Skip to product information
1 of 2

Other Websites

လူထုစိန်ဝင်း - ပထမတန်းစားစိတ်ဓာတ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဘာကြောင့် နားရွက်နှစ်ဖက်ရှိပြီးပါးစပ်တစ်ပေါက်ပဲရှိတာလဲ

ဒုက္ခိတရောဂါသည်မို့ သွားသွားလာလာမလုပ်နိုင်ပေမယ့် လူငယ်တွေနဲ့တော့ အထိအတွေ့များပါတယ်။ ထိတွေ့တဲ့လူငယ်တွေမှာ တစ်မျိုးက စာသင်ပေးခဲ့ရ တဲ့ ကျောင်းသူ၊ ကျောင်းသားဟောင်းများ ဖြစ်ကြတယ်။ နောက်တစ်မျိုးကတော့ စာနယ်ဇင်းလောကသားလူငယ်တွေ ဖြစ်ကြတယ်။ လူငယ်နှစ်မျိုးနဲ့ ထိတွေ့ဆက်ဆံခဲ့ရပုံချင်း ခြားနားပေမယ့် သူတို့ လာကြတဲ့အကြောင်းကတော့ အတူတူလိုပဲ ဖြစ်တတ်ကြပါတယ်။

လူငယ်လေးတွေ ရောက်လာတတ်ကြတာက အများအားဖြင့် ရင်ထဲမှာမွန်းကြပ်နေတာတွေကို ဖွင့်အန်ထုတ်ဖို့ဖြစ်တယ်။ သတင်းစာသမားအဖြစ်အသက်မွေးဝမ်းကျောင်းခဲ့သူများရဲ့ အခြေခံသင်ခန်းစာအဖြစ် သင်ကြားခဲ့ ရတာက ကိုယ်ကနည်းနည်းပြောပြီး သူများပြောတာကို များများနားထောင်၊ မှတ်သားဖို့ဆိုတာဖြစ်တယ်။ နှစ်ပေါင်း ၂၀ ကျော်ကျော် ကျောင်းဆရာလုပ်ခဲ့ ရတော့လည်း သတင်းသမားရဲ့ အကျင့်က ပျောက်မသွားအောင် စွဲမြဲနေလေတော့ လူငယ်တွေပြောတာကိုသာ နားထောင်နေခဲ့တတ်တယ်။ စကားပြော သင်တန်းဆရာဆိုတော့ ဒီအကျင့်နဲ့ တော်တော်လေး အံဝင်ခွင်ကျဖြစ်သွား ခဲ့တယ်။ ဆရာက များများမပြောလေတော့ ကျောင်းသားတွေကချည်း ပြော နေရတယ်လေ။

ကျောင်းဆရာမလုပ်နိုင်တော့ပေမယ့်လည်း ကျောင်းသူ၊ ကျောင်းသား ဟောင်းတွေက စီးပွားရေး၊ လူမှုရေးနဲ့ဖြစ်စေ၊ ကိုယ်ရေးကိုယ်တာနဲ့ဖြစ်စေ တိုင်ပင်နှီးနှောချင်ကြတဲ့အခါတိုင်း ရောက်ရှိလာကြမြဲဖြစ်တယ်။ ဒီခေတ် စာနယ်ဇင်းသမား လူငယ်တွေကလည်း သူတို့ တိုင်ပင်နှီးနှောချင်လို့ဖြစ်ဖြစ်၊ မေးမြန်းဆွေးနွေးချင်လို့ဖြစ်ဖြစ် ရောက်လာလေ့ရှိပါတယ်။ တချို့က လာသာ လာရတယ်၊ ကျန်းမာရေးမကောင်းမှန်း သိထားကြလေတော့ အားတုံ့အားနာ ဖြစ်ကြတယ်။ သူတို့ကိုတော့ အားမနာဖို့ ပြောရတယ်။ သူတို့လာကြတဲ့အတွက် မပင်ပန်းရုံမျှမဟုတ်ပါဘူး။ အထောက်အကူတောင် ဖြစ်စေပါတယ်။ ခေတ် အကြောင်း၊ လူငယ်တွေအကြောင်း မျက်ခြည်မပြတ်နိုင်တော့ဘူးပေါ့။

နောက်ပြီး ကိုယ်က ဒုက္ခိတဖြစ်ရုံမက အိုကလည်း အိုမင်းလာပြီလေ။မနက်ဖြန်လား၊ သဘက်လား ဘယ်သူသိနိုင်မှာလဲ။ သတင်းထောက်၊ အယ်ဒီတာဆိုတဲ့ သတင်းသမားမျိုးဆက် ပြတ်မသွားအောင် လူငယ်တွေကသာ ဆက်ပြီးလုပ်ဆောင်ကြရမှာ မဟုတ်လား။ သူတို့ကိုသာ အားထားရမယ်။ အနာဂတ်ကို သူတို့ကသာ တည်ဆောက်နိုင်ကြမှာဖြစ်တယ်။ အဲဒါကြောင့် လူငယ်တွေကို တတ်စွမ်းသမျှလေး အားပေးကူညီရတယ်။ အထူးသဖြင့် သူတို့ တိုင်တည်ချင်တာတွေ အန်ထုတ်ချင်တာတွေကို နားထောင်ပေးရတယ်။

လူငယ်တွေ ရင်ဖွင့်ကြတဲ့အထဲမှာ အမြဲတမ်း အဓိကအကျဆုံးအရာက တော့ လူကြီးတွေနဲ့ လူငယ်တွေရဲ့ကြား မျိုးဆက်ကွာဟမှုကြောင့် အမြင်ချင်း၊ အတွေးချင်း၊ လုပ်နည်းလုပ်ဟန်ချင်း ကွဲပြားခြားနားမှုပြဿနာ ဖြစ်ပါတယ်။ မိဘတွေနဲ့ သဘောထားမတိုက်ဆိုင်လို့ စိတ်ညစ်ရတဲ့ လူငယ်တွေရှိသလို အလုပ်ခွင်ထဲမှာ လူကြီးပိုင်းနဲ့အမြင်မတူလို့ စိတ်ရှုပ်ရတဲ့လူငယ်တွေလည်း ရှိပါတယ်။

လူငယ်တွေ လာရင်ဖွင့်လေ့ရှိတာက ပြဿနာကို ဖြေရှင်းပေးနိုင်လို့ မဟုတ်ပါဘူး။ ဖြေလည်း မဖြေရှင်းနိုင်ပါဘူး။ အဓိကလုပ်ပေးခဲ့တဲ့ တစ်ခုတည်းသောအရာက ကောင်းကောင်းနားထောင်ပေးတာပဲ ဖြစ်ပါတယ်။ လူငယ်တွေ ကိုယ်တိုင်ကလည်း သူတို့ပြဿနာတွေ ဖြေရှင်းပေးနိုင်မယ်ထင်ပြီး လာရင်ဖွင့်ကြတာထက် သူတို့ရင်ထဲမှာ ပြောချင်လျက်နဲ့ မပြောနိုင်တာတွေ များသထက် များလာပြီး မွန်းကြပ်နေတာကြောင့်သာ ရောက်လာကြတာပါ။ ဘာပဲပြောပြော နားထောင်ပေးမယ့် နားတစ်စုံရှိနေကြောင်းစိတ်ချရလို့ လာပြီးရင်ဖွင့်ကြတာပါ။ ရင်ထဲမှာရှိသမျှတွေ အန်ထုတ်ပြီးတဲ့အခါမှာ အလိုလိုပေါ့ပါးလန်းဆန်း သွားလေ့ရှိကြပါတယ်။ အများအားဖြင့် နှစ်သိမ့်အားပေးစကား တစ်ခွန်းမှ ဝင်မပြောခဲ့ပါဘူး။ သူတို့ဟာသူတို့ ရင်ဖွင့်လိုက်ရလို့ ပေါ့ပါးလန်းဆန်းသွား ကြတာပါ။

လူငယ်တွေအတွက် အဓိကလိုအပ်နေတာ အဲဒါပါပဲ။ စိတ်ညစ်နေတာ ဖြစ်ဖြစ်၊ စိတ်ဆိုးနေတာဖြစ်ဖြစ်၊ ငိုနေတာဖြစ်ဖြစ်၊ ဘာဖြစ်တာလဲ၊ ဘာကြောင့် လဲလို့ မေးမြန်းခြင်းမပြုဘဲ ငိုချင်ရင် အားရပါးရငိုချလိုက်စမ်းဆိုပြီး ပခုံးထိုး ပေးမယ့်သူကိုသာ လိုအပ်နေတာဖြစ်တယ်။ အများအားဖြင့် လူငယ်တွေရဲ့ သဘာဝက နားထောင်တာထက် ပြောရတာကို ပိုပြီးနှစ်သက်လေ့ရှိပါတယ်။ လူကြီးတွေကတော့ ကိုယ့်ဆီရောက်လာတဲ့လူကို ဘာ့ကြောင့်လဲ၊ ဘာဖြစ်တာလဲ လို့ အရင်ဆုံးမေးပြီး အားပေးစကားတွေ၊ ဆုံးမစကားတွေ တတွတ်တွတ်နဲ့ ပြောချင်တတ်ကြပါတယ်။

လူငယ်တွေရဲ့ သဘာဝကလည်း ဆုံးမတာကို တယ်ပြီးကြိုက်ကြတာ မဟုတ်ပါဘူး။ တတွတ်တွတ်နဲ့ပြောနေလေ နားမထောင်ချင်လေပါပဲ။ တချို့ဆို ပိုပြီးတောင် အရွဲ့တိုက်တတ်ကြပါတယ်။ လူငယ်တွေကို အတွေ့အကြုံမရှိလို့ ဆိုပြီး လျှော့မတွက်သင့်ဘူး။ အတွေ့အကြုံမရှိတဲ့အတွက် ကောင်းတဲ့အချက် တွေလည်း ရှိပါတယ်။ အတွေ့အကြုံမရှိတော့ မကြောက်တတ်ဘူး။ စွန့်စွန့် စားစား လုပ်ရဲကိုင်ရဲ ရှိပါတယ်။ အတွေ့အကြုံများသူက အန္တရာယ်တွေ ကြုံခဲ့ဖူး၊ ဆင်းရဲဒုက္ခတွေ ကြုံခဲ့ဖူးလေတော့ စွန့်လွှတ်စွန့်စားလုပ်ချင်စိတ် မရှိပါဘူး။ လမ်းသစ်ကိုဖောက်မယ့်အစား သေချာရေရာပြီးသား လမ်းဟောင်း အတိုင်းသာ လိုက်ချင်တတ်ပါတယ်။ ဘယ်ကိစ္စမဆို တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်တတ် ပါတယ်။ ဒါကြောင့် အနစ်နာခံ စွန့်လွှတ်ရမယ့်၊ ဆင်းရဲဒုက္ခခံရမယ့် ကိစ္စမျိုး တွေဆို လူငယ်တွေကို ပိုပြီးအားထားရပါတယ်။

လူကြီးများအနေနဲ့က ကိုယ်မလုပ်ချင်ရင်နေပါ။ လူငယ်များကိုသာမဟန့်ပါနဲ့။ လူကြီးများကဟန့်ရင် လူငယ်တွေမှာတန့်ပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြစ်သွားတတ်ပါတယ်။ ဟန့်ရာကတန့်၊ တန့်ရာကတွန့်၊ တွန့်ရာကတုံးသွားရင် မကောင်းတော့ပါဘူး။ လူငယ်တွေအတွက်မကောင်းရင် နိုင်ငံရဲ့ အနာဂတ် အတွက်လည်းမကောင်းပါဘူး။ အဲဒါကြောင့် လူငယ်တွေကို ဟန့်မယ့် ဟောက် မယ့်အစား သူတို့ပြောချင်တာတွေ၊ ရင်ဖွင့်ချင်တာတွေ၊ စိတ်ကူးယဉ်တာတွေ ကိုသာ စိတ်လိုလက်ရ နားထောင်ပေးပါလို့ တိုက်တွန်းချင်ပါတယ်။ တစ်ဆက်တည်းပဲ ကဗျာလေးတစ်ပုဒ် လက်ဆောင်ပါးလိုက်ချင်ပါတယ်။ လူငယ်တွေရော၊ လူကြီးတွေအတွက်ပါ ဖြစ်ပါတယ်။ အာဖရိကတိုက်၊ တန်ဇန်နီးယားနိုင်ငံက `ချက်ပို” တိုင်းရင်းသားတို့ရဲ့ ရိုးရာကျေးလက်တေးကဗျာ တစ်ပုဒ်ပါ။

You have only one mouth

You have got only one mouth, 

But two ears. 

So you talk once And listen twice. 

You observe a lot, but talk very little. 

You have got only one mouth. 

But two hands. 

Therefore two for working and one for eating food.

ပါးစပ်တစ်ပေါက်ပဲရှိတယ် 

မင်းမှာ ပါးစပ်တစ်ပေါက်ပဲ ရှိတယ် 

ဒါပေမယ့် နားရွက်နှစ်ဖက်ရှိတယ်။ 

ဒါကြောင့် တစ်ခါပြောပြီး နှစ်ခါနားထောင်ရတယ်။ 

အများကြီး မြင်နေရပေမယ့် နည်းနည်းပဲပြောရတယ်။

 မင်းမှာ ပါးစပ်တစ်ပေါက်ပဲ ရှိတယ် ဒါပေမဲ့ လက်နှစ်ဖက်ရှိတယ်။

 ဒါကြောင့် နှစ်ခုနဲ့လုပ်ပြီး တစ်ခုနဲ့ပဲ အစာစားရတယ်။

၂၉၊ ၁၀၊ ၂၀၀၅။

 

စာနယ်ဇင်းလုပ်ငန်းနဲ့ ပီအာလုပ်ငန်းကွဲပြားစေချင်

မကြာမီရက်ပိုင်းကလေးက မိတ်ဆွေဟောင်း အမေရိကန်သတင်းစာဆရာ တစ်ဦး ရောက်ရှိလာပါတယ်။ သူက အသက်ကလေးရလာတော့ ကွင်းထဲဆင်း တဲ့သတင်းထောက် မလုပ်တော့ပါဘူး။ သတင်းစာတချို့မှာ နိုင်ငံရေး၊ လူမှုရေး ဝေဖန်သုံးသပ်တဲ့ဆောင်းပါးတွေ ပုံမှန်ရေးသားနေရင်း တစ်ဖက်ကလည်း တက္ကသိုလ်တစ်ခုမှာ သတင်းစာပညာသင်ကြားတဲ့ဆရာ လုပ်နေပါတယ်။ သူ သတင်းထောက်လုပ်နေစဉ် ဟိုလွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်၊ အစိတ်လောက် ကတည်းက သိကျွမ်းခဲ့တာပါ။

သူနဲ့ စကားစမြည်ပြောကြရင်း သူတို့တက္ကသိုလ်ရဲ့ သတင်းစာပညာ သင်ရိုးညွှန်းတမ်းကိစ္စတွေကို သူကရှင်းပြတော့ သွားရည်ယိုလိုက်တာ။ ဒီမှာတော့ ခုထိ သတင်းစာပညာသင်ကြားနိုင်တဲ့ တက္ကသိုလ်၊ ကောလိပ်တွေ မလုပ်နိုင်သေးဘူးလို့ ပြောလိုက်မိပါတယ်။ ဒီတော့ သူက တယ်ပြီးမထူးလှပါဘူး။ သူတို့အမေရိကန်မှာလည်း ခုအခါ သတင်းစာပညာသင်တန်းစစ်စစ် ရှားသထက်ရှားနေပါပြီဗျာလို့ ပြန်ပြီးညည်းတွားလိုက်ပါတယ်။ ဒီနေ့ သတင်းစာ ပညာသင်တန်းကျောင်းတွေမှာ သတင်းနည်းပညာ(Information Technologyl) တို့၊ လူထုဆက်သွယ်ရေးပညာ(Mass Communication) တို့၊ ပြည်သူ့ဆက်ဆံရေးပညာ(Public Relations)တို့ဆိုတဲ့ ဘာသာရပ်တွေနဲ့ ရောနှောသင်ကြားလာကြလေတော့ သတင်းစာပညာစစ်စစ်သင်ကြားပေးဖို့ အချိန် သိပ်မရှိတော့ဘူးလို့လည်း ဆက်ပြောပြပါတယ်။

ဒီနေ့ခေတ်လူငယ်တွေက ပင်ပန်းကြမ်းတမ်းပြီး တစ်ခါတလေ အသက်နဲ့ရင်းပြီးလုပ်ရပေမယ့် လခသိပ်မရတဲ့ သတင်းထောက်အလုပ်ကို ခဏလောက် ဝင်လုပ်ပြီး ထွက်သွားကြတာများတယ်။ ကြာရှည်ကြာခြံလုပ်သူ သိပ်မရှိဘူး။ သတင်းထောက်အလုပ်လို အသက်နဲ့ရင်းဖို့မလိုပေမယ့် ဝင်ငွေကောင်းတဲ့ ပီအာလုပ်ငန်းလို၊ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ဆက်သွယ်ရေးအရာရှိလို၊ကြော်ငြာလုပ်ငန်းလို အလုပ်မျိုးတွေပဲ စိတ်ဝင်စားကြတော့တယ်လို့လည်းပြောပါတယ်။ စာနယ်ဇင်းလုပ်ငန်းနဲ့ ပီအာလုပ်ငန်း ကွဲပြားခြားနားမှု ရှိတာ တောင် လူငယ်ပိုင်းက သိပ်မသိကြတော့ဘူးလို့လည်း ညည်းတွားပါတယ်။

သူပြောတာကြားရတော့ “စာနယ်ဇင်းတွေဟာ သမီးတို့လို အနုပညာ သမားတွေနဲ့ ပြည်သူတွေကို ပေါင်းကူးဆက်သွယ်ပေးနေတာပါ”လို့ မော်ဒယ် ငယ်လေးတွေ၊ မင်းသမီးပေါက်စလေးတွေ ပြောလေ့ရှိတာများကို ပြေးပြီး သတိရလိုက်မိပါတယ်။ တချို့သော စာနယ်ဇင်းအလုပ် လုပ်ကိုင်နေသူများက ဒီလို ပေါင်းကူးဆက်သွယ်ပေးတဲ့အလုပ်ဟာ စာနယ်ဇင်းသမားများရဲ့ တာဝန် ဖြစ်တယ်လို့ မှတ်ယူ၊ ပြောဆို၊ ရေးသားနေကြတာများ ရှိနေတာကိုလည်း သတိရမိပါတယ်။

မိတ်ဆွေသတင်းစာဆရာက သူတို့ဆီက သတင်းစာတိုက်ကြီးတွေမှာ ခုအခါ သတင်းထောက်အလုပ်ကို သေတစ်ပန်သက်တစ်ဆုံး လုပ်ချင်ပါတယ်။ သတင်းထောက်အလုပ်ကလွဲပြီး တခြားဘာအလုပ်မှ မလုပ်ချင်ပါဘူးဆိုတဲ့ လူငယ်မျိုးတွေ ရှာတွေ့ဖို့ ခက်သထက်ခက်လာနေပြီ။ ဒါပေမဲ့ တစ်ဖက်မှာတော့ ဆက်သွယ်ရေးတို့၊ ပီအာတို့နဲ့ ဘွဲ့ရတဲ့ လူငယ်တွေဟာ ပြီးခဲ့တဲ့ ၂၅နှစ်အတွင်း ၁၅ဝဝ ရာခိုင်နှုန်းထိတိုးလာတယ်လို့ ဆိုပါတယ်။ ၁၉၆၆ ခုနှစ်က ဒီပညာတွေနဲ့ ဘွဲ့ရသူ ၃၁၃၁ သာရှိရာကနေပြီး ၁၉၉၁ ခုနှစ်ကျတော့ ၅၂၈၉၉ အထိရှိလာကြောင်းလည်း ကိန်းဂဏန်းအရေအတွက်နဲ့ တိတိကျကျပြောသွားခဲ့ ပါတယ်။ ဒီလို ကိန်းဂဏန်းတွေမှတ်မိနေတာက ၁၉၉၅ ခုနှစ်ကကောက်ယူခဲ့တဲ့စစ်တမ်းတစ်ခုကို သူ့သင်တန်းမှာ အမြဲတမ်း ထည့်သွင်းသင်ကြားပေးနေတာကြောင့် ဖြစ်ကြောင်းလည်း သူက ရှင်းပြပါတယ်။

ဆက်သွယ်ရေးလုပ်ငန်း၊ ပီအာလုပ်ငန်း၊ ကြော်ငြာလုပ်ငန်းဆိုတာက စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ ဖျော်ဖြေရေးသဘင်လုပ်ငန်းသမားတွေက ငှားရမ်းအသုံးပြုကြတာဖြစ်လေတော့ ဝင်ငွေကောင်းကောင်း ရရှိကြတယ်။ ဒီလုပ်ငန်း

တွေဟာလည်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဖြစ်ကြလေတော့ စနစ်တကျ သင်ယူတတ်မြောက်ဖို့ လိုအပ်ပါတယ်။ ကောလိပ်တွေ၊ တက္ကသိုလ် တွေမှာ အသေအချာသင်ယူဖို့ လိုအပ်ပါတယ်။ ဒါကြောင့် တက္ကသိုလ်၊ကောလိပ်တွေက ဒီဘာသာရပ်တွေကို သင်ကြားသင့်ပါတယ်။ ဒါပေမဲ့ သဘာဝချင်းမတူတဲ့ သတင်းစာပညာသင်တန်းထဲကိုတော့ ရောနှော ထည့်သွင်းတာမျိုး မလုပ်သင့်ပါဘူး။ လုပ်နည်းလုပ်ဟန်တချို့ တူသယောင် ရှိပေမယ့် အခြေခံသဘာဝချင်းက အများကြီးခြားနားပါတယ်။

ဘယ်လိုခြားနားသလဲဆိုတာကို ကိုယ့်အတွေးကိုယ့်အမြင်နဲ့ ပြောတာ ထက် ပိုပြီးလိုတိုရှင်းဖြစ်တဲ့ အိုင်ယာလန်နိုင်ငံသား၊ သတင်းစာဆရာနဲ့ ဒဗ္ဗလင်တက္ကသိုလ်တစ်ခုမှာ သတင်းစာပညာဆရာလုပ်နေသူ Michael Foley ရဲ့ အဆိုကိုသာ ပြန်ပြီးဖောက်သည်ချလိုက်ချင်ပါတယ်။ သူက'One serves the public interest, the other a private interest.'

“တစ်ခုက ပြည်သူလူထုကို အကျိုးပြုတယ်။ တခြားတစ်ခုကတော့ ၊ ပုဂ္ဂလိကကို အကျိုးပြုတယ်”လို့ အရှင်းဆုံးပြောခဲ့တယ်။

မိတ်ဆွေ အမေရိကန် သတင်းစာဆရာကတော့ 'သတင်းစာပညာ သင်ရိုးညွှန်းတမ်းထဲက လူထုဆက်သွယ်ရေးတို့၊ ပြည်သူ့ဆက်ဆံရေးတို့၊ကြော်ငြာအတတ်ပညာတို့ဆိုတာတွေ လုံးဝဖယ်ရှားပစ်သင့်တယ်။ ဒါတွေက သတင်းစာပညာနဲ့ ဘာမှမဆိုင်ဘူး။ စီးပွားရေးပညာရပ်တွေနဲ့သာ ဆိုင်တာ” လို့ ပြောပါတယ်။ ဒါပေမဲ့ ခက်တာက ဒီနေ့ခေတ်မှာ နေရာတကာ အုတ်အရောရော၊ ကျောက်အရောရော ဖြစ်နေကြတာမဟုတ်လား။ အဆိုးဆုံး ကတော့ “ကြောင်ဖြူ၊ ကြောင်မည်းက အရေးပါလှတာမဟုတ်ဘူး၊ ကြွက်မိဖို့ လိုရင်းပဲ' ဆိုတဲ့အယူအဆ လွှမ်းမိုးလာခြင်းပဲ။ ရူးပတ်မာဒေါ့လို စီးပွားရေး သမားက သူပိုင် ရုပ်ရှင်ကုမ္ပဏီနဲ့ တေးသံသွင်းလုပ်ငန်းလုပ်သလိုမျိုး သတင်းစာတွေကို လုပ်ကိုင်လာခြင်းဖြစ်တယ်။ သူလိုလူစားမျိုးတွေအတွက်တော့ သတင်းစာဟာ ကြော်ငြာလုပ်ငန်း၊ ပီအာလုပ်ငန်းအဖြစ် ရောက်ရှိသွားရတာ ဘာမှအရေးထားစရာမလိုပါဘူး။ စောင်ရေများများထုတ်ရပြီး ပိုက်ဆံ များများရရင် ပြီးတာပဲပေါ့။

သတင်းစာဆိုတာ ကြော်ငြာလုပ်ငန်းမဟုတ်ပါဘူး။ ပီအာလုပ်ငန်းလည်း မဟုတ်ပါဘူး။ ဒါကြောင့် ဘယ်သူ့ကိုမှ ကြော်ငြာပေးဖို့၊ ပေါင်းကူးဆက်သွယ်ပေးဖို့ တာဝန်မရှိပါဘူး။ ဘယ်အကြောင်းကိစ္စမျိုးကိုမှ မြှင့်တင်ပေးစရာ မလိုပါဘူး။ သတင်းစာဆိုတာ စာဖတ်သူပြည်သူလူထုကို သတင်းပေးဖို့ဆိုတဲ့တာဝန်တစ်ခုတည်း ရှိပါတယ်။ သတင်းပေးတဲ့အလုပ်ကလွဲပြီး တခြား ဘာတာဝန်မှ မရှိပါဘူး။ ပေးတဲ့သတင်း မှန်ဖို့၊ တိကျဖို့၊ ခိုင်မာဖို့ဆိုတာ သတင်းစာဆရာ၊ စာနယ်ဇင်းသမားတို့အတွက် အရေးအကြီးဆုံး တစ်ခုတည်းသောဝတ္တရား ဖြစ်ပါတယ်။ ဆက်သွယ်ရေးလုပ်ငန်း၊ လူထုဆက်ဆံရေး(ပီအာ) လုပ်ငန်း၊ ကြော်ငြာလုပ်ငန်းဆိုတာမျိုးတွေကျတော့ သဘာဝကိုက ပုဂ္ဂလိက အကျိုးစီးပွား လုပ်ဆောင်ပေးဖို့ တာဝန်ယူရတာဖြစ်လေတော့ မှားတာ မှန်တာထက် ကိုယ့်ကို ပိုက်ဆံပေးငှားရမ်းတဲ့ လုပ်ငန်းရှင်ရဲ့ ဆန္ဒအတိုင်း လုပ်ပေးရမှာဖြစ်ပါတယ်။ လိမ်ခိုင်းရင်လည်း လိမ်ပေးရတာပါပဲ။ ဒါနဲ့ ပတ်သက်ပြီး ပီအာလုပ်ငန်း လုပ်ကိုင်နေသူ ဂျူလီယာဟော့စဘောင်းဆိုသူ အမျိုးသမီး ပီအာပညာရှင်က “ပီအာကုမ္ပဏီတွေဟာ သူတို့ဖောက်သည် လုပ်ငန်းရှင်တွေအတွက် လိမ်ပေးနေကြရတာပဲ။ ကမ္ဘာပေါ်က အအောင် မြင်ဆုံး ပီအာလုပ်ငန်းကြီးတွေထဲက တစ်ခုဖြစ်တဲ့ Hill and Knowlton

ကုမ္ပဏီကြီးက ကူဝိတ်ကိုဝင်သိမ်းပိုက်တဲ့ အီရတ်စစ်တပ်တွေဟာ ဆေးရုံ ပေါ်က ဖန်ပေါင်းချောင်(incubators)တွေထဲထားရတဲ့ မွေးကင်းစကလေး တွေကိုဆွဲထုတ်ပြီး လမ်းမပေါ်လွှင့်ပစ်တယ်ဆိုတဲ့ သတင်းလိမ်တွေ လွှင့်ထုတ် ဖြန့်ဝေပေးခဲ့ရတာပဲ။ ဒါတွေဟာ မမှန်ဘူးဆိုတာ ကျွန်မတို့အားလုံး သိနေကြတာပဲ”လို့ ရေးခဲ့ဖူးပါတယ်။ အထူးသဖြင့် ဆေးဝါးထုတ်လုပ်တဲ့လုပ်ငန်းတွေက ပီအာသမားတွေဟာ အလိမ်ညာရဆုံးသူတွေ ဖြစ်ကြတယ်လို့လည်း သူက ဆက်ရေးပါသေးတယ်။

အဲဒီလိုသဘာဝရှိတဲ့ ကြော်ငြာလုပ်ငန်း၊ လူထုဆက်သွယ်ရေးလုပ်ငန်း၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်း စတဲ့လုပ်ငန်းမျိုးတွေကို သတင်းစာပညာလို “အမှန်သတင်းကို ဖော်ထုတ်ရေးသားဖို့ကလွဲပြီး တခြားဘာတာဝန်မှမရှိ” ဆိုတဲ့ ဘာသာရပ်မျိုးထဲ ထည့်သွင်းသင်ကြားပေးခြင်း ပြုသင့် မသင့်ဆိုတာ အလေး အနက် ဆင်ခြင်စဉ်းစားကြရမှာပဲ ဖြစ်ပါတယ်။

သတင်းစာဆရာမှာ သတင်းရှာဖွေဖော်ထုတ်ရေးသားဖို့ဆိုတဲ့ တာဝန်က လွဲပြီး တခြားဘာတာဝန်မှမရှိလို့ ဆိုခဲ့တာကို အကောက်အယူမလွဲစေချင် ပါဘူး။ သတင်းစာဆရာဆိုတာ “မိုးကျရွှေကိုယ်”မဟုတ်ပါဘူး။ လူထဲကလူသာ ဖြစ်တယ်။ နိုင်ငံတစ်ခုခုရဲ့ နိုင်ငံသားဖြစ်တယ်။ အဲဒီတော့ လူ့အဖွဲ့အစည်းထဲ က လူသားတစ်ယောက်လိုက်နာကျင့်သုံးရတဲ့ “လူ့ကျင့်ဝတ်တွေကို လိုက်နာစောင့်ထိန်းရမှာပဲဖြစ်တယ်။ ကိုယ်နေထိုင်ရာနိုင်ငံက နိုင်ငံသူ၊ နိုင်ငံသား တစ်ယောက် လိုက်နာကျင့်သုံးရတဲ့ နိုင်ငံသားကျင့်ဝတ်တွေကို လိုက်နာစောင့်ထိန်းရမှာပဲဖြစ်တယ်။ သတင်းစာဆရာ၊ စာနယ်ဇင်းသမားဖြစ်လို့ဆိုပြီး ချွင်းချက်ပေးထားတာ မရှိဘူး။ တရားဥပဒေဆိုတာ ချွင်းချက်လုံးဝမရှိဘူး။ တရားဥပဒေရဲ့ အပြင်ဘက် ကင်းလွတ်ထားသူရယ်လို့ ဘယ်သူမှမရှိဘူး။

သတင်းစာသမား၊ စာနယ်ဇင်းသမားဟာ လူထဲကလူသားတစ်ယောက် ဖြစ်လို့ သူ့မှာ ကိုယ်ပိုင်ခံစားချက်၊ ကိုယ်ပိုင်ယုံကြည်ချက် ရှိမှာပဲဖြစ်တယ်။ ဒီလိုရှိတာ အပြစ်မဟုတ်ဘူး။ သူ့မှာလည်း ချစ်တဲ့စိတ်၊ မုန်းတဲ့စိတ် ရှိမှာပဲဖြစ်တယ်။ ဒါလည်း သဘာဝပဲ။ အပြစ်တင်လို့မရဘူး။ ဒါပေမဲ့ သူ့ကိုယ်ပိုင်ခံစားချက်၊ ယုံကြည်ချက်နဲ့ သူချစ်တာ၊ မုန်းတာတွေနဲ့ သတင်းတစ်ပုဒ်ကိုလိုရင်တစ်မျိုး၊ မလိုရင်တစ်မျိုး ရေးချင်သလို ဆွဲရေးလို့မရဘူး။ သတင်း ဆိုတာ အဖြစ်ကိုအဖြစ်အတိုင်း၊ အရှိကိုအရှိအတိုင်းပဲ တိတိကျကျ၊ မှန်မှန် ကန်ကန် ရေးရတယ်။ သတင်းကို မချဲ့ရဘူး၊ မယွန်းရဘူး၊ မကွန့်ရဘူး။ချဲ့ချင်၊ မွှန်းချင်၊ ကွန့်ချင်ရင်၊ ဒါမှမဟုတ် ကိုယ်ပိုင်ခံစားချက်၊ ကိုယ်ပိုင် ယုံကြည်ချက်၊ ကိုယ်ပိုင်အမြင်တွေကို ရေးချင်ရင်လည်း ရေးခွင့်ရှိပါတယ်။

ဒါပေမယ့် သတင်းရေးရာမှာတော့ မဟုတ်ဘူး။ သတင်းကိုအခြေခံပြီးရေးတဲ့ သတင်းဆောင်းပါး(feature story) ဆိုတာမျိုး၊ ဝေဖန်သုံးသပ်ချက် ဆောင်းပါး (commentary article) ၊ ထင်မြင်ချက်ပေးတဲ့ဆောင်းပါး(opinion column) ဆိုတာမျိုးတွေမှာ ကိုယ့်နာမည်တပ်ပြီး ရေးနိုင်ပါတယ်။ ကိုယ့်နာမည်တပ်ပြီး ရေးတာဖြစ်တဲ့အတွက် ဖြစ်လာတဲ့အကျိုးဆက်မှန်သမျှ ကိုယ့်ဟာကိုယ် တာဝန်ယူရမှာဖြစ်တယ်။ သတင်းတွေနဲ့ သတင်းစာခေါင်းကြီး ဆိုတာကတော့သတင်းစာတစ်စောင်လုံးရဲ့မူဝါဒနဲ့ပေါ်လစီကိုကိုယ်စားပြုထားတာဖြစ်လို့အယ်ဒီတာတစ်ယောက်၊ သတင်းထောက်တစ်ယောက်ရဲ့ အတ္တနောမတိ လုံးဝ ရာနှုန်းပြည့်ကင်းစင်ရပေလိမ့်မယ်။

ဂျာနယ်တွေတစ်ခေတ်ဆန်းလာတဲ့ ဒီကာလမှာ ပြည်ပသွားပြီး သတင်းစာ ပညာသင်တန်း တက်ချင်ကြတဲ့ လူငယ်တွေများလာတာ သတိထားမိပါတယ်။ ဒါပေမဲ့ ကိုယ်တက်မယ့်သင်တန်းဟာ ဘယ်လိုသင်တန်းမျိုးဖြစ်ပြီး ဘယ်လို ဆရာတွေက သင်ကြားပေးကြမှာလဲဆိုတာကို အရင်ဆုံး လေ့လာစုံစမ်းမှု ပြုသင့်ကြတယ်လို့ အကြံပြုလိုက်ချင်ပါတယ်။

၃၊ ၈၊ ၂၀၀၄

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)