လင်းယုန်နီ - အင်းလျား
(၁)
“တော်တော် လူဝါးဝတဲ့ ဟာမတွေ”
မာမာသည် အောက်နှုတ်ခမ်းလေးကို ပြတ်ထွက်လုမတတ် ကိုက် ထားမိလေသည်။ စိတ်ထဲမှလည်း ဤသို့ပင် ရေရွတ်နေမိ၏။
“တော်တော် လူဝါးဝတဲ့ ဟာမတွေ”
ဖြူဖွေးပြည့်ဖြိုးသော သူ့ပါးလေးနှစ်ဖက်သည်ပင် ပန်းနုရောင် ထကာ တဆတ်ဆတ် တုန်နေရှာ၏။ မည်းနက်တောက်ပြောင်၍ နုနယ် သည့် အသွင်သဏ္ဌာန်မျိုးကို ဆောင်နေသော သူ့မျက်လုံးအစုံ၌လည်း မျက်ရည်စလေးများမှာ ရစ်ဝဲလျက်ရှိ၏။ မာမာသည် သံတံခါးပေါက် ကြီးမှ သံတိုင်လေးတစ်တိုင်ကိုပင် အငြိုးထားခဲ့ဖူးခဲ့သလို ခပ်တင်းတင်း ဆုပ်ကိုင်ထားမိ၏။ သံတိုင်တစ်တိုင်သည်သာ နာကျင်တတ်ပါလျှင် လည်း မာမာက သံတိုင်ကိုပင် နာကျင်စေလို၏။ မာမာသည် တတ်နိုင် ပါလျှင် တစ်ဖက်သားထံ တအားပြေး၍ ပါးတစ်ဖက်ကို ဖြန်းခနဲ ရိုက် လိုက်ချင်သည်။
ဤမျှပင် ဒေါသအမျက် ကြီးမားရလောက်အောင်လည်း မာမာ့အတွက် လုံလောက်သော အကြောင်းအချက်မှာ ရှိနေ၏။ မာမာသည် ငယ်လည်း ငယ်၏။ အတွေ့အကြုံလည်း နည်း၏။ ဒါကြောင့်လည်း သူ့တွင် မဟုတ်မခံစိတ်သည် ဤမျှ ပြင်းထန်နေခြင်းဖြစ်၏။
အမှန်ကတော့ မာမာသည် ကျေးတောသူလေးတစ်ဦးနှင့်သာ ပမာ တူသည်။ ကျေးတောသူသည် မမျှော်လင့်ဘဲ ရွှေနန်းတော်ကြီးထဲသို့ ဝင်ရောက်ခစားခွင့် ရရှိခဲ့၏။ ထိုအခါ ကျေးတောသူသည် ထီးသုံး နန်းသုံးကို ကျင့်သုံးလိုက်နာလာရ၏။ ဒါပေမဲ့ မိမိ၏ ဗီဇကို မဖျောက်နိုင်သော ကျေးတောသူသည် ဟုတ်တာမှန်သမျှကို ပြောလိုက်ချင်၏။ မှန်တာ မှန်သမျှကို လုပ်လိုက်ချင်၏။
ဒါပေမဲ့ ရွှေနန်းတော်သူတွေကတော့ သူ့လိုမဟုတ်။ သူတို့၏ ယဉ်ကျေးသိမ်မွေ့ခြင်းမှာ နုနယ်လွန်းအားကြီး၏။ သူတို့၏ ပါးနပ်လိမ္မာ ခြင်းမှာလည်း ထူးကဲလွန်းအားကြီး၏။ ပြီးနောက်လည်း သူတို့သည် အချင်းချင်းအပေါ်၌ပင် အညွန့်ခူးစားတတ်ကြ၏။ မာမာကလည်း ဒါကို ပင် မခံနိုင်ခြင်းဖြစ်ပေသည်။
ဒါပေမဲ့ မခံနိုင်၍လည်း ဘာကိုမျှ တတ်နိုင်ခြင်းမရှိ။ မာမာသည် သူတို့တစ်တွေထက် နု၏။ ဘယ်ဘက်ကယှဉ်ယှဉ် မာမာသည် လူတကာ ထက် သိမ်ငယ်၏။ သူကသာ လူတကာကို ခေါင်းမော်၍ ဖူးမြော်ခဲ့ရ၏။ သူကသာ လူတကာရှေ့မှောက်၌ ခေါင်းငုံ့၍ လျှောက်ခဲ့ရ၏။ အဲဒါက လည်း မာမာ၏စိတ်ကို အားငယ်စေချက် တစ်ချက်ပင် ဖြစ်ခဲ့၏။ သိမ် ငယ်ရခြင်းသည် မျက်နှာငယ်ရခြင်းပင် ဖြစ်ပေသည်။
“တော်တော် လူဝါးဝတဲ့ ဟာမတွေ”
မာမာက ဒါကိုပဲ ထပ်တလဲလဲ စိတ်ထဲမှနေ၍ ရေရွတ်နေမိ၏။ သည်လိုနေရာမျိုးတွင် မငိုမိစေရန်လည်း သူ့ဒေါသကို ဇွတ်အတင်း ချုပ်တည်းထားရ၏ ။ မာမာ၏စိတ်သည် လှိုင်းတံပိုး ပြင်းထန်လှသော ပင်လယ်ပြင်အတွင်း၌ လှေငယ်လေးတစ်စင်းဖြင့် ခရီးသွားနေရသလိုပင် စိမ့်၍အေးနေ၏။ သူ့ရည်မှန်းချက်သို့ ရောက်မည်၊ မရောက်မည်ပင် မာမာသည် မသိနိုင်တော့ပေ။
မာမာသည် ဝမ်းလည်းနည်း၏။ ဒေါသလည်း ဖြစ်၏။
မာမာတစ်ယောက် ဤသို့ ကြိတ်မနိုင် ခဲမရ ဖြစ်နေသည်ကို ယောက်ျားလေးအချို့က စောင်းငဲ့ကြည့်သွားကြ၏။ မိန်းကလေးအချို့ ကလည်း စူးစမ်းစပ်စုလိုသော မျက်လုံးလေးများဖြင့် ကြည့်သွားကြ၏။ သူတို့က ကြည့်ကြလေလေ မာမာသည်လည်း ဝမ်းနည်းလေလေ ဖြစ် လာမိ၏။ မာမာသည် ဤနေရာဌာနမှပင်လျှင် ငှက်ကလေးတစ်ကောင် လို ရောက်ရာပေါက်ရာသို့ ပျံပြေးလိုပေသည်။
“ဟင်.. မာမာတစ်ယောက်တည်း ဘာထွက်လုပ်နေတာလဲ”
အင်းလျားလမ်းတစ်လျှောက် ကံ့ကော်ပင်များအောက်က မြောက်မှ တောင်သို့ လျှောက်လာရင်း ဝင်းပေါက်ဝသို့ ရောက်လာခဲ့သော မိန်းမပျို တစ်ယောက်က မာမာ့ကို အံ့သြတကြီး ကြည့်ကာ သက်ညှာကြင်နာစွာ မေးမိ၏။ ဒါပေမဲ့ မာမာက မျက်ရည်စလေးများ ရစ်ဝဲလျက်ရှိသော မျက်လုံးအစုံဖြင့်သာ ထိုမိန်းမပျိုကို ပြန်လည်ငေးမောနေမိ၏။
မာမာကတော့ ခုကဲ့သို့သော အချိန်အခါမျိုးတွင် ဤသို့သော အမေးစကားမျိုးကို သူ့အား လာရောက်မေးမြန်းသူကို သူ့မေမေ ဖြစ်လိုက် စေချင်၏။ ခုလိုအချိန်အခါမျိုးတွင် သူ့အပေါ်တွင် အတိုင်းအဆမရှိ
လောက်အောင် မေတ္တာတရား ထားရှိမည်ဖြစ်သော သူ့မေမေသာ ဤ ကဲ့သို့သော အမေးစကားတစ်ခွန်းကို လာရောက်မေးမြန်းမည် ဆိုပါက လည်း မာမာသည် ဤသို့ပင် သူပြောလိုသော အကြောင်းကိစ္စကို နှုတ် ဖြင့် အဖြေမပေးဘဲ ဤသို့သာ ငိုင်နေမိမည်မှာ အမှန်ပင်ဖြစ်၏။ ဒါပေမဲ့ မာမာသည် သူ့မေမေ၏ခါးကို ပြေး၍ဖက်ကာ သူ့ခေါင်းလေးကိုလည်း သူ့မေမေ၏ ရင်ခွင်ထဲသို့ ထိုးလိုက်မိမည်ဖြစ်၏။ ပြီးမှ စကားလုံးပေါင်း
သောင်းခြောက်ထောင်ထက်မက ပို၍လေးနက်သော အဓိပ္ပာယ်များဖြင့် ရှိုက်၍ရှိုက်၍ ငိုကြွေးမိမည် ဖြစ်ပေသည်။
ဒါပေမဲ့ သူ့မေမေမှာ ခုလိုအချိန်အခါမျိုး၌ ဘယ်နည်းနှင့်မျှ သူ့ထံ သို့ လာရောက်နိုင်တော့မည် မဟုတ်။ နောက်နောင်သောအခါများတွင် လည်း ဘယ်သောဘယ်ခါတွင်မှ လာရောက်နိုင်လိမ့်မည် မဟုတ်။ အမှန် ကတော့ မာမာမှာ မိတဆိုးလေးတစ်ဦးသာ ဖြစ်ရှာ၏။
“ဟေ့... မာမာ ဘာဖြစ်နေတာလဲ”
မိန်းမပျိုက မာမာ၏ ပခုံးလေးတစ်ဖက်ကို ဆွဲကိုင်လှုပ်ယမ်းကာ နောက်ထပ်တစ်ခါ မေးလိုက်၏။ သူနှင့် အဖော်ပါလာသော ယောက်ျား ပျိုဘက်သို့ လှည့်၍လည်း တစ်ချက် ကြည့်မိရှာ၏။ ယောက်ျားပျို ကလည်း မာမာ၏အကဲကို ကြည့်ကာ လက်နှစ်ဖက်ကို ဖြန့်ခါ၍ ပခုံး နှစ်ဖက်ကို တွန့်ပြလိုက်လေသည်။
“ကြည့်စမ်း... မျက်ရည်တွေလည်း ဝဲလို့၊ ဘယ်သူနဲ့ ဘာဖြစ်လို့”
ထိုသို့ ထပ်ဆင့်၍ မေးသည့်တိုင်အောင် မာမာက ဘာကိုမျှ မပြော ဘဲ စူးစိုက်ရုံသာ စူးစိုက်နေသောကြောင့် မိန်းမပျိုက မာမာ၏ လက် ကလေးတစ်ဖက်ကို ဖမ်းဆွဲလိုက်ရ၏။
“အခု ဘယ်သွားမလို့လဲ၊ တော်တော်ကြာဆို ဂိတ်ပိတ်တော့မယ်။ ခြောက်နာရီတောင် ထိုးတော့မယ်။ လာ ဝင်ကြစို့လား”
မိန်းမပျိုက ထိုကဲ့သို့ မာမာအား ဂရုတစိုက် အရေးတယူပြုနေစဉ် သူနှင့်အတူပါလာသော ယောက်ျားပျိုက အလိုက်သိတတ်ဟန်ဖြင့် “ဒါဖြင့် ကျွန်တော် ပြန်မယ် မအေးသိန်း” ဟု မိန်းမပျိုကို နှုတ်ဆက် လိုက်၏။ မာမာကလည်း မအေးသိန်းကို စူးစိုက်မောနေရာမှ သူငယ်ပျိုဘက်သို့ အာရုံပြောင်းကာ စူးစိုက်နေပြန်၏။ ထိုအခါတွင်မှ အေးအေး သိန်းက သူငယ်ပျိုဘက်သို့ လှည့်ကာ “အေးလေ ပြန်တော့ပေါ့” ဟု အမိန့်ဆန်ဆန် ပြောလိုက်၏။
“မနက်ဖြန်ကျရင်တော့ အသိန်း လိုချင်တာကို ယူခဲ့ဖို့ မမေ့နဲ့နော်”
“အင်း အင်း မနက်ပိုင်းကို ကလပ်စ် မတက်ဘဲ သွားယူပေးပါ့မယ်”
သူငယ်ပျို လှည့်ထွက်သွားသည်ကို မာမာနှင့်အတူ အေးအေးသိန်း ကပါ ငေးကြည့်နေမိ၏။ အတန်ကြာခါမှ အေးအေးသိန်းသည် မာမာ့ ကို ပြန်လည်သတိရဟန်ဖြင့် ပြန်လှည့်ကာ မာမာ့လက်ကို နာကျင်ခြင်း မရှိစေရန် ညှာ၍ဆွဲလိုက်၏။
“ဟေ့ ဘာငေးနေတာလဲ၊ လာလေ ဝင်ကြစို့”
အဲဒီတော့မှ မာမာကလည်း ကလေးတစ်ယောက်လိုပင် အေးအေး သိန်း လက်ဆွဲခေါ်ရာနောက်သို့ ခပ်ဖြည်းဖြည်း လိုက်ပါလာခဲ့မိ၏။ နှေးကွေးလွန်းသဖြင့် အေးအေးသိန်းကပင် အဆောင်၏ ဆင်ဝင်ရှေ့က မြက်ခင်းအဝိုင်းလေးသို့ မရောက်မီ မာမာ၏လက်ကို လွှတ်လိုက်မိ၏။
“ဘာဖြစ်လို့လဲ မာမာ၊ ဘယ်သူက ဘာပြောလို့လဲ”
အေးအေးသိန်းက ထပ်၍မေးမိ၏။ ဒါပေမဲ့လည်း မာမာက ဘာမျှ ပြန်လည်ပြောဆိုခြင်း မပြုသောကြောင့် အေးအေးသိန်းသည် နောက် ထပ် ဘာကိုမျှမေးရန် စိတ်မကူးတော့ဘဲ မာမာ၏ ရှေ့မှသာ အပေါ်ထပ် သို့ တက်ခဲ့မိ၏။ မာမာကလည်း သူ့နောက်မှလိုက်၍ တက်လာခဲ့မိ သည်။
အပေါ်ထပ်သို့ ရောက်သောအခါ “ခုမှ ပြန်လာသလား အသိန်း” ဟု တစ်စုံတစ်ယောက်က လှမ်းနှုတ်ဆက်၏။ အေးအေးသိန်းကလည်း ပြုံးပြုံးရယ်ရယ်ပင် “အေး မြင်တဲ့အတိုင်းပေါ့ကွာ”ဟု ဖြေခဲ့မိ၏။ မာမာကတော့ ဘာကိုမျှ ဝင်ရောက်ပြောဆိုခြင်းကို မပြုမိ။ သူ့အား ဘယ်သူ ကမျှ အရေးတယူ လုပ်ကြလိမ့်မည်မဟုတ် ဟူ၍ပင် သူက ထင်နေမိ၏။
သူ့အခန်းရှေ့သို့ ရောက်သောအခါ၌လည်း မာမာသည် သူ့ရှေ့မှ လျှောက်သွားသော အေးအေးသိန်းကို ဘာမျှ လှမ်းမပြောဘဲ နောက် ချန်၍သာ နေရစ်၏။ အေးအေးသိန်းကလည်း နောက်ဘက်သို့ တစ် ချက်မျှသာ လှည့်ကြည့်ကာ သူ့အခန်းသို့ရောက်အောင် ဆက်လျှောက် သွားလေသည်။
“ဘယ်သွားနေတာလဲ မာမာ၊ ကိုယ်ဖြင့် တစ်ယောက်တည်း ကြောက်လိုက်တာကွယ်”
မာမာသည် သူ့အခန်းထဲသို့ ဝင်ရောက်လိုက်သောအခါ၌လည်း ကြည်ကြည်ဝေက ဆီး၍ သူ့ကို အရေးတယူ မေးမြန်းနေပြန်၏။ ဒါပေမဲ့ မာမာက ကြည်ကြည်ဝေကို အဖက်လုပ်၍ စကားပြန်ပြောခြင်းမရှိဘဲ သူ့ခုတင်ပေါ်သို့သာ သူ့ကိုယ်လုံးလေးကို ပစ်လှဲချလိုက်၏။
ကြည်ကြည်ဝေကတော့ နောက်ထပ် ဘာမျှပြောခြင်းမရှိ။ နဂိုက ပင် ကြည်ကြည်ဝေမှာ စကားနည်းသူဖြစ်၏။ အခန်းအောင်းသူ ဖြစ်၏။ အားအားရှိလျှင် စာအုပ်ကို ပွေ့ဖက်ထားတတ်သူဖြစ်၏။ သို့မဟုတ်ပါ ကလည်း မဂ္ဂဇင်းတစ်စောင်အတွက် စာမူ အတိုအထွာလေးများကို ရေးနေတတ်၏။ ကဗျာစပ်တတ်၏။ ဒါပေမဲ့ ကြည်ကြည်ဝေသည် လူများတကာထက်ပို၍ ကြောက်တတ်၏။ သူသည် အချိန်မရွေး အခန်းအောင်းကာ စာအုပ်နှင့်နေတတ်သူ ဖြစ်သော်လည်း အဖော်မရှိရင်တော့ စာကိုပင်ဖြောင့်ဖြောင့်ဖတ်ရဲသူတစ်ဦး မဟုတ်ခြင်းကြောင့် ခုလို မာမာ ပြန်လည်ရောက်ရှိလာခါမှ အားတက်သွားဟန်တူ၏။ ထိုနောက်မှာတော့ မာမာ၏အခြေအနေအကြောင်းကိုမျှ အကဲခတ်ဖော်မရတော့ဘဲ ကြည် ကြည်ဝေသည် သူဖတ်နေသော စာအုပ်ထဲ၌ စိတ်ပါဝင်စား နေမိပြန်လေ သည်။
ခဏကြာခါမှ ကြည်ကြည်ဝေသည် မာမာ၏ရှိုက်သံလေးကို သတိပြုလိုက်မိ၏။ သူလှည့်၍ ကြည့်လိုက်သောအခါ မာမာသည် သူ့ခုတင်ထက်တွင် မှောက်၍ ငိုနေပြီဖြစ်၏။ သူက အံ့သြနေမိစဉ်မှာပင် အေးအေးသိန်းသည် ကမန်းကတန်း လဲလာဟန်တူသော တိုဘရက်ကိုး အဝါပွင့်ရိုက်ကလေးကို ပြင်ဝတ်ကာ အခန်းပေါက်ဝသို့ ရောက်ရှိနေပေ ပြီဖြစ်၏။ သူ့ဘေးမှလည်း ကစ်တီ ပါလာပေသည်။
“ဘာဖြစ်တာလဲ ကြည်ကြည်”
ကစ်တီက အရင် အခန်းတွင်းသို့ တိုးဝင်လာရင်း သွက်လက်စွာ မေးလာ၏။ ကြည်ကြည်ဝေကလည်း စာအုပ်ကို ဘေးသို့ချရင်း သူ့ခေါင်း လေးကိုသာ ခါယမ်းပြမိရှာ၏။
ကြည်ကြည်ဝေဆိုတာကတော့ အဲဒီလောက်ပင် ရိုး၏။ အ လည်း အ၏။
(၂)
*အကြောင်းစုံကို ကြားသိလိုက်ရပြန်တော့လည်း ကစ်တီနှင့် အေး အေးသိန်းတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ပြုံးရာမှ ဟစ်၍ပင် ရယ်လိုက်မိ၏။ အတော်ကြာပင် ရယ်ကြရသည်။
“ဒါလေးအတွက်များ ဒီလောက်တောင် ဖြစ်ရသလား မာမာရယ်”
“ဖြစ်တာပေါ့၊ သူလုပ်တာက တရားမှ မတရားဘဲ”
မာမာကလည်း ကလေးလိုပင် နှုတ်ခမ်းကလေးတွေကို စူကာ အစ်မများအပေါ်၌ နွဲ့ဆိုးဆိုးလာသော ညီမတစ်ယောက်ဟန်ဖြင့် ပြော လိုက်မိ၏။ ဘာမျှလည်း သည်လောက်ဖြစ်စရာ အကြောင်းမဟုတ်။