လင်းလက်ကြယ်စင် - ခွေးကလေးအိုလီရဲ့မဟာစွန့်စားခန်း
ခွေးကလေးအိုလီဟာ ဂိုဒေါင်တံခါးကနေ ခေါင်းပြူကြည့်တယ်။ အေးပြီး စိုစွတ်တဲ့ အရာတစ်ခုက သူ့နှာခေါင်းထဲကို ဝင်လာတယ်။
“ဒီဖြူဖြူတွေက ဘာတွေလဲ မေမေ” လို့ သူက အသံစူးစူးလေးနဲ့ မေးလိုက်တယ်။
“အဲဒါကို သားတို့ စားလို့ရလား”
“အဲဒါ နှင်းတွေပေါ့ အိုလီ” လို့ သူ့မေမေက ရယ်ရင်း ဖြေတယ်။
“နှင်းတွေက ဆောင်းရာသီမှာ မိုးရွာသလို ကျတယ်။ ပြီးတော့ သားတို့ စားလို့မရဘူး”
“ဒါဆိုရင် နှင်းထဲမှာရော ကစားလို့ရမလား” လို့ သူက မေးတယ်။
“ကစားပါရစေ မေမေ... နော်” လို့ ရှီဘာနဲ့ ဆမ်တို့ကပါ ပူဆာကြတယ်။
“ကစားပါ၊ ကစားကြ။ ဒါပေမဲ့ ဝေးဝေးမသွားနဲ့နော်” လို့ မေမေက ပြောတယ်။ ဆမ်နဲ့ ရှီဘာတို့က ရေခဲဖုံးလွှမ်းနေတဲ့ခြံဝင်းကိုလျှောတိုက်ပြီး ဖြတ်သွားတယ်။
“ငါ့ကို စောင့်ကြဦး” လို့ အိုလီက အော်ပြီး သူတို့နောက်က အပြေးအလွှား လိုက်သွားတယ်။
ခွေးကလေးတွေ ကွင်းထဲကို ရောက်တော့ သူတို့ ပြေးတာကို ရပ်ပြီး ကြည့်ကြတယ်။ နေရာတိုင်းမှာ နှင်းတွေ ရှိတယ်။
“ကစားကြမယ်ဟေ့” လို့ အိုလီက အော်လိုက်တယ်။
ခွေးကလေးတွေဟာ လိုက်ကြပြေးကြ၊ နှင်းတွေကို တူးဆွကြ၊ ပျံဝဲဆင်းသက်လာတဲ့ နှင်းပွင့်နှင်းဖတ်တွေအောက်မှာ လူးလှိမ့်ကြနဲ့ ကစားကြတယ်။ ရုတ်တရက်…
တဖွဲဖွဲကျနေတဲ့ နှင်းပွင့်တွေအောက်မှာ ခွေးကလေးတွေ ထွက်ပြေးကြတယ်။
အိုလီရဲ့ခြေထောက်တွေဟာ ပြေးရင်းပြေးရင်းနဲ့ ခြေကုပ်မိအောင် တွယ်လိုက်၊ ချော်ထွက်သွားလိုက် ဖြစ်နေတယ်။
နောက်ဆုံး ခွေးဟောင်သံ တဖြည်းဖြည်း တိုးသွားပြီး အရာအားလုံး ငြိမ်သက်တိတ်ဆိတ်သွားတဲ့ အချိန်အထိ သူ ပြေးခဲ့တယ်။
ဒါပေမဲ့ ရှီဘာနဲ့ ဆမ်တို့က ဘယ်မှာလဲ။ ခြံဝင်းနဲ့ ဂိုဒေါင်ကရော ဘယ်မှာလဲ။
“အို... မဖြစ်ဘူး” လို့ အိုလီက တအီအီ ညည်းလိုက်တယ်။
“ငါတော့ လမ်းပျောက်နေပြီ”