Skip to product information
1 of 16

Other Websites

လူထုစိန်ဝင်း - ပီကင်းဒိုင်ယာရီ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

           ၁၉၄၈ ခုနှစ်၊ မတ်လ၏ နံနက်ခင်းတစ်ခုတွင် ဖီလာဒဲလ်ဖီးယားရှိ ကျွန်တော့်အိမ်မှ တယ်လီဖုန်း ခေါင်းလောင်းသံ မြည်ဟိန်း၍ ထွက်လာ သည်။ ထိုခေါ်သံမှာ ဝါရှင်တန်မြို့တော်မှ ခေါ်သံ။

          “ဖူးဘရိုက်စီမံကိန်းဝင် တစ်ယောက်အဖြစ် တရုတ်ပြည်ကိုသွားဖို့ အဆင်သင့် ဖြစ်ပါသလား”

           တယ်လီဖုန်းမှ အသံက အထက်ပါမေးခွန်းကို မေးလိုက်သည်။

          ‘ဆုံးဖြတ်ချက်ကို ဖြစ်နိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ ချက်ချင်းသိချင်ပါတယ်၊ဒါမှဖူးဘရိုက်စီမံကိန်းကြီး စတင် အကောင်အထည်ဖော် ပြီဖြစ်ကြောင်း ဒီနေ့ ထုတ်ပြန်ကြေညာနိုင်မှာ ဖြစ်ပါတယ်”

          အံ့သြစိတ်ကို ကျွန်တော် မနည်းကြီး မျိုသိပ်ထားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် စစ်အတွင်းကာလ ဝါရှင်တန်မှာနေစဉ်က ယခုလိုပင် ဆိုင်းမဆင့် ဗုံမဆင့် ဝုန်းခနဲ ဒိုင်းခနဲ လုပ်တတ်ပုံများကို ပြန်၍သတိရလိုက် မိသည်။

          “ဟာ ... သွားရမယ်ဆိုရင် ကျွန်တော့်အဖို့ အတိုင်းမသိ ဝမ်းသာ ရမှာပါ၊ ကျေးဇူးပြုပြီး အကြောင်းစုံသာ သိပါရစေတော့”

          ဤကိစ္စနှင့်ပတ်သက်၍ ဝါရှင်တန်သို့ ကျွန်တော် စာရေးဖူးသည်မှာ အမေရိကန် အစိုးရနှင့် တရုတ်ပြည်တို့ ဖူးဘရိုက်စီမံကိန်းသဘောတူညီချက်များကိုလက်မှတ်ရေးထိုးပြီးမကြာမီ၁၉၄၇ခုနှစ်၊နိုဝင်ဘာလထဲကဖြစ်သည်။ကျွန်တော်ကစီမံကိန်းတစ်ရပ်ကိုတင်ပြ၍တရုတ်ပြည်သို့သွားရောက်လိုကြောင်းရေးသားခဲ့ရာအချိန်အတန်ကြာတွင် စီမံကိန်း ဘုတ်အဖွဲ့သည်ကျွန်တော်၏တင်ပြချက်များကို စိတ်ပါဝင်စားမှုရှိနေကြောင်း ၊ လျှောက်လွှာပုံစံများကို ပုံနှိပ်ပြီးစီးလျှင်ပြီးစီးချင်း ပို့ပေးလိုက်မည် ဖြစ် ကြောင်း ပြန်စာ ရခဲ့သည်။

          ဤသို့နှင့် ရက်သတ္တပတ်များစွာ ကုန်လွန်ခဲ့သည်။ ဘာအကြောင်းမှ ထူးမလာခဲ့။ လာမည့်လာတော့လည်း တယ်လီဖုန်းက အလျင်ရောက်လာ သည်။ ထိုတယ်လီဖုန်းသတင်း ရောက်ပြီးနောက်မှ လျှောက်လွှာပုံစံများ ရောက်လာသည်။ 

          ဤသို့နှင့်ပင်ကျွန်တော်တို့၏ကြုံတောင့်ကြုံခဲတရုတ်ပြည်မှာတစ်နှစ်ကြာဇာတ်လမ်းများ၏ကြုံတောင့်ကြုံခဲ ခရီးစဉ်ကို ကြုံတောင့် ကြုံခဲ အစဖြင့် စခဲ့ရခြင်း ဖြစ်သည်။ ကျွန်တော်တို့အတွက် ကမ္ဘာတစ်ပတ် ခရီးစဉ်ကို ပထမဆုံးအကြိမ်အဖြစ်ခုတ်မောင်းပေးမည့်ဗြိတိသျှသင်္ဘောတစ်စင်းနှင့်လိုက်ပါနိုင်ရန်စီစဉ်ပေးထားသည်။ သင်္ဘောကနယူးယောက်မှစတင်ထွက်ခွာကာအနောက်ဘက်ကမ်းခြေဆိပ်ကမ်းများမှတစ်ဆင့်မနီလာ၊ဟောင်ကောင်ရှန်ဟဲနှင့် တီယန်စင်မြို့များသို့သွားရောက်မည်ဖြစ်ရာ ကျွန်တော်တို့သည် အချိန်ကုန်သက်သာစေရန် လော့စ်အိန်ဂျယ် အထိ မီးရထားဖြင့်သွားပြီး သင်္ဘောကိုစောင့်စီးရန် ဆုံးဖြတ်ခဲ့သည်။

          သင်္ဘောကို တွေ့ရသောအခါတွင်မူ ကျွန်တော်တို့ ထင်သကဲ့သို့ သင်္ဘောအသစ်မဟုတ်ဘဲ ၁၉၄၄ ခုနှစ်က ဗြိတိသျှရေတပ်မတော်အတွက် တည်ဆောက်ခဲ့သည့် လေယာဉ်တင်သင်္ဘောကြီးဖြစ်ကာစစ်ပြီးကာလတွင်ဟောင်ကောင်အခြေစိုက် ဗြိတိသျှ ရေကြောင်း ပို့ဆောင်ရေးကုမ္ပဏီတစ်ခုသို့ ရောင်းချလိုက်သဖြင့် ဗာဂျီးနီးယားနယ် နောဖုတ်မြို့တွင် ကုန်တင် သင်္ဘောအဖြစ် အသွင်ပြောင်းထားခြင်းသာ ဖြစ်ကြောင်း သိကြရတော့ သည်။

          ကျွန်တော်တို့လော့အိန်ဂျယ်မြို့သို့ရောက်သောအခါသင်္ဘောစက်ပျက်နေသဖြင့်နှစ်ရက်လုံးလုံးစောင့်ဆိုင်းနေရပြီး ဇူလိုင် ၇ ရက်နေ့ တွင်မှ သင်္ဘောပေါ် တက်နိုင်ခဲ့တော့သည်။

          ကျွန်တော်တို့အတွက် ပေးထားသောအခန်းနှစ်ခန်းမှာကျယ်ပြန့်သပ်ရပ်ပါသည်။အစားအသောက်မှာ

လည်း သင့်တင့်လျောက်ပတ်မှု ရှိပါ သည်။ ဆန်ဖရန်စစ္စကိုသို့အရောက် ခုတ်မောင်းသည့်နှုန်းမှာလည်း မြန်ဆန် လှပါသည်။ သို့တစေ ဆန်ဖရန်စစ္စကို ဆိပ်ကမ်း၌ ဆိုက်ကပ်ပြီး သင်္ဘော အင်ဂျင်စက်ခန်းကို ထုံးစံအတိုင်း စစ်ဆေးသောအခါတွင်မူ ဘယ်ရင်တစ်ခု စားနေကြောင်း တွေ့ကြရသဖြင့် ခရီးဖင့်သွားရပြန်ရာ ကျွန်တော်တို့ ဖီလာ ဒဲလ်ဖီးယားမှ စတင်ထွက်ခွာလာခဲ့သည့် ရက်နှင့်ပါဆိုလျှင် တစ်လတင်း တင်း ပြည့်ရန် တစ်ရက်သာ လိုတော့သည့်နေ့ဖြစ်သော ဇူလိုင် ၁၄ ရက် နေ့တွင်မှ ကျွန်တော်တို့သည် ဂိုးလ်ဒင်းဂိတ်တံခါးကြီးကို ကျော်ဖြတ်၍ ထွက်ခွာလာနိုင်ခဲ့ပါတော့သည်။

          ထိုသို့ ထွက်ခွာလာခဲ့ပြန်၍ တစ်ညနှင့် လေးရက်တိတိရှိသော ည တစ်ညတွင် ဂလီယာ၏ တံတောင်နှင့် ရုတ်တရက် အတွက်ခံလိုက်ရခြင်း ကြောင့် ကျွန်တော် ဖျတ်ခနဲ လန့်နိုးလာခဲ့သည်။

          သင်္ဘောစက် ရပ်နေတယ်”

          နိုးလျှင်နိုးချင်း ဂလီယာ၏ ထိတ်လန့်တကြား ပြောလိုက်သံကို လည်း ကြားရသည်။ ထို့နောက် ဂလီယာက အခန်းတွင်းမှမီးကိုဖွင့်လိုက်ရာမီးလုံးမှာဖျတ်ခနဲလင်းလာပြီးနောက်တဖြည်းဖြည်းနှင့်မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ လုံးဝငြိမ်းသွားတော့သည်။ သင်္ဘောကြီးတစ်စင်းလုံးလည်း မှောင်နှင့်မည်းမည်းဖြစ်ကာ ဆူညံနေသော စက်သံများမှာလည်း တုတ်တုတ်မျှ မလှုပ်အောင် ငြိမ်လျက်ရှိနေသည်။ 

          တစ်ခဏချင်းမှာပင်လှုပ်ရှားပြေးလွှားသံများထွက်လာကာ“မီးဆရာ...၊မီးဆရာနှင့်တကြော်ကြော်ခေါ်သံများကို ကြားလိုက်ရသည်။ ကျွန်တော်တို့သည် ဝတ်ရုံအင်္ကျီများကို စမ်းတဝါးဝါး ကောက်ဝတ်ကာ အခန်းထဲမှ ယိုင်တီးယိုင်တိုင်ဖြင့်ကုန်းပတ်သို့ထွက်ခဲ့ကြသည်။ကျွန်တော့်မီးခြစ်အလင်းရောင်ဖြင့်လက်မှနာရီကိုကြည့်လိုက်ရာနံနက် ၄ နာရီ ၁၅ မိနစ်အချိန်ဖြစ်ကြောင်း တွေ့ရသည်။ သင်္ဘောကြီးတစ်စင်းလုံးကားမှောင်းကြီးမည်းမည်းနှင့် မလှုပ်မယှက်။ 

          မိမိတို့၏တစ်ခုတည်းသောမှီခိုအားထားရာဖြစ်သည့်သင်္ဘောကြီးတစ်စင်းလုံးအသက်ဝိညာဉ်ချုပ်ငြိမ်းသော အဝိဉာဏက အရာကြီးတစ်ခုအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားကာ အနီးဆုံးသော ကမ်းခြေမှာလည်း မိုင်ပေါင်းတစ်ထောင်ကျော်မျှ ဝေးကွာလျက်ရှိကြောင်း သိရှိရသောအခါ ဖြစ်ပေါ်ခံစားရသည့် စိတ်ဓာတ် တုန်လှုပ် ချောက်ချားမှုမှာ များစွာကြီးမား ပြင်းထန်လှပါသည်။ 

          ကုန်းပတ်အောက်စက်ခန်းစီမှ ကျွက်စီကျွက်စီနှင့်လူသံများကိုကြားရပြီးနောက်မကြာမီမှာပင်သင်္ဘောသားနှစ်ယောက်သည် ရွက်တိုင် တစ်ခု၏ ထိပ်ဖျားဆီသို့ သုတ်သီးသုတ်ပျား တက်ရောက်သွားပြီး မီးအိမ် နီ နှစ်လုံးကို ချိတ်ဆွဲထားလိုက်ကြသည်။ သင်္ဘောမှာ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရလျက်ရှိကြောင်း အချက်ပြသည့် မီးအိမ်ပင်။

          မည်သို့ပင် အချက်ပြသော်လည်းမိုင်းပေါင်းရာကျော်အတွင်းဝယ်အခြားမည်သည့်သင်္ဘောတစ်စင်းတလေမျှ ရှိပုံမရသည့်အတွက် အချက် ပြမီးမှာ အချည်းနှီးပင် ဖြစ်ပါတော့သည်။

          ကျွန်တော်တို့သည် ကုန်းပတ်ပေါ်တက်ချည်ဆင်းချည်လုပ်ကြရင်းအချင်းချင်းတီးတိုးတီးတိုးဖြင့်(ဤကဲ့သို့ အဖြစ်အပျက်မျိုး ကြုံရလျှင် လူတို့သည်တိတ်ဆိတ်သွားကာ စကားကိုပင် တီးတိုးလေသံဖြင့် ပြောတတ်ကြသည်မှာ ထူးဆန်းအံ့သြဖွယ်ရာတစ်ခုဖြစ်သည်) သင်္ဘောစက်ပြင်၍ ရနိုင်၊ မရနိုင်ဆိုသောအချက်များ၊ ဆွဲသင်္ဘောများရောက်လာပြီးကျွန်တော်တို့အားဟာဝိုင်ယီသို့ဆွဲခေါ်သွားခြင်းမျိုးဖြင့်ကြုံကောင်းကြုံရလိမ့်မည်ဟူသောအချက်များကို ပြောဆိုနေမိကြသည်။ 

          နံနက်လင်းသောအချိန်၌မူသင်္ဘောကြီးတစ်စင်းလုံး၏တစ်ခုတည်းသောအလင်းရောင်ဖြစ်သည့်မီးအိမ်များကိုဖြုတ်ကာပတ္တုစဖြင့်ချုပ်လုပ်ထားသောဧရာမဘောလုံးအနက်ရောင်ကြီးများကိုအစားထိုးချိတ်ဆွဲထားလိုက်ကြသည်။ ဆန်ဖရန်စစ္စကိုမှထွက်ခွာလာကတည်းက တကောက်ကောက်ပျံသန်းလိုက်ပါခဲ့ကြသော ပင်လယ်ငှက်ကြီးများသည် ယခုအခါ သင်္ဘောအနီးတစ်ဝိုက်တွင် ဝိုင်းအုံလျက် ရှိသည်။ သူတို့သည် လှိုင်းတံပိုး များ ကင်းရှင်းကာ ငြိမ်သက်လျက်ရှိသောပင်လယ်ပြင်ပေါ်သို့ထိုးဆင်းလိုက် ၊ပျံတက်လိုက်လုပ်ရင်းဖြင့်ရုတ်တရက်ငြိမ်သက်သွားသော သင်္ဘော ကြီး၏အဖြစ်ကို စူးစမ်းလျက်နေဟန် ရှိသည်။

           လေးနာရီခန့် ကြာသောအခါ ကံကောင်းထောက်မစွာဖြင့် စက်များ ပြန်လည်လှုပ်ရှားလာပြီး သင်္ဘော ပြန်လည်ထွက်ခွာလာနိုင်ခဲ့သဖြင့် ကျွန် တော်တို့ ဟီးချနိုင်ခဲ့သည်။ သို့သော် တစ်နာရီမျှပင် မကြာမီ စက်ပြန်ရပ် သွားပြန်သည်။

          ဤတစ်ကြိမ်တွင်မူတစ်နာရီခန့်မျှနှင့်စက်ပြန်နိုးပြီးဆက်လက်ခုတ်မောင်းနိုင်ခဲ့သည်။ ဤသို့သင်္ဘောပျက်လိုက်၊ခုတ်လိုက်နှင့်အကြိမ်ပေါင်းလေးငါးကြိမ်ထက်မနည်းပင်ကြုံတွေ့ခဲ့ရသည်။သင်္ဘောစက်ရပ်သွားသည့်အခါတိုင်း ပင်လယ်ပြင်မှာ လှိုင်းလေ ငြိမ်သက်လျက်ရှိနေခိုက် နှင့် ကြုံကြိုက်၍ချည်းသာ တော်တော့သည်။

          သင်္ဘောဘာကြောင့်စက်ပျက်ရသည်ဆိုသည့်အကြောင်းကို မည်သူမှ ရေရေရာရာမပြောနိုင်ကြ။ တစ်ခါပျက်၍ တစ်ခါ အပြစ်ရှာကြည့်လျှင် ချွတ်ယွင်းချက်တစ်မျိုးကို တွေ့ရသည်။ ပထမအကြိမ် ပျက်စဉ်က ဓာတ် အားပေးစက်တွင် အပြစ်တွေ့၍ ဒုတိယအကြိမ်တွင် ဆီပန့်တွင် ချွတ်ယွင်း နေကာနောက်တစ်ကြိမ်တွင်ရေနွေးငွေ့ ပိုက်များ ပေါက်နေကြောင်း တွေ့ရ ပြန်သည်။

          သင်္ဘောမှ ဗြိတိသျှ အရာရှိများကမူ သင်္ဘော တစ်ခါပျက်တိုင်း အမေရိကန် သင်္ဘောကျင်းမှ လူများကိုသာ တစ်တစ်ခွခွဆဲ ရေးတိုင်းထွာလျက်ရှိနေရာ ကျွန်တော်တို့ကလည်း ဤမျှထင်ရှားသော ဗြိတိသျှ သင်္ဘော ကုမ္ပဏီတစ်ခု လုပ်ကိုင်နေကြပြီး ကျေနပ်လောက်ဖွယ် အခြေအနေမရှိသေးသော သင်္ဘောပြင်ဆင်မှုကို ဘာကြောင့် လက်လွတ်စပယ် လက်ခံခဲ့ရ သနည်းဟု ပြန်လှန် ချေပကြသည်။

          အပူပိုင်းဇုန်အတွင်းသို့ ရောက်လာသောအခါ အခြေအနေမှာ ပို၍ ဆိုးသည်။စက်ခန်းကအပူရှိန်မှာမည်သို့မျှ မထိန်းနိုင်ဘဲ ကုန်းပတ်ပေါ် အထိ ကူးစက်လျက်ရှိရာ ကျွန်တော်တို့မှာ ကုန်းပတ်ပေါ် ဖိနပ်မပါဘဲ မနင်းနိုင်အောင် ဖြစ်နေသည်။ စက်ပျက်သည့်အခါတိုင်းမီးပါရပ်သွားခြင်းမှာလည်းအတော်ကသိကအောက်ဖြစ်စေသည်။ မနီလာသို့မရောက်မီ ရက်အနည်းငယ်မျှအလိုတွင်မူရေ ခဲသေတ္တာပိုက်လုံးပေါက်ပြီး ဓာတ်ငွေ့များစိမ့်ထွက်ကာ အလုပ်မလုပ်တော့ဘဲ တစ်ခါတည်း ရပ်ဆိုင်းသွားတော့ သည်။ ရေခဲသေတ္တာ ပျက်သွားသဖြင့် သားငါးများ ပုပ်သိုးလာပြီး ပူရအိုက်ရသည့်အထဲတွင် အရေးအကြီးဆုံးဖြစ်သော ရေခဲပါမရနိုင်တော့ပေရာ ကျွန်တော်တို့သာမက သင်္ဘောအရာရှိများပါ တညည်းညည်း တညုညု ဖြစ်လာကြသည်။ သင်္ဘောပေါ်တွင် ကျွန်တော်တို့မိသားစုမှလွဲပြီး ခရီးသည် ဆို၍ အခြား အသက်ကြီးကြီး လင်စုံမယားဖက်နှစ်ဦးသာ ပါသည်။

          ၎င်းဇနီးမောင်နှံမှာ မီချီဂန်မြောက်ပိုင်း မြို့ကလေးတစ်မြို့မှ ကုန်စုံ ဆိုင်ရှင်များ ဖြစ်ကြ၍ သားဖြစ်သူက သင်္ဘောပိုင်ရှင်ဇနီးနှင့် ကောလိပ်ကျောင်းနေဖက် ဖြစ်ခဲ့ဖူးသဖြင့် ၎င်းတို့လင်မယားအား ကမ္ဘာတစ်ပတ် လှည့်နိုင်ရန် သင်္ဘောလက်မှတ် ပေးလိုက်ခြင်း ဖြစ်ပေသည်။

          သူတို့သည်တောမြို့ကလေးတွင်သာတစ်သက်လုံးနေထိုင်ခဲ့ဖူးကြပြီးလူဦးရေ ထောင်ဂဏန်းထက်ကျော်သော မြို့ကြီးပြကြီးများသို့ပင် သွားလာ လည်ပတ်ဖူးခြင်း မရှိသူများ ဖြစ်ကြပေရာ ပစိဖိတ်သမုဒ္ဒရာကြီး အတွင်း တစ်ရက်ပြီးတစ်ရက် ငြီးငွေ့ဖွယ်ရာ ကုန်လွန်နေကြရသောအခါယောက်ျားလုပ်သူမှာ တစ်နေ့တခြား စိတ်ပျက် ငြီးငွေ့ လာလေတော့ပြီး ‘နေရာတကာ ရေဆိုမှ ရေချည်းပဲ၊ သင်္ဘောလေး တစ်စင်းတလေတောင် မမြင်ရဘူး၊ လေယာဉ်ပျံလေး တစ်စင်းတောင် မတွေ့ရဘူး”တဖျစ်တောက် တောက် ညည်းညူ၍ချည်း နေလေတော့သည်။

          ထိုသို့တဖျစ်တောက်တော်တညည်းညည်းတညုညုနှင့်လိုက်ပါခဲ့ကြရာရေခဲသေတ္တာပျက်သွားသောအခါတွင်မူ သူ့ အတွက် အကွက် ဆိုက်သွားသည်။ ကုန်စုံဆိုင်ရှင်တစ်ဦး၏ ကျွမ်းကျင်မှုတည်းဟူသောအရည်အချင်းကို ပြသရန် သူ့အတွက် အခွင့်အရေးတစ်ရပ် ရရှိသွားခြင်း ဖြစ်ရာ သူက နံနက်တိုင်း ရေခဲသေတ္တာကြီးဆီသို့ ဝင့်ဝါသော ဟန်ပန်ကြီး တစ်ခွဲသားနှင့်သွားကာဘယ်အသားကသိုးနေပြီ၊ပစ်လိုက်တော့၊ဘယ်အသီးအရွက်တွေက ပုပ်တော့မယ်၊ မြန်မြန်ချက် စသော ညွှန်ကြားချက် များကို ပေးနေတော့လေသည်။

          သြဂုတ်လ ၁ ရက်နေ့တွင် မနီလာဆိပ်ကမ်းသို့ ဆိုက်ကပ်မိပါသော်လည်းအားတက်ဖွယ်ရာအခြေအနေမျိုး မဟုတ်ချေ။ရေခဲသေတ္တာအတွက်ဓာတ်ငွေ့ရည်မှာဖိလစ်ပိုင်တွင်ဈေးကြီးသဖြင့်ပို၍ဈေးသက်သာသောဟောင်ကောင်ကျမှ ဝယ်၍ထည့်မည်ဟု သိကြရသောအခါ ကျွန်တော်တို့ အားလုံး စိတ်အပျက်ကြီး ပျက်သွားရသည်။ငါးရက်အကြာ၌မနီလာဆိပ်ကမ်းမှထွက်ခွာခဲ့ကြရာတွင်လည်းထွက်ပြီးမကြာမီမှာပင်စက်ရပ်ပြီးပင်လယ်ကွေ့ကြီးထဲ တဝဲလယ်လယ် ဖြင့် လေးနာရီလုံးလုံး မျောပါနေရသေးသည်။ ဤအချီ ဖြစ်ရသည်မှာ ဘွိုင်လာအိုးထဲတွင် ရေကုန်သွားသည့်အတွက်ဖြစ်ရာ အင်ဂျင်စက်ကိုသာ ရုတ်တရက် ရပ်မပစ်လိုက်နိုင်ပါကအင်ဂျင်စက်ကြီးတစ်ခုလုံး ပေါက်ကွဲ သွားသည့် အန္တရာယ်ကြီးနှင့် ရင်ဆိုင်ရမည်ဟုနောက်မှ ကျွန်တော်တို့သိကြရသည်။ သင်္ဘောဝန်ထမ်းတို့၏ စိတ်ဓာတ်မှာလည်း အကြီးအကျယ် ကျဆင်းပျက်ပြားလျက် ရှိနေကြပြီဖြစ်ရာ ဤအချီအပျက်တွင်မူဤလိုကိစ္စ မျိုး၌ အထူးကျွမ်းကျင်သည်ဟုဆိုသော သင်္ဘောအင်ဂျင်နီယာလုပ်သူက.သူ့တာဝန်ချိန်မဟုတ်ဟုဆိုကာ စက်ခန်းထဲ လုံးဝ ဆင်းမကြည့်ဘဲ နေလေ တော့သည်။

          သြဂုတ်လ၇ရက်နေ့တွင်ဟောင်ကောင်ဆိပ်ကမ်းသို့ဆိုက်ကပ်ခဲ့ရာရောက်လျှင်ရောက်ချင်းပင်ကုမ္ပဏီပိုင်လွန်းကျင်းသို့ တစ်ခါတည်းတန်း၍ဝင်ခဲ့ကြရသည်။ နောက်ပိုင်းရက်များကားစိတ်ညစ်ညူးဖွယ်အကောင်းဆုံးရက်များချည်း ဖြစ်ပါတော့သည်။ လွန်းကျင်းတွင် တဒုန်းဒုန်း ထုသံ နှက်သံ၊ ဂဟေဆော်သံတွေမှာ နေ့ညမပြတ် ဆူညံလျက် ရှိသည်။ အပူချိန်က ၉၅-၉၆ အောက် မည်သည့်အခါမှ ကျသည်မရှိ။ ရေမရ၊ မီးမရ ဒုက္ခတွေကလည်း သေးလှသည်မဟုတ်။ ရေအိမ်အတွက် ရေပုံနှင့် ဆွဲ၍ ဆွဲ၍ သွင်းရသည်ကလည်း မသက်သာ။

          ကုန်းပေါ်တက်၍ စတည်းချရန်မှာလည်း မစဉ်းစားရဲ။ စရိတ်စက ကြီးမြင့်လွန်းလှသည်သာမက ပြည်မမှ ပြည်ပြေးဒုက္ခသည်တွေကြောင့် အခန်းတစ်ခန်းရရန်ပင် လွယ်ကူလှသည် မဟုတ်ချေ။ ထို့ကြောင့် ဒုက္ခ အပေါင်းကို အောင့်အည်းသည်းခံကာ သင်္ဘောပေါ်မှာသာ ဆက်လက် နေထိုင်ခဲ့ကြရာ သြဂုတ်လ ၁၄ ရက်နေ့ကျမှ တစ်ဖန် ပြန်၍ထွက်ခွာနိုင် ခဲ့သည်။တစ်ရက်စော၍ ထွက်ခွာနိုင်ရန် အသင့်ဖြစ်နေသော်လည်း ၁၃ ရက်နှင့်သောကြာနေ့ကြီး ဖြစ်သောကြောင့်ဟုဆိုကာ အလဟဿအချိန်ဖြုန်းနေခဲ့ရသည်။ ၁၄ရက်နေ့တွင်မှ ထွက်ခွာခဲ့သော်လည်း ပင်လယ်ပြင်ရောက်သည်နှင့်စက်သံတဖုတ်ဖုတ်မြည်ကာရပ်သွားပြန်သည်။ဒီတစ်ခါတော့ဘယ်ရင်တစ်ခုလောင်သွားသည်ဟု ဆိုပြန်သည်။ ပင်လယ်ကွေ့တွင် ၂၄ နာရီလုံးလုံး ကျောက်ချရပ်နားထားရပြီးသော် ဆွဲသင်္ဘော ၃ စင်း လာပြီး ကျွန်တော်တို့ ခါးသီးမုန်းတီးနေပြီဖြစ်သော လွန်းကျင်းသို့ ပြန်ဆွဲခေါ်ဆောင် သွားခြင်း ခံရပြန်သည်။

          ဒီတစ်ခါပြင်ဆင်ရန်မှာ အပေါ်ယံမျှသာမဟုတ်တော့ဘဲ အင်ဂျင်အစိတ်အပိုင်းတစ်ခုကိုဖြုတ်ယူရမည်ဖြစ်သဖြင့်ဝမ်းဗိုက်သံပြားကိုဖောက်၍ယူရမည်ဖြစ်ရာ တစ်ပတ်ကြာမည်၊ နှစ်ပတ်ကြာမည်ဟု မည်သူမှအတတ်မပြောနိုင်ကြ။

          ကျွန်တော်တို့အနေနှင့်သည်းခံနိုင်စွမ်းရှိမှုအတိုင်းအတာသည်ကုန်လွန်ခဲ့ချေပြီ။ထို့ကြောင့်ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောဆိုဖြစ်လေရာနောက်ဆုံးတွင်သင်္ဘောကုမ္ပဏီသည်မပေးချင်ပေးချင်နှင့်ပင်ပီကင်းအထိနောက်ဆုံးခရီးအတွက် လေယာဉ်လက်မှတ်များ စီစဉ်ပေးရလေတော့သည်။

          သြဂုတ်လ၁၉ရက်နေ့တွင်ကျွန်တော်တို့သည်ဝန်စည်စလယ်များကိုသင်္ဘော၌ပင်ထားရစ်ခဲ့၍နှုတ်ဆက်ထွက်ခွာခဲ့ရာ ရှန်ဟဲ၌ တစ်နေ့တာ ရပ်နားပြီးနောက် ၂၁ ရက်နေ့ နံနက်ခင်းတွင် ဖုန်ထူသော ပီကင်းလေဆိပ် သို့ ဆိုက်ရောက်လေတော့သည်။ ဖီလာဒဲလ်ဖီးယားမှ ကျွန်တော်တို့ စတင် ထွက်ခွာခဲ့သောနေ့မှ စ၍ ရေတွက်လျှင် နှစ်လနှင့် ခြောက်ရက်တိတိကြာမှ ကျွန်တော်တို့ လိုရာခရီးဆုံးသို့ ရောက်ခဲ့ရခြင်း ဖြစ်လေသည်။

          ကျွန်တော်တို့၏ ဝန်စည်စလယ်များမှာမူ အောက်တိုဘာလ ၉ ရက်နေ့ကျမှ ပီကင်းသို့ ရောက်ရှိခဲ့သည်။ ကျွန်တော်တို့၏ သင်္ဘောသည်ဟောင်ကောင်မှ ဒုတိယအကြိမ် ထွက်ခွာခဲ့စဉ်တွင်လည်း စက်ပျက်ပြန် သဖြင့် ပြန်၍ ဆိုက်ကပ်ကာ ပြင်ဆင်ရသေးရာ တတိယအကြိမ်တွင်မှ ခလုတ်မထိ ဆူးမငြိဘဲပီကင်းအရောက်ဒုတ်ဒုတ်ထိ ခုတ်မောင်းလာနိုင် ခဲ့သည်ဟု သိရသည်။

           တရုတ်ပြည်တွင် တစ်နှစ်ခန့်နေပြီးပြန်ရမည်ပြုသောအခါတွင် တိုက်တိုက်ဆိုင်ဆိုင် ရေစက်ဆုံရပြန်သည်မှာ ကျွန်တော်တို့၏ သင်္ဘော ပင်လျှင် တီယန်စင်၌ ကျွန်တော်တို့ ပြန်မည့်ရက်တွင် ရောက်ရှိနေခြင်း ဖြစ်သည်။ ၎င်းသင်္ဘောနှင့်ပင် ပြန်ပါလားဟု သင်္ဘောကိုယ်စားလှယ်က တိုက်တွန်းသေးသည်။ ထိုအခါ ကျွန်တော်တို့က ခေါင်းကိုသွက်သွက်ကြီးခါယမ်းကာ လေကြောင်းခရီးမှပဲပြန်တော့မည်ဟု ဖြေကြားလိုက်ခြင်းမှာအံ့ဩဖွယ်ရာတစ်ခု ဖြစ်ပါသလား။

 

 

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)