပြပေးနေရင်တော့ မိန်းကလေးငယ် တွေအဖို့ မင်းသမီးတွေနဲ့ မော်ဒယ်တွေလောက်သာ အားကျအတုယူနေကြ ရတော့မှာပေါ့။ မော်ဒယ်တွေနဲ့ တိုင်းပြည်တိုးတက်ထွန်းကားအောင် တည်ဆောက်လို့ မရပါဘူး။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ စာရင်းကိုင်တွေ၊ မန်နေဂျာတွေ၊ ဆရာမတွေ၊ ပါမောက္ခတွေနဲ့သာ တိုင်းပြည်ကို ထွန်းကား အောင် လုပ်လို့ရပါတယ်။
ခုတလောမှာ ၈ တန်း ၉ တန်းအရွယ် ကလေးလေးတွေတောင် မော် ဒယ်တွေလုပ်၊ ကြော်ငြာတွေရိုက်လုပ်နေကြတာ တွေ့မြင်နေရလေတော့ ဒီကလေး တွေရဲ့ ပညာနဲ့ပတ်သက်ပြီး ရင်လေးမိပါတယ်။ ဒီကလေးတွေဟာ တစ်နေ့ နေ့မှာ ဆရာဝန်မကြီးတွေ၊ အင်ဂျင်နီယာမကြီးတွေ၊ ပါမောက္ခကြီးတွေ၊ကုမ္ပဏီဒါရိုက်တာကြီးတွေ ဖြစ်လာချင်ကြပါတယ်။ အတုယူမှားပြီး ပညာ ရေးကို ခပ်ပေါ့ပေါ့ သဘောထားသွားကြမှာ စိုးရိမ်မိပါတယ်။
မိန်းကလေးငယ်လေးတွေ အတုယူမမှားစေဖို့အတွက် အမျိုးသမီး စာစောင်တွေက ဆောင်ရွက်ပေးကြရပါတယ်။ မှန်ကန်တဲ့ အတုယူစရာ၊ အားကျစရာတွေကို များများဖော်ပြပေးရင်းနဲ့ မိန်းကလေးတွေကို လမ်းမှန် ရောက်အောင် ပြင်ပေးကြရပါတယ်။
“မိန်းမတို့ရဲ့ နေရာမှန်ဟာ မီးဖိုချောင် ဖြစ်ပါတယ်” ဆိုတဲ့ အယူအဆ ကြီးကို အမျိုးသမီးစာစောင်တွေကိုယ်တိုင် ချေဖျက်ပစ်လိုက်ရမှာပါ။ အဲဒီ အယူအဆကို ချေဖျက်ပစ်ဖို့အတွက် အမျိုးသမီးစာစောင်တွေ အဆင့်မြှင့်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း တပ်လှန့်နှိုးဆော်လိုက်ရပါတယ်။
၂၀-၃-၁၉၉၉