Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

လင်းယုန်မောင်မောင် - သမက်

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out
Type

သမက် 

         

           နှင်းပွင့်နှင်းခဲများသည် တစ်စတစ်စ အရည်ပျော်၍ စီးဆင်းနေခဲ့ သည်မှာ ရက်သတ္တပတ်မျှပင် ရှိခဲ့ပေပြီ။ ယခုဆိုလျှင် မြေပြင်ပေါ်မှ အတော်အတန် အမာခံအရာဝတ္ထုကလေးများကို ရွေ့လျားသွားသည် အထိ သိသာနိုင်သော လေပြင်းကလေးပင် တိုက်ခတ်စပြုလာပြီဖြစ်၏။ ညဉ့်၏ ပြန့်ပြောကျယ်မောလှသည့် ကောင်းကင်ပြင်ဝယ် ကြယ်ကလေး များသည် အေးအေးစက်စက်နှင့် တလက်လက်တောက်ပနေကြ၍ နှင်းခဲ နှင်းပွင့်များသည်လည်း ဆာလောင်မွတ်သိပ်နေသည့် ဝံပုလွေတစ်ကောင် ၏ မျက်လုံးအစုံကဲ့သို့ လရောင်အောက်တွင် အစိမ်းရောင်ကလေးများ ဖြင့် တဖိတ်ဖိတ် တောက်နေကြလေသည်။

          အချိန်မှာ ညဉ့်သန်းခေါင်ကျော် ၂ ချက်တီးခန့်ရှိပြီဖြစ်၏။ တစ် ညတာအဖို့ လူခြေအတိတ်ဆုံးအချိန်ဖြစ်ရကား ရွာထဲတွင် သက်ရှိ သတ္တဝါဟူ၍ မမြင်နိုင်မတွေ့နိုင်သော အကာလညအခါမျိုးဖြစ်၏။ ခွေးများပင်လျှင် တစ်နေရာရာ ချောင်ကောင်းရှာကာ ဝပ်နေကြပြီဖြစ်လျက် ကင်းစောင့်အဘိုးကြီးသည်လည်း အိမ်ပြန်၍ လက်ဖက်ရည်တစ်ခွက် သောက်၍သော်လည်းကောင်း သို့တည်းမဟုတ် မီးဖိုဘေးတွင် မျက်စိကို မှေးကာ ကွေး၍သော်လည်းကောင်း ရှိနေပေရော့မည်။ နှင်းခဲများဖုံးနေ သည့် အိမ်ခေါင်မိုးမှာလည်း ငွေရောင်တောက်ကာ သစ်ပင်များမှာလည်း မည်းမှောင်နေသည့် ကောင်းကင်အလယ်တွင် အရည်ပျော်၍ စီးဆင်းနေ သော စမ်းချောင်းတစ်ခု၏ လှိုင်းတွန့်များနှင့် သဏ္ဌာန်တူနေပေသည်။

          သို့ရာတွင် အိမ်တစ်ဆောင်၏ ပြတင်းပေါက်များအားလုံးသည် အလင်းရောင်များဖြင့် ဝင်းလက်နေသည်ကို တွေ့ရ၍ အိမ်တွင်းမှ လှုပ်ရှား နေသောသဏ္ဌာန်များ အရိပ်များကိုလည်း ထိုပြတင်းပေါက် မီးရောင်များမှ တစ်ဆင့် မြင်တွေ့နေရပေသည်။ ထို့ပြင် အိမ်တွင်းမှ မြူးထူးအော်ဟစ်နေ ကြသော အသံများသည်လည်း မှန်နှစ်ထပ်တပ်ထားသည့် ပြတင်းပေါက် များကို ဖောက်ထွင်း၍ အပြင်သို့ ပေါ်ထွက်လာသည်ကို အတိုင်းသား ကြားနေရသည်။

          ထိုအခိုက် တံခါးတစ်ခုသည် ဖြုန်းခနဲပွင့်လာ၍ အဘိုးကြီးတစ် ယောက်သည် ဆင်ဝင်အောက်သို့ ရုတ်တရက် ထွက်လာလေသည်။ အဘိုးကြီးသည် လှေကားတစ်ဖက်မှ တိုင်များကို အားပြုရင်း အောက်သို့ ဒယိမ်းဒယိုင်နှင့် ဆင်းလာပြီးနောက် လှေကားရင်းအရောက်တွင် လမ်း ဘေး၌ ကိုးရိုးကားရားနှင့် ရပ်နေလေသည်။ ပြီးမှ သံပြာဆိုးကြီးနှင့် “ကျုပ်တို့မှာဗျာ ရွှေပဒေသာ မြေမှာပေါက်ပါလိမ့်” ဟူ၍ သီချင်းတစ်ပုဒ် ကို အော်ဆိုနေလေ၏။ ထို့နောက် တစ်ဖန် ပတ်ဝန်းကျင်မှ တိတ်ဆိတ် ငြိမ်သက်နေသည်ကို သတိပြုမိကာ ချောက်ချားသွားဟန်နှင့် သီချင်း တစ်ပိုင်းတစ်စနှင့်ပင် ယိမ်းထိုးနေရာမှ နောက်သို့လှည့်ကာ ဆင်ဝင်ဘက် ဆီသို့ ပြန်ကြည့်နေလေသည်။ သံစည်ပိုင်းတစ်ခုအောက်သို့ လိမ့်ကျသွား ရာမှ ပေါ်ထွက်လာသောအသံများကို စကြံဘက်ဆီမှ ဆူဆူညံညံ ကြား လိုက်ရပြီးနောက် မရှေးမနှောင်းပင် ထိုအိမ်ရှေ့မှ တံခါးသည် ဖြုန်းခနဲ ပွင့်လာ၍ မီးရောင်အောက်တွင် လူများ ဝေါခနဲ ပြူထွက်လာကြသည်ကို တွေ့လိုက်ရပေသည်။ တစ်ဆက်တည်းတွင် ခြောက်သွေ့နေသော နှင်းခဲ များပေါ်သို့ လူအများခြေနင်းသံကို တကျွိကွိုနှင့် ကြားရလေတော့သည်။

          “ဘကြီး.. အစ်ဂနက်၊ ဒါ့.. ဘကြီး ဘယ်ရောက်နေသလဲ”

          “ဟေ့ အော်ဟစ်မနေနဲ့ကွ၊ သူက မင်းထက်တောင် ဟန်နိုင်ပါ သေးတယ်။ သူ့အတွက်တော့ ရေချိန်ကိုက်ရုံပဲကွ”

          “အိုင်ဗင်နိုဗ်နာတို့အိမ်က အရက်ကတော့ အတော်နိပ်တယ်ဆရာ” “

           ဒါတော့ မင်းက ရေချိန်ကိုက်အောင် ချလာတဲ့အကောင်ဆိုတော့ သိမှာပေါ့ကွ”

           ခပ်လေးလေးနှင့် ဆူညံသောအသံများသည် ည၏ တိတ်ဆိတ် ခြင်း၊ ချောက်ချားခြင်းများကို ဖြိုခွင်းပေါ်ထွက်လာလေသည်။

          ထိုအခိုက် နှင်းကာကုတ်အင်္ကျီကြီးတစ်ထည်ကို နှစ်ယောက်သား အတူတကွ ပူးကပ်၍ ခြုံထားကြသော လုလင်ပျိုတစ်ယောက်နှင့် လုံမပျို တစ်ယောက်တို့သည် ဆင်ဝင်အထက်ရှိ ဝရန်တာတွင် ထွက်ပေါ်လာ၍ ပြန်သွားကြသော ဧည့်သည်များအား လှမ်းကြည့်နေကြသည်ကို တွေ့ရ သည်။

          “အဘိုးကြီးကို အိမ်ရောက်အောင် ကြည့်ခေါ်သွားကြပါဗျာ” ဟု လုလင်ပျိုက ဝရန်တာပေါ်မှ လှမ်းပြောလိုက်၏။

          “တော်တော်ကြာ နှင်းတောထဲမှာ ခွေလဲပြီး အိပ်ပျော်နေပါဦးမယ်။ ဖြစ်နိုင်ရင် မပြန်ဘဲ ဒီမှာတောင် အိပ်ဖို့ကောင်းတယ်” ဟု ဆက်ပြော လိုက်ရာ..

          “ဘာလဲဟေ့ ငါ့ကိုပြောနေတာလား။ ငါ ဒီလိုအစားထဲက မဟုတ် ဘူးကွ။ ငါဟာကိုယ့်ကိုယ်ကိုယ်ထိန်းနိုင်တဲ့အကောင်ကွ နားလည်လား”

          “ဟုတ်ပါတယ်ဗျာ၊ ဟုတ်ပါတယ်။ ကဲပါ.. လာပါ ၁၁ ကြီး။ကဲ.. ကဲ ပြန်ပြီ။ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပြီး ကျန်းမာ ချမ်းသာကြပါစေဗျာ”

          “ပုခက်ထဲမှာ ကလေးမပြတ်အောင် ကြိုးစားပြီးမွေးကြဟေ့”

           သွေ့ခြောက်သော နှင်းခဲများပေါ်မှ တကျွိကျွိမြည်သော ခြေနင်းသံ များသည် တစ်စတစ်စ ဝေး၍ ပျောက်ကွယ်သွားလေသည်။

          “ကျုပ်တို့မှာဗျာ ရွှေပဒေသာ မြေမှာ..” ဟူသော အဘိုးကြီး၏ အက်ကွဲနေသော သီချင်းသံသည်လည်း တဖြည်းဖြည်းဝေးသွားရာမှ လုံးဝ မကြားရတော့ဘဲ အစပျောက်သွားခဲ့ပေပြီ။ သို့နှင့်ပင် တိတ်ဆိတ် ခြင်းနှင့် လှပခြင်းတို့သည် ရွာကလေးပေါ်တွင် တစ်ဖန်ပြန်၍ မင်းမူ လွှမ်းမိုးခဲ့ပြန်၏။

          “အင်း... စတက်ရှာ ဒီလို ဒီလိုနဲ့ပဲ မောင်တို့ရဲ့ဘဝဟာ ဒီအချိန် ကစပြီး အစပျိုးလာခဲ့ပြီနော်” ဟု လုလင်ပျိုက ညင်သာသောလေသံ ဖြင့် ခပ်တိုးတိုးကလေး ပြောလိုက်သည်။ လုံမပျိုကလေးကမူ ခွန်းတုံ့ ပြန်ခြင်းမပြုဘဲ အအေးဓာတ်ကြောင့် ခိုက်ခိုက်တုန်နေသော သူမ၏ ခန္ဓာကိုယ်ကလေးကိုသာ ကုတ်အင်္ကျီအတွင်းမှ လုလင်ပျိုနှင့် ပို၍ အသားချင်းထိအောင် တိုးဝှေ့ပူးကပ်နေရှာလေသည်။

          လက်ထပ်မင်္ဂလာပွဲမှာ ပရိသတ်နည်းနည်းနှင့် အေးအေးဆေးဆေး ပင် ပြုလုပ်ခဲ့ခြင်းဖြစ်ရာ အခြားမင်္ဂလာပွဲများကဲ့သို့ ညလုံးပေါက် ဆင်နွှဲ ကခုန်မနေကြဘဲ စောစောစီးစီးပင် ရုပ်သိမ်း၍ လူစုခွဲခဲ့ကြလေသည်။

 

 

(၂) 

 

          ဖယိုဒေါဆိုလိုဗေကော့ဗ်သည် လယ်ထွန်စက်မောင်းသမားများ အဖွဲ့၏ ခေါင်းဆောင်တစ်ယောက်ဖြစ်၍ ပျော်ပျော်ရွှင်ရွှင်နှင့် ပြုံးပြုံး ရယ်ရယ်နေတတ်ပြီး စိတ်ကောင်းသဘောကောင်းရှိသူ လူငယ်တစ်ဦးပင် ဖြစ်၏။ လယ်ထွန်စက်မောင်းသော အလုပ်များလုပ်၍ ပြီးစီးသည့်အခါ မျိုးတွင် သူသည် ကရန်သော်လည်းကောင်း၊ အားကောင်းသော ဒရိုင်ဘာ တစ်ယောက်ယောက်နှင့် လက်လှဲကာ အားစမ်းရန်သော်လည်းကောင်း အမြဲတမ်း အသင့်ရှိနေသူဖြစ်၏။ အရပ်ရှည်ရှည် သွက်လက်ပေါ့ပါးသူ တစ်ယောက်ဖြစ်ပြီး ဆံပင်များမှာ လှိုင်းတွန့်ကလေးများပမာ မသိမသာကောက်နေလေသည်။ ဖယိုဒေါသည် အကကောင်းသူ၊ လက်လှဲတော်သူ တစ်ယောက်ဖြစ်ရာ မိန်းကလေးများအကြားတွင် ထင်ရှားသူတစ်ယောက် ဖြစ်လေသည်။

          ဂါလီနာဇလိုဘီနာသည် ဖယိုဒေါတို့ လယ်ထွန်စက်အဖွဲ့ က စက် မောင်းနေကြရသော ကရွန်ဆိုဗိုရွာမှ ကျေးရွာဆိုဗီယက်အဖွဲ့၏ အတွင်း ရေးမှူးဖြစ်၏။ မျက်နှာခပ်ဝိုင်းဝိုင်းရှိသော ကျောင်းဆရာမဖြစ်သူ ဇိုယာအလက္ကဇင်ရော့ဗ်နာနှင့် သူမတို့ နှစ်ယောက်သား စ၍ တွေ့ကြစဉကဆိုလျှင် တစ်ယောက်နှင့်တစ်ယောက် ဘာသိဘာသာ အမှတ်မထင် ခပ်တန်းတန်းပင် နေခဲ့ကြပေသည်။

          “ကောင်မကိုက မထုံတက်တေးနဲ့ အလိုက်ကန်းဆိုးသိတတ်မယ့် အစားထဲာ ဟုတ်ဟန်မတူပါဘူး” ဟု ဂါလီနာက ဇိုယာကို ထင်လိုက် သလို ဇိုယာကလည်း “သွားပုံလာပုံကိုက ကြာဆန်ဆန်နဲ့ ယောက်ျားတွေ မျက်စိကျအောင် အမြဲတမ်းအမဲဖမ်းနေတာ ဒီဂိုက်မျိုးပေါ့” ဟူ၍ ဂါလီနာ အပေါ်တွင် မှတ်ချက်ချကာ ယူဆထားခဲ့လေသည်။ နှစ်ယောက်စလုံး ကပင် တစ်ယောက်ကိုတစ်ယောက် မကောင်းထင်နေခဲ့ကြ၏။ သို့သော် သူတို့နှစ်ယောက်၏အဖြစ်ကို မသိရှာသော ဖယိုဒေါသည် တစ်ညနေ ခင်းတွင် ဇိုယာအား သူမ၏နေအိမ်မှ စာသင်ကျောင်းသို့ ထင်းရှူးတော အုပ်ကလေးကိုဖြတ်ကာ လိုက်ပို့ခဲ့သည့်နည်းတူ နောက်တစ်နေ့ညနေ ခင်းတွင် တစ်ဖန် ဂါလီနာအား ရွာငယ်တစ်ဖက်အစွန်ရှိ တဆေးပင် များ ဖုံးအုပ်နေသည့် သူမ၏ နေအိမ်သို့ လိုက်ပို့ခဲ့မိလေသည်။ သို့ရာ တွင် သူတို့နှစ်ယောက်တွေ့ကြရာ၌ တစ်ယောက်အကြောင်းကို တစ် ယောက်မပြောဘဲ ဖုံးအုပ်ကွယ်ထားကြပြီး လယ်ထွန်စက်အလုပ်ဌာနသို့ နောက်ထပ် အသစ်ရောက်လာသည်ဆိုသော မိန်းကလေးတစ်ယောက် အကြောင်းကိုသာ ပြောကြလေသည်။ ထိုမိန်းကလေးမှာ စိုက်ပျိုးရေး သင်တန်းမှ ဆင်းလာသူတစ်ဦးဖြစ်ပြီး ဖယိုဒေါအလုပ်ဆင်းမည့်နေ့ဆို လျှင် ဆင်းလာသူတစ်ဦးဖြစ်ပြီး သူမသည် စမတ်ကျကျနှင့် ကော်လာ ခပ်မြင့်မြင့်တပ်ထားသော အင်္ကျီကိုဝတ်ကာ ဖယိုဒေါနှင့်တွေ့တွေ့ချင်း “ဒီမယ် ဖယို ရှင်ဟာလေ တကယ်အစွမ်းအစရှိတဲ့ လူတစ်ယောက် ပါပဲ။ ဒါနဲ့များ ဘာဖြစ်လို့ ဆက်ပြီး မကြိုးစားသလဲ။ လာပါရှင့် ဒီနေ့ ကလပ်ကိုသွားပြီး အစမ်းကချေရအောင်နော် ဟုတ်လား” ဟု အမြဲ ပြောလေ့ရှိသည်ဟု ဆိုလေသည်။