လင်းယုန်သစ်လွင် - သီတာသောင်ခြေဦး
ဆောင်းရာသီ၏ နှင်းထုနှင်းလွှာများသည် ပိန်းပိတ်မျှ ကျဆင်းနေလေ ၏။ ဤမှာဘက်ကမ်းမှ မျှော်ကြည့်သော် တစ်ဖက်ကမ်းခြေရှိ ပဲခင်းနှင့်ပြောင်းခင်းများကို အခါတိုင်းလို မမြင်ရပေ။ နှင်းဖြူလွလွတို့သည် တစ် ဖက်ကမ်းရှိ မြင်ကွင်းများ အားလုံးကို သိပ်သိပ်သည်းသည်း ဖုံးကွယ်ထား ခြင်း ရှိလေ၏။
ဟိုမှာဘက်ကမ်း၏ မြင်ကွင်းမြင်ကွက်များကိုသာ ဖုံးကွယ်နေသည် မဟုတ် အရပ်လေးမျက်နှာတို့၌ နှင်းဝတ်နှင်းရည်တို့သည် တဖွဲဖွဲကျဆင်း ပိတ်ဖုံးနေ၏။ သစ်ပင်ကြီးငယ်တို့သည် ငြိမ်သက်စွာ ရပ်တည်လျက် ချို မြိန်သော နှင်းဝတ်ရည်ကို သောက်သုံးဟန်ရှိနေသည်။ လှုပ်ရှားလွန့်လူးခြင်း ကင်းကြကုန်၏။
ဧရာဝတီမြစ်ရေပြင်ကြီးတစ်ခွင်တစ်ပြင်လုံး နှင်းတွေသာပိတ် ဖုံးနေလေ ၏။ မြစ်တွင်းမှလှော်သံခတ်သံကို မကြားရပေ။ ရေလှန်ချိန် ကုန်လွန်ကာ ရေကျချိန်ရောက်လုနီးသောရေအီနေချိန်ဖြစ်၏။ မြစ်ရေသည် တသွင်သွင် မစီး ပကတိငြိမ်သက်နေ၏။ မြစ်ခြေကမ်းစပ် ရေပြင်သည် နှင်းထု၏ရိုက် ခတ်ချက်ကြောင့် အငွေ့ ထောင်းထောင်း ထနေ၏။
ဤနေရာသည် စောက်သောနေရာဖြစ်၏ ။ အချို့အောက်ပိုင်း နေရာ များသည် သဲနုံးမြေဖြစ်၏။ ကျီးကန်းသိုက်ရွာဆီသို့ ဆင်းသွားသည့် အခါ၌မူ ကမ်းစောက်နေရာများတွင် စိုက်ပျိုးမှု မရှိကြပေမင့် နုန်းမြေနှင့် မြေနုကျွန်းပေါ်နေရာကွက်များတွင် သက်ငယ်၊ မုရင်း၊ ကြံခင်းများနှင့် ဆေးခင်း၊ ပဲခင်း၊ စိမ်းစားခင်းများ ရှိလေသည်။ ထိုဒေသရှိ နှစ်သီးစား သမားတို့သည် မြေနုကျွန်းပေါ်နေရာမှန်သရွေ့ကို တစ်လက်မမကျန်ကြွင်း ရအောင် စိုက်ပျိုးကြဲဖြန့်ခြင်း ပြုကြကုန်၏။
နှင်းလွှာနှင်းထုများ ပိတ်ဖုံးနေသည့်ကြားမှ အတန်ကြာသော် နေခြည် သည် ယှက်ဖောက်စ ပြုလာသည်။ ကမ်းပါးစောက်တွင် မတ်မတ်မားမား ပေါက်နေသော သစ်ပင်ကြီးများ၏ အကိုင်းအခက်၊ အရွက်အလက်များ ပေါ်တွင် မှီတွယ်ကပ်ငြိနေသည့် နှင်းဝတ်နှင်းရည်တို့သည် မြေပြင်သို့ တဖြောက်ဖြောက် ကျဆင်းလာကုန်၏။
ထိုအခါ၌ အအေးဓာတ်သည် ခိုက်ခိုက်တုန် စိမ့်ဝင်လာသည်။ ပြာလဲ့ သောကမ်းစပ်ရေပြင်သည် နေခြည်နုနုဖြင့် တွေ့ထိမှုရှိသည့်အခါ လက် လက်စင် ဟောက်ပရွှန်းမြလာ၏။ ပိတ်နေသော နှင်းထုသည် နေခြည်ကို မြင်သည့်ခဏ ပြေးလွှားပျောက်ကွယ်ရန် ခြေလှမ်း စပြုလေပြီ။
မနန်းအိမ်သည် မမြင်ရသော မြစ်လယ်ကြောကို ထိုင်ရာ မီးပုံနံဘေးမှ မှန်းဆကြည့်လေသည်။
“ဘယ်တော့များမှ သူ ပြန်လာပါလိမ့်မလဲ..” ဆိုသော အတွေး အတောသည် မနန်းအိမ်၏ နှလုံးသားကို တလှပ်လှပ် ရိုက်ခတ်နေ၏။ ရွက်လိမ်ရွက်ခြောက်နှင့် သစ်ကိုင်းခြောက် အတိုအစများသည် သူတို့ သားအမိအလယ်ရှိ မီးပုံတွင်းဝယ် တဖျစ်ဖျစ် လောင်ကျွမ်းနေလေ၏။
မဓမတိုင်လေးတိုင်ကို စတုရန်းလေးထောင့် စိုက်ထူကာသက် ငယ် ငါးပျစ် မိုးရုံမိုးထားသော လေးတိုင်စင်တဲငယ်၏ အောက်ခြေတွင် ကောက် ရိုးစ ကောက်ရိုးမျှင်များသည် ပြန့်ကျဲနေလေ၏။ ကမ်းစပ်ရှိငုတ်တိုင်တစ် တိုင်တွင် တံငါလှေငယ်တစ်စင်း၏ ကြိုးစကို တံငါချည်၊ ချည်ထား၏။ လှေငယ်၏ နံပါးကို လှိုင်းလုံးကလေးများ ပုတ်ခတ်သည့်အခါတဖျပ်ဖျပ် အသံထွက်နေလေ၏။
မနန်းအိမ်သည် တစ်စုံတစ်ရာမမြင်ရသော မြစ်ပြင်ကြောဆီသို့ ခန့် မှန်းကြည့်ရာမှ အလွန်တရာ စိတ်မောမိလေ၏။ သူ့မျက်လုံးများသည် တစ်စုံတစ်ရာကိုမျှ မမြင်စွမ်းပေ။ နားအာရုံကသာ တစ်စုံတစ်ခုသော အသံ ကို စူးစိုက်လျက် စွင့်နေမိလေ၏။ တံငါလှေနံပါးမှ တဖျပ်ဖျပ် မြည်နေသော သက်မဲ့လှုပ်ရှားသံထက် ရေသံလှေသံ ကြားရမည့် မြစ်တွင်းမှ သက် ရှိလှုပ်ရှားသံကို မနန်းအိမ် နားစွင့်မိလေ၏။
မနန်းအိမ်၏ မျက်လုံးများသည် ဘာကိုမျှ မမြင်စွမ်းပေ။ သို့ရာတွင် သူ့နားနှစ်ဖက်မှ သောတသညာသိသည် တစ်စုံတစ်ယောက်သောသက်ရှိ ရုပ်ဝတ္ထု၏ မြစ်တွင်းမှ လှော်ခတ်လှုပ်ရှားသံကိုမူ အမှတ်ထားခွဲခြားနိုင်စွမ်း ရှိလေ၏။
ဤလိုအမှတ်သညာရှိမှုနှင့် ခွဲခြားနိုင်စွမ်းရှိမှုကို မနန်းအိမ်သည် လွန် ခဲ့ပြီးသော သုံးနှစ်အချိန်ခန့်ကပင် လေ့ကျင့်ခဲ့ပြီး မှတ်သားခဲ့ပြီး ဖြစ်၏။ ထိုအချိန် ထိုအခါမှစကာ သူ့ မျက်မှောက်ဘဝ၏ စက္ခုပသာဒဆိုင်ရာ ဣဌာရုံ၊ အနိဌာရုံ ဟူသမျှကို စွန့်လွှတ်ခဲ့ရပြီး ဖြစ်၏။ သို့ကြောင့် မနန်းအိမ် ခမျာ စက္ခုသညာထက် သောတသညာဘက်ကိုသာ ပိုမိုတိုးကာ အားကိုးအား ထားပြုရရှာလေ၏။
“နေရောင်တောင် စို့လာပြီ အမေ....”
မြရင်သည် မြစ်ပြင်ကိုကြည့်ရာမှ သူ့အမေ မနန်းအိမ်ကို လှမ်းပြော လိုက်သည်။
“ဒီနေ့လောက်ဆိုရင်တော့ ပြန်လာတန် ကောင်းပါရဲ့”
မနန်းအိမ်သည် ထိုမျှသာစကားဆိုလျက် ငြိမ်သက်မြဲငြိမ် သက်နေ ၏။ လူကငြိမ်နေပေမယ့် သူ့စိတ်များသည် အတွေးအတောပေါက်ကရ တွေကို ကရွတ်ကင်းလျှောက်သလို ထင်တိုင်းရောက်နေ မိလေ၏။
“ဈေးချိန်တော့ မီပါသေးရဲ့ အမေရယ်”
သူ့သမီးရင်သည် နှင်းထုပိတ်ဖုံးနေဆဲဖြစ်၍ တစ်စုံတစ်ရာကိုသော် မျှ သဲသဲကွဲကွဲ မမြင်ရသော မြစ်လယ်ကြောကို သဲသဲမဲမဲ စိုက်ကြည့်ရာမှ ပြောလိုက်၏။ သို့ရာတွင် သူ့အမေ မနန်းအိမ်က မည်သို့မျှ စကားမပြန် ပေ။
“ဟိုနှစ်နှစ်လောက်တုန်းက ဒီအချိန်ဆို ငါးသလောက်တွေ ရလိုက် တာနော် အမေ” ထိုစကားကို မြရင်က ဆက်ပြောသည့်တိုင် မနန်းအိမ် သည် တုတ်တုတ်မျှ မလှုပ်ချေ။
“တိုင်ထောင်သမားတွေလည်း ငါးပတ်တွေ၊ ငါးအုပ်ဖားတွေ၊ ငါး ကြင်းတွေ သိပ်ရတာပဲ၊ ဆူးပန်းရွက်နဲ့ ငါးအုပ်ဖားနဲ့ ချဉ်ရည်ဟင်းချက် စားတာ သိပ်ထမင်းစားမြိန်တာပဲ၊ ကျွန်မ မှတ်မိသေးတယ် အမေရယ်”
မြရင်သည် ထိုစကားကိုပြောရင်း တံတွေးကို ရွိခနဲတစ်ချက် မျိုချ လိုက်၏။ သူသည် ရှေးဖြစ်ဟောင်း၏ အောက်မေ့ဖွယ်များကို သတိပြန် လည်ရမိနေဟန်တူသည်။ မြရင်က နှစ်နှစ်လောက်ကဟုဆိုပေမယ့် မဟုတ် ပေ။ အမှန်မှာ လွန်ခဲ့သော သုံးနှစ်ကျော် လေးနှစ်အချိန်က ဖြစ်၏။
“အဲဒါ နှစ်နှစ်မကဘူး မြရင်၊ သုံးနှစ်ကျော် လေးနှစ်လောက် ရှိသွား ပြီ”ဟု မနန်းအိမ်က ပြောလေသည်။
မြရင်သည် သူ့အမေစကားကို စဉ်းစားသလို တွေး၍ နားထောင်နေ သည်။ သူ့ဟာ သူလည်း သုံး၊ လေးနှစ်ဆိုသော ခရီးကို တွေးနေဟန်ရှိ၏။
“ညည်းအဘများ ဒီနေရာတစ်ဝိုက် ငါးရှာမရတာ ဘယ်နှနှစ် ရှိသွား ပြီလဲ၊ နင်ပြောတာက ကိုသာလှသား ကျောက်ဖြူကို ရှင်ပြုတဲ့နှစ် ...”
မနန်းအိမ်စကား မှန်လေသည်။ သူတို့ တံငါရွာမှ ပိုက်သမားတစ် တွေ ဤနေရာဤအနီးတစ်ဝိုက် သားငါးရှာဖွေ၍ ဖောဖောသီသီ မရခဲ့ လေသည်မှာ သုံးနှစ်ကျော်လေးနှစ်နီးနီး ကြာရှိသွားခဲ့လေပြီ။
သို့ပေမယ့် ဘာကြောင့် ရှေးယခင်က အခါများကလို ဧရာဝတီမြစ် အတွင်း သူတို့၏ပိုက်ချက်ဖြစ်သော ဤနေရာ၊ ဤဒေသ တစ်ဝိုက် သားရှာ မရ၊ ငါးရှာမရ ဖြစ်နေကြသည်ဆိုခြင်းကို သူတို့ သူတို့သည် မတွေးတောတတ် ကြပါပေ။
သည်နေရာမရ ဟိုနေရာပြောင်း၊ ဟိုနေရာ ကုန် သည်နေရာ ကူးနှင့် ပိုက်ချက်ကွန်ချက်တွေကို တစ်နေ့ပြီး တစ်နေ့သာ ကူးပြောင်းခဲ့ကြလေသည်။ ဤလိုနှင့် နေ့ပေါင်းလပေါင်း နှစ်ပေါင်းကြာညောင်းလတ်သော် ဤနေရာကွန် ချက်ပိုက်ချက်များဝယ် ငါးသားအတော်ကုန်ခန်း၍ ဝမ်းစာခြောက်ခန်းစပြု လာ၏။
ထိုအခါ သားငါးရှာဖွေရရှိစေရန်ဟူသော ရည်ရွယ်မျှော်ကိုးချက်များ ဖြင့် အဘိုးကို တင်သူတင်၊ ကွင်းပိုင်ကြီးကို ပသသူပသ ပြုလေ့ပြုထရှိတတ် ကြသည်။ သူတို့သူတို့၏ ဘိုးဘေးစဉ်ဆက်မှစကာ အသက်မွေးမှုတစ်ရပ် အနေနှင့် တစ်နေ့မပြတ် ဖမ်းစီးလာသော သားငါးများ အဘယ်နည်းအဘယ် ပုံ ခြောက်ခန်းယုတ်လျော့ သွားသည်ဆိုခြင်းကိုကား သူတို့ မတွေးတော မစဉ်းစားတတ်ကြပါပေ။ သူတို့၏ ယုံမှတ်ကိုးစားမှုမှာအခါတိုင်းလို သားငါး ရှာဖွေမရရှိခဲ့သော် အဘိုးနှင့် ကွင်းပိုင်ရှင်ကြီးအား မတင်မမြှောက် သောကြောင့် အရှင်ကြီးသခင်ကြီးများ စိတ်ဆိုးစိတ်ခုလျက် သားငါး ရှာဖွေ မရရှိခြင်းဟု ယူဆထင်မြင်တတ်ကြလေ၏။
ဤသည်မှာ မနန်းအိမ်တို့ တံငါရွာကလေးတစ်ရွာလုံး ဘိုးဘေးစဉ် လာမှ ယုံမှတ်စွဲလမ်းခဲ့သော ရိုးတွင်းချဉ်ဆီကပ်နေသည့် ရိုးရာစွဲတစ်ခုဖြစ် လေ၏။
သူတို့ သူတို့၏အထင်အမြင်မှာ ဧရာဝတီမြစ်ကြီးအတွင်းရှိ မြစ်ရေ တွေ မခန်းမခြောက်သေးသရွေ့ ဖမ်းတိုင်း၊ ဆီးတိုင်း ပိုက်ချ ကွန်ပစ်တိုင်း သားငါးတွေ ရနေလေဦးမည်ဟုအထင်ရောက်နေကြလေ၏။
ငါးမျိုးဆက်ပြန့်ပွားစေရေးဟူ၍လည်း အဘယ်ပိုက်သမား အဘယ်ဤ တံငါကမှ နားမလည်။ ငါးမျိုးဆက် မပြုန်းတီးအောင် အဘယ်ပုံအဘယ် နည်း ပြုလုပ်ကြံဆောင်ရမည်ဟုလည်း သူတို့ မသိ။ လျှမ်းလျှမ်းတောက် သောလောဘဇောနှင့် ငါးမှန်သားမှန်လျှင် အူသေး အူမွမကျန်ဖမ်းဆီးမိသမျှကိုရောင်းချစားသောက်ပစ်ကြလေ၏။
“အဲဒီနှစ်တုန်းကတော့ အိမ်မှာတောင် ငါးသလောက် ငါးပိတွေ၊ ငါး သလောက်ဆားနယ်တွေ ဒင်းကြမ်း၊ တစ်ရွာလုံးလည်း ငါးသလောက်ငါးပိ ချည်းပဲ” သည်တစ်ကြိမ်တော့ မနန်းအိမ် ကိုယ်တိုင်ပင် ရှေးဖြစ်ဟောင်းကို ပြန်ပြောင်းသတိရလာဟန်ဖြင့် စကားစမြုံ့ပြန်လေသည်။ သူ့နှာခေါင်းဝ၌ ဟိုတစ်ချိန်က စူးရှမွှေးကြိုင်သော ငါးသလောက် ဆားနယ်နံ့သည် ယခုတစ် ဖန် ပြန်လည်ခိုကပ်လာသည်ဟု ထင်လိုက်မိလေ၏။
“ဟုတ်ပါရဲ့”
မြရင်သည် ဝါးခနဲ တစ်ချက် သမ်းဝေရင်းမှ သူ့အမေ မနန်းအိမ် စကားကို အထောက်အကူပြုလိုက်၏။ ငါးအုပ်ဖားဆူဆူ၊ ဆူးပန်းရွက်ချဉ် ရည်ဟင်းနှင့် ငါးသလောက် ငါးပိချက်တို့ကို မြရင် မျက်စိထဲ မြင်ယောင် လာပြန်သည်။
“ခုများ ငါးသလောက်ငါးပိဆို မြင်တောင် မြင်ရပြန်ပါဘူး အမေ ရယ်... ဟိုတုန်းကများဖြင့် ပေါလိုက်တာ၊ ဘယ်အိမ် သွားတောင်းတောင်း တစ်ခါစား တစ်အိုးချက်တော့ရတာပဲ”
မြရင်သည် သူ့လက်မှ သစ်ကိုင်းခြောက်တစ်ချောင်းကို သုံးလေးချိုး၊ ချိုးလျက် မီးပုံတွင် ပစ်ထည့်ရင်း ငါးသလောက်ငါးပိအကြောင်း၊ ဆူးပန်းရွက် ချဉ်ရည်ဟင်းအကြောင်း စကားဆက်ပြန်သည်။
“အင်း... ခုတော့ ဖောင်စီးရင်း ရေငတ်ဆိုသလို ဖြစ်နေပြီ ဟင်း”
မနန်းအိမ်သည် ညည်းညည်းညူညူ ပြောရာမှ နောက်ဆုံး ဟင်းချလိုက် သည်။
ရှေးယခင်အခါက သူတို့၏ လင်ယောက်ျားနှင့် မောင်ဘွားစသူများ သည် ညဉ့်တစ်ချိန်လုံး ပိုက်ချ၊ ဘူးမျှော၊ တန်းချစသော အလုပ်များကိုလုပ်၍ ဝေလီဝေလင်းအချိန်ရောက်မှ လုပ်ငန်းသိမ်း အိမ်ပြန်လျက် ရရှိခဲ့သော သားငါးများကို ငါးရွဲငါးဒိုင်များထံဖြစ်စေ၊ ဈေးနာပေါ်သို့ဖြစ်စေ၊ ပေးသွင်း ရောင်းချခြင်းပြုနိုင်ကြလေသည်။ ယခုကား ထိုသို့မဟုတ်တော့။ ပိုက်ချက် ကွန်ချက်ရှိရာဖြစ်သော နှစ်ရက်ခရီး၊ သုံးရက်ခရီး ဒေသများသို့ သွားရောက် ပိုက်ချရကာ နီးစပ်ရာ ဒေသများတွင် ရောင်းချခြင်းပြုရပြီး သုံးရက်တစ် ခါလေးရက်တစ်ခေါက်မှ နေအိမ်ကို ပြန်ရောက်နိုင်ကြလေတော့၏။
ပွင့်သစ်စနေခြည်သည် လူးလွန့်ရာမှ တစ်စတစ်စ တောက်ပလာ၏။ နှင်းရည် ဆွတ်ဖျန်းထားသော သစ်ပင်ပျိုနှင့် စိမ်းမြမြမြေပဲခင်းတို့သည် လန်းဆန်းစွာ နိုးကြားကြလေပြီ။ မြစ်မင်းဧရာသည် လွှမ်းခြုံထားသည့် ငွေသင်တိုင်းကို တစ်ပိုင်းတစ်စ ခွာလှစ်စပြုရာမှ လူ့လောက၏ပွင့်သစ်စ နံနက်ဦးကို ကြိုဆိုသမှုပြုလေသည်။
“ခပ်လှမ်းလှမ်းကို မျှော်စမ်းပါဦး သမီးရယ်”
မြရင်သည် ထိုင်ရာမှထကာ လေးတိုင်စင်တဲငယ်၏တိုင်တစ်တိုင်ကို လက်တစ်ဖက်နှင့်ကိုင်လျက် အပြောကျယ်သောမြစ်လယ်ကြောနှင့် သဲသောင် ကျွန်းဆွယ်ကွေ့ဆီသို့ ခြေဖျားထောက် မျှော်ကြည့်လိုက်၏။
ငွေကမ္ဗလာကို ဖွင့်လှစ်လိုက်သော မြစ်မင်းနဒီသည် ရှုမောဖွယ်သာ တောင့်လှပါတကား။ လှေငယ်တစ်စင်းတလေသော်မျှ မမြင်မတွေ့ရ။ မြစ် နဒီရေယာဉ်ကြောသည် ငွေသင်ဖြူးခင်းသည့်အလား ရှင်းလင်းပျံ့ပျူးနေ၏။ မဲ့ပြောက်အစွန်းအထင်းနှင့်တူခြင်းရှိသော လှေငယ်တစ်စင်းဆို၍ တစ်စင်း တလေမျှ မရှိ ရှင်းလှဘိ၏။