Skip to product information
1 of 15

စိတ်ကူးချိုချိုစာပေ

လင်းယုန်မောင်မောင် - သွေးစွန်းသောနေ့ရက်များ

Regular price 7,500 MMK
Regular price Sale price 7,500 MMK
Sale Sold out
ကျော်ကြားလိုသောဇာတ်မင်းသားတစ်ယောက်
          

          ၁၈၆၅ ခု၊ ဧပြီလ ၁၄ ရက်နေ့။ 

          ဤနေ့သည် သောကြာနေ့ဖြစ်သည်။ ဤသောကြာနေ့သည် ရိုးရိုး သာမန် သောကြာနေ့မဟုတ်။ ခရစ်ယာန်ဘာသာဝင်များအတွက် နေ့ထူး နေ့မြတ်ဖြစ်သော “သောကြာအခါတော်နေ့” (Good Friday) ပင်ဖြစ် သည်။

          အချိန်မှာ မွန်းတည့်လုနီးပြီဖြစ်ရာ အမေရိကန်ပြည်ထောင်စုကြီး၏ မြို့တော် ဝါရှင်တန်မြို့ကြီးမှာ နေမင်း၏ အပူရှိန်အောက်တွင် သာယာ တောက်ပလျက် ရှိလေသည်။ 

          ထိုအခိုက် အသက် ၂၆ နှစ်ခန့် ရုပ်ရည်သနားကမားဖြင့် ကိုယ်လုံး ကိုယ်ပေါက် အချိုးအစားကျသလောက် သက္ကလပ်ဘောင်းဘီရှည်၊ ကုတ် အကျီစသည်တို့ကို သေသေသပ်သပ် စမတ်ကျကျ ဝတ်ဆင်ထားသော လူတစ်ယောက်သည် ဝါရှင်တန်မြို့တွင်းရှိ ဖို့ဒ်ဇာတ်ရုံကြီး (Fords Theatre) ဆီသို့ ဦးတည်၍ လျှောက်လာသည်ကို တွေ့ကြရသည်။

          သူ့ဦးခေါင်းပေါ်တွင် ဆောင်းထားသော ဦးထုပ်ရှည်ကြီး (Top Hat) အောက်မှ မသိမသာ ထွက်ပြုနေသည့် လှိုင်းများပမာ အတွန့်အတွန့် ထနေသော ဆံပင်များသည်လည်းကောင်း၊ သူ့နှုတ်ခမ်းပေါ်တွင် ကားကား ယားယား ရှိလှသော နှုတ်ခမ်းမွေးများသည်လည်းကောင်း၊ သူ့ယာဘက် လက်မှ ငွေနားကွပ်ထားသည့် အဖိုးတန် လက်ကိုင်တုတ်ကလေးကိုထောက်ကာထောက်ကာ ဟန်ပါပါဖြင့် လမ်းလျှောက်လာသော သူ့ အမူ အရာသည်လည်းကောင်း သူ့အား သာမန်အရပ်သူ အရပ်သားမဟုတ်ဘဲ ဇာတ်မင်းသားတစ်ယောက်ဖြစ်ကြောင်း ခပ်လှမ်းလှမ်းမှ မြင်ရုံမျှဖြင့် သိသာ စေသည်။

          မှန်သည်။ သူသည် အမေရိကန် ဇာတ်သဘင်လောကတွင် အတော် အတန် ထင်ရှားကျော်ကြား၍ လူကြိုက်များနေသော ဇာတ်မင်းသားတစ်ဦး ပင်ဖြစ်သည်။

          သူ့အမည်မှာ ဂျွန်ဝီလ်ကီဘုသ် (John Wilkes Booth) ဖြစ်သည်။

          သူသည် ဇာတ်မင်းသားတစ်ယောက်အဖြစ် ထင်ရှားကျော်ကြားနေ သည်ကိုပင် သူ့ကိုယ်သူ အားမရနိုင်သေး။ သည့်ထက်ကျော်ကြားလိုသေး သည်။ ထင်ရှားလိုသေးသည်။ တတ်နိုင်လျှင် သူ့ကိုယ်သူ အခြားဘယ်သူ နှင့်မှ မနှိုင်းသာ မယှဉ်သာအောင် ထင်ရှားကျော်ကြားလိုသည်။

          သို့ဖြစ်၍လည်း သူသည် သူ့ကိုယ်သူ အမေရိကန်ပြည်ထောင်စု တစ်ဝှမ်းလုံးတွင် အထင်ရှားဆုံး အကျော်ကြားဆုံးဖြစ်အောင် ကျိတ်၍ ကြံစည်ကြိုးစားနေခဲ့သည်။ 

          ယင်းသို့ ကျိတ်၍ ကြိုးစားနေခဲ့သော သူ့အကြံအစည်ကား အခြားမဟုတ်၊ အမေရိကန်ပြည်ထောင်စုကြီး၏ သမ္မတဖြစ်သူ အဘရာဟင် လင်ကွန်း (Abraham Lincoln) အား လုပ်ကြံသတ်ဖြတ်ရန်ဟူသော အကြံ အစည်ဆိုးကြီးပင် ဖြစ်သတည်း။

          သူသည် ယုတ်မာပက်စက်လှသော အကြံအစည်ကြီးကို ကာလ အတန်ကြာကပင် ကြံစည်ကြိုးစားခဲ့သည်။ သို့သော် သူ့အဖို့ အခါမသင့် အခွင့်မသာသဖြင့် ယခင်အခါများက အကြံမအောင်ဘဲ ဖြစ်ခဲ့ရသည်။

          ယနေ့သော်မူ သူသည် ဆံပင်ညှပ်ဆိုင်တစ်ဆိုင်တွင် ဝင်၍ ဆံပင် ညှပ်ပြီးနောက် ခါတိုင်းကဲ့သို့ပင်    သူ့မိတ်ဆွေများနှင့် သူ့ “အသည်းစွဲ” ပရိသတ်များထံမှ လာနေကျဖြစ်သော မာကြောင်း သာကြောင်းနှင့် သူ့အား ချီးကျူးမိတ်ဆက်ကြသော စာများကို ယူရန်အတွက် ဖို့ဒ်ဇာတ်ရုံကြီးဆီ သွေးစွန်းသော နေ့ရက်များ သို့ လျှောက်လာခဲ့သည်။ ဤတွင် သူ၏ ဆိုးဝါးယုတ်မာလှသော အကြံ အစည်ကြီးမှာ ဤနေ့ ဤရက်တွင် အကောင်အထည်ဖော်ရန် ဖြစ်လာခဲ့ ပေပြီ။

          “ဝါရှင်တန်မှာ အချောဆုံးဆိုတဲ့ လူတစ်ယောက်တော့ လာနေပြီ ဟေ့”

          ဇာတ်ရုံပေါက်ဝသို့ ဘုသ် ရောက်လာသည်နှင့်တစ်ပြိုင်နက် ဇာတ်ရုံ အုပ်ချုပ်သူ မန်နေဂျာ ဟာရီဖို့ဒ် (Harry Ford) က အထက်ပါအတိုင်း ဘုသ်အား ရင်းရင်းနှီးနှီး လှမ်း၍ နှုတ်ဆက်ရင်း အနီးအနားရှိ ဇာတ်အဖွဲ့ သားများကြားအောင် ခပ်ကျယ်ကျယ်ကလေး ပြောလိုက်သည်။

          ဇာတ်အဖွဲ့ဝင်များကလည်း သူတို့နှင့် အကျွမ်းတဝင်ရှိနေပြီးဖြစ် သော ဘုသ်အားမျက်နှာအမူအယာအားဖြင့် ပြုံး၍နှုတ်ဆက်လိုက်ကြ သည်။

          ဘုသ်သည် မန်နေဂျာဖို့ဒ်၏ ရုံးခန်းထဲမှ သူ့ထံ လိပ်စာတပ်ထား သော စာများကိုယူ၍ ခါတိုင်းကဲ့သို့ပင် အမှတ်မထင် လှည့်ပြန်မည်ပြု လိုက်၏။

          သို့သော် ဤအခိုက်အတန့်ကလေးမှာပင် သူ၏ ယုတ်မာပက်စက် လှသော အကြံအစည်ကို လက်တွေ့အကောင်အထည်ဖော်ခွင့်ရစေမည့် သတင်းစကားတစ်ခုကို ရုတ်တရက် ကြားလိုက်ရလေသည်။

          “ဘယ့်နဲ့လဲဆရာ၊ ဒီနေ့ည “နိုင်ငံတော် ပွဲကြည့်ဆောင်” (State Box) ကို အဆင်သင့် လုပ်ထားရမှာလား”

           ဘုသ်သည် ဇာတ်ရုံထဲမှ လှည့်၍ပြန်ထွက်တော့မည့်ဆဲဆဲတွင် ဇာတ်ရုံလက်သမားဆရာသည် မန်နေဂျာဖို့ဒ် အား အထက်ပါအတိုင်း လှမ်း မေးလိုက်သည်။

         မန်နေဂျာကလည်း လက်သမားဆရာကို ပြန်၍ ခေါင်းညိတ်ပြ လိုက်သည်။ 

         ထိုသို့ လက်သမားဆရာနှင့် မန်နေဂျာတို့ အမှတ်တမဲ့ ပြောကြား လိုက်ကြသော စကားကို ရုတ်တရက် ကြားရသည်တွင် ဘုသ်သည် သူ့ ခေါင်းထဲ၌ လျှပ်စီးလက်သလို တစ်စုံတစ်ရာကို ကွက်ခနဲ စဉ်းစားမိသည်။

              သူသည် လှမ်းနေသော ခြေလှမ်းများကို တုံ့ခနဲရပ်ကာ သူ့ခေါင်း ထဲမှ စဉ်းစားမိသော အချက် မှန်မမှန် မန်နေဂျာသို့ လှမ်း၍ သူ့ပါးစပ်မှ အလိုလို မေးမိလျက်သား ဖြစ်သွားသည်။

          “ဘာလဲ ဒီနေ့ည လင်ကွန်း ပွဲလာကြည့်မလို့လား၊ ဟုတ်လား၊ “ကျွန်ုပ်တို့ အမေရိကန် သွေးချင်းသားချင်းများ”ကို ကြည့်မလို့တဲ့လား”

          “ကျွန်ုပ်တို့ အမေရိကန်သွေးချင်းသားချင်းများ” (Our American Cousin) မှာ ထိုနေ့ညနေ ကပြမည့် ပြဇာတ်၏အမည်ဖြစ်သည်။

          “ဟုတ်တယ်ဗျ။ ဒီနေ့ည သမ္မတလင်ကွန်း ပွဲလာကြည့်မလို့”

           မန်နေဂျာဖို့ဒ်က ဘုသ်၏အမေးကို ပြန်ဖြေလိုက်သည်။ ဖို့ဒ်၏ ဖြေသံမှာ အနည်းငယ် ကြွားသယောင်ယောင်၊ ဂုဏ်ယူသယောင်ယောင် ရှိနေသည် ထင်ရသည်။ 

           ထင်လည်း ထင်ထိုက်သည်။ အမေရိကန်ပြည်ထောင်စုကြီး၏ အထွတ်အထိပ်ဖြစ်သော သမ္မတကြီးတစ်ယောက်လုံး မိမိဇာတ်ရုံသို့ ကြွ ရောက်အားပေး ချီးမြှင့်မည်ဆိုသည်မှာ ဂုဏ်ယူဖွယ်ရာပင် မဟုတ်ပါလော။ ထို့ပြင် ဤ “ကျွန်ုပ်တို့ အမေရိကန်သွေးချင်းသားချင်းများ” အမည်ရှိ ဟာသပြဇာတ်မှာ ထပ်ခါတလဲလဲ ပြရဖန်များသဖြင့် ပရိသတ်က ငြီးငွေ့ ကာ လူဝင်နည်းနေပြီဖြစ်သည်။ ယခုကဲ့သို့ သမ္မတလင်ကွန်းကိုယ်တိုင် ဤပြဇာတ်ကို ကြွရောက်ချီးမြှင့်ရှုစားခြင်းဖြင့် ပရိသတ်၏အာရုံကို တစ်မျိုး တစ်ဖုံ ဆွဲဆောင်သလိုဖြစ်ကာ နာမည်ကျော်ကြားပြီး လူဝင်များလာဦးမည်ဟု ဖို့ဒ်က တထစ်ချ တွက်ထားသည်။

          ဘုသ်သည် သမ္မတလင်ကွန်း ယနေ့ည ပွဲလာကြည့်မည်မှာ သေချာ ပြီဟူသော ဖို့ဒ်၏စကားအရ သူမျှော်လင့်စောင့်စားနေခဲ့သော နေ့ရက်အခါ သမယသည် တိတိကျကျကြီး ဆိုက်ရောက်လာပြီဟူသောအသိဖြင့် ပီတိ ဖြစ်သွားမိသည်။

          ဤနေ့ ဤရက် ဤအကွက်ကောင်းကို ချောင်းနေခဲ့သည်မှာ ကြာ ပြီမဟုတ်ပါလော။

          သို့သော် ဟန်အမူအရာကောင်းလှသဖြင့် နာမည်ကျော်ကြား လူကြိုက် များလာခဲ့သည့် ဇာတ်မင်းသား ဘုသ်သည် သူ့ရင်ထဲမှ ဝမ်းသာအားရလွန်း လှသဖြင့် အလိပ်အလိပ်တက်လာသော ပီတိစိတ်ကို ကြိတ်၍ မျိုချလိုက် သည်။ လင်ကွန်း ပွဲလာကြည့်မည်ဟူသော ဖို့ဒ်၏ စကားသည် သူ့အတွက် စိတ်ပါဝင်စား အရေးထားစရာ သတင်းမျိုးဟူ၍ မယူဆလေဟန်ဖြင့် “ဪ ဟုတ်လား”ဟူသော စကားလေးသုံးလုံးကိုပင် အာမေဋိတ်သံမျိုး မပေါက်အောင် ဝတ်ကျေတမ်းကျေ သံမှန်လေမျိုးဖြင့် ပြန်ပြောကာ ဇာတ်ရုံဝ သို့ ထွက်လာခဲ့သည်။ 

          နောက် သူသည် ဇာတ်ရုံအဝင်ဝ လှေကားထစ်ပေါ်တွင်ပင် မတ်တတ် ရပ်ကာ မန်နေဂျာရုံးခန်းထဲမှ ယူလာခဲ့သော စာများကို တစ်စောင်ပြီး တစ်စောင် အေးအေးဆေးဆေး မှင်သေသေဖြင့် ဖတ်နေခဲ့သည်။

          ဤအခိုက်အတန့်တွင် ဘုသ်သည် စာရွက်ပေါ်၌ အဖြူပေါ် အမည်း တင်ထားသော စာလုံးများကို မျက်စိဖြင့် တွေ့မြင်ဖတ်ရှုနေသော်လည်း စာပါအကြောင်းအရာများသည် သူ၏ ဦးနှောက်ထဲသို့မရောက်၊ ယနေ့ည ပွဲလာကြည့်မည့် သမ္မတလင်ကွန်းကို မည်သို့မည်ပုံ လုပ်ကြံသတ်ဖြတ် ရမည်ဟူသော အစီအစဉ်များသာ သူ့ဦးနှောက်ထဲသို့ ရောက်နေသည်။ မှန်သည် ယခုဆိုလျှင် မွန်းတည့် ၁၂ နာရီကျော်၍ တစ်နာရီထိုးလုနီးပြီ ဖြစ်သည်။ နောက် ၉ နာရီ ၁၀ နာရီခန့်ကြာလျှင် မိမိဦးနှောက်ထဲတွင် ယခု စိတ်ကူးဖြင့် အကွက်ချနေသော အစီအစဉ်များသည် တစ်ခုပြီးတစ်ခု လက်တွေ့အကောင်အထည်ပေါ်လာပေတော့မည်။ 

          ဘုသ်သည် ဇာတ်ရုံဝ လှေကားပေါ်တွင် ယင်းသို့ စာများကို တစ်စောင်ပြီးတစ်စောင် ဖတ်နေဟန်ဖြင့် အမေရိကန်ပြည်ထောင်စုတစ်ဝှမ်း လုံးကိုသာမက ကမ္ဘာအရပ်ရပ် အတိုင်းတိုင်း အပြည်ပြည်ကိုပါ တုန်လှုပ် ချောက်ချားသွားစေမည့် “လုပ်ကြံမှုကြီး” အတွက် အနုလုံပဋိလုံ အပြန်အလှန် အကွက်ရိုက်နေခဲ့သည်။

          ဘုသ်၏ ဟန်အမူရာမှာ အေးဆေးတည်ငြိမ်စွာဖြင့် “မှင်သေ”လှ သည်ဖြစ်ရာ ဇာတ်ရုံထဲတွင် အလုပ်ကိုယ်စီဖြင့် ရှိနေကြသော ဇာတ်အဖွဲ့ သားများသည် ဘုသ်၏ အမူရာကို မည်သို့မျှ သင်္ကာမကင်းမဖြစ်မိကြပေ။

          စင်စစ်သော်ကား ဘုသ်သည် ယခုကဲ့သို့သော လူ ကိုးယောက် ဆယ်ယောက်ခန့်ကို မဆိုထားဘိ လူ ကိုးရာ တစ်ထောင်ခန့်မျှရှိသော ပရိသတ်ကြီး၏ ရှေ့မှောက်မှာပင် ဇာတ်ခုံပေါ်မှနေ၍ မှင်သေသေဖြင့် သဏ္ဌာန်လုပ်ကာ သရုပ်ဆောင်နိုင်ခဲ့သော နာမည်ကျော် ဇာတ်မင်းသား တစ်ယောက် မဟုတ်ပါလော။ 

          ခဏအကြာတွင် ဘုသ်သည် စာများအားလုံးလိုလို “ဖတ်ပြီး”သွား ပြီဖြစ်သည်။

          အခြေအနေအရ အစီအစဉ်မှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ရာ သူသည် ဇာတ်ရုံထဲသို့ အမှတ်မထင် ပြန်ဝင်လာခဲ့သည်။ ဇာတ် အဖွဲ့ဝင်များနှင့် ဇာတ်ရုံအလုပ်သမားများမှာ ဘုသ် ဇာတ်ရုံထဲသို့ ပြန်ဝင် လာသည်ကို တွေ့မြင်လိုက်ကြသော်လည်း ခါတိုင်းလည်း ယခုကဲ့သို့ပင် နေ့စဉ် ဝင်ထွက်နေကျဖြစ်သဖြင့်မည်သူကမျှ စပ်စုမနေဘဲ အမှုမဲ့ အမှတ်မဲ့ ပင် နေလိုက်ကြသည်။

          ဘုသ် ရုံထဲသို့ ပြန်ဝင်လာသည့်အချိန်တွင် ဇာတ်ခုံပေါ်၌ ထိုနေ့ည ကပြမည့် “ကျွန်ုပ်တို့၏ အမေရိကန် သွေးချင်းသားချင်းများ” ပြဇာတ်မှ အခန်းတစ်ခန်းအတွက် ဇာတ်တိုက်နေကြပြီဖြစ်သည်။ ဤပြဇာတ်မှာ အကြိမ်ကြိမ် ကပြခဲ့ပြီးဖြစ်သော်လည်း ယနေ့ညအဖို့ သမ္မတကြီးကိုယ်တိုင် ကြွရောက်ရှုစားမည်ဖြစ်သဖြင့် လုံးဝ အမှားအယွင်း အတိမ်းအစောင်းမရှိ ရလေအောင် ဇာတ်ဆရာ၏ အမိန့်အရ ထပ်ပြီး “မွှေး”နေကြခြင်းဖြစ်သည်။

          ဘုသ်သည် ဇာတ်ရုံထဲမှ အလုပ်သမားများကိုလည်းကောင်း၊ ဇာတ် ခုံပေါ်မှ ဇာတ်တိုက်နေကြသော ဇာတ်အဖွဲ့ဝင်များကိုသော်လည်းကောင်း ဣန္ဒြေမပျက် တစ်ချက်မျှ လှမ်းကြည့်ကာ လက်ဝဲဘက်ရှိ လှေကားကလေး မှတစ်ဆင့် အပေါ်ထပ် “အထူးတန်း”ရှိရာသို့ တက်လာခဲ့သည်။ ထိုမှတစ် ဆင့် ပတ်လည် စင်္ကြံလမ်းကလေးအတိုင်း လျှောက်ကာ “နိုင်ငံတော် ပွဲကြည့်ဆောင်”ရှိရာသို့ ရောက်လာခဲ့သည်။

          ဤ “နိုင်ငံတော် ပွဲကြည့်ဆောင်”ကား ယနေ့ညအဖို့ သမ္မတကြီး လင်ကွန်းကိုယ်တိုင် ကြွရောက်ရှုစားမည့် ပွဲကြည့်ဆောင်ပေတည်း။

          ပွဲကြည့်ဆောင်ကလေးထဲတွင် လူတစ်ယောက်မျှမရှိ။

          ဘုသ်သည် နီးရာကုလားထိုင်တစ်လုံးတွင် ဝင်၍ထိုင်လိုက်သည်။ ထို့နောက် အောက်ဘက်ရှိ ဇာတ်ခုံပေါ်မှ ဇာတ်တိုက်နေကြသူများကို တစ်ချက်မျှ လှမ်းကြည့်လိုက်သည်။ ပြီးမှတစ်ဖန် ပွဲကြည့်ဆောင်ကလေး အတွင်း ဟိုဟိုသည်သည် မသိမသာ စောင်းငဲ့၍ကြည့်ရင်း သူ့ဦးနှောက် ထဲတွင် ပတ်ဝန်းကျင် အနေအထားကို ဓာတ်ပုံရိုက်သလို ရိုက်ယူထားလိုက် သည်။

          မိနစ်အနည်းငယ်မျှ ကြာပြီးနောက် သူသည် ပွဲကြည့်ဆောင်ပေါ်မှ ဣန္ဒြေရရ ပြန်ဆင်းခဲ့ပြီး ဇာတ်ရုံမှ အေးအေးဆေးဆေးပင် ပြန်ထွက်လာ ခဲ့သည်။ 

           ဘုသ်သည် ဇာတ်ရုံထဲမှ အထက်ပါအတိုင်း တည်တည်ငြိမ်ငြိမ် ဣန္ဒြေရရဖြင့် ထွက်ခွာလာခဲ့သော်လည်း ဇာတ်ရုံရှေ့ လမ်းမပေါ်သို့ ရောက် သည်နှင့်တစ်ပြိုင်နက် ဣန္ဒြေမရတော့ဘဲ ဖြစ်လာသည်။ နာရီပိုင်းအတွင်း လက်တွေ့ အကောင်အထည်ဖော်ရတော့မည့် “လုပ်ကြံမှုကြီး”အတွက် အသည်းတထိတ်ထိတ် ရင်တဖိုဖို ဖြစ်လာဟန်တူသည်။

          လမ်းတစ်လျှောက်တွင် သူနှင့် သိကျွမ်းသူများ၊ သူ့အား နာမည်ကျော် ဇာတ်မင်းသားတစ်ယောက်အဖြစ် တစ်ဖက်သတ် သိနေကြသူများကို တွေ့ရသည်။ အချို့က သူ့ကို ရင်းရင်းနှီးနှီး လှမ်း၍နှုတ်ဆက်ကြသည်။   အချို့ကလည်း မသိမသာ ကိုယ်အမူအရာဖြင့် ဦးညွတ်၍ နှုတ်ဆက်ကြ သည်။

          ဘုသ်သည် အသည်းတထိတ်ထိတ် ရင်တဖိုဖို ရှိနေသည်ဖြစ်ရာ သူ့ အား နှုတ်ဆက်ကြသူ အားလုံးကို ခါတိုင်းထက်ပို၍ လေးလေးစားစား ပြန်၍နှုတ်ဆက်ဟန် ပြုခဲ့ရသည်။ အချို့သော သိဟောင်း ကျွမ်းဟောင်းများ၊ အမျိုးသမီးများကိုမူ ခပ်လှမ်းလှမ်းမှနေ၍ သူကပင် စတင်ကာ လက် တစ်ဖက်ကို ဝှေ့ယမ်း၍လည်းကောင်း၊ ဦးထုပ်ထိပ်ဖျားကို လက်ဖြင့် မသိမသာထိကာ ဦးညွှတ်၍လည်းကောင်း နှုတ်ဆက်ရင်းဖြင့် မလုံမလဲဖြစ် နေသော သူ့အတွင်းစိတ်ထားကို ကြိုးစား၍ ဖုံးကွယ်ခဲ့ရသည်။

          အသည်းတယားယားဖြင့် မည်သို့ပင် စိတ်လှုပ်ရှားနေသော်လည်း ဘုသ်သည် ဇာတ်ရုံဝ လှေကားပေါ်တုန်းက ကြိုတင်စီစဉ်ကာ အကွက်ချ လာခဲ့သည့်အတိုင်း သူ၏ ပထမဆုံးအစီအစဉ်အရ မြို့တွင်းတစ်နေရာရှိ