Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

လင်းယုန်သစ်လွင် - လွန်လေပြီးသောအမှုဝထ္ထုတိုများ

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

စေတနာနှင့် ငွေအသပြာ

 

          ဦးလူထွား၏ အိုပယ်လ်ကားသည် ကတ္တရာစေးလမ်းဘေးတစ်နေရာ အရောက်တွင် လေးလေးရဲ့ ဘွဲ့ ထိုးရပ်သွားလေ၏။

         တစ်စုံတစ်ရာ မျှော်လင့်ရည်ရွယ်ချက်ဖြင့် ကားကို စိတ်အေးလက်အေး မောင်းနှင်ခြင်းပြုလာသော   ဦးလူထွားမျက်နှာသည် ချက်ချင်းပင် သိသိ သာသာ ပြောင်းလဲသွားတော့သည်။

          ဦးလူထွားသည် ကားစက်ကို ပြန်နှိုးကြည့်သည်။ ဓာတ်ဆီလီဗာကို လည်း စိတ်ဆိုးမာန်ဆိုးဖြင့် လေးငါးကြိမ်ထက်မနည်း ဆောင့်လျက် ဆောင့်လျက် နင်းလေသည်။

          ကားစက်သံသည် တဂျီဂျီတဂျစ်ဂျစ် မြည်ဟည်းထွက်ပေါ်လာသည် မှအပ မည်သို့မျှ အကြောင်းမထူးခြားပါပေ။ မကြာခဏအတွင်း၌ပင် ကားစက်သည် ရပ်တန့်မြဲ ရပ်တန့်သွားလေသည်။

          ထိုအခါမှ ဦးလူထွားသည် သူ့ကားတွင် ဧကန်ဧက ဓာတ်ဆီကုန်ခန်း နေပြီဖြစ်ကြောင်း သိရလေတော့သည်။ 

          “တောက်...... အင်မတန် ပေါ့တဲ့ကောင်၊ ဘယ်တော့မှ အလုပ်ကို မရိုသေဘူး။ ကြည့်စမ်း ခုတော့ လမ်းမှာ ဓာတ်ဆီပြတ်နေပြီ”

          ဦးလူထွားသည် ဒေါသတကြီး ရေရွတ်လေသည်။ သို့ရာတွင် ကား ပေါ်၌မူ ဦးလူထွားမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ မပါရှိပါချေ။

           သူ့ဒရိုင်ဘာ မောင်တင်သည် နေ့လယ်ခင်း ၂ နာရီလောက်ကပင် ဇနီးဖြစ်သူ မီးဖွားနေကြောင်း အကြောင်းပြကာ အလုပ်တိုက်မှ ခွင့်ယူသွား လေသည်။

          ထို့ကြောင့်လည်း ဦးလူထွားသည် အလုပ်တိုက်မှနေလျက် ကားကို ကိုယ်တိုင်မောင်းနှင်ခြင်းပြုကာ နေအိမ်သို့ ပြန်လာခဲ့ခြင်းပင် ဖြစ်လေသည်။

          “ခွေးကောင်... သိကြရောပေါ့ကွာ၊ မနက်ဖြန်မှ သင်းကို မှတ်လောက် သားလောက်ဖြစ်အောင် ပြင်းပြင်းထန်ထန် သတိပေးရမယ်။ သင်းတို့ အလုပ်သမားတွေဟာ လခတိုးတောင်းဖို့နဲ့ လမဆန်းသေးဘူး လခလိုချင် တာလောက်ပဲသိတယ်။ အလုပ်ကိုတော့ ဘယ်တော့မှမရိုသေဘူး”

          ဦးလူထွားသည် ဒုတိယအကြိမ် ထပ်မံရေရွတ်ရင်းမှ ကားတံခါးကို ဖွင့်လျက် ဆင်းလိုက်လေသည်။ ပြီးလျှင် သူသည် ကားဘေးပတ်ဝန်းကျင် အနီးအနားတစ်ဝိုက်ကိုလည်း မျက်လုံးလှည့်ပတ်လျက် ကြည့်လိုက်လေ သည်။

          သူ့ ကားသည် တကယ့်နေရာကောင်း ချက်ကောင်းတွင်မှ ဓာတ်ဆီ ကုန်ခန်းရခြင်းဖြစ်ကြောင်းကိုလည်း ချက်ချင်းပင် ဦးလူထွား သိလိုက်ရ သည်။ 

          “တောက်...... တကယ့်နေရာမှာမှ လာဖြစ်တာပဲ။ ငါကိုယ်တိုင်က ဒီအလုပ်သမားဆိုတဲ့ သတ္တဝါတွေကို ယုံစားမိတာမှားတာပဲ”

          ပတ်ဝန်းကျင်တစ်ဝိုက်သည် အလွန်တရာတိတ်ဆိတ်ငြိမ်သက်နေဟန် ရှိလေသည်။ ကုန်းမြင့်များပေါ်တွင် ကြီးမားခံ့ထည်သော အဆောက်အအုံ ကြီးများကို တွေ့ရသည်။ အချို့နေရာများမှာလည်း အလုံအခြုံ ပိတ်ဆို့ကာရံ ထားသော ခြံကြီးဝင်းကြီးများသာ ဖြစ်သည်။ ထိုနေရာများ၌လည်း လူရိပ် လူယောင်ဆို၍ တစ်စုံတစ်ယောက်ကိုမျှ မမြင်ရပါချေ။ အဆောက်အအုံများ ရှိရာသို့ သွားဖို့ရန်ဆိုသည်မှာလည်း သူရောက်ရှိနေသော ကတ္တရာစေးလမ်း နှင့် အင်မတန်မှ အလှမ်းဝေးလှလေသည်။

          ဦးလူထွားသည် သူ့ လက်မှ အိုမီဂါနာရီကို ကြည့်လိုက်သည်။ ၄ နာရီခွဲလေပြီ။

         သူသည် အတော်ကြီးအကျပ်ရိုက်သွားသလို ဟင်းခနဲ သက်ပြင်းမှုတ် လိုက်သည်။ ပိုးအပေါ်အင်္ကျီအိတ်ထဲမှ လက်ကိုင်ပဝါကိုထုတ်၍လည်း မျက်နှာပေါ်ရှိ အဆီပြန်နေသော ချွေးစေးများကို သုတ်လေသည်။

          ဦးလူထွားသည် ကတ္တရာစေးလမ်း၏ တူရူကို လှမ်းမျှော်ကြည့်လိုက် သည်။ ဘာတစ်စုံတစ်ခုမှ မျှော်လင့်ချက်မရှိ။ မြင်မြင်သမျှသည် စိတ်ပျက် စရာနှင့် ဒေါသဖြစ်စရာတွေချည်း ဖြစ်နေသည်။

သည်နေရာက လူသူလေးပါး အသွားအလာရှင်းလင်းလှသည်။ ပြီးသော် ဤနေရာ ဤလမ်းတစ်လျှောက်သည် လိုင်းဘတ်စ်ကားများပြေးဆွဲနေသော လမ်းလည်း မဟုတ်ပါချေ။ သူကိုယ်တိုင်ကလည်း ကားကို စိတ်အေးလက်အေး မောင်းနှင်နိုင်ရန်အတွက် သည်လမ်းကိုမှ တမင်ရွေး၍ လာခဲ့ခြင်းဖြစ်သည်။

          ကတ္တရာစေးလမ်းပေါ်တွင် ရံဖန်ရံခါ အရှိန်ပြင်းစွာ မောင်းနှင်သွားသည့် စစ်ကားကြီးများကို တွေ့ရသည်မှအပသုံးဘီးကားငယ်များကိုလည်းကောင်း၊ ဆိုက်ကားယာဉ် စသည်များကိုလည်းကောင်း လုံးဝ မတွေ့ရပါချေ။ ထို့ကြောင့်လည်း ဦးလူထွားအဖို့ အကြံထုတ်၍မရလောက်အောင် အခက်ကြုံ ရလေတော့သည်။

          ဦးလူထွား၏အလုပ်တိုက်မှာ ရန်ကုန်မြို့ထဲတွင် ဖြစ်လေသည်။ သူသည် အလှကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချနေသော နာမည်ကြီးအလှ ကုန်ထုတ်လုပ်ရေး ကုမ္ပဏီပိုင်ရှင်တစ်ဦး ဖြစ်သည်။ ပြီးလျှင် ဦးလူထွား၌ အခြားသော ဝင်ငွေကောင်းသည့် လုပ်ငန်းတစ်ခုလည်း ရှိသေးသည်။ ထိုလုပ်ငန်းမှာ စိန်ရွှေကျောက်မျက်ရတနာများကို အရောင်းအဝယ်လုပ်သော လုပ်ငန်းပင် ဖြစ်လေသည်။

          ဤလုပ်ငန်းသည် ဦးလူထွားတို့ကဲ့သို့သော ပစ္စည်းချမ်းသာသည့် လူတန်းစားများလောက၌ ယခုတစ်လော ခေတ်စား တွင်ကျယ်နေသော လုပ်ငန်းတစ်ရပ် ဖြစ်လေသည်။

          ပစ္စည်းဥစ္စာကြွယ်ဝသူများသည် ၎င်းတို့၏လက်တွင်း၌ ငွေစက္ကူများ ကို မထားလိုကြသဖြင့် အဖိုးထိုက်တန်သော စိန်ရွှေလက်ဝတ်လက်စားများ ကို ပြောသလောက် ဈေးပေးလျက် ဝယ်ယူနေကြလေသည်။

          ဤတွင် လူကုံထံလောက၌ သွားလာဝင်ထွက်လျက် လှည့်ပတ်ကျက် စားနေသော ဦးလူထွားသည် အချို့ချို့သောပစ္စည်းများကို စပ်ကြားမှ ပွဲခစားနားရယူလျက် အရောင်းအဝယ်စေ့စပ်ပေးသည်။

          အချို့သော ပစ္စည်းရတနာများကိုမူ သူကိုယ်တိုင် ဝယ်ယူလျက် တစ်ဆင့်ပြန်လည် ရောင်းချခြင်းပြုသည်။ 

          ဤလုပ်ငန်းသည် ဦးလူထွားအဖို့ တစ်လတစ်လလျှင် ထောင်နှင့် သောင်းနှင့်ချီလျက် ဝင်ငွေရရှိသော အလုပ်တစ်ခုဖြစ်သည်။ ပြီးလျှင် ထိုအလုပ်က ပြောင်ပြောင်တင်းတင်းနှင့် တရားဝင်လုပ်ကိုင်သော အလုပ် တစ်ခုမဟုတ်ခြင်းကြောင့်လည်း တိုင်းပြည်၏ အခွန်ဘဏ္ဍာအတွက် အမြတ် တော်ကြေးပေးဆောင်ရသော အဖြစ်မှလည်း ဦးလူထွား လွတ်ကင်းရပေ သည်။

          ယနေ့ညနေ ၅ နာရီတိတိ၌လည်း ဦးလူထွားသည် မိုးကုတ်မြို့မှ စိန်ရွှေရတနာများ ရောင်းချလိုသူတစ်ဦးအား သူ့တိုက်တွင် ချိန်းဆိုထားလေ သည်။ ပြီးနောက် အိန္ဒိယသို့ ပြန်တော့မည့်ဆဲဆဲ ရတနာများဝယ်ယူလိုသည့် ကုလားသူဌေးတစ်ဦးကိုလည်း စိန်ရွှေရတနာများ ရောင်းချရန်အတွက် ၆ နာရီတိတိတွင် ချိန်းဆိုထားလေသည်။

          ဦးလူထွား၏ စိတ်ကူးအကြံအစည်မှာ မိုးကုတ်မြို့မှ ရောင်းလိုသူ၏ ရတနာပစ္စည်းများကို တွက်သားကိုက်ခဲ့လျှင် သူကိုယ်တိုင်ဝယ်ယူလျက် ကုလားအား တစ်ဆင့်ပြန်လည် ရောင်းချခြင်းပြုရန်နှင့် သူ့ အတွက် တွက်ခြေမကိုက်ပါကလည်း ပွဲစားအဖြစ်နှင့် စေ့စပ်ပေးမည်ဟူသော ခွတုပ် မှုပင်ဖြစ်လေသည်။

          ဤလို အရေးတကြီးကိစ္စရှိကာမှ လမ်းခုလတ်တွင် ကားက ဓာတ်ဆီ ကုန်သည့် အဖြစ်နှင့် ကြုံနေရသည့် အခါ ဦးလူထွားအဖို့ အတော်ပင် စိတ်အနှောင့်အယှက် ဖြစ်မိလေသည်။

          နေအိမ်တွင် သူဌေးကတော် ဒေါ်မိမိကြီးနှင့် သားများ၊ သမီးများ ရှိသော်လည်း ဤလို အရောင်းအဝယ်လုပ်ငန်းအတွက် ဘယ်သူ့ကိုမှ ဦးလူထွား အထင်မကြီးပါပေ။ ယခုလို အခြေအနေကို သုံးသပ်လျက်လုပ်ကိုင်ဆောင်ရွက်ရမည့် စီးပွားရေးကိစ္စမျိုးတွင် သူ့ကိုယ်သူသာလျှင် ဦးလူထွား စိတ်ချလက်ချရှိလေသည်။

             ဦးလူထွားသည် ကြံရာမရသလို သူ့ခေါင်းကို တစ်ချက်ကုတ်လျက် ကားတံခါးကိုဆောင့်၍ ပိတ်လိုက်သည်။ ယခုလို အနှောင့်အယှက်ဖြစ်ရသည့် အတွက် ဒရိုင်ဘာ မောင်တင်ကိုလည်း သတ်ပစ်ချင်လောက်အောင် ဖြစ်မိ လေသည်။

          စစ်ကားကြီးနှစ်စီးသည် ရဲဘော်များကို အပြည့်တင်ဆောင်လျက် သူ့ ကားဘေးမှ အရှိန်ပြင်းစွာ မောင်းနှင်သွားသည်။ ထိုအဖြစ်ကိုကြည့်ကာ ဦးလူထွားသည် အလိုလိုနေရင်း ဒေါသဖြစ်လိုက်မိပြန်သည်။

          ထိုအခိုက် သူ့နောက်ပိုင်းခပ်လှမ်းလှမ်းမှ စကားသံများကို ဦးထွား ကြားလိုက်ရသဖြင့် အသံလာရာဘက်သို့ ချာခနဲ လှည့်ကြည့်လိုက်သည်။ သူသည် သိန်းထီပေါက်သလောက် ဝမ်းသာမိလေသည်။

          လူရွယ်သုံးယောက်သည် စကားတပြောပြောနှင့် ဦးလူထွားရှိရာ ဘက်သို့ ကတ္တရာစေးလမ်းအတိုင်း လျှောက်လာနေကြသည်။ သူတို့ကို ကြည့်ရသည်မှာ အလုပ်သမားပင် ဖြစ်လိမ့်မည်ဟု ဦးလူထွား အကဲခတ် မိလေသည်။

          မကြာလှပါပေ။ လူရွယ်သုံးယောက်သည် သူ့ကားနှင့် သုံးလေးကိုက် အကွာအရောက် လမ်းချိုးငယ်တစ်ခုအတွင်းသို့ ချိုးကွေ့၍ ဝင်စပြုလေသည်။

          “ဒီမယ်.... ဒီမယ်။ မောင်ရင်တို့ ခဏလေးကွယ်”

          ဦးလူထွား၏ အသံကြောင့် လူရွယ်သုံးယောက်သည် ခြေလှမ်းများ တုံ့ဆိုင်းသွားကြသည်။

         “ဦးကို တစ်ဆိတ်လောက် အကူအညီလေးပေးကြပါလားကွယ်။ စေတနာလုပ်အားဆိုပါတော့”

          ဦးလူထွားသည် လူရွယ်သုံးယောက်အနီးသို့ လျှောက်သွားပြီးနောက် ပြောလေသည်။

         “ခင်ဗျာ...... ဘယ်လိုအကူအညီပါလဲ ဦး” 

          လူရွယ်သုံးယောက်အနက် တစ်ယောက်က မေးလေသည်။

         “သွားရင်းလာရင်းနဲ့ ဦးရဲ့ ကားမှာ ဓာတ်ဆီကုန်သွားလို့ ကွယ်။ အဲဒါ တစ်ဆိတ်ကလေး အကူအညီပေးစေချင်တယ်။ ဓာတ်ဆီဆိုင်များ ဒီအနီးအနားမှာ ရှိမယ်ဆိုရင်...”

            ဦးလူထွားက ပြောလေသည်။ ထိုစကားကို ဦးလူထွားပြောမည့်သာ ပြောရသည်။ ဤနေရာအနီးတစ်ဝိုက်တွင် ဓာတ်ဆီဆိုင်ဟူ၍မရှိကြောင်း ဦးလူထွား သိပြီးပင်ဖြစ်သည်။

          “ဓာတ်ဆီဆိုင်... ဟုတ်လားခင်ဗျ။ ဓာတ်ဆီဆိုင်က ဒီအနီးအနားမှာ တော့ လုံးဝ မရှိပါဘူးခင်ဗျာ။ ဟိုကန်တော်ကြီးထောင့်လောက်မှာမှ ရှိပါ တယ်။ ဒီကနေဆိုရင် တစ်မိုင်ခွဲသာသာထက် မအောက်ဘူးခင်ဗျ”

          ပထမစကားပြောသော လူရွယ်ကပင် ပြောလေသည်။

         “ဦးမှာ အင်မတန်အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိနေပါတယ်ကွယ်။ တစ်ဆိတ်လောက်များ မောင်ရင်တို့သုံးယောက်က ကူညီပေးနိုင်ကြမယ် ဆိုရင်.....”

          လူရွယ်သုံးယောက်သည် အတန်ကြာတွေနေသည်။ ပြီးမှ ခပ်စောစော က လူရွယ်ကပင် “ကျွန်တော်တို့ ကူညီဖို့တော့ ဝန်မလေးပါဘူးခင်ဗျ။ ဒါပေမဲ့ ကျွန်တော်တို့က အစိုးရဂိုဒေါင်ဆောက်နေတဲ့ အလုပ်သမားတွေပါ။ ဂိုဒေါင်က ဟိုအတွင်းဘက်မှာခင်ဗျ။ ကျွန်တော်တို့အလုပ်က ၅ နာရီမှ ပြီးပါတယ်” ဟု ပြောလေသည်။

          ဦးလူထွားသည် သူ့လက်မှနာရီကို ကြည့်ပြန်သည်။ ၅ နာရီထိုးရန် မိနစ်အစိတ်ခန့် လိုသေးသည်။ 

          သူသည် တစ်စုံတစ်ခုကို တွေးလိုက်မိသည်။ အိမ်ကို ဖုန်းဆက်လျက် အကြောင်းကြားရန်ပင် ဖြစ်သည်။   ဤအကြံမှာ အကောင်းဆုံးဖြစ်လေ သည်။ ဖုန်းဆက်၍ ပြောလိုက်လျှင် သူ့ သား မောင်မောင်ကြီးသည် ခြံနား နီးချင်းတစ်ဦးထံမှ ကားကို ခေတ္တငှားရမ်းလျက် သူရှိနေသည့်အရပ်သို့ မိနစ်နှစ်ဆယ် အစိတ် အချိန်ခန့်၌ပင် အရောက်လာနိုင်ပေလိမ့်မည်။

          “ဒီလိုဆိုရင် အနီးအနားမှာ ဖုန်းဆက်နိုင်ဖို့များ မရှိဘူးလားကွဲ ”

          “ဖုန်းဆက်ဖို့ ဟုတ်လားခင်ဗျ”

           လူရွယ်သည် ခေါင်းကိုကုတ်၍ တွေးလေသည်။

          “ဟိုဒင်းကွယ်.... အများပြည်သူသုံးတဲ့ ဖုန်းပဲဖြစ်ဖြစ်ပေါ့ ”

          “ဪ... ရှိတယ်ခင်ဗျာ၊ ရှိပါတယ်။ ဟောဒီတည့် တည့် ပဲ လျှောက်သွားပါ။ လမ်းထိပ်နားရောက်တော့ တွေ့ပါလိမ့်မယ်”

           ဦးလူထွားအဖို့ အလွန်တရာ ဝမ်းသာသွားတော့သည်။ သို့ရာတွင် ဖုန်းအဆက်အသွယ်ပြုနိုင်သည့် နေရာကို သွားရန်အတွက် သူ့ကားကိုလည်း ပစ်မထားခဲ့ချင်ပါချေ။

          “ကျေးဇူးပဲ မောင်ရင်၊ ဒါပေမဲ့ ဦးကိုတော့ ကူညီလက်စနဲ့ ကူညီပါ ဦးကွယ်။ ဦးရဲ့ ကားကို တစ်ဆိတ်လောက် စောင့်ကြည့်ပေးစေချင်တယ်”

          “သွားပါခင်ဗျာ..... စိတ်ချလက်ချသွားပါ။ ကျွန်တော် စောင့်ပေးပါ့ မယ်။ ကဲ.... မင်းတို့နှစ်ယောက် အလုပ်ခွင်ကို သွားနှင့်ကြဟေ့”

          ခပ်စောစောက လူရွယ်ကပင် ဦးလူထွားကိုပြောရာမှ သူ့ အဖော် နှစ်ယောက်ကိုလည်း လှည့်၍ ပြောလိုက်လေသည်။

          ဤလိုနှင့် ဦးလူထွားက လမ်းထိပ် တယ်လီဖုန်းအဆက်အသွယ် ပြုလုပ်နိုင်မည့်နေရာသို့ ထွက်ခွာသွားလျက် လူရွယ်အလုပ်သမားနှစ်ယောက် မှာလည်း ဂိုဒေါင်အဆောက်အအုံရှိရာ လမ်းချိုးကလေးအတွင်းသို့ ဝင်ရောက် သွားကြလေသည်။

 

***

           

          ဦးလူထွားသည် ခြေလှမ်းခပ်သွက်သွက်ဖြင့် လမ်းထိပ်ရှိရာသို့ လျှောက်လေသည်။

          အများပြည်သူတို့ အရေးအကြောင်းရှိလျှင် အလွယ်တကူသုံးနိုင်ရန် တပ်ဆင်ပေးထားသော တယ်လီဖုန်းရုံ အဆောက်အအုံကလေးမှာ လမ်းထိပ် တွင် ရှိသည်မှန်သော်လည်း ဦးလူထွား ကားရပ်ထားရသောနေရာနှင့်မူ တစ်ဖာလုံသာသာ နှစ်ဖာလုံနီးနီး အကွာအဝေးတွင် ဖြစ်လေသည်။

          ဦးလူထွားသည် ခြေလှမ်းကျဲကျဲနှင့် လျှောက်နေဆဲဖြစ်လေသည်။ မကြာမီ သူသည် ခပ်လှမ်းလှမ်းမှနေ၍ တယ်လီဖုန်းရုံကလေးကို မြင်လိုက် ရလေသည်။

          ဦးလူထွားမှာ အလွန်တရာ ဝမ်းသာသွားလေသည်။ စိတ်ဓာတ်များ တက်ကြွလျက် ခပ်စောစောကထက်ပို၍ ခြေလှမ်းသွက်သွက်လျှောက်လေ သည်။

          ဤလိုနှင့် တယ်လီဖုန်းရုံကလေးအနီးသို့ ဦးလူထွား ချဉ်းကပ်လိုက်