လင်းထိပ်သျှင် - ကြိုးညှိတေးကဗျာပြခန်း
ဇူလိုင် ၁၉
မနက်တစ်နေ့က အဖြစ်အပျက်တစ်ခုပမာ
မကြာသေးသလို မှတ်ထင်နေမြဲစိတ်အနာ
အတိတ်အရိပ်ဆိုးကြီးတစ်ခုအဖြစ်
မတိတ်နိုင်မျက်ရည်မိုးထဲ
ရုပ်ကြွင်းစုနှယ် ကျန်ရစ်ဆဲ
နေ့ခင်းကြောင်တောင် အမှောင်ထုဆောင်ကြဉ်း
ပြင်းထန်လှုပ်ပွက်မိုးစက်ပွဲဖွဲ လေပြည်ဆော်သွင်း
ကြယ်စင်တစ်သင်းကြွေကျမြေခခဲ့ရာ
ကမ္ဘာမကျေစရာ ငါတို့နိုင်ငံတည်ရှိနေသရွေ့
ဘယ်တော့မှမေ့မရနိုင်တဲ့ ရက်စွဲတစ်ခုရယ်ပါ။
ခေတ်ရနံ့မဂ္ဂဇင်း
အမှတ် ၁၅၊ ဇူလိုင်လ၊ ၂၀၁၅
ထီးမိုးတတ်သောစိတ်နဲ့သာ
ငါတို့လမ်းလျှောက်မယ်........
စက္ကူပေါ်မှာ ပွင့်တဲ့ပန်းရုံလေး
ငါ့ညီလေးရဲ့ အလှမျက်နှာ
နွေဦးမှာ ပွင့်အားကောင်းချင်ရဲ့
ထိုနည်းတူပဲ
လွတ်နေတဲ့ အပေါက်လေးတစ်ပေါက်မှာ
မင်းရဲ့မျက်လုံးတွေ ချိတ်တွယ်လိုက်ပါ
ကြယ်စင်တွေလို မှောက်မိုက်ညထဲ
မင်းရဲ့ခြေသံတွေ တောကစားလိုက်ပါ
အိမ်လေးတစ်လုံးထဲ ကကွက်ကကြိုးဆင်ဖို့
မင်းရဲ့ ပုံရိပ်လေး ချိုးဖြူရုပ်တဖြစ်လဲလိုက်ပါ
ငါတို့တစ်တွေရဲ့ တူရူရာအရပ်မျက်နှာဘက်မှာ
“သတိ-ဤအိမ်သည် ခွေးကိုက်တတ်၏”
ပုခက်လွှဲသားချော့တေးသီမယ့်
အမေတစ်ယောက်ရဲ့ သံမဏိလက်ပေါ်မှာ
ကြာလိုပွင့်ဝေမယ့် အနာဂတ်အသစ်ကမ္ဘာ
ညီလေးတို့ချစ်သော ငါတို့ဟာ
မိုးပြိုမှာကို တွေးမကြောက်သူတွေပဲ မဟုတ်လား ...။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှထုတ်ဝေသည့်
၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ကဗျာများ
ဇန်နဝါရီလ ၄ ရက်၊ ၂၀၁၁
မျက်ရည်စက်လက် အသံကြားတဲ့နေ့
တကယ်ရွာတာပဲလား
ရွာချင်ဟန်ဆောင်တာပဲလား
ဒီမိုးက ဩဂုတ်သီချင်းတစ်ပုဒ်
မကြားတကြား ဆိုသွားပေါ့....။
ကမ္ဘာဟောင်း ကမ္ဘာသစ် ခရီးသွားဟန်လွဲ
ရပ်ထဲရွာထဲမှာ အသံတွေတိုးတိုက်နေ
“သပြေညို ́ကို ချိုးခူးရက်ပ “
လယ်စောင့်တဲလေးကို ဖြိုဖျက်ရက်ပ
“ပျဉ်းမငုတ်တို” ကို ဖယ်ကြဉ်ထားရက်ပ
“ဖိုးမောင်ပြန်လာပြီ” မြင်ကွင်းချပ် မြုပ်ချီပေါ်ချီ
အန္တိမ မျက်ရည်စက်လက် ဒီမိုးစေ့ဟန်
လူတကာ ရင်အပူပျိုးစေခဲ့ပေါ့....။
ရေစိုပျက်အက္ခရာရှင် စာဆိုအဘိုး
ဒီမိုး ဘယ်လောက်ပင်စေ့စေ့
ရာစုသစ် ကမ္ဘာ အဆက်ဆက်တိုင်း
အလင်္ကာတေးအလှဖွဲ့
လူ့တကာ့စိတ်နှလုံးသားကို
ဖမ်းစားလှုပ်ကိုင်နေမည်သာ.....။
(ခေတ်စမ်းကဗျာစာဆိုဆရာကြီး မင်းသုဝဏ်သို့.......)
ချယ်ရီမဂ္ဂဇင်း
ဇူလှိုင်၂၀၀၆