လယ်တွင်းသားစောချစ် - ဘ၀လမ်းညွှန်စကားမွန်
ကြွယ်ဝသောနှလုံးသားမရှိလျှင် ဥစ္စာဓန ချမ်းသာခြင်းသည်အကျည်းတန်သော လောဘဇောဖြစ်၏။
ကြွယ်ဝသော နှလုံးသားရှိခြင်းဆိုသည်မှာ စိတ်ကောင်း စေတနာ ကောင်း ရှိခြင်းဖြစ်သည်။ ဉာဏ်ပညာရှိခြင်း၊ ညီညွတ် မျှတသော စိတ်ထားရှိခြင်း၊ စိတ်သဘောထားကြီးမြတ်ခြင်း ဖြစ်သည်။
ကြွယ်ဝသော နှလုံးသားရှိသူသည် ပစ္စည်းဥစ္စာတို့ကို ရအောင် ရှာဖွေ၍ ရလာသောဥစ္စာဓနတို့ကို ဘဝနေထိုင်ရေးမှာ ကောင်းစွာ အသုံးချ သည်။ စားသင့်သည်ကို စားသည်။ စုသင့်သည်ကို စုသည်။ ထပ်မံရင်းနှီး မြှုပ်နှံသည်။ သုံးသင့်သည်ကို သုံးသည်။ ပေးသင့်သည်ကို ပေးသည်။ လှူသင့်သည်ကို လှူသည်။ ဥစ္စာဓနချမ်းသာသည်နှင့်အညီ တင့်တင့်တယ် တယ်ရှိသည်။ ဂုဏ်ကျက်သရေပြည့်စုံသည်။
ကြွယ်ဝသောနှလုံးသားမရှိလျှင် မိမိရှာဖွေ၍ရသော ဥစ္စာဓနကို ကိုယ်တိုင်လည်း မစားရက်၊ မသုံးရက်။ ပေးသင့်သည်ကိုလည်း မပေးရက်၊ လှူသင့်ပါလျက် မလှူရက်။ ငွေထုပ်ပိုက်ပြီး ငွေထုပ်ကြီးသည်ထက် ကြီးလိုသည်။ ရသည်ထက် ပိုရလိုသော လောဘဇောဖြစ်နေသည်။ ဥစ္စာဓန ချမ်းသာသော်လည်း တင့်တင့်တယ်တယ်မနေနိုင်။ မပေးနိုင်။ မလှူရက်မို့ ဂုဏ်ကျက်သရေပြည့်စုံခြင်းလည်း မရှိ ဥစ္စာမာန်၊ ဥစ္စာ'ဇောနှင့် ဥစ္စာ လောဘတက်ပြီး အကျည်းတန်နေသည်။
ဘုရားရှင်လက်ထက်တော်က မစ္ဆရိယ ကောသိယ သူဌေးကြီးသည် ကုဋေရှစ်ဆယ် ကြွယ်ဝပါလျက် မပေးရက်၊ မကမ်းရက်၊ မိမိကိုယ်တိုင်ပင် မစားရက်၊ မသောက်ရက် နှမြောတွန့်တိုလျက်ရှိသည်။
တစ်နေ့တွင် သူဌေးကြီးသည် ဘုရင့်ထံခစားရာမှ အပြန်တွင် ကျေးရွာသားတို့ မုန့်အိုးကင်းကပ်လုပ်စားသည်ကို တွေ့မြင်ရ၍ စားချင်သော ဆန္ဒပြင်းပြစွာဖြစ်ခဲ့ရသည်။ သို့သော် မိမိက စားချင်သည်ပြော၍ မုန့်လုပ် လျှင် ဇနီးနှင့်တကွ မိသားစုပါစားကြလျှင် အကုန်အကျများမည်ကို စိုးရိမ်သည်။ ထို့ကြောင့် ဘာမျှမပြောဘဲ သိပ်သည်းခံနေရသည်။ သို့သော် စားချင်စိတ်က မေ့၍မရ။ ဖျောက်၍မပျောက်။ မုန့်အိုးကင်းကပ်ကို မြင်ယောင်ပြီး စိတ်ဆင်းရဲစွာ ငေးမောတွေးတောနေရသည်။
သူဌေးကြီး အမူအရာပျက်ယွင်းနေသည်ကိုမြင်သော သူဌေး ကတော်က အကြောင်းကိုမေးမြန်းရာ နောက်ဆုံးတွင် မတတ်သာမှ မုန့်အိုး ကင်းကပ်စားလို၍ ဖြစ်ကြောင်း၊ အများအပြားလုပ်လျှင် အကုန်အကျ များမည်စိုး၍ မျိုသိပ်နေရကြောင်း ပြောကြားသည်။
သူဌေးကြီး၏အကြောင်းကိုသိသော သူဌေးကတော်က မည်သူ့ကိုမျှ မကျွေးရအောင် သူဌေးကြီးတစ်ယောက်စာအတွက် ဘုံခုနစ်ဆင့်မှာတက်၍ မုန့်အိုးကင်းကပ်လုပ်ပေးရသည်။ မည်သူမျှတက်မလာနိုင်အောင် ဘုံခုနစ်ဆင့် တံခါးများကို ပိတ်ထားရသည်။
ကုဋေရှစ်ဆယ် ချမ်းသာသော်လည်း ကြွယ်ဝသော နှလုံးသားမရှိ၍ ကျေးရွာသား ဆင်းရဲသားတို့လောက်မျှ လွတ်လပ်ပျော်ရွှင်စွာ စားသောက် နိုင်ခွင့်မရဖြစ်သည်။ အကျည်းတန်သော လောဘဇောဖြစ်၏။
ကျွန်တော်နှင့် ရပ်ကွက်တစ်ခုတည်းမှာ အတူနေခဲ့ဖူးသော အဒေါ်ကြီးတစ်ယောက်သည် ကုန်စုံဆိုင်ကြီးကို ပိုင်ဆိုင်၍ ချမ်းသာ ကြွယ်ဝသူဖြစ်၏။ သို့သော် အလွန်ကပ်စေးနှဲသည်။ မည်သူ့ကိုမျှ မပေးရက်၊မကျွေးရက်။ လှူဒါန်းခြင်းလည်းမရှိ။ ဈေးဝယ်သူများအပေါ်မှာလည်း အလွန်တွန့်တိုသည်။ သူ့ဆိုင်မှာမရောင်းသော တူ၊ တူမများကိုလည်း ယူ နိုးနိုး၊ ခိုးနိုးနိုးနှင့် စိတ်မချ။ သူ့၀မ်းကိုပင် မသထာ၊ တူ၊ တူမများကိုကျွေးရသည်လည်း မသထာ။ တူ၊ တူမများ သူ့ကို စွန့်ခွာသွားကြသည်။ အကူအငှားထားလျှင်လည်း မယုံကြည်၊ စိတ်မချ။ နောက်ဆုံးမှာ အထီးကျန် အဖြစ်နှင့် သေဆုံးသွားရသည်။ ရွှေနှင့်ငွေများစွာကျန်ရစ်သည်။ သူ့ကို ရပ်ကွက်ထဲက ကြွေကန်စေ့သူဌေးမကြီးဟု ခေါ်ကြသည်။ သူ ချမ်းသာသော ငွေများမှာ ကလေးများကစားရာတွင် ကြွေကန်စေ့ကို ငွေ အဖြစ်အသုံးပြု သည်နှင့် တူသည်။ သူ့ငွေများသည် သူ့လက်ထဲမှာ အသုံးမဝင် တန်ဖိုး မရှိသော ကြွေကန်စေ့များသာ ဖြစ်ကြသည်။
သူ ကွယ်လွန်သောအခါ သူ၏ အိမ်၊ ဆိုင်နှင့်တကွ ရွှေငွေများမှာ သူမကျွေးချင်၊ မပေးချင်သော တူ၊ တူမများလက်သို့ပင် ရောက်သွားသည်။
ထိုနည်းတူပင် ကျွန်တော့်မိတ်ဆွေ ဆရာဝန်တစ်ယောက်က သူ၏ အဒေါ် အကြောင်း ပြောပြသည်။ သူ့အဒေါ်သည် မိဘအစဉ်အဆက်ကပင် ချမ်းသာခဲ့၏။ သူ၏ခင်ပွန်းကလည်း ခရိုင်ရာဇဝတ်တရားသူကြီးဖြစ်သည်။ များစွာပင် စုမိဆောင်းမိသည်။ ရွှေမဟုတ်၊ ငွေမဟုတ်၊ စိန်ဝါသနာပါသူ ဖြစ်၍ စိန်များစွာစုခဲ့သည်။
အိမ်ကြီး အိုဟောင်းနေသည်ကိုလည်း မပြင်၊ မော်တော် ကားလည်း ဝယ်မစီး၊ စိန်များကို မထိရက်၊ မတို့ရက် မက်မောစွာ သိမ်းဆည်းထား သည်။ မကျန်းမာ၍ ငွေလိုသည်ပင် စိန်တို့ကို မထုခွဲရက်။ အသက်ကို အသေခံသည်။
သူကွယ်လွန်သောအခါကျမှ မီးခံသေတ္တာထဲမှာ စိန် များစွာထွက် လာသည်။ သူ၏စိန်များမှာ သူ့အတွက် ဘာမျှအသုံးတန်ဖိုး မရှိခဲ့ပါ။ ပုလင်းကွဲများပင် ဖြစ်ပါသည်။
ထိုစိန်များကို တန်ဖိုးဖြတ်သောအခါ သိန်းပေါင်း ထောင်ပေါင်း များစွာ တန်နေပေသည်။ သို့သော် ကောင်းမွန်ပျော်ရွှင်စွာ တင့်တင့် တယ်တယ်နေထိုင်မသွားနိုင်ခဲ့ပါ။ သူသည် စိန်ဆိုသောဥစ္စာများကို မက်မောသော လောဘဇောကြောင့် စိတ်ထားမူမမှန်ဖြစ်သွားလေသလား ဟုပင် သနားစရာဖြစ်ရသည်။
ကြွယ်ဝသော နှလုံးသားရှိမှ ဥစ္စာဓနချမ်းသာခြင်းသည် ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် တင့်တယ်၏။
ကြွယ်ဝသောနှလုံးသားမရှိလျှင် ဥစ္စာဓနချမ်းသာသော်လည်း ကောင်းကျိုးချမ်းသာ မခံစားရ။ တင့်တယ်ခြင်းမရှိ။ အကျည်းတန်သော လောဘဇောသာဖြစ်နေ၏။
ဥစ္စာဓနချမ်းသာအောင် ရှာဖွေရမည်။ ချမ်းသာလျှင်လည်း ဥစ္စာဓန ကို ကောင်းကျိုးရှိစွာ အသုံးချတတ်သည့် ကြွယ်ဝသော နှလုံးသား ရှိရမည်။
ကြွားဝါခြင်း၏ရလဒ်
ကြွားဝါခြင်းမှာ အထင်ကြီးခံရဖို့ဖြစ်၏။ သို့သော် ရရှိသည်က အထင်သေးခံရခြင်း ဖြစ်၏။
ကြွားဝါရာတွင်လည်း ကြွားနည်းမျိုးစုံရှိပါသည်။ စကားနှင့် ကြွား သည်။ အဝတ်အဆင်နှင့်ကြွားသည်။ လက်ဝတ်လက်စားနှင့် ကြားသည်။ အသုံးအဆောင် ပစ္စည်းနှင့်ကြွားသည်။ ဟန်ပန်လေသံနှင့် ကြားသည်။ အခြားလည်း အခွင့်သင့်ရာနည်းမျိုးစုံစွာ ကြွားဝါကြပါသည်။
ပြောသင့်သော စကားပြောသည်မှာ ကြွားဝါခြင်း မဟုတ်ပါ။ မိမိ အကြောင်းပြောတိုင်းလည်း ကြွားသည်မဟုတ်ပါ။ ပြောဖို့လိုလျှင် လိုအပ်သမျှပြောရမည်သာ။ 'ဆိုရေးရှိက ဆိုအပ်လှ၏” ဆိုသောစကားရှိသည်။ သတ္တိ၊ ဗလ၊ စွမ်းကာမကို၊ မပြမသိ၊ပြမှသိ၏၊ သိမှကြောက်လန့်၊ ရိုသေခန့်၏” ဟူသောစကားလည်း ရှိပါသည်။
အချို့မှာ အလွန်ကြွားဝါချင်ကြသည်။ နေရာတိုင်းမှာ ဝါကြွားနေကြ သည်။ ကြွားရသည်ကို ဝါသနာဖြစ်နေကြသည်။ မိမိကိုယ်ဖော် မသူတော်" ဆိုသကဲ့သို့ ကိုယ့်အကြောင်း၊ ကိုယ့်ဂုဏ်ကို ဖော်ပြနေကြသည်။
အဝတ်အဆင်၊ အသုံးအဆောင်နှင့် ကြွားသည်မှာ မမြင်လိုလျှင် မကြည့်ဘဲနေ၍ရသည်။ စကားနှင့်ကြွားသည်မှာ မကြားလိုလည်း ကြားနေ ရသည်။
တစ် ရပ်ကွက်တည်းမှာ အလွန်ကြွားဝါတတ်သူတစ်ဦးနှင့် နေခဲ့ရဖူးသည်။ သူလာလျှင် မိသားစုအားလုံး စိတ်ပျက်ကြသည်။ အကြွားစကားများကို မကြားချင်ဘဲ ကြားကြရသည်။ သူကလည်း ရောက်သည်နှင့်
ကြွားသည်။ သူ့သမီး ဆရာမသွားလုပ်ရသည့်ရွာကြီးမှာ ဝေးသော်လည်း ရန်ကုန်လို မဟုတ်။ ဆရာ၊ ဆရာမကို အလွန်တန်ဖိုးထားကြောင်း၊ သူ့သမီး ကတော့ အသင်အပြအကောင်းဆုံးဖြစ်၍ ပိုပြီးသဘောကျနေကြကြောင်း၊ သူ့သမီးနေရသောအိမ်ကြီးမှာ အလွန်ကောင်းကြောင်း၊ ကျောင်းသား မိဘ များက လိုလေသေးမရှိ ဂရုစိုက်ကြောင်း၊ ဆန်၊ ဆီ၊ ဟင်းချက်စရာ ဘာမျှ ဝယ်မစားရကြောင်း အသေးစိတ်ကြွားပါသည်။
သမီးပြီးတော့ သား၏အလုပ်မှာ အရာရှိမဟုတ်သော်လည်း အရာရှိများထက်ပင် အရေးပါအရာရောက်နေကြောင်း ကြွားပါသည်။ သူကြွားသည်နှင့်ပင် သူ့သား ဒုက္ခဖြစ်လောက်သည်။
တောင်ကြီးသို့ အဝေးပြေးဘတ်စ်ကားနှင့်ခရီးသွားစဉ် ကလည်း ကားပေါ်မှာ အဒေါ်ကြီးတစ်ယောက်၏ အကြွားအဝါစကားများကြောင့် ခရီးသည်အားလုံး စိတ်ပျက်ကြရသည်။ တစ်လမ်းလုံး ကြားသည်။ တစ်ကားလုံးနီးပါးကြားအောင် ကြွားသည်။ သူ့အိမ်မှာ ကားသုံးစီးရှိကြောင်း၊
တောင်တက်ခရီးမို့ အိမ်ကားမသုံးဘဲ အဝေးပြေးကားနှင့်လိုက်လာကြောင်း၊ သမီးကြီးက ကုမ္ပဏီမှာ လခသုံးသောင်းရကြောင်း၊ ဒုတိယသားက ဂျပန် သွားရန် စီစဉ်နေကြောင်း၊ တစ်လမည်မျှရ၍ တစ်နှစ် မည်မျှပို့နိုင်မှာ ဖြစ်ကြောင်း၊ နောက်သားတစ်ယောက်က အိမ်မှာပင် ကိုယ့်အိမ်ကားဖြင့် အနက်တက္ကစီဆွဲနေကြောင်း၊ တစ်နေ့ နှစ်သောင်းလောက်ရကြောင်း၊ အငယ် ဆုံးသမီးမှာလည်း ဘွဲ့ရပြီးဖြစ်၍ သူ့ဘကြီးရုံးမှာ လုပ်အားပေးနေကြောင်း၊ ဘကြီးက ညွှန်ချုပ်ဖြစ်၍ ကြိုက်သည့်နေရာပေါ်မှ အလုပ်ဝင်မှာ ဖြစ် ကြောင်း၊ ယခုသွားသည့် တောင်ကြီးမှာ သူ့မောင်ရှိကြောင်း၊ မြို့နယ်ရဲမှူးဖြစ်၍ သူ့မောင်နာမည်ကိုပြောလိုက်လျှင် အားလုံးကိစ္စပြီးကြောင်း ကြွားဝါ နေပါသည်။
ကိုယ့်ထမင်းကိုယ်စား၍ အများမုန်းအောင် ပြုလုပ်နည်းထဲမှာ ကြွားဝါခြင်းသည် ထိပ်ဆုံးမှာ ရှိပါလိမ့်မည်။ ထို မိန်းမကြီးကို တစ်ကားလုံး စိတ်ပျက်ရွံ့မုန်းကြသည်။ အထင်သေးသောမျက်စိများနှင့်ကြည့်ကြသည်။ အထင်ကြီးအောင်ကြွားကာမှ အထင်သေးခံရခြင်းဖြစ်သည်။
အချို့က အဝတ်အဆင်နှင့် ကြွားသည်။ ကျူရှင်ဆရာ တစ်ယောက် သည် အတန်းချိန်တစ်ခါပြောင်းတိုင်း ကောင်းမွန်တောက်ပသည့် ပုဆိုး အင်္ကျီတစ်စုံလဲသည်ဟု သိရ၏။ ဆရာသည် အဝတ်အစားအမျိုးမျိုးလဲလှယ်၍ တောက်ပစွာ ကိုယ်ရောင်ပြနေရမည့် ပြဇာတ်မင်းသားမဟုတ်။ အသင်အပြကောင်း၍ စေတနာကောင်းခြင်းသာ ဆရာ၏ ဂုဏ်ယူစရာ ဖြစ် သည်။ အဝတ်အစားအမျိုးမျိုး လဲလှယ်ဝတ်ပြုခြင်းသည် ကြွားဝါခြင်းသာ ဖြစ်သည်။ မလိုအပ်ဘဲ အပိုအလုပ်ရှုပ်သည့် သိမ်နုတ်မှုသာဖြစ်သည်။ ထိုသို့ လုပ်ပြခြင်းဖြင့် ကျောင်းသားတို့၏ အထင်ကြီးမှုကိုမရ၊ အထင်သေး၍ သရော်လှောင်ပြောင်သည်ကိုပင် ခံရကြောင်း ကျောင်းသားများပြန်ပြောပြ၍ သိရ သည်။
စိန်၊ ရွှေ၊ ရတနာ လက်ဝတ်လက်စားဆိုသည်မှာ နေရာဌာနအားလျော်စွာ ဆင်ယင်တတ်လျှင် လူ၏ဂုဏ် ကျက်သရေကို တင့်တယ်စေ၏။ နေရာမရွေးဘဲ ရှိသမျှထုတ်ဝတ်ပြနေလျှင် ဝါကြွားရာကျ၏။ တင့်တယ်စေမှုအတွက် ရတနာကို ဝတ်ဆင်သည်မှာ အထင်သေးခံရခြင်း မရှိပါ။ ဝါကြွားလိုစိတ်ဖြင့် ပြုလျှင် မြင်သူများသိပါသည်။
အသုံးအဆောင်ပစ္စည်းနှင့်လည်း ကြွားကြသည်။ စီးကရက်သောက် ရာတွင် တန်ဖိုးကြီးသော ဇစ်ပိုမီးခြစ်နှင့်ကြွားသည်။ အမျိုးသမီးကြီးများက အကောင်းစားလက်ကိုင် အိတ်နှင့်ကြွားသည်။ အချို့က လူစည်စည်ရှိလျှင်လက်ကိုင်ဖုန်းကိုထုတ်၍ ဆက်သည်။ လိုအပ်ချက်အရ အသုံးအဆောင် "ပစ္စည်းများ အသုံးပြုခြင်းမှာ ကြွားဝါခြင်းမဟုတ်ပါ။ ကြွားဝါလို၍ လူမြင်အောင် ပြနေခြင်းသာ အထင်သေးစရာဖြစ်ပါ သည်။
အချို့မှာ ဟန်ပန်အမူအရာနှင့်ကြွားသည်။ ရင်ကော့လိုက်၊ ခေါင်း မော့လိုက်၊ လက်မထောင်လိုက် ဖြစ်နေသည်။ဟန်တစ်ခါပြင်ရွှေစင်ဆယ်တင်းပုံမျိုးနှင့်မျက်နှာဟန်ပန်ကလည်းဝင့်ဝင့်ကြွားကြွားဖြစ်နေသည်။
ဝါကြွားထောင်လွှားသူ၏ လေသံ၊ ဟန်ပန်အပြုအမူများသည် လေးနက်တည်ကြည်မှုပျက်နေသည်။ သေးနုတ်ပေါ့ပျက်နေသည်ကို သတိထားသင့်သည်။
လူတိုင်းပင် အနည်းနှင့်အများ ကြွားချင်ကြသည်။ ကြွားမိနေတတ် ကြသည်။ သူများကြွားလျှင် ကိုယ်မြင်သကဲ့သို့ ကိုယ်ကြွားလျှင်လည်း သူများမြင်လိမ့်မည်။
ကြွားခြင်း၏ရည်ရွယ်ချက်မှာ အထင်ကြီးခံရဖို့ဖြစ်သည်။ ရသည်မှာအထင်သေးခံရခြင်း ဖြစ်သည်။
နှိမ့်ချသည်မှာ အထင်ကြီးမခံချင်၍ဖြစ်သည်။ သို့သော် လူတို့သည် နှိမ့်ချသူကို လေးစားကြသည်။ အထင်ကြီးကြသည်။မကြွားဝါခြင်းဖြင့် ဂုဏ်တင့်နိုင်ကြပါစေ။
“ငယ်တဲ့အရွယ်မှာ အားလုံးကို သိတယ်လို့ထင်တယ်။ လူလတ်ပိုင်း ရောက်လာတော့ ငါမသိတာတွေအများကြီးရှိသေးတယ်လို့ နားလည်လာ တယ်။ အသက်ကြီးပိုင်းရောက်လာတော့ ငါဘာမှမသိဘူးလို့ ခံယူဝံ့လာ တယ်”
ဂရိတွေးခေါ်ပညာရှင်ကြီး ဆိုကရေးတီးက ပြောသည်။ “ငါသိတာ တစ်ခုပဲ ရှိတယ်။ အဲဒါကတော့ ငါ ဘာမျှမသိဘူးဆိုတာပဲ.. ဟူ၍။
'ဒါကတော့ အလွန်အမင်းပြောလိုက်တာပါပဲဗျာ။ နှိမ့်ချလွန်းတဲ့ သဘောပါပဲ” ဟု ခပ်ငယ်ငယ်က ထင်ခဲ့မိသည်။ ပညာရှိကြီးကို အပြစ်မြင် စိတ်ပင် ဖြစ်ခဲ့မိသည်။
နောင် ကြီးလာမှ သဘောပေါက်လာသည်။ ကျွန်တော်တို့မသိသေး သည်မှာ များလွန်းလှ၍ ကျွန်တော်တို့သိထားသည်မှာ မပြောပလောက်အောင် နည်းလွန်းလှသည်။ ထိုနည်းနည်းပါးပါး သိသည်ထင်ထားသည်လေးပင် အသေအချာဆန်းစစ်လျှင် မှန်မှမှန်ပါ့မလားဟု စောဒက တက်စရာ များလှသည်။
နှစ်နှင့်နှစ်ပေါင်းလျှင် လေးရသည်ဆိုသောအသိပင် မသေချာပါ။တစ်ခုက အနှုတ်နှစ်ဖြစ်နေလျှင် သုညဖြစ်သွားမည်။
တစ်ချိန်တစ်ခါက အမှန်ဟုထင်၍ အခိုင်အမာပြောခဲ့သည်များပင် ယခုအခါမှာ မမှန်ဟု သိမြင်လာရသည်။