လင်းလက်ကြယ်စင် - ဝက်၀ံကလေးဘာနီ၏အိပ်ရာဝင်ချိန်
အလုပ်ရှုပ်တဲ့ တစ်နေ့တာ ကုန်ဆုံးအပြီးမှာ ဝက်ဝံကလေး ဘာနီနဲ့ ဘိုးဘိုးဝက်ဝံတို့ အတူတူ
လမ်းလျှောက်ပြန်လာခဲ့ပါတယ်။
“ပြီးရင် သားတို့ ဘာလုပ်ကြမှာလဲဟင်”လို့ ဘာနီက မေးပါတယ်။
“ပြီးရင်...”
ဘိုးဘိုးဝက်ဝံက အံ့အားတသင့်နဲ့ ဟက်ခနဲ ရယ်လိုက်တယ်။
“ပြီးရင် အိပ်ရာဝင်ချိန်ပဲပေါ့ ဘာနီ””
ဘိုးဘိုးက ဘာနီရဲ့ ဖိနပ်တွေကို စွပ်ခနဲနေအောင် ဆွဲချွတ်လိုက်တယ်။
“အခု မင်းကို အိပ်ရာဝင်ဖို့ အသင့်ပြင်ပေးရမယ်” လို့ သူက ပြောလိုက်တယ်။
“မဟုတ်ဘူးလေ ဘိုးဘိုး” ဘာနီက အော်ပြောလိုက်တယ်။
“အိပ်ရာမဝင်ခင် သား ဆန်ပြုတ်ပန်းကန်လုံးကြီးတစ်လုံး အမြဲသောက်တယ်လေ။ ရှလွတ်... ရှလွတ်၊ ပျားရည်ပျစ်ပျစ်နဲ့ စားလို့ကောင်း အရသာရှိတဲ့ ဆန်ပြုတ်လေ”
“ဟုတ်ရဲ့လား၊ ငါ့မြေးရယ်” လို့ ဘိုးဘိုးက မေးပါတယ်။
“ဟုတ်ပါတယ်ဆို” ဘာနီက ပြန်ပြောတယ်။
“လာပါ”
ဘာနီက ဆန်ပြုတ်လုပ်တာသူ ဘယ်လောက်တော်သလဲဆိုတာ ဘိုးဘိုးဝက်ဝံကို ပြပါတယ်။
“ကဲ... အခု ပျားရည်ထည့်ရမယ်” သူက အားတက်သရော ပြောလိုက်တယ်။
ဒါပေမဲ့ ပျားရည်က ကျဲတောက်တောက်ဖြစ်နေတော့ အကုန်မှောက်ကုန်တယ်။
“အို ... သွားကုန်ပြီ” ဘာနီက တခစ်ခစ်ရယ်တယ်။