လင်းယုန်သစ်လွင် - အနာဂါတ်အတွက်မွေးဖွါးခြင်း
[ ၁ ]
ရေဆင်းတံတားထိပ်မှလှမ်းကြည့်လျှင် ပင်လယ်ပြင်တစ်နေရာတွင် ဗောတဲ့ကျောက်ချထားသော တိုင်ယိုမားရူးကိုမြင်ရသည်။ တိုင်ယိုမားရူး သည် ဂျပန်ပင်လယ်ငါးဖမ်းသင်္ဘောဖြစ်သည်။
သည်နေရာတစ်ဝိုက်တွင် မကြာမီပင် အမှောင်ထုသည် လွှမ်းခြုံဝန်း ရစ်လာပေလိမ့်မည်။
“အလုပ်ကထွက်ပြီး မိသားစုတွေ ရွာပြန်ရကောင်းမလား” ဦးထွန်းလူ အတွေးရောက်မိသည်။ “ရွာမှာပဲ ဖြစ်သလို ကြုံသလို လုပ်စားရကောင်း မလား” သည်လိုလည်း ဦးထွန်းလူတွေးသည်။
“အင်း... ဒီလိုဆိုလည်း မတော်ဘူး၊ ငါ ဒီလိုလုပ်လိုက်ရင် ဆရာ ကိုသုဝေ နဲ့ သခင်စိန်မောင်အပေါ် မထောက်ထားရာ၊ ကျေးဇူးကန်းရာ ရောက်လိမ့် မယ်။ ငါဟာ အသက်မသေဘဲ ရွာပြန်ရောက်တာ သူတို့ကျေးဇူး၊ သူတို့ မကယ်ရင် ခုလောက်ရှိငါ့ အရိုးတွေဟာ ဖိုးဆယ်လိုဆွေးပြီပေါ့၊ အင်း..... ဖိုးဆယ် ဖိုးဆယ်၊ ဘယ်ဘဝရောက်နေပြီလဲ ဖိုးဆယ်ရယ်”
အတွေးအတောများစွာသည် ဦးထွန်းလူခေါင်းထဲ မွှေနှောက်နေသည်။ အဘိုးအိုသည် တောင်တောင်မြောက်မြောက်တွေးရင်းမှ မလုံမလဲသော စိတ်နှင့် စခန်းရှိရာနောက်ပိုင်းကိုလည်း လှမ်းမျှော်ကြည့်လိုက်သည်။
နောက်ပိုင်းသည် ကျယ်ဝန်းသောကုန်းမြင့်ဖြစ်သည်။ ထိုနေရာသည် ပင်လယ်ရေများဖြင့် ဝန်းရံရစ်ခွေနေသည်။ ကုန်းမြင့်ထက်၌ အုန်းပင်များ သည် ထီးထီးမားမားရှိနေသည်။ လေတိုက်ခတ်မှုအားကောင်းသော ကမ်းနီး ပင်လယ်အရပ်ဖြစ်သောကြောင့်လည်း အုန်းပင်များကိုမြင်ရသည်မှာ အရပ် အမောင်းရှည်သော၊ ခြေလှမ်းခြေချမမှန်သော အမူးသမားနှင့်တူလေစွ၊ ဒယိမ်းဒယိုင်ဖြင့် မြေပြင်တွင်လဲပြိုတော့မည့်အလား။
ကုန်းမြင့်၏ အတွင်းပိုင်းတွင် အဆောက်အအုံများစွာရှိသည်။ ကြီးကြီး ရွယ်ရွယ်၊ ငယ်ငယ်လတ်လတ်ပုံသဏ္ဌာန်များက အမျိုးမျိုးအဖုံဖုံ ကွဲပြား ခြားနားသည်။
နေဝင်မိုးချုပ်စဖြစ်သောကြောင့်လည်း အမှောင်ရိပ်များသည် ဝန်းကျင် တစ်ဝိုက်တွင် ဖြန့်လွှမ်းစပြုပြီ။ တခိုက်တတန့်သော ကာလအပိုင်းအခြား၌ အမြင်အကြားဟူသမျှသည် ကြည့်ရင်းမှ ခြားနားလာသည်။ ကြားရင်း မှကွဲပြားလာသည်။ ဟိုင်းကြီးကျွန်းပင်လယ်ကမ်းခြေ၏ သြကာသလောက သည် ကြည်လင်တောက်ပသောအသွင်မှ ရုပ်ဆိုးအကျည်းတန် အမြင်ဖြင့် ကူးပြောင်းလာသည်။ နုပျိုလန်းဆန်းခြင်းမှသည် အိုမင်းရင့်ရော်ခြင်းသို့ အလျင်တဆာ ကူးပြောင်းဝင်ရောက်နေသည်။
ထိုအခိုက် စခန်းရှိရာ ကုန်းမြင့်ထက်မှ အင်ဂျင်မီးစက်၏ လည်ပတ် ခုတ်မောင်းသံနှင့်အတူ ကုန်းမြင့်ကြီးတစ်ခွင်တစ်ပြင်လုံး မီးရောင်များဖြင့်တောက်ပလင်းလက်လာသည်။ ကုန်းမြင့်ထိပ်တစ်နေရာရှိ “ဟိုင်းကြီးပင် လယ်ငါးလုပ်ငန်းနှင့် ရေထွက်ကုန်ပစ္စည်းလုပ်ငန်း”ဆိုင်းဘုတ်ပေါ်မှ အဖြူ ရောင်စာလုံးများသည် လျှပ်စစ်မီးရောင်အောက်တွင် အထင်းသား ပေါ်လွင် လာသည်။
“တောက်...တယ်ခက်တဲ့ကလေးတွေ၊ ဒီအချိန်ဆို ပြန်လာဖို့ကောင်း ပါပကော၊ ရာသီဥတုက အစိုးရတာမဟုတ်ဘူး၊ မတော်လို့ လေပြင်းကျ လာရင် မခက်လား၊ ဘယ်လိုလဲ သင်္ဘောပေါ်ညအိပ်ဦးမှာလား”
တစ်စုံတစ်ရာ ကြောင့်ကြစိတ်နှင့် ဦးထွန်းလူနှုတ်က ရေရွတ်သည်။ ငါးဖမ်းသင်္ဘော တိုင်ယိုမားရူးကို မကျေနပ်သလို လှမ်းကြည့်သည်။ လူက တံတားထိပ်တွင် ငုတ်တုတ်ထိုင်နေသော်လည်း ကြံစည်စိတ်ကူးမှုက
ယောက်ယက်ခတ်ပြေးလွှားနေသည်။ ပင်လယ်ရေပြင်ကို စိတ်ကူးလက်ပစ် ကူးကြည့်သည်။ ငါးဖမ်းသင်္ဘော တိုင်ယိုမားရူးပေါ်သို့ မသွားဘဲနှင့် ရောက်နေသည်။
ထိုအခါ၌လည်း သန့်စင်ထွန်းနှင့် တွေ့နေသည်။ နာဆူယာမရှိတ နှင့်တွေ့နေသည်။ သို့ရာတွင် အကောင်အထည်မဟုတ်သော သောကစိတ် ကူးကြောင့် လူမှာပို၍နွမ်းဟိုက်ရသည်။ ရင်ဖိုလှိုက်မောရသည်။ နှလုံးသား သည် နာကျင်တုန်ခိုက်မှု ပြင်းထန်သည် ဝေဒနာကို ခံစားရသည်။ အဘိုးအို သည် သက်ပြင်းရှည်ကြီးချလိုက်သည်။
တမ်းတချက်များသည် ယခုအချိန်အထိ မပြည့်ဝနိုင်သေးပါကလား။ တစ်ဖက်သတ်ထားရှိရသော သံယောဇဉ်ဆိုသည်မှာလည်း ပင်ပန်းဆင်းရဲ လှပါသည်တကား။ အဘိုးအိုအတွေးဝင်မိသည်။
သို့ ကလိုရှိနေခိုက်လှိုင်းသံဒီသံ၊ အင်ဂျင်မီးစက်၏ လည်ပတ်သံတို့ ထက် စူးရှကျယ်လောင်သည့် အသံတစ်ခုက အဘိုးအိုနားထဲသို့ မမျှော် လင့်ဘဲ ဗြုန်းစားကြီးဝင်ရောက်လာသည်။ ထိုအသံအကြောင့် အဘိုးအို ခေါင်းလည်သွားရသည်။ ဆတ်ခနဲ တုန်ခိုက်ရသည်။
“ကျုပ်အထင်သားပေါ့ ကိုထွန်းလူ၊ စခန်းတစ်ခုလုံးလိုက်ရှာတာ အနှံ့ပဲ၊လက်စသတ်ဒီနေရာရောက်နေသကိုး။ ရှင့်အသက် ရှင့်အရွယ်ဟာ မငယ်တော့ဘူး၊ မူးဝေပြီးပင်လယ်ထဲထိုးကျသွားမှဖြင့် မတွေးဝံ့စရာပါလား၊ နေစမ်း လြာပါဦး၊ ကျုပ်မေးပါဦးမယ်၊ ရှင်းအပြန်ကို ဒီနေရာ ဒီတံတားထိပ်က လာစောင့်နေတယ်ပေါ့ဟုတ်လား”
စောစောက အတွေးအတောတွေမှန်လေသမျှ အဘိုးအိုအာရုံ၌ မရှိ တော့ပြီ။ လေ၏လျင်မြန်ခြင်းကဲ့သို့ တစ်မဟုတ်ချင်းလွင့်မျောကုန်သည်။ အဖျက်အဆီးက ရောက်လာပေမှကိုးဟု အဘိုးအိုနှုတ်မှ မတိုးမကျယ် ရေရွတ်မိသည်။ အဘိုးအိုကြားလိုက်ရသည်မှာ သူ့ဇနီးအဘွားကြီး ဒေါ်ငြိမ်း သာ၏အသံ။
“ခက်ပါလား၊ ဒီမြေးတစ်ယောက်ကြောင့် ရှင့်မှာအတော်ခက်နေပါလား၊ မိုးစုပ်စုပ်ချုပ်တော့မယ်၊ ထမင်းမေ့ဟင်းမေ့နဲ့တော်၊ ရှင့်မြေးဟာ ကလေး မဟုတ်ဘူး၊ တစ်ယောက်တည်းသွားတာမဟုတ်ဘူး၊ မောင်ထွန်းဝေတို့မောင်ကျော်တင့်တို့နဲ့သွားတာ၊ ရှင့်မြေးဘယ်ကိုမှ ထွက်မပြေးဘူး၊ အချိန် တန်ရင် ရှင့်ရင်ခွင်ပြန်လာမယ်၊ စိတ်ချတော်ရေ၊ စိတ်ချ စိတ်ချ”
အဘွားကြီးက ခပ်ငေါ့ငေါ့ ပြောလိုက်သည်။ စခန်းတစ်ခုလုံး လှည့် ပတ်သွားလာကာ အဘိုးအိုကို လိုက်လံရှာဖွေခဲ့ရသောကြောင့်လည်း အဘွား ကြီးခမျာ အတော်ကလေးမောလာသည်။ လူပင်ပန်းမှုထက် စိတ်ပင်ပန်းမှု က ခမျာတွင်ပိုလွန်လာသည်။
“အေးပေါ့ ကွာ၊ အေးပါ၊ အဲသလိုအပြောမျိုး၊ အဲသလို သဘောမျိုး ကြောင့် မင်းတို့သားအမိခက်နေတာကွ” အဘိုးကြီးက ဇနီးကိုလှည့်မာန် သည်။ ခုတော့လည်း အဘိုးအိုအသံက မာကျောပြတ်သားသည်။
“အင်း၊ ကျုပ်တို့သားအမိ မခက်ပါဘူး၊ ရှင့်အနေနဲ့သာ ရှင့်မြေးကို မျက်စိအောက်က အပျောက်မခံနိုင်လို့ အခက်ကြီးခက်နေတာ၊ ကြည့် လေ.. ခုပဲ ရှင့်အဖြစ်က မရှူနိုင် မရှိုက်နိုင်ကြီး၊ နေတစ်ဖက်ကြီးက ဒီတံတား ထိပ်ထိုင်ပြီး ထမင်းမှန်းဟင်းမှန်းမသိ သူ့မြေးကိုစောင့်နေသတဲ့တော်”
“စောင့်ရမှာပေါ့ ဗျ၊ စောင့်ရမှာပေါ့၊ ကျုပ်မြေးကိုး၊ ခင်ဗျားသာ ခင်ဗျား မြေး ခင်ဗျားသွေးမဟုတ်သလို ပြောနေတာ၊ ဘယ့်နှယ်ဗျာ သွားချင်လို့ သွား တစ်နာရီနှစ်နာရီ တော်ပြီပေါ့ ဗျ၊ ခုဟာက အလုပ်အားတဲ့နေ့ဆိုပြီး တစ်နေကုန်တစ်နေခန်း၊ ဒီသင်္ဘောပင်လယ်ထွက်နေရင်ကောင်းတယ်”
အမှောင်ထုက ဝန်းကျင်ကို လွှမ်းခြုံစပြုလာသည့်အခါ ခပ်လှမ်းလှမ်း မှ သင်္ဘောအမြင်သည် အစောတုန်းကလို အပီအပြင်မရှိ။ မှုန်ရီဝါးလာ သည်။ သင်္ဘောဦးပိုင်း အမိုးထက်မှ အနီရောင်မီးပွင့်သည် အဘိုးအိုနှင့် အဘွားအိုတို့အား ပြောင်လှောင်သယော်သလိုရှိနေသည်။
အဘွားအိုသည် အဘိုးအိုကို အကဲခတ်သည်။ နောက်ပြီး ဝန်းကျင် တစ်ဝိုက်ကို အဘွားကြီးလေ့လာသည်။ သူ့ယောက်ျားအဘိုးအိုသည် သစ် ငုတ်တိုလို ငုတ်တုတ်မည်းတည်း။ ပတ်ဝန်းကျင်ဆိုသည်မှာလည်း ဘယ်လို မှ မထူးခြား။ တွေ့နေကျ မြင်နေကျ သည်မြေနှင့်သည်ရေ။ သူတို့အရပ်က လူတွေအခေါ်နှင့်တော့ သည်အချိန်သည် ပင်လယ်ရေတက်ဦး။ ဒီလှိုင်း ပုတ်သံများကလည်း သောသောညံပါဘိသနဲ့။
ကြာတော့ အဘွားကြီးစိတ်တိုလာသည်။
သူ့ယောက်ျားအဘိုးအိုကို အေအငိုင်စူးစိုက်ကြည့်သည်။ အတွေး အတောတစ်ခုကိုလည်းအဘွားကြီးတွေးလိုက်သည်။ ခုဆို ပင်လယ်ရေတွေက တံတားထက်ဝက်ကျိုးရောက်နေပြီ။ ပြီး သူ့အဘိုးကြီးထိုင်နေသည်မှာ ရေတက်တံတားမဟုတ်။ ဆန့်ကျင်ဘက် ရေကျတံတား။
သည်တော့ အဘွားကြီးစိတ်ထဲက တွေးသည်။
သူ့ယောက်ျားသည် တံတားတစ်ခုလုံးရေမြုပ်သွားသည့်တိုင်၊ သူ့ကိုယ် အတ္တဘောကြီးကို ပင်လယ်ရေများဖြင့် လွှမ်းခြုံသွားသည့်တိုင် မြေးအပြန် ကို သည်လိုပဲထိုင်စောင့်နေမလား။
“ဘယ်လိုလဲ အဘိုးကြီး”
“ဘာကိုလဲ အဘွားကြီး”
“ရှင့်ကိုယ်ကြီး ရေမြုပ်ခံပြီး စောင့်မှာလား”
ပင်လယ်ပြင်ကို ကျော်လွှားလျက်ငဝန်မြစ်ပေါက်မှ တရကြမ်းလှိမ့် ဝင်လာသော ရေလုံးရေအားက ထုထည်ကြီးမားလှသည်။ အတားအဆီး အပိတ်အပင်မရှိ၊ တဒီးဒီတဟီးဟီးအော်မြည် ဟစ်ကြွေးလာသည်။ ရေလုံးရေအား၏ရိုက်ခတ်မှုဖြင့် တံတားတစ်ခုလုံး သွက်သွက်ခါ ယိမ်းထိုး နေသည်။ တံတားတိုင်များသည် ရေလုံး၏ ရိုက်ခတ်မှုကြောင့် ကျွတ်ထွက် ကုန်လေမလား၊ ရေးစီးနောက်သို့ တံတားတစ်ခုလုံး မျောပါသွားလေမလား ထင်မှတ်ရသည်။ တံတားပေါ် ထိုင်နေသော အဘိုးအိုနှင့် ရပ်နေသော အဘွားအိုသည် ငလျင် ချက်မိသလိုလှုပ်ခါယိမ်းထိုးနေသည်။
အဘိုးအိုသည် ထိုင်ရာမှ ဆတ်ခနဲ ထရပ်လိုက်သည်။ နောက်တော့ အဘွားအိုကြီးဘက် လှည့်ပြောလိုက်သည်။
“ဟုတ်တယ် ရှင်ငြိမ်းသာရေ၊ မင်းထင်သလိုပဲ၊ ကျုပ်ကိုယ်ကြီးရေမြုပ် ခံပြီး ကျုပ်မြေးကိုစောင့်သင့်ရင် စောင့်ရလိမ့်မယ်”
အဘိုးကြီး စကားကြောင့် အဘွားကြီးရင်ထဲတွင် နင့်ခနဲ တုန်ခိုက်ရ သည်။ အဘိုးကြီးသည် စိတ်ရင်းကောင်းသလောက် သူ့မြေးနှင့် ပတ်သက် လာရင်ဆတ်ဆတ်ထိမခံသည့်သဘော။
“ဟုတ်မှာပါတော်၊ ဟုတ်မယ်တော့၊ ဟုတ်မယ်၊ ရှင်ဟာ ရှင့်မြေး ကြောင့် တစ်နေ့နေ့တစ်ချိန်ချိန် အဲလိုများ ဖြစ်သွားမှာလားလို့ ကျုပ်တော်၊ ကျုပ်အနေနဲ့ စိုးရိမ်မိတယ်တော့၊ သိလား.......ကျုပ်တွေးပြီး စိုးရိမ်မိတယ်”
အဘွားကြီးခမျာ ပြောရင်းပြောရင်း ငိုသံတွေရော၊ ရှိုက်သံတွေရော နှောလာသည်။ တကယ်ဆိုတော့ အဘွားကြီးဒေါ်ငြိမ်းသာတွင် ဤကိစ္စနှင့် ပတ်သက်ပြီး တွေးတောချက်တွေ၊ ခံစားချက်တွေရှိသည်။ ဓာတ်ခိုက်လည်း ရှိ၊ နတ်တိုက်လည်းမိဆိုသည့် သဘော။
စင်စစ် ယခုကိစ္စတွင် အဘွားကြီးပိုကဲပြောခြင်းတော့မဟုတ်ရှာပါ။ မြေးအပေါ်သည်မျှလောက် အတွယ်အတာကြီးမားသော သူ့ယောက်ျား အဘိုးကြီးသည် တစ်နေ့တစ်ချိန်တွင် ဒီမြေးကြောင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်လေမလား၊ အသွားမတော် အပြောမတတ်မှုကြောင့် ဒုက္ခနှင့်ရင်ဆိုင် ပက်ပင်းတိုးလေမလား၊ အသက်အရွယ်တွေကလည်း ကြီးကြပြီ မဟုတ်ပါ လား။ အဘွားကြီးတွေးတောပူပန်မိသည်။
နောက်တစ်ခုရှိသေးသည်။ သူ့ယောက်ျားအဘိုးကြီးသည် သင်္ဘော ကပ္ပံ တိန် နာဆူယာမအပေါ် ဘယ်လိုအကြောင်းကြောင့်များ မနှစ်မြို့နိုင် ပါလိမ့်။ တကယ်တော့ သင်္ဘောကပ္ပတန်လေး နာဆူယာမသည် ချစ်စရာ ခင်မင်စရာကောင်းသော ဂျပန်အမျိုးသားတစ်ယောက် မဟုတ်ပါလား။
သည်လိုလည်း အဘွားကြီးဒေါ်ငြိမ်းသာတွေးလေသည်။
မည်သို့ပင်ဆိုပါစေ ယင်းအတွေးအတောများဖြင့်ပင် အိပ်၍မပျော် သော ီညဉ့်ပေါင်းများစွာတို့ကိုလည်း အဘွားကြီးလွန်မြောက်ခဲ့ရလေပြီ ကော။
“ဘယ်လိုလဲ၊ ကျုပ်အပေါ်များ ရှင်ငဲ့ညှာစိတ်ရှိသေးရဲ့ လား”
အဘွားကြီးက မချင့်မရဲ မေးလိုက်သည်။ ခုလိုမေးမြန်းလိုက်သည့် အခါ၌လည်း အဘွားကြီးအသံက ဆွေးဆွေးမြည့်မြည့်ကြီး။ တုန်တုန် ယင်ယင်ကြီး။
“အေး ကျုပ်အနေနဲ့တော့ အားလုံးအပေါ် သက်ညှာတယ်၊ ဒီလိုသက် ညှာမှုရှိလို့လည်း ကျုပ်က အမောခံအပင်ပန်းခံပြီး ပြောနေဆိုနေသေးတာ ပဲ။ ဒီမယ် မငြိမ်းသာ ကျုပ်သဘောကတော့ မီးကိုမလောင်ခင်တားချင် တယ်၊ မီးပွားလေးကို မီးတောက်မီးလျှံကြီးမဖြစ်စေချင်ဘူး၊ အရှိန်ရလာ တဲ့အခါ မီးဟာငြိမ်းရခက်တယ်”
“ရှင် ဘာကိုပြောချင်တာလဲ၊ ကျုပ်အပေါ်ဘာတွေ မကျေမနပ်ဖြစ်နေ သလဲ”
“ဘာကိုပြောချင်ရမှာလဲကွ၊ ဟို လွန်ခဲ့တဲ့တစ်လကျော်နှစ်လလောက် က ကျုပ်ရွာကိုခဏပြန်တယ်ဆိုပဲ ဒီကောင်လေးတိုင်ယိုမားရူးနဲ့ မြိတ် ပင်လယ်ဘက်လိုက်သွားပြီ၊ အဲဒါဟာ မင်းတို့သားအမိ ပေါ့ဆလို့ကွ၊ မင်းတို့ သားအမိပေါ့ဆလို့...”
အဘိုးကြီးက မကျေမနပ် ရေရွတ်လိုက်သည်။
အဘိုးကြီးစကားကြောင့် အဘွားကြီးရှူးရှူးရှားရှားဖြစ်လာသည်။ ယိမ်းထိုးနေသော သူ့ကိုယ်ကို ယိုင်လဲမသွားအောင် တံတားတိုင်ကို လက် တစ်ဖက်နှင့် ထိန်းကိုင်လိုက်သည်။ အသံခပ်မာမာဖြင့် အဘိုးကြီးကို ပြန်တွယ်သည်။
“အလိုတော် နေရင်းထိုင်ရင်း ကျုပ်တို့သားအမိ အမှုမပတ်ပါရစေနဲ့၊ ရှင့်မြေးမြိတ်လိုက်သွားတာ ရှင့်ဆရာကိုသုဝေခေါ်သွားတာရှင့်၊ ကျုပ်တို့ က ဘယ်လိုလုပ်ပြောရမှာလဲ၊ နောက်ပြီး ရှင့်မြေးတစ်ယောက်တည်း ရွေး ခေါ်တာမဟုတ်ဘူး၊ မောင်ထွန်းဝေပါတယ်၊ မောင်ကျော်တင့်ပါတယ်။ နောက်တစ်ခုလည်း ရှင်စဉ်းစားဦး၊ ရှင့်မြေးဟာ ဒီဟိုင်းကြီးကုမ္ပဏီလခ စား၊ သူ့လခယူထားရင် သူခေါ်ရာလိုက်ရလိမ့်မယ်၊ စခန်းမှာ ရှင်ရှိနေရင် ကော ပြောလို့ဖြစ်မှာလား”
“ဒီပြင် လူတွေအများကြီးမှ ဟာကွာ”
အဘိုးကြီးက ဇွတ်ပြောသည်။ သို့နှင့်အားမရသေး။ “ကျုပ်ကိုယ်တိုင် လိုက်သင့်ရင် လိုက်သွားမယ်ကွာ”ဟု နောက်ထပ်ဆက်လိုက်သည်။
“အဲ အဲဒါကိုခက်တာပေါ့၊ ရှင်ဟာရှင့်မြေးနဲ့ပတ်သက်လာရင် ဘယ် တော့မဆို တစ်ဖက်စီးနင်းပြောတတ်တဲ့အကျင့်ရှိတယ်၊ ဒါကိုက မဟုတ် သေးဘူး။ သူ့လခစား သူ့အလုပ်သမား၊ သူကြိုက်ရာလူကိုခေါင်းခေါက် ရွေးခေါ်မယ်၊ ရှင့်လို အိုကြီးရွတ်တွေကို မခေါ်သေးဘူး၊ အဲ တစ်ခုတော့ ရှိတယ်၊ ရှင့်မြေးကို သူတို့ခေါ်ရာ မလိုက်စေချင်ရင်...”
အဘွားကြီးက ရှေ့ဆက်ပြောရမည့် စကားကိုဆိုင်းဆိုင်းဆဆရှိနေ သည်။ အဘွားကြီးသဘောက အထိုက်အလျောက်စဉ်းစားသည်။ တုတ်ထိုး အိုးပေါက်မဟုတ်။
“ဆိုစမ်းပါဦး” အဘိုးကြီးက မေးမြန်းလိုက်သည်။
“လွယ်ပါတယ်၊ ရွာပြန်ကြရုံပေါ့ ”