လယ်တွင်းသားစောချစ် - ပန်းများပွင့်စေမွှေးစေသူ
အမြင့်မြတ်ဆုံးဥယျာဉ်မှူး
အကြင်သူသည် အမြင့်မြတ်ဆုံး ဥယျာဉ်မှူးဖြစ်၏။ အကြီး ကျယ်ဆုံး ဗိသုကာလည်း ဖြစ်၏။ အနူးညံ့ဆုံးသော အနုပညာရှင် လည်း ဖြစ်၏။ အနစ်နာအခံနိုင်ဆုံးသော အလုပ်သမားလည်းဖြစ်၏။
စေတနာအကောင်းဆုံးသောအလှူရှင်လည်း ဖြစ်၏။ သို့သော်ငွေကြေး ဓနချမ်းသာကြွယ်ဝခြင်း မရှိ။
ထိုသူသည်ကား ကျောင်းဆရာသာလျှင် ဖြစ်သတည်း ကျောင်းဆရာသည် ပန်းကလေးများကို ပြုစုပျိုးထောင်သောဥယျာဉ်မှူးတကာတို့တွင် အမြင့်မြတ်ဆုံး ဥယျာဉ်မှူး ဖြစ်၏။
ကျောင်းဆရာသည် ပန်းလိုနုနယ်သော ကလေးငယ်တို့ကို လောကအလယ်တွင် လန်းလန်းစွင့်စွင့်၊ တင့်တင့်တယ်တယ် ဖူးပွင့် လာအောင် ပြုစုပျိုးထောင်ရသူ ဖြစ်၏။
ပန်းဆိုသည်မှာ နုနယ်သော အမျိုးအစားဖြစ်၏။ လှပ၍ နှစ်သက်စဖွယ် ဖြစ်၏။ ကလေးတို့သည် ပန်းကဲ့သို့ နုနယ်၏။ နှစ်သက်ဖွယ်၊ ချစ်ခင်ဖွယ် ဖြစ်၏။
ပန်းကလေးများကို ဥယျာဉ်မှူး တယုတယ ပြုစုရသကဲ့သို့ ကျောင်းသူ ကျောင်းသား ကလေးငယ်များကို ကျောင်းဆရာသည် တယုတယ ပြုစုပျိုးထောင်ပေးရသည်။
ဤသို့ ပြုစုပျိုးထောင်ရာတွင် သက်ရှိပန်းကလေးများသည် သက်မဲ့ပန်းကလေးများထက် ပို၍နုနယ်၏။ ပို၍ ကိုင်တွယ်ရခက်၏။
သက်မဲ့ ပန်းကလေးများတွင် အသိမရှိ၊ ခံစားချက် မရှိ။ ဥယျာဉ်မှူး ပြုသမျှ နုသည်။ ဥယျာဉ်မှူးထားရာမှာ နေသည်။
သက်ရှိပန်းကလေးများမှာကား ဥယျာဉ်မှူးအကိုင်အတွယ် မှားလျှင် ခံစားချက်ရှိသည်။ ပြုစုရသည်မှာ သိမ်မွေ့နူးညံ့လွန်းလှ သည်။ သူတို့စိတ်ကိုသိ၍ သူတို့ခံစားချက်ကိုနားလည်ရန် လိုသည်။ ထိုနားလည်မှုကို အခြေခံပြီး ချင့်ချိန်ရသည်။ ယုယုယယ ကိုင်တွယ်ရသည်။
အခြေအနေ၊ အချိန်အခါကိုလိုက်၍ မြှောက်ရသည်လည်း ရှိသည်။ ခြောက်ရသည်လည်း ရှိသည်။ သို့သော် အမြှောက်လွန်လျှင် မြောက်လွန်း၍ရိုင်းသည်။ အခြောက်လွန်လျှင် ကြောက်လွန်း၍ထိုင်းသည်။
အမြှောက်မလွန်၊ အခြောက်မလွန်အောင်လည်း သတိထားရသည်။
ချော့သင့်သည်ကို ချော့၍၊ တင်းသင့်သည်ကို တင်းရသည် လည်း ရှိသေး၏။
သို့သော် အချော့လွန်လျှင် လျော့တတ်သည်။လျော့လွန်းလျှင် ပတ်သည်။ တင်းလွန်းလျှင် ပြတ်သည်။
မည်မျှမြှောက်၍ မည်မျှခြောက်ရမည်၊ မည်မျှချော့၍မည်မျှ တင်းရမည်ဆိုသည်ကလည်း ပုံသေသတ်မှတ်၍ မရ။ ကလေးတစ်ယောက်နှင့်တစ်ယောက် စိတ်သဘောထားချင်း တူညီကြသည် မဟုတ်။ အသက်အရွယ်အရလည်း အပြောင်းအလဲ ရှိနေကြသည်။ မိဘ ပတ်ဝန်းကျင်အရလည်း ကွာခြားမှုရှိကြသည်။
ကလေးအမျိုးမျိုးတို့ကို ချဉ်းကပ်ထိတွေ့ရာတွင် အလွန် အသေးစိတ်ရသည်။ စာသင်ခန်းထဲတွင် စာမေးရာမှာပင် တော်သည့်တပည့်ကိုချည်းမေးလျှင် မတော်သော တပည့်တို့က သူတို့နှင့်မဆိုင် သကဲ့သို့ ချောင်ခိုနေရာမှ ညံ့သည်ထက် ညံ့သွားကြသည်။
မတော်သည့် တပည့်များကိုလည်း သူတို့ ဖြေနိုင်လောက် သည့် မေးခွန်းများကိုမေး၍ ဖြေနိုင်လျှင် ချီးကျူးရသည်။ တစ်စထက် တစ်စတိုး၍ ခက်သည်များကိုမေးပေးရသည်။ ဖြေနိုင်တိုင်းချီးကျူး စကားနှင့် အားပေးရသည်။ ထိုအခါ ပညာသင်ကြားမှုတွင်စိတ်ဝင်စား ၍မေးလိုက်၊ ချီးကျူးလိုက် လုပ်နေချိန်တွင် တော်သူများကလည်း လက်ညှိုးတထောင်ထောင် လုပ်နေကြလိမ့်မည်။ သူတို့လည်း ဖြေချင်သည်။ ချီးမွမ်းခံချင်သည်။ မေးလျှင်တော်သူတို့က လွယ်လွယ်နှင့် ဖြေနိုင်လိမ့်မည်။ ဆရာကသိ၍ တော်သူကို မမေးဘဲ ချန်ထားလျှင် တော်သူများ စိတ်ပျက်သွားတတ်သည်။
ဆရာက မတော်သူများကိုသာ လွယ်လွယ်လေးတွေ မေးပြီး တမင်ချီးမွမ်းနေသည်။ တော်သူများကိုတော့ လုံးဝမမေးဘဲ နှိမ်ထား သည်ဟု အထင်လွဲလိမ့်မည်။ မျက်နှာလိုက်သောဆရာဟု စိတ်နာရာ မှ ထိုဆရာသင်သော ဘာသာရပ်မှာ စိတ်ဝင်စားမှု လျော့နည်းသွား တတ်သည်။ ထိုအခါ မတော်သူများကို ဆရာက စေတနာနှင့် ဆွဲတင် ရာတွင် တော်သူများကို စိတ်ဓာတ်ပျက်ပြားစေတတ်သည်။ တော်သူ မှ ရှော်သူအဆင့်သို့ပင် ကျသွားတတ်သည်။ ။
ဆရာဆိုသည်မှာ အရာရာ သိပ်ကိုသတိထားရသည်။ မတော်သူများကို လွယ်လွယ်မေးပြီး ချီးကျူးစဉ်မှာပင် တော်သူများကိုလည်း တော်သည့်အလိုက် ထိုက်သင့်သည်ကိုမေး၍ ဖြေနိုင်တိုင်း ချီးကျူးပေးရန်လိုသည်။
ကျောင်းဆရာသည် ပန်းလိုနုနယ်သော ကလေးတို့ကိုပြုစု ပျိုးထောင်ရာတွင် သိမ်မွေ့သည်။ နူးညံ့သည်။ ကလေးတို့၏စိတ်ပညာ ကိုပါ သိနားလည်ရန်လိုသည်။ ကလေး၏ စိတ်ဓာတ်အညွန့်အဖူး ကလေးကို မထိမခိုက်စေရန် သတိထားရသည်။ ထို့ကြောင့် ကျောင်း ဆရာသည် ဥယျာဉ်မှူးတကာတို့တွင် အမြင့်မြတ်ဆုံးဖြစ်ပါသည်။
ကျောင်းဆရာသည် အကြီးကျယ်ဆုံးသော ဗိသုကာလည်းဖြစ်၏။
ယနေ့လူငယ်တို့သည် နောင်ဝယ်လူကြီးဖြစ်လိမ့်မည်။
ယနေ့လူငယ်တို့ အသိပညာ၊ အတတ်ပညာ ထူးချွန်တိုးတက် မှ ထိုလူငယ်များလူကြီးဖြစ်လာသည့် အနာဂတ်ကာလတွင် လူ့ဘောင် ကို တိုးတက်အောင်ဆောင်ရွက်ကြမည်။ ယနေ့လူငယ်တို့ လိမ္မာယဉ်ကျေးမှ အနာဂတ်လူ့ဘောင် အေးချမ်းသာယာရေးအတွက် စိတ်ချရမည်။
ယနေ့လူငယ်တို့ လူ့ဘောင်ကောင်းကျိုး၊ လူသားကောင်းကျိုး ကို မြတ်နိုးတတ်မှ အနာဂတ်လူ့အဖွဲ့အစည်းသာယာလှပမည်။
ကျောင်းဆရာသည် ယနေ့လူငယ်များကို ပညာသင်ပေးရုံ သာမက အတွေးအမြင်လှပအောင်၊ အကောင်းအဆိုး၊ အမှားအမှန် ခွဲခြားဝေဖန်တတ်အောင် ဆုံးမပြုပြင်ပေးရသည်။ အသိအလိမ္မာရှိ၍ ရည်ရွယ်ချက်နှင့် စေတနာကောင်းမြတ် မှန်ကန်အောင် တည့်မတ် ပေးရသည်။
ထို့ကြောင့် ကျောင်းဆရာသည် အနာဂတ်ကို ကြီးကျယ် ခမ်းနားအောင် ပန္နက်ချနေသည့်အကြီးအကျယ်ဆုံးသော ဗိသုကာလည်း ဖြစ်ပေသည်။
ကျောင်းဆရာသည် မတစ်ထောင် သားသမီးတို့ကို ဆုံးမ သွန်သင်ရာ၌ အလွန်နူးညံ့သော အနုပညာရှင်လည်းဖြစ်သည်။
ဆရာသည် တပည့်တို့ကို ပုံသွင်းသူမဟုတ်။ဆရာသည် တပည့်တို့ကို သူ့အမျိုးအစား၊ အချိုးအစားအလိုက်တောက်ပနိုင်သမျှတောက်ပအောင် တတယ်နိုင်သမျှတင့်တယ်အောင် ပုံဖော်ပေးသူသာ ဖြစ်သည်။
ဆရာသည် တပည့်အသီးသီး၏ စိတ်နေစိတ်ထားနှင့်သဘောသဘာဝကို လေ့လာပြီး အခြေအနေ၊ အချိန်အခါနှင့် အကြောင်းခြင်းရာကိုလိုက်၍ ငေါက်သင့်သူကို ငေါက်သည်။ သို့သော် မေတ္တာဖြင့် ငေါက်ခြင်းဖြစ်၏။ မြှောက်သင့်သူကို မြှောက်သည်။ မေတ္တာဖြင့် မြှောက်ခြင်းဖြစ်၏။
ဆရာသည် တပည့်တိုင်းအပေါ်မှာ တူညီစွာမေတ္တာ၊ စေတနာ ထားရ၏။ ထိုမေတ္တာ၊ စေတနာကို တပည့်တို့က သိမြင်နားလည် လာသည်နှင့်အမျှ အောင်မြင်သော ဆရာ၏ဘဝကို ရ၏။ ထိုမေတ္တာ၊ စေတနာကြောင့်ပင် ဆရာသည် အလွန်နူးညံ့သိမ်မွေ့သော အနုပညာ ရှင် ဖြစ်လာရပေသည်။
ဆရာသည် တပည့်တို့ကို အမြဲမပြတ် လေ့လာသုံးသပ်၍ လိုသည်တို့ကို ဖြည့်ရသည်။ ပိုသည်တို့ကို နှုတ်ပယ်ရသည်။ အစွန်း ထွက်သည်တို့ကို သိရသည်။ မပိုမလို အစွန်းမထွက်အောင် ပြုပြင် ပေးရသည်။ ထိုအခါလှပသော အနုပညာ ပစ္စည်းကလေးများအဖြစ် တပည့်လိမ္မာ၊ တပည့်အတော်ကလေးများ ပေါ်ပေါက်လာရသည်။
ဆရာသည် အနစ်နာ အခံနိုင်ဆုံးသော အလုပ်သမားလည်းဖြစ်၏။
ကျောင်းဆရာအလုပ်သည် စေတနာထားသည်နှင့်အမျှ အလွန်ပင်ပန်း၏။ ပုံမှန်အားဖြင့်ပင် တစ်နေ့လျှင် အနည်းဆုံးလေးချိန် မှ ခြောက်ချိန်အထိ အော်ကာ၊ ဟစ်ကာ ရှင်းလင်းရ သင်ကြားပြသ ရသည်။ အချို့သော မူလတန်းကျောင်းများတွင် ဆရာ၊ ဆရာမ တစ်ယောက် နှစ်ယောက်သာရှိ၍ တစ်နေ့လုံးအတန်းစုံမှကလေးစုံ ကိုလှည့်ကာ ပတ်ကာ မနေမနား ထိန်းသိမ်းရင်း ပညာသင်ကြားပေးရသည်။
ထမင်းစားချိန် ခဏနားတော့ ဆရာ၊ ဆရာမ မောရှာပြီ။ ခြေလက်မျက်နှာတို့တွင် ပေကျံနေသော မြေဖြူဖွေးဖွေးကိုပင် မသုပ် သင်နိုင်။ ကျောင်းဝန်းကျင်မှာ ဆူညံစွာ ပြေးလွှားဆော့ကစားနေသော ကလေးများကို ရင်း၊ ကြည့်ရင်း ထမင်းကလေး တစ်လုတ်စားရသည်။ ဤကြားထဲတွင် ဆော့ရင်း၊ ကစားရင်း ပြဿနာဖြစ်လာကြ ပြန်ပြီ။ စားလက်စထမင်းကို အသာထား၍ ထသွားရပြီ။ ပြောရ၊ ဆိုရ၊ ဖြေရှင်းပေးရသည်။
ထမင်းစားပြီး ဇိမ်ယူချင်၍မရ။ လေ့ကျင့်ခန်းများစစ်ရသည်။ လေ့ကျင့်ခန်းပေးမှ ကလေး စာကြေသည်။
တစ်လတစ်ခါ လပတ်စာမေးပွဲ အဖြေလွှာများကိုလည်း စစ်ရသေးသည်။ အောင်/ရှုံးစာရင်းများလုပ်ရသည်။ အဆင့်များခွဲရ သည်။ မိဘများထံသို့ ကလေးများ၏ ပညာရည်မှတ်တမ်းပို့ပေးရ သည်။ ဤအလုပ်ကပင် တစ်လနှင့်တစ်လ အမြီးခြင်း၊ ခေါင်းချင်း ဆက်နေ၏။
မနက်ခင်း ကျောင်းရောက်သည့်အချိန်မှစ၍ ညနေ ကျောင်းဆင်းသည်အထိ မနားရ။ အိမ်ထိအောင် လေ့ကျင့်ခန်းစာအုပ်များ တစ်ပွေ့တစ်ပိုက်ပါလာသေး။ ဤကြားထဲမှ သင်နည်းမှတ်ချက်ရေးရ သည်။ လိုအပ်လာလျှင် တပည်တို့အိမ်အထိ မိဘများနှင့် ဆွေးနွေးရ သေးသည်။
ထို့ကြောင့် ဆရာ၊ ဆရာမတို့သည် အနစ်နာအခံနိုင်ဆုံးသောအလုပ်သမားများလည်း ဖြစ်ကြ၏။
ဆရာ၊ ဆရာမတို့သည် စေတနာ အကောင်းဆုံးသော အလှူရှင်များလည်း ဖြစ်ကြ၏။
ဆရာမအလုပ်သည်ပင် စေတနာအလုပ်။ ဆရာ၊ဆရာမ၏ ဘဝသည် စေတနာဘဝ။
ဆရာ၊ ဆရာမသည် တော်သောတပည့်များကို တော်သည် ထက်တော်အောင် စေတနာထားသလို မတော်သောတပည့်များကို လည်း အကြင်နာပို၍ တော်လာအောင် စေတနာထားရသည်။
ပညာကို လိုလိုချင်ချင် သင်ကြားချင်သော တပည့်နှင့် ကြံလျှင် အားရဝမ်းသာဖြစ်၍ စေတနာဝေဖြာရသည်။ ပညာကို လိုလိုချင်ချင် မကြိုးစားသော တပည့်နှင့်ကြုံလျှင်လည်း သူ့ဘဝရှေ့ရေးကို တွေးတတ်၊ မြင်တတ်အောင် ဆုံးမသွန်သင်ပြီး ပညာပေးရသည်။
ဤကြားထဲမှာ ကိုယ့်စေတနာကို နားမလည်ဘဲ စော်ကားသူ နှင့် ကြုံလျှင် ရင်ထုမနာ ဖြစ်ရ၏။ သို့သော် စေတနာဆရာဟူသည် တပည့်တို့အပေါ်မှာ မည်သည့်အကြောင်းကြောင့်မျှ စိတ်ကောက် ခြင်း၊ စိတ်ကွက်ခြင်း၊ စိတ်ဆိုးခြင်း မဖြစ်နိုင်ရှာ။
တပည့်က မှားမှန်းသိ၍ တောင်းပန်လျှင် သနားကြင်နာမှုပင် ပိုလိုက်ကြသေးသည်။ ဆရာသည် မတောင်းပန်ခင်က တပည့်တို့ကိုကျေနပ်ပြီးသား၊ ခွင့်လွှတ်ပြီးသား ဖြစ်နေကြ၏။ ဆရာ၊ ဆရာမတို့၏ ပကတိ ဘဝကပင် ဆရာ၊ ဆရာမတို့အား စိတ်ထားလှစေခဲ့လေပြီ။
တပည့် စာလာမေး၍ စိတ်ဆိုးသော ဆရာ၊ ဆရာမ မည်သည်မရှိ။ ကျွန်တော်ငယ်စဉ်က ဆရာကြီးတစ်ဦး ပြောဖူးသည်။ “စာမေးဖို့ဆိုရင် အိပ်နေတုန်း နှိုးမေး၊ စိတ်မဆိုးဘူးကွ'ဟူ၍ဖြစ်သည်။