စိတ်ကူးချိုချိုစာပေ
ရှင်မဟာရဌသာရ - သံဝရပျို့
Couldn't load pickup availability
နိဒါန်း
သံဝရပျို့ ဖြစ်ထွန်းလာပုံ
သံဝရပျို့ကို ရှင်မဟာရဋ္ဌသာရ စီကုံးဖွဲ့ နွဲ့ သည်။သက္ကရာဇ် ၈၉၁-ခု၊ သက်တော် ၆၁ နှစ်တွင် ဤပျို့ကို ဖွဲ့ဆိုပြီးစီးသည်။သက္ကရာဇ် ၈၉၁-ခု၊ သက်တော် ၆၂ နှစ်တွင်ရှင်မဟာရဋ္ဌသာရ ပျံလွန်တော်မူသည်။ ( ထို့ ကြောင့် ရှင်မဟာရဋ္ဌသာရ ပြုစုခဲ့သော ပျို့အဖြာဖြာတွင် သံဝရပျို့သည် ဆရာတော်၏ နောက်ဆုံးလက်ရာဖြစ်ကြောင်းမြင်ရ သည်။ အသက်အရွယ်ကြီးရင့်၍ ဗဟုသုတပြည့်ဝလုံလောက်သော အရွယ်မှ စပ်ဆိုတော်မူသော ပျို့ ဖြစ်သဖြင့်လည်း သိပ်သိပ်သည်းသည်း ရှိ၏။ လူရေး၊ လူရာ၊ အကျိုးဖြစ်ထွန်းစရာလည်း များစွာပါဝင်၏။ စာဆို၏ ရည်ရွယ်ချက်ကို -
“နှံ့စပ်မိုးမြေ၊ ရောက်လေရာရာ၊ ပညာရှိအား၊ လေးပါး ပစ္စည်း၊ ရွေ့ ရွေ့ ချည်းဟု၊ ထုံးနည်း မယူ၊ ပျင်းသသူတို့ ၊
ငါ့တူကျေးဇူး၊ ဆည်းပူးဖွေရှာ၊ ကြိုးစိမ့်ငှာလျှင်၊ ဤစာဆုံးမကွပ်သတည်း”။
ဟု သံဝရပျို့နိဂုံးတွင် စပ်ဆိုခဲ့ရာ ဆရာတော်၏စေတနာသည် လုံ့လလျော့သူ၊ ပျင်းရိသူတို့ကို ပညာကြိုးစားစေချင်သည်။ ပညာ၏ တန်ဖိုးကို သိစေချင်သည်။ စာဆိုကိုယ်တိုင် ကြိုးစားခဲ့သမျှအကျိုး ဖြစ်ထွန်းသကဲ့သို့ ငယ်ရွယ်သူတို့ကိုလည်း အကျိုးဖြစ်ထွန်းစေချင် သည်။ ပညာတန်ဆောင်ဖြင့်လည်းကောင်း၊ ပေါင်းသင်းဆက်ဆံမှုဖြင့် လည်းကောင်း လူပုံအလယ်တွင် ထည်ထည်ဝါဝါနေကြစေချင်သည်။ ထင်ပေါ်ကျော်စောခြင်းတည်းဟူသော တံခွန်ကို လွှားစေချင်သည်။ လူချစ်လူခင် ပေါများစေချင်သည်။
ဆရာတော်၏ တစ်သက်တာခရီးကို လေ့လာကြည့်ရှုလျှင် အောက်ပါအတိုင်းတွေ့မည်။ ။
ရှင်မဟာရဋ္ဌသာရသည် မင်းမျိုးမင်းနွယ်မှ ဆင်းသက်ခဲ့သူဖြစ် သည်။ မျိုးရိုးမြတ်ရုံမက ဉာဏ်ပညာထက်မြက်သဖြင့်လည်း စာဆို ပြိုင်ဘက်ဖြစ်သော ရှင်မဟာသီလဝံသ စသော ဆရာတော်များကို ပညာမာန်စောင်ဖြင့် ရန်ထောင်ခဲ့လေသည်။ မိမိကိုယ်ကို အထင်ကြီး ခဲ့လေသည်။ “ငါနှင့်ငါသာ၊ နှိုင်းစရာ” ဖြစ်သည်ဟု ပညာမုန်ယို ခဲ့ပေသည်။
သို့သော် အရွယ်ညောင်း၍ သက်တော်ဝါတော်ရင့်မှည့်လာသော အခါ နောင်တရလေသည်။ မာန်မာနကို ညွှတ်ချလေတော့သည်။ ပညာရှိပီပီ ဆရာတော်များအား စာပေပြုစု၍ ကန်တော့လေသည်။ ထိုခေတ်၊ ထိုအချိန်၌ မြန်မာနိုင်ငံတော်လည်း အစည်းပြေလေတော့ သည်။ တစ်ထီးတစ်နန်းစီ ခြားနားပိုင်းသန့်လျက် အုပ်စိုးကြလေသည်။ နေပြည်တော်အင်းဝ၌ ကြီးပြင်းခဲ့သော ဆရာတော်ပင် ပြည်မြို့သို့ ကြွရောက်သီတင်းသုံးတော်မူရလေသည်။ ဤသို့ တိုင်းပြည်ဆူပူလှုပ် ရှားလှိုင်းခတ်နေသည့်ကြား၌ပင် ဆရာတော်သည် ပညာဉာဏ်ရည်ကြောင့် အေးငြိမ်းချမ်းသာစွာ နေရပေသည်။
ကိုယ်တွေ့ လက်တွေ့ဖြစ်သော သင်ခန်းစာကို ဆရာတော်သုံးသပ် ဝေဖန်ကြည့်၏။ တစ်သက်တာ၏ အပြောင်းအလွဲတို့ကို ဆရာတော် ကြုံခဲ့ပြီးဖြစ်၏။ ရှေ့အဖို့၌ ဆရာတော်၏သက်တမ်းသည် ကုန်ဆုံး လုနီးလေပြီ။ တဝင်းဝင်းထွန်းလင်းခဲ့သော အသက်မီးစာသည် ဖျော့ တော့ချုပ်ငြိမ်းတော့မည်။ ထိုသို့ အသက်မီးမငြိမ်းမီအလင်းရောင် တောက်ဆဲ၌ ဆုံးမစာတစ်စောင်တစ်ဖွဲ့ ကို ထပ်မံရေးသားလိုဟန် လက္ခဏာရှိသည်။ ကျမ်းတစ်စောင်တစ်ဖွဲ့ဖြင့် စာပေကို ထပ်မံဖြည့် တင်းခဲ့လိုဟန်ရှိသည်။
ဤသို့ကျမ်းပြုလိုစိတ် ထက်သန်နေဆဲ မည်သည့်အဖွဲ့ မျိုးဖွဲ့ ရမည် ကို စိတ်ကူးဆဲတွင် ဆင်ဖြူရှင်သတိုးမင်းစော၏သားတော် ဘုရင် ထွေးကို အလိမ္မာတိုးစေချင်သည်။ ဆရာတော်အပေါ်၌ ပြုထားသော ကျေးဇူးကိုလည်း ပြန်တုံ့ဆပ်ချင်သည်။ ဤစာကိုဖတ်ရှုရသော အခြား အခြားသော မင်းတကာတို့အားလည်း ညီအစ်ကိုချင်း သင့်တင့်ညီညွတ် စည်းလုံးချစ်ခင်ကြစေချင်သည်။ ။
ထို့ကြောင့် ရှင်မဟာရဋ္ဌသာရသည် ဇာတ်တော် ၅၅၀ အပါအဝင် ဧကာဒသနိပါတ်-ရှစ်ခုမြောက်ဖြစ် သော သံဝရဇာတ်တော်ကို ရွေးချယ်စီကုံးဖွဲ့ နွဲ့ လေသည်။
သံဝရဇာတ်အကျဉ်း
မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော် ၌ သီတင်းသုံးနေတော်မူသောအခါ လုလင်တစ်ဦးသည် တရားတော် ၌ သဒ္ဓါယုံကြည်သောကြောင့် ရဟန်းဘောင်သို့ဝင်၏။ ကျမ်းကြီး၊ ကျမ်းငယ်အသွယ်သွယ်ကိုလည်း ကျေကျေပွန်ပွန်သင်၏။ ရဟန်းအ ဖြစ်ဖြင့် ငါးဝါ ပြည့်သောအခါ ကမ္မဋ္ဌာန်းစီးဖြန်းလိုသဖြင့် ဆရာတော် များကို ပန်ကြားပြီးသော် နိုင်ငံအစွန်အဖျားတောရွာတစ်ခုသို့ ထွက်ခွာသွားလေသည်။ ထိုရွာ၌ ဝါတွင်းသုံးလပတ်လုံး ကမ္မဋ္ဌာန်းကို မနား မနေကြိုးစားအားထုတ်ပါသော်လည်း ဈာန်မဂ်ဖိုလ်တို့ကို ရရန်အရိပ် အခြည်မျှ မထင်သောကြောင့် လက်မှိုင်ချစိတ်လျှော့ပြီးလျှင် တောရွာမှ တစ်ဖန် သာဝတ္ထိပြည်သို့ ပြန်လည်ကြွလာတော်မူလေသည်။
ဘုရားသခင်၏ ကျောင်းတော်သို့ရောက်သောအခါ ရဟန်းအပေါင်း သည် လုံ့လဝီရိယလျော့သောရဟန်းအကြောင်းကို အကုန်အစင် သိမြင်သောကြောင့် ထိုရဟန်းကို ဘုရားသခင်ထံသို့ ဆောင်ကြဉ်း သွားလေ၏။ ဘုရားသခင်အား အကြောင်းစုံကိုလျှောက်ထားသော အခါ ဘုရားသခင်သည် “ဤရဟန်းကား ယခုမှသာ လုံ့လဝီရိယကိုလျှော့၏။ ရှေးလွန်လေပြီးသောဘဝ၌မူ ပညာရှိအမတ်ကြီးထံ၌ ဆည်းကပ်ပြီးလျှင် အဆုံးအမခံကာ လုံ့လဝီရိယကိုမလျှော့သောကြောင့် ညီနောင်တစ်ရာအနက် အငယ်ဆုံးဖြစ်သော်လည်း ထီးနန်း စည်းစိမ်ကို စံစားရခဲ့ဖူးသည်” ဟု သံဝရဇာတ်ကြောင်းကို ပြန်ပြောင်း၍ ဟောကြားတော်မူသည်။
ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်ကို အုပ်စိုးတော်မူ သော ဗြဟ္မဒတ်မင်းဝယ် သားတော်တစ်ရာထွန်းကားသည်။ အငယ် ဆုံးမှာ “သံဝရ” ဟုခေါ်တွင်လေသည်။ ပညာသင်ချိန်သို့ရောက်သော် သားတစ်ရာကို အမတ်ကြီးတစ်ရာတို့ထံ ပညာသင်ရန် အသီးသီးအပ် နှံထား၏။ သံဝရ၏အမတ်ဆရာကြီးမှာ ဘုရားလောင်းဖြစ်သောကြောင့် ပညာဉာဏ်အမြော်အမြင်နှင့် ပြည့်စုံပြီး သံဝရမင်းသားကို အမြဲဆုံးမလေ့ရှိသည်။
မင်းသားအသီးသီးတို့သည် ပညာပြည့်စုံတတ်မြောက်ကြသော အခါ ခမည်းတော်ထံသို့ အခစားဝင်၍ ပညာပြည့်စုံပြီဖြစ်ကြောင်း သံတော်ဦးတင်ကြလေ၏။ ခမည်းတော်လည်း သားတော်တို့ ၏ အရည်အချင်းကို မြင်ရပြီးသော် နှစ်ထောင်းအားရဝမ်းမြောက်လှသော ကြောင့် “ငါ့သားတို ...၊ အမောင်တို့ကား သူရသတ္တိနှင့်ပြည့်စုံ၍ ပညာ အမျိုးမျိုးကို တတ်မြောက်သဖြင့် ထီးဖြူဖြန့်မိုး မင်းအဖြစ်အုပ်စိုး ထိုက်သူချည်း ဖြစ်လေသည်။ ယခုတစ်မူ ခမည်းတော်စိုးမိုးအုပ်ချုပ် မင်းပြုနေ စဉ်ဖြစ်သဖြင့် ခရိုင်မြို့ကျေးများကိုသာစား၍ ရောင့်ရဲတင်း တိမ်ကြဘိဦး” ဟု မြို့၊ ရွာ၊ ခရိုင်များကို အပိုင်စားအသနားပေး လေသည်။
ဤသို့ နောင်တော်ကြီး၊ နောင်တော်လတ် အသီးသီးတို့ မြို့ကြီး၊ ရွာကြီးများကိုစားကြရသောအခါ သံဝရမင်းသားငယ်လည်း “ငါတစ် ယောက်တည်းသာ မြို့စား၊ ရွာစားမရသေးပေ။ အကယ်၍ နောင် တော်တို့နည်းတူ ငါ့အားကျေး၊ ရွာ၊ ခရိုင်တစ်ခုခုကိုပေးလျှင် ငါယူ ရအံ့လော၊ ငြင်းရအံ့လော” ဟု မဝေခွဲနိုင်သဖြင့် ဆရာကြီးထံ အကြံ ဉာဏ်တောင်းလေ၏။
ဆရာကြီးလည်း အရှည်ကို မြော်ခေါ်တတ်သဖြင့် “အရှင်မင်း သား ... သီးခြားခရိုင်စားသွေးများကို ပေးလတ်မူလည်း မယူလင့်၊ “ကျွန်တော်မျိုးကား အဘခမည်းတော်၏ ခြေရင်းတွင် တစ်နေ့မပြတ် ခစား ပါရစေ၊ အကျွန်ုပ်ကား သားတော်တစ်ရာတွင် အငယ်ဆုံးဖြစ် သည်။ အကျွန်ုပ်ပါမကျန် ခမည်းတော်ထံရင်းမှ ခွဲခွာသွားသည်ရှိသော် ခမည်းတော်၏အပါးတွင် အသံတိတ်၍ နားတော်ဆိတ်မည်ကို စိုးလှ ပါသည်ဟု လျှောက်လေ” ဟု သွန်သင်မှာကြားလိုက်၏။
သံဝရမင်းသားလည်း ခမည်းတော်ကမေးသောအခါ ဆရာကြီး သွန်သင်သည့်အတိုင်း ပြန်ကြားလျှောက်ထားရာ ခမည်းတော်လည်း လွန်စွာနှစ်ခြိုက်နှလုံးခိုက်လောက်အောင် ကျေနပ်နှစ်သိမ့်ပေ၏။ မင်း သားငယ်အားလည်း အနူးအညွတ်ခွင့်ပြုတော်မူ၏။
ခမည်းတော်ထံရင်း၌ ဝပ်စင်းခယ နေမြဲကြာသောအခါ ဆရာ၏ အကြံပေးချက်အတိုင်း ခမည်းတော်ထံမှ ဥယျာဉ်ဟောင်းတစ်ခုကိုတောင်းယူ၏။ ထိုဥယျာဉ်မှထွက်သော အသီးအပွင့်တို့ကို ဆွတ်ခူးလျက် မှူးမတ်တို့နှင့်တကွ ပြည်သူအားလုံးတို့ကို လက်ဆောင်ပေး၏။ သူစိမ်း၊သူကျက်မရွေး မိမိကိုမလိုမညွတ်သူတို့ကိုပင် ပေးကမ်းစွန့်ကြဲ၏။ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံရသူ အပေါင်းအားလည်း ချစ်ဗျူဟာဖြင့် နှုတ်ဆက်၏။ ရိုင်းပင်းကူညီစရာရှိလျှင်လည်း သူတစ်ပါး၏ အလို ပြည့်အောင် ကူညီဆောင်ရွက်ပေးပေ၏။
ဤသို့ဖြင့် တစ်စ တစ်စ လူချစ်၊ လူခင်ပေါများလာသောအခါ ခမည်းတော်ကို ပန်ကြား၍ ထမင်းရိက္ခာတို့ကို လစ်ဟင်းပေါ့လျော့ ခြင်းမရှိအောင် တိုင်းသူပြည်သားတို့အား ညီညီမျှမျှ ဝေခြမ်းပေးမှ လေသည်။
ဤနည်းဖြင့် အမတ်ကြီး၏ အမြင်ကျယ်သော အစီအမံအတိုင်း တဖြည်းဖြည်း မျှား၍မျှား၍ သိမ်းသွင်းလေရာ နောက်ဆုံး၌ တိုင်းမှု ပြည်မှု အစုစု အငန်းငန်း သံဝရမင်းသား၏ လက်တွင်းသို့သာ ရောက် ကုန်၏။ တိုင်းသူပြည်သား၊ မှူးကြီးမတ်ရာ၊ သေနာပတိတို့လည်း သံဝရမင်းသားကိုသာ နှစ်နှစ်လိုလို ကြည်ညိုချစ်ခင်ကြကုန်၏။
အခါတစ်ပါး မင်းကြီးနတ်ရွာလားအံ့ရှိစဉ်တွင် မှူးမတ်အပေါင်း တို့ စုရုံးကြပြီးသော် ဤသို့ တိုင်ပင်၏။ “အကျွန်ုပ်တို့ အရှင်မင်းကြီး ၌ သားတော်တစ်ရာရှိ၏။ ထိုသားတော်တို့အနက် တစ်ပါးပါးကို ရွှေနန်းလျာမထားခဲ့လျှင် မင်းကြီးနတ်ရွာလားသောအခါ ထီးနန်းလု လျက် တိုင်းပြည်ကြေညက်ပျက်စီးဖွယ်ရာဖြစ်တော့မည်”ဟု တိုင်ပင် ကာ ဘုရင်မင်းမြတ်ထံ လျှောက်ကြားတောင်းပန်ကြလေ၏။ မင်းကြီး လည်း “ငါ့သားတော်အားလုံးပင် ထီးနန်းကိုဆက်ခံ စိုးစံထိုက်သူချည်း ဖြစ်သည်။ မှူးတော်၊ မတ်တော်တို့သာ ပြည်သူတို့သဘောဖြင့် နှစ် သက်သူကို ရွေး၍ထီးနန်းတင်ကြလော့” ဟု မိန့်ဆိုမှာကြားပြီးလျှင် နတ်ရွာလားလေ၏။
ဘုရင်မင်းမြတ်နတ်ရွာစံသောအခါ မှူးမတ်တော်တို့လည်း အညီ အညွတ်ပင် သံဝရမင်းသားအား နန်းတင်ကြလေ၏။ အငယ်ဆုံး ညီထွေးကို နန်းတင်သည်ဟု နောင်တော်တို့ကြားလေသောအခါ မကျေမနပ်ဖြစ်ကြ၍ စစ်သည်ဗိုလ်ပါအသီးသီးဖြင့် ဗာရာဏသီမြို့ကို ဝန်းရံကြလေ၏။ “နန်းကိုလည်း ပေးမည်လော၊ စစ်တည်းပြိုင်မည် လော” ဟု ရာဇသံမိန့်လွှာကို သံဝရမင်းထံ ပို့ကြလေ၏။
ထိုအခါ သံဝရမင်းလည်း မည်သို့ပြုရအံ့နည်းဟု ဆရာကြီးထံ အကြံတောင်းပြန်လေ၏။ ဆရာကြီးလည်း “အသင်မင်းကြီး၊ နောင်တော်တို့ကို စစ်မပြိုင်စကောင်း။ ခမည်းတော်၏ အမွေကို အစုတစ်ရာ ပုံ၍ နောင်တော်တို့၏ဝေစုကို ယူလှည့်ကြပါကုန်၊ စစ်မပြိုင်လိုပါဟုလျှောက်လေ” ဟု ညွှန်ပြပြန်၏။
ဆရာ၏အမိန့်အတိုင်း သံဝရမင်း လိုက်နာလေရာ အစ်ကိုကြီး ဖြစ်သော ဥပေါသထလည်း ညီတော်များအား “ညီတော်တို့ ...။ သံဝရသည် ငါတို့ကို မခုခံပေ။ ငါတို့၏ ဝေစုကိုလည်းပေး၏။ ကိုးဆယ် ကိုးယောက်သော ငါတို့လည်း တိုင်းပြည်ကို တစ်ပြိုင်နက် မင်းပြု၍ မဖြစ်၊ သံဝရပင် မင်းပြုပါစေလော့” ဟု မိန့်လေ၏။ ညီတော်တို့လည်း သဘောတူကြလေ၏။
ဤသို့သဘောတူပြီးမှ နောင်တော်တို့လည်း ဗာရာဏသီမြို့တွင်း သို့ ဝင်ကြ၏။ သံဝရလည်း ချေချေငံငံ ရိုသေစွာပင် လက်ဆောင် လက်နက်များဖြင့် ခရီးဦးကြိုပြု၏။ လိုလေသေးမရှိအောင် ဧည့်ဝတ် ပြု၏။
ညီတော်၊ နောင်တော်တို့ ဆုံတွေ့ကြသောအခါ သံဝရ၏ ကြံရည် ဖန်ရည်ကို နောင်တော်ကြီးလည်းမေးမြန်းပြောဆို၏။ သံဝရ၏ သိမ် မွေ့နူးညံ့၊ လိမ္မာလှသောအဖြစ်သနစ်ကိုမြင်သောအခါ နောင်တော် တို့လည်း ညီတော်အား ချစ်ခင်ကြည်ညိုလျက် ဗာရာဏသီသို့ ရောက် အံ့သောရန်ကို ငါတို့သည် ကျေးရွာခရိုင်အသီးသီးမှ ဆီးတားကာကွယ် အံ့ဟု ကတိပြုပြီးလျှင် နေရပ်အသီးသီးသို့ ပြန်ကြွကြလေ၏။
ထို့ကြောင့် သံဝရမင်းသားသည် ညီနောင်တစ်ရာအနက် အထွေး ဆုံးဖြစ်သော်လည်း ဆရာကောင်းကို အမှီရ၍လည်းကောင်း၊ မြော်




