လယ်တွင်းသားစောချစ် - ပျားရည်နွံ့အိုင်လေးထဲမှာ
အခန်း (၁)
ရန်ကုန်မှ မန္တလေးသို့ တစ်နေ့လုံး ကားမောင်းခဲ့ရ၍ စိုးထိုက် မနေ့က ပင်ပန်းသွားသည်။
သို့သော် ဇော်ဝင်းသိန်းအိမ်မှာ တစ်ညနား၍ ကောင်းကောင်း အိပ်ပြီး မနက်ရှစ်နာရီကျမှ အိပ်ရာထသည် အိပ်ရာနိုး၍ ရေချိုးပြီး သည်နှင့် လန်းလန်းဆန်းဆန်း ဖြစ်သွားသည်။
ဇော်ဝင်းသိန်းဆိုသူက ဘာမျှအားနားစရာမရှိ။ စက်မှုတက္ကသိုလ်မှာ အတူတက်ခဲ့ရသော သူငယ်ချင်း။ လက်ရှိ ဆောက်လုပ်ရေး အင်ဂျင်နီယာလုပ်နေသူ။
စိုးထိုက် ဂျပန်ပြည်မှာ ရှိနေစဉ်ကလည်း လေ့လာရေး ခရီး ရောက်လာ၍ စိုးထိုက်က ဧည့်ဝတ်ကျေစွာ ကူညီနိုင်ခဲ့သည်။
“ဟေ့ကောင်... အဝတ်လဲပြီးရင် အောက်ထပ်ဆင်းခဲ့ ... ငါ့မိန်းမက နန်းကြီးသုပ် လုပ်ထားတယ်...”
ဇော်ဝင်းသိန်း အခန်းပေါက်မှ လာအော်သွားသည်။
စိုးထိုက် ထမင်းစားခန်းထဲ ရောက်တော့ ဇော်ဝင်းသိန်း၏ဇနီး နုနုကသမီးငယ် ချိုလေးကို နန်းကြီးသုပ်ကျွေးနေသည်။
ဇော်ဝင်းသိန်းရော နုနုဆွေပါချော၍ သမီးလေးမှာ ပိုချောနေ သည်။ ဖြူဖြူနုနုလေး။ ခုံကလေးပေါ်မှာထိုင်၍ နန်းကြီးသုပ်စားနေ သည်က ချစ်စရာ။
“ကိုစိုးထိုက် အိပ်ရေးဝရဲ့ လား..." နုနုဆွေကမေးရင်း ပြုံးသည်။
“ဒီကောင် ကျောင်းကထွက်တာတောင် နေဖင်ထိုးအောင် အိပ်တဲ့အကျင့် မပျောက်သေးဘူး ....”
“မနေ့က တစ်နေ့လုံး ကားမောင်းရတာ ပင်ပန်းလို့ပါကွာ - ... မင်းကလည်း..." ။
နုနုဆွေက အသင့်ပြင်ထားပြီးဖြစ်သော နန်းကြီးသုပ် ပန်းကန် ကို စိုးထိုက်ရှေ့ ချပေးသည်။
“ကိုစိုးထိုက် နန်းကြီးသုပ် စားတတ်ရဲ့လား...”
“ဟာ... သိပ်စားတတ်တာပေါ့....” စိုးထိုက်က နန်းကြီးသုပ်ပန်းကန်ကို ဆွဲယူလိုက်သည်။
“မေမေ... ဝပြီ....” သမီးလေးက သူ့ဗိုက်ကို ပုတ်ပြနေသည်။
“ဝရင် အတွင်းခန်းဘက်သွားတော့... မနီရေ.. သမီး လေး လာခေါ်ပါဟေ့..."
မိန်းကလေးတစ်ယောက်က လာခေါ်သွားသည်။ စိုးထိုက် နန်းကြီးသုပ်ကို အားပါးတရ စားနေသည်။
“စားလို့ကောင်းရဲ့လား.... ကိုစိုးထိုက်”
“သိပ်ကောင်း ..." ။
“အဲဒါ ငါ့မိန်းမလက်ရာကွ ချီးကျူးလိုက်ပါဦး..." “ဟုတ်လား....” နုနုဆွေကို စိုးထိုက်လှမ်းကြည့်လိုက်သည်။
အင်း ဇော်ဝင်းသိန်းကံကောင်းတယ်... မိန်းမချောချောလည်း ရတယ်... ချစ်စရာသမီးကလေးလည်းရှိတယ်။ မိန်းမက စားကောင်း သောက်ဖွယ်လည်း လုပ်တတ်တယ်။
စိုးထိုက် စိတ်ထဲမှာတင် ချီးကျူးအားကျနေခြင်း ဖြစ်ပါသည်။ ငါ့တွေ့ရမယ့် မိန်းကလေးက....
ကိုယ့်အတွက် အတွေးဝင်လာစဉ်
“ဟေ့ကောင် ချီးကျူးပါဦးလို့ ပြောနေတာ...”
“အို... မောင်ကလဲ...” နုနုဆွေက ဇော်ဝင်းသိန်းကို ဟန့်လိုက်သည်။
“ကောင်းပါတယ်ကွာ.... မင်းမိန်းမရတာ သိပ်ကံကောင်း တယ်လို့ စဉ်းစားနေလို့ပါ..."
ဇော်ဝင်းသိန်း သဘောကျ၍ တဟားဟား ရယ်နေသည်။
“မင်းကလည်း ဂျပန်ပြည်က ဂျပန်မလေးတစ်ယောက်တော့ ခေါ်မလာခဲ့ဘူး... ညံ့တဲ့ကောင်....”
စိုးထိုက် ခေါင်းရမ်းပြီး ပြုံးနေသည်။
“မခေါ်ပါဘူး.... မြန်မာမလေးတစ်ယောက်နဲ့ လက်ထပ် မလို့ မြန်မာပြည် ပြန်လာတာ...”
“မင်းတွေ့ထားတာ ရှိလို့လား....”
“မတွေ့သေးပါဘူး”
“မမနုရေ...."
ခေါ်သံနှင့်အတူ မိန်းကလေးတစ်ယောက် ဝက်ဝံရုပ် ကလေး ပိုက်၍ အိမ်ရှေ့မှ ဝင်လာသည်။
“ဟယ်... မွန်မွန်... ညီမလေး လာ... အတော်ပဲ အိမ်မှာ နန်းကြီးသုပ် လုပ်စားကြတာ...”
နုနုတွေ ဝမ်းသာအားရ ဆီးကြိုသည်။
“ဟန်ကျတာပေါ့ ဗိုက်ဆာလာတာနဲ့ အတော်ပဲ ချိုလေး ရော...
“အတွင်းခန်းမှာရှိတယ်..."
မိန်းကလေးက ထမင်းစားခန်းမှတဆင့် အတွင်းခန်းဘက်သို့ ဝင်သွားသည်။ အိမ်ဖော်မလေးနှင့် ခွေနေသောကလေးကို ဝက်ဝံရုပ် ကလေးပေး၍ ကလေး၏ ဝမ်းသာအားရ အော်ဟစ်နေသံ ကြားရ သည်။ ခဏသာကြာသည်။ မိန်းကလေး ထမင်းစားခန်းဘက်သို့ ပြန်ရောက်လာသည်။ လှုပ်ရှားပုံက သွက်လတ် ဖျတ်လက်သည်။ ဝတ်ဆင်ထားပုံကလည်း ခေတ်နှင့်အညီ လွတ်လွတ်လပ်လပ်ဖြစ် သည်။ လက်ပြတ် အင်္ကျီသာသာ စပို့ရှပ်အဝါနုလေးမှာ မိန်းကလေး၏ ဖြူဝင်းသော အသားအရည်နှင့် လိုက်ဖက်လှသည်။ လှပသော ကိုယ်ခန္ဓာ အချိုးအစားများကို တိကျစွာ ဖော်ပြထားသကဲ့သို့ ဖြစ်နေသည်။
လုံချည်ဝတ်ထားသည်ကလည်း ခြေသလုံးပေါ်။ စိုးထိုက်နှင့် မျက်နှာ ချင်းဆိုင်ဘက်က ခုံမှာဝင်ထိုင်လိုက်သည်။ နုနုဆွေက နန်းကြီးသုပ် တစ်ပွဲ ပြင်ပေးသည်။
“ကောင်းလိုက်တာ.... မမနု သုပ်ရင်ဘာမှ ထပ်ပြင်စရာ မလိုဘူး....”
မိန်းကလေး ချီးကျူးလိုက်၍ နုနုဆွေ သဘောကျစွာ ပြုံးသည်။
“ကိုစိုးထိုက်နဲ့ မိတ်ဆက်ပေးရဦးမယ်... သူက နုညီမလေး မွန်မွန်ဆွေတဲ့ မန္တလေးတက္ကသိုလ်မှာ တက်နေတာ... တတိယနှစ် အီးမေဂျာ..." ။
“သြော် ဟုတ်လား... တွေ့ရတာ ဝမ်းသာပါတယ်..."
စိုးထိုက်က အကျင့်ရနေသော စကားကိုပြောရင်း မွန်မွန်ကို လှမ်းကြည့် ပြုံးပြသည်။
မွန်မွန်ဆွေကလည်း ပြန်ကြည့်ပြီး ပြုံးပြသည်။
“အင်း တော်တော်လှတဲ့ ကောင်မလေး ... နုနုဆွေနဲ့ ရုပ်ချင်းဆင်ပေမဲ့ နုနုဆွေထက်တောင် ပိုလှတယ်...
စိုးထိုက် စိတ်ထဲမှာပင် ချီးကျူးနေခြင်း ဖြစ်ပါသည်။
“မွန်မွန်... ကိုစိုးထိုက်ကလည်း ရန်ကုန်တက္ကသိုလ်ထွက်ပဲ စီဗီလ်မှာ မောင်နဲ့အတူတက်ခဲ့တဲ့ သူငယ်ချင်း... ဂျပန်မှာ အလုပ်လုပ် ပြီး ပြန်လာတာ မကြာသေးဘူး...”
“ဟယ်... ဟုတ်လား .. ဟန်ကျလိုက်တာ... မွန် ဂျပန် ပြည် ရောက်ဖူးချင်လိုက်တာ....”
မွန်မွန်ဆွေက ပွင့်လင်းသည်။
“ရောက်ဖူးချင်ရင်... လွယ်ပါတယ်.. ခုအရင်ကလို မခက်တော့ပါဘူး”
စိုးထိုက်ကို မွန်မွန်ဆွေ ပို၍ စိတ်ဝင်စားသွားသည်။
“ကိုစိုးထိုက်မှာ အဆက်အသွယ်တွေ ရှိမှာပေါ့နော်...”
“ရှိတာပေါ့....”
ဇော်ဝင်းသိန်းက ကြားဝင်ဖြေလိုက်ခြင်းဖြစ်သည်။
“ရှိပါတယ်..."
စိုးထိုက်ကလည်း အဖြေပေးပါသည်။
“မွန်မွန်ဘွဲ့ရပြီးရင် သွားချင်တယ်... ကိုစိုးထိုက် ကူညီပေးပါလား…”
"ကူညီပေးနိုင်ပါတယ်... ဒါပေမဲ့ မိန်းကလေးတစ်ယောက်အနနဲ့ ကိုယ့်နိုင်ငံမှာပဲ အလုပ်လုပ်တာ ပိုကောင်းပါတယ်..."
“ကိုယ့် နိုင်ငံ ကိုယ်ပြန်လာမှာပေါ့... သုံးနှစ်လောက်ပဲ လုပ်ကြည့်ချင်တာပါ ကိုစိုးထိုက်လိုပါ့...."
စိုးထိုက် ဘာမျှ ပြန်မပြောတော့ဘဲ ပြုံးနေပါသည်။ ခဏအတွင်းမှာပင် မွန်မွန်ဆွေနှင့် တရင်းတနှီး ဖြစ်သွားသည်။ သွက်လက် ချက်ချ၍ ပွင့်လင်းရင်းနှီးစွာ ဆက်ဆံတတ်သော မွန်မွန်ဆွေကို စိုးထိုက်ကိုယ်တိုင်လည်း ရင်းနှီးခင်မင်စိတ် ဖြစ်သွားမိပါသည်။
ဤခရီးကို ရည်မှန်းချက်နှင့် သာ လာခြင်းမဟုတ်လျှင် ဤနေရာမှာပင် စခန်းချမိစိတ် ဖြစ်လိမ့်မည်။ နှလုံးမွေ့လျော်ဖွယ်လေး တစ်ခုအဖြစ် အမှတ်အသား ထားလိုက်သည်။
“မင်း စစ်ကိုင်း ဘယ်အချိန်သွားမှာလဲ..."
ဇော်ဝင်းသိန်းက ဟင်းချိုရည် သောက်နေသော စိုးထိုက်ကို လှမ်းမေးသည်။
စိုးထိုက်လက်မှ နာရီကို လှမ်းကြည့်သည်။ “ဆယ်နာရီလောက် သွားမယ်..."
“မသွားနဲ့.. ထမင်းစားပြီးမှသွား..."
“ကိုစိုးထိုက် စစ်ကိုင်းကို ဘာကိစ္စသွားမှာလဲ....” နုနုဆွေ မေးသည်ကို စိုးထိုက် မည်သို့ ဖြေရမှန်းမသိ။
“အဖေ့အစီအစဉ်နဲ့ သွားရမှာပါ..."
မမှားမမှန်လေး ဖြေလိုက်သည်။
“ဘယ်မှာတည်းမှာလဲ...”
“မိန်းမက စစ်ကိုင်းသူကွ.. ဒါကြောင့် မေးတာ..."
ဇော်ဝင်းသိန်းက ကြားဝင်ရှင်းလိုက်၍ စိုးထိုက် နားလည် ကြောင်းခေါင်းညိတ်သည်။
“မွန်တို့အိမ်မှာ တည်းရင်လဲ ရတာပဲ....။
မွန်မွန်ဆွေက ဧည့်ဝတ်ကြေစွာ ဖိတ်မန္တက ပြုသည်။
“ရပါတယ်... ဖေ့ဖေ့ကိစ္စနဲ့ဆိုတော့ အစီအစဉ် အတိုင်း တည်းရမှာမို့ပါ..."
“တည်းခိုခန်းမှာ တည်းမှာလား...." နုနုဆွေက ဆက်မေးနေဆဲ
“တည်းခိုခန်းတော့ မဟုတ်ဘူး... ဒေါ်ခင်မကြီးအိမ် တည်း ရမှာပါ...
“ဒေါ်ခင်မကြီး....” နုနုဆွေက မွန်မွန်ကို လှမ်းကြည့်လိုက်သည်။
“ဘယ် ဒေါ်ခင်မကြီးလဲ အနွယ်တော်ထဲကလား "
“ဗျာ ....”
“မင်းမျိုးမင်းနွယ် ဒေါ်ခင်မကြီးလားလို့ မေးတာ...” နုနုဆွေက သူ့မေးခွန်းကို သူ့ဘာသာ ထပ်ရှင်းသည်။ “ဟုတ်တယ်... ဟုတ်တယ်..."
“အဖွားကြီးက သိပ်မာနကြီးတာပဲနော်...”
“ဟုတ်မယ်... အဖေကလည်း အဲဒီလို ပြောတာပဲ…”
“ကိုစိုးထိုက်က သူ့အိမ်မှာ တည်းမှာလား.... မွန်မွန်ဆွေက သေချာအောင် ထပ်မေးသည်။
“သူ့အိမ်ဆိုပေမဲ့ သူက ရိပ်သာမှာနေတယ်လို့ အဖေပြော တာပဲ...
“ဟုတ်တယ် အိမ်မှာ သူ့မြေးပဲရှိမယ်....” မွန်မွန်ဆွေက မြေးအထိသိနေသည်။ “ဟိုကောင်မလေးလား..."
နုနုဆွေက မွန်မွန်ဆွေကို သူတို့ချင်း နားလည်သည့် အဓိပ္ပါယ် နှင့် လှမ်းမေးခြင်းဖြစ်သည်။
“ဒါပဲ ရှိတာပေါ့...." မွန်မွန်ဆွေ ပြောပုံကတစ်မျိုးဟု စိုးထိုက် သတိထားမိသည်။
“အဲဒီကောင်မလေးက စစ်ကိုင်း အထက်တန်းကျောင်းတုန်းက မွန်မွန်နဲ့တစ်တန်းထဲ ဆယ်တန်း တစ်နှစ်ထဲ အောင်ကြတာ....”
“ ဪ...."
သိနေကြသည့် အကြောင်းရင်းကို စိုးထိုက်နားလည် သွားပါ သည်။
“ဒါဖြင့် မွန်မွန်နဲ့ သူငယ်ချင်းတွေပေါ့...” စိုးထိုက် စူးစမ်းကြည့်ခြင်း ဖြစ်သည်။
“ဟင့်အင်း..... သူငယ်ချင်း မဟုတ်ပါဘူး...."
မွန်မွန်ဆွေဖြေပုံက ခပ်စိမ်းစိမ်းဖြစ်သည်။ မလိုလားသော သဘောထားပင် ရှိသည်ဟု စိုးထိုက်ထင်လိုက်သည်။
“အဲဒီကောင်မလေးကလည်း သူ့အဖွားလိုပဲ သိပ်မာနကြီး တာပဲ..."