Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

လင်းတည်ဦး - ဖားမင်းသားလေးပုံပြင်များ

Regular price 700 MMK
Regular price Sale price 700 MMK
Sale Sold out

ဖားမင်းသားလေး

          ရှေးရှေးက မှော်ပဉ္စလက်အတတ်တွေ အသက်ဝင်နေစဉ်အခါကပေါ့။ ဖခမည်းတော်၊ မယ်တော်တို့က အလိုလိုက်ထားသမို့ တော်တော်လေးကို ဆိုးချင်တဲ့ မင်းသမီးလေးတစ်ပါးရှိတယ်။ သူမမှာ အဖိုးတန်လှပတဲ့ ဝတ်စုံတွေ အများကြီး ရှိတယ်။ ဖိနပ်တွေဆို ပိုလို့တောင် များသေးသတဲ့။ ရတနာစီခြယ်တဲ့ လက်စွပ်တွေကလည်း လက်ချောင်းစေ့ပဲပေါ့။ ရှည်လျားတဲ့ ရွှေရောင်ဆံပင် တွေအတွက် ဘီးကောင်းကောင်းတွေလည်း ပေါများလှပါတယ်။ ရွှေပန်းကန် အစုံနဲ့ စားတော်ခေါ်ပြီး ရွှေကလပ်က ရေကိုမှ သောက်သတဲ့။ စက်ရာဝင်တဲ့ အခါမှာ သလွန်အကြီးကြီးပေါ်မှာ နူးညံ့တဲ့ ပိုးသားအခင်းတွေ၊ နွေးထွေးတဲ့ ခြုံစောင်တွေနဲ့မှ စက်တော်ခေါ်သတဲ့။ သလွန်ဆိုတာက ခုတင် လိုမျိုးပါပဲ။

          နေ့တစ်နေ့ရဲ့ မွန်းတိမ်းချိန်မှာ သူမ အနှစ်သက်ဆုံး ကစားစရာဖြစ်တဲ့ ရွှေဘောလုံးနဲ့ အတူ နန်းတော်တစ်ဝိုက် အရိပ်အာဝါသကောင်းတဲ့ တောထဲမှာ ဟိုဟိုဒီဒီလျှောက်သွားတယ်။ ရေတွင်းတစ်ခုနားရောက်တော့ ရေတွင်းနံဘေး မှာ ထိုင်ပြီး ရွှေဘောလုံးကလေးကို အပေါ် မြှောက်ပစ်လိုက်၊ ပြန်ဖမ်းလိုက်နဲ့ဆော့ကစားနေခဲ့မိတယ်။ ရုတ်တရက် နေရောင်ခြည်လေးတစ်မျှင် သစ်ရွက် တွေ ကြားကနေ ထိုးဖောက်ကျလာသတဲ့။ မင်းသမီးကလေးဟာ မျက်လုံးတွေ ပြာဝေသွားတာပေါ့။ အဲဒီတော့ ရွှေဘောလုံးကလေးဟာ ရေတွင်းထဲကို “ဗွမ်း” ခနဲကျသွားတော့တယ်။ တစ်ခါတည်း ရေတွင်းအမှောင်ထဲ နစ်မြုပ်သွားပါတော့ တယ်။ 

          မင်းသမီးကလေးဟာ ရေတွင်းနှုတ်ခမ်းကနေ ငုံ့ကြည့်တော့ ရွှေဘော လုံးရဲ့ အရိပ်အယောင်ကိုတောင် မမြင်ရတော့ပါဘူး။ ရွှေဘောလုံးတော့ ဆုံးပါ ပြီလို့ တွေးမိပြီး ငိုတော့တာပေါ့။ အဲဒီအချိန်မှာပဲ ခပ်အက်အက်အသံတစ်သံ ကြားလိုက်ရတယ်။

          “မင်းသမီးကလေး၊ မင်းသမီးကလေး၊ ဘာများဖြစ်လို့ပါလဲဗျာ” တဲ့။

           မင်းသမီးလေးဟာ လန့်ဖျပ်သွားပြီး ဘေးဘီဝဲယာ ကြည့်မိတာပေါ့။ ဒါပေမဲ့ ဘယ်သူမှ မတွေ့ရပါဘူး။ အဲဒီတော့ ပိုပြီးတော့တောင် ရှိုက်ကြီးတငင် ငိုတော့တာပါပဲ။ အသံက တစ်ခါထပ်ပေါ်လာပြန်ရဲ့။

          “မင်းသမီးကလေး၊ မင်းသမီးကလေး၊ ဘာကြောင့် ငိုကြွေးနေလဲဗျာ”

           ဒီတစ်ခါတော့ အသံကြားရာဆီ နီးနီးကပ်ကပ်တိုးကြည့်လိုက်တယ်။ ရေတွင်းနှုတ်ခမ်းမှာ ထိုင်နေတဲ့ အတော်ကြီးမားတဲ့ ဖားတစ်ကောင်ကို တွေ့ လိုက်ရသတဲ့။

          “ဘုရားသခင် ... လူစကားပြောတဲ့ ဖားပါလား”

          ဖားက မင်းသမီးလေးအနား ခုန်ဆွ ခုန်ဆွတိုးလာတယ်။ မင်းသမီး လေးခမျာ နှာခေါင်းရှုံ့မိသတဲ့။ ဖား က စိုတိုတို ချွဲကျိကျိနဲ့ကိုး။ ခြေထောက်နား တောင် ကပ်နေပြီလေ။

          “ပြောရမယ်ဆိုရင်တော့ အဖိုးသိပ်တန်တဲ့ငါ့ရွှေဘောလုံးလေး ရေထဲ ကျသွားတယ်”လို့ မင်းသမီးလေးက စိတ်တိုတိုနဲ့ ပြောလိုက်တယ်။ ဒီတော့ ကိုရွှေဖားက ... ဥစ္စာဓနတွေ ပေးပါ့မယ်”လို့ မင်းသမီးလေးက ပြောတဲ့အခါ...“ဥစ္စာဓနတွေ ဘာတွေ မလိုချင်ပါဘူး။ ဘောလုံးပြန်ရရင် အတုံ့အလှည့်အနေနဲ့ ကျွန်တော် မင်းသမီးနဲ့အတူ နန်းတော်ကြီးမှာ လိုက်နေချင်ပါတယ်။ မင်းသမီးရဲ့ စား တော်ကို စားပြီး မင်းသမီးနံဘေးမှာ အိပ်ချင်ပါတယ်” လို့ ဖားက ပြောတယ်။

          မင်းသမီးလေးက အဓိပ္ပာယ်မရှိလိုက်တာလို့ တွေးမိတယ်။ ဒါပေမဲ့ ရွှေဘောလုံးကိုလည်း ပြန်လိုချင်တယ်လေ။ ဒါကြောင့် မျက်ရည်သုတ်ပြီး ဖားကို စိတ်မပါ့တပါ ပြုံးပြတယ်။

         “ကိုရွှေဖား၊ အသင်ဖြစ်စေချင်တာ ဖြစ်ရပါစေ့မယ်”လို့ပြောလိုက်တယ်။ မင်းသမီးကလေး စကားဆုံးတာနဲ့ “ပလုံဆို ကြားလိုက်ရပြီး ရေလှိုင်းတွေ ထ သွားတယ်။ တစ်ခါ ရေစက်လက်နဲ့ ဖားဟာ မင်းသမီးကလေး ခြေထောက်နား ပြန်ရောက်လာပြန်သတဲ့။ ပါးစပ်ထဲမှာတော့ ရွှေဘောလုံးပေါ့။ မင်းသမီးလေး ဝမ်းမြောက်ဝမ်းသာဖြစ်သွားတယ်။ ရွှေဘောလုံးကို ဆတ်ခနဲ လုယူ၊ နန်းတော် ဆီ တစ်မျိုးတည်း ပြန်လှည့်ပြေးတော့တယ်။ ကျေးဇူးတင်စကားလေးတစ်ခွန်း တောင် ပြောမသွားဘူးတဲ့။ ကိုရွှေဖားရဲ့ “မင်းသမီးလေး၊ မင်းသမီးလေး၊ စောင့်ပါဦး”ဆိုတဲ့ ခေါ်သံကိုလည်း မကြားတော့ဘူးလေ။

          အဲဒီညမှာတော့ ဖခမည်းတော်ရယ်၊ မယ်တော်ရယ်၊ မင်းသမီးလေးရယ် အတူတကွ ပွဲတော်တည်မယ့်ဆဲဆဲမှာ ထူးဆန်းတဲ့အသံတစ်သံ ကြားလိုက်ကြ ရတယ်။ သလင်းကျောက်အခင်းပေါ် စိုနေတဲ့ ခြေထောက်တွေနဲ့ တဖပ်ဖပ် လျှောက်လာတဲ့ အသံမျိုးပဲ ... တဲ့။ နောက်တော့ စကားသံထွက်လာတယ်။

          “မင်းသမီးကလေး၊ မင်းသမီးကလေး၊ ရေတွင်းနားမှာ ပေးခဲ့တဲ့ကတိကို မှတ်မိပါရဲ့လား” တဲ့။ နန်းတော်တံခါး ပွင့်သွားပြီး ဖားဟာ ခုန်ဆွခုန်ဆွ ဝင် လာပါလေရော။

          မင်းကြီးက စိတ်သဘောကောင်းသူတစ်ဦးပါ။ မင်းသမီးလေး ပြောပြတဲ့ ရေတွင်းနားက အဖြစ်အပျက်ကို ကြားသိရတော့ အခုလို အမိန့်ရှိသတဲ့။

          “သမီးတော်၊ ကတိတစ်ခုပေးပြီးရင် အဲဒီကတိကို တည်ရမယ်ကွဲ”

          အဲဒီတော့ အစေအပါးယောက်ျားက ဖားကိုယူပြီး မင်းသမီးလေးရဲ့ နံဘေး၊ စားပွဲပေါ်မှာ တင်ပေးသတဲ့။ ကိုရွှေဖားက မင်းသမီးလေးရဲ့ စားတော်ပွဲ ကို သိမ်သိမ်မွေ့မွေ့စားသောက်တယ်။ဒါပေမဲ့မင်းသမီးလေးခမျာမှာတော့ စားချင် သောက်ချင်စိတ်ကို ကုန်ပါလေရော။ စားသောက်ပြီးတဲ့အခါမှာလည်း  ကိုရွှေဖားက ပြောပြန်တယ်။

“ကျေးဇူးတင်ပါတယ် မင်းသမီး၊ အခု ကျွန်တော် စက်ရာဝင်ချင်ပါ ပြီ” တဲ့လေ။