ရွှေဥဒေါင်း - ဝထ္ထုတိုပေါင်းချုပ်အဌမတွဲ
ရွှေကြော့မှူး
ရန်ကုန်မြို့မှ မန္တလေးမြို့သို့ သွားလာသော စလေဒင်” အမည်ရှိ စာပို့မီးသင်္ဘောသည် မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းသို့ ဆိုက်ကပ်သဖြင့် သင်္ဘောစီးခရီးသည်တို့လည်း ဝန်စည်အထုပ်အပိုးများနှင့် သင်္ဘောကုန်းဘောင်မှ တိုးဝှေ့ကာ ဆင်းသက်လျက်ရှိ ကြစဉ် သင်္ဘောဆိပ်ကမ်းအနီးရှိ သစ်ပင်ကြီးတစ်ပင်ကိုမှီလျက် အသက် ၃၀ ကျော် ခန့်မျှရှိသော လူတစ်ယောက်သည် သတင်းစာတစ်စောင်ကို တစ်ဖက်၌ လိပ်ကာ ကိုင်လျက် တစ်ဖက်မှ တုတ်ကောက်နှင့် မြေကိုခြစ်ရေးရင်း ငြိမ်းချမ်းအေးရွှင် ကြည် လင်ချမ်းမြစွာရှိသော အမူအရာဖြင့် ဆေးပေါ့လိပ်ငယ်ကို ရံဖန်ရံခါရှိုက်ဖွားပြီးလျှင် ယခင်က သင်္ဘောဆင်းခရီးသည်တို့အား ကြည့်ရှုမျှော်ကာ ရှိနေလေ၏။ ခရီး သည်တို့လည်း မြင်းရထား၊ နွားလှည်း၊ ဓာတ်ရထားစသည်တို့ဖြင့် အသီးသီး ထွက်ခွာသွားကြသဖြင့် အတန်ငယ် လူသူပါးရှား၍သွားလတ်သော် အသက် ၂၀ ခန့်အရွယ်မျှရှိသော သူငယ်တစ်ယောက်သည် သားရေအိတ်ငယ်တစ်ခုကို လက် ဆွဲလျက် ရခိုင်ရွှေသည် နှစ်ယောက်တို့၏ အလယ်မှလိုက်ခဲ့၍ ကုန်းပေါ်သို့ တက် လာသည်ကို ယခင်က သစ်ပင်၌မှီလျက်ရှိသောလူ မြင်လေလျှင်
“သူငယ်ကလေးက ရုပ်ရည်ကချောသန့်၊ အမူအရာလေးကလည်း မိန်းမ ကလေးလိုပဲ၊ ပျော့ပျော့ပျောင်းပျောင်း၊ သည်မြို့မှာ အသိမိတ်ဆွေများ မရှိရှာရော့ သလား ကရို၊ ရွှေကြိုတွေက အတင်းညှပ်ပြီး ဆွဲနေကြ သူတို့အိမ် ရောက်မှဖြင့် အလှီးခံရရှာတော့မှာပဲ၊ ခမျာကလေးက မန္တလေးမြို့ ကိုမှ ရောက်ဖူးရှာမယ် မထင်ပါ ဘူး၊ သတိပေးလိုက်ဦးမှ ထင်ပါရဲ့” ဟု တစ်ယောက်တည်းစိတ်ကူးပြီးနောက် ထိုသူငယ်ဆိုက်ရောက်၍လာသည်တွင် ရွှေကြိုများမမြင်အောင် ဦးခေါင်းကို အနည်း ငယ် ညိတ်၍ပြလိုက်လေ၏။
ထိုအခါ သူငယ်လည်း ရွှေကြိုများကို ခေတ္တစောင့်ဆိုင်းရန်ပြောဆိုခဲ့၍ ထိုသူ၏ အနီးသို့ ချဉ်းကပ်ပြီးလျှင်
“ကျွန်တော့်ကို ခေါ်ပါသလားခင်ဗျား” ဟု မေးရာ
ထိုသူ။ ။ “ခေါ်မိပါတယ် မောင်၊ ရွှေကြိုများအိမ်မှာ မောင်တည်းခိုလို့ ငွေများ ကြေးများ များများစားစားပါလို့ရှိရင် သတိထားနော်၊ အစစအရာရာမှာ သတိဝီရိယ နဲ့ နေပါထိုင်ပါ၊ သည်မြို့မှာ အသိမိတ်ဆွေမရှိဘူးမှတ်တယ်”
သူငယ်။ ။ “မရှိပါဘူးခင်ဗျာ၊ တစ်ခေါက်မှလည်း ကျွန်တော်မရောက်ဖူးပါ ဘူး။ သတိပေးတာလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ သည့်ပြင်တည်းအိမ် နေအိမ် တွေ့ရင်လည်း ကျွန်တော် သူတို့အိမ်မှာ မတည်းခိုပါဘူး၊ စိတ်ချပါခင်ဗျာ၊ ကျွန်တော် သတိပြုပါမယ်”ဟုပြောလျှင် ထိုသူလည်း သူငယ်၏အပေါ်၌ မေတ္တာသက်ဝင်ခဲ့သည် ဖြစ်၍ အရေးအကြောင်းရှိက စောင်မကြည့်ရှုချေတော့မည်ဟု စိတ်တွင် အောက်မေ့ပြီးလျှင်
“ကျုပ်အိမ်က မင်္ဂလာဈေးလမ်း၊ ရှေ့နေမောင်ဘရွှေတဲ့၊ မောင် တစ်ခေါက် လောက်လာပြီး လည်လှည့်ဦးနော်” သူငယ်။ ။ “ကောင်းပါပြီခင်ဗျား၊ ကျွန်တော် သွားချေပါဦးမယ်၊ ခွင့်ပြုပါဦး ခင်ဗျာ”
ရွှေ။ ။ “ကောင်းပါပြီ မောင်၊ ကောင်းပါပြီ”
၎င်းနောက် မောင်ဘရွှေလည်း “သည်သူငယ်ကလေး မျက်နှာမြင်ရ၊ မြင်လျှင် မြင်ချင်း ဘာကြောင့်လဲမသိ ချစ်ခင်လိုက်ရတာ၊ ရေစက်ပဲထင်ပါရဲ့ ၊ ဘာကိစ္စများနဲ့ ရောက်လာတယ်မသိ၊ အလည်သက်သက်ပဲထင်ပါရဲ့ ၊ဝတ်ပုံစားပုံကတော့ အောက် သားခပ်ဆန်ဆန်ပဲ၊ တယ်ပြီးလည်းနူးနူးညံ့ညံ့ရှိတယ်၊ ကိုင်း ငါလည်းပျင်းလှသေး တယ်၊ အင်းဝဘက်လိုက်သွားပါဦးမယ်” ဟုပြောပြီးလျှင် မန္တလေးနှင့်အင်းဝသို့ကူးသော ကူးတို့သင်္ဘောပေါ်သို့တက်၍ လေညှင်းခံရန် အင်းဝဘက်သို့ လိုက်ပါသွား လေ၏။
ရှေ့နေမောင်ဘရွှေမှာ အင်္ဂလိပ်ကျောင်းမှ အိုင်အေတန်းကို အောင်မြင်ပြီးသည် နောက် အစိုးရဘက်၌ နှစ်ပေါင်းအနည်းငယ်ထမ်းရွက်ခဲ့ရာ သူတစ်ပါးတို့၏ လခစား မည်သည်မှာ လွတ်လပ်စွာနေထိုင်သွားလာရခြင်းမရှိဘဲလျက် “သခင်အားရ၊ ကျွန် စာဝ”ဟူသောစကားကဲ့သို့ မျက်နှာလိုအားရ ပြုလုပ်နိုင်သောသူများသာလျှင် ကြီး ပွားထွန်းကားမြဲ ဖြစ်လေရကား မောင်ဘရွှေမှာ အမိအဘ၏ အမွေအနှစ် ပစ္စည်းဥစ္စာ တို့ကိုလည်း အတန်ငယ်ဆက်ခံရရှိခဲ့သည်လည်းတစ်ကြောင်း၊ မဟုတ်လျှင် မခံယူသော သဘောလည်းရှိလျက်၊ လွတ်လပ်ခြင်းကိုလည်း နှစ်သက်စုံမက်ခဲ့သောသူ တစ်ဦးလည်းဖြစ်သည်နှင့် ဥပဒပညာများကို သင်ကြားခဲ့ပြီးလျှင် ဒုတိယတန်းရှေ့နေ စာမေးပွဲကို အောင်မြင်ပြီးနောက် ရှေ့ နေလုပ်ငန်းဖြင့် မန္တလေးမြို့တွင် နေထိုင် အသက် မွေးခဲ့လေသည်။ ယင်းကဲ့သို့ ရှေ့နေလုပ်ငန်းဖြင့် အသက်မွေးခဲ့ပါသော်လည်း မောင်ဘရွှေမှာ များစွာသော အခြားရှေ့နေတို့ကဲ့သို့ အမှုမှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ် စေ ပိုက်ဆံသာလျှင် လိုရင်းဖြစ်သည်ဟု မှတ်ထင်ခြင်းမရှိသည်ဖြစ်၍ မမှန်မကန်ဉာဏ် ဖြင့် လည်ဆယ်၍ မှုခင်းဖြစ်ပွားလိုသောအမှုသည်တို့၏ အမှုတို့၌ မည်မျှပင် ကြေး ငွေပေးကမ်းငှားရမ်းသည်ဖြစ်စေကာမူ အမှုကိုလက်မခံဘဲ ငြင်းဆန်ခဲ့သည်သာဖြစ် လျက် ရံဖန်ရံခါ သူတစ်ပါးတို့၏ ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံရသော ဆင်းရဲသားအမှု သည်တို့အား မရှိနွမ်းပါးသည်ကို ပမာဏမပြု၊ အခကြေးငွေ တစ်ပြားတစ်ချပ်မျှ မရရှိဘဲလျက် မိမိကိုယ်တိုင် နှိပ်စက်ညှဉ်းပန်းခြင်းခံရဘိသကဲ့သို့ အစမှအဆုံးတိုင် လိုက်လံလျှောက်လဲခြင်းကို ပြုတတ်ပေ၏။ ယင်းကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် အခါ ကြေးငွေရရှိသောအမှုတို့ နည်းပါးလျက် “မေတ္တာရိ” ကုသိုလ်ဖြစ်အမှုတို့သာလျှင် ပေါများခဲ့သည်ဖြစ်၍ ငွေဝင်နည်းပါးလှသည်ဖြစ်သော်လည်း မောင်ဘရွှေမှာ မိမိ လက်ရှိ ပစ္စည်းဥစ္စာ လယ်ယာချောင်းတို့မှ မိမိစားသုံးလောက်အောင် ဝင်ငွေရရှိ သည်လည်းတစ်ကြောင်း၊ သားမရှိ၊ မယားမရှိ၊ မိမိအပေါ်၌ မှီခိုအားထား ပြုလုပ်ရ သည့်သူလည်း မရှိသည်နှင့် ယင်းကဲ့သို့ ဝင်ငွေ နည်းပါးခဲ့သော်လည်း မိမိ၏စိတ် ၌ အနှောင့်အယှက်မရှိဘဲ လွတ်လပ်ငြိမ်းချမ်းစွာ နေထိုင်နိုင်ခဲ့လေ၏။
မောင်ဘရွှေလည်း လေညှင်းခံရန်မျှ ထွက်လာခဲ့ခြင်းဖြစ်၍ အင်းဝဘက်၌ သင်္ဘောဆိုက်ကပ်သော်လည်း မဆင်းသက်ဘဲ အဆန် မန္တလေးဘက်သို့ ပြန်လည် လိုက်လာခဲ့သဖြင့် မိမိနေအိမ်သို့ ရောက်လေလျှင် မိမိ၏ နာမည်နှင့် ရောက်နေသော စာများအနက် တစ်စောင်သောစာကို ဖောက်၍ ဖတ်ပြီးနောက်။
“ကော်ပြီ... ကော်ပြီ... သည်တစ်ခါ ဖြင့် ကိုယ့်လူကြီး နေရာကျကောင်း ပါရဲ့၊ သည်တစ်ခါ နေရာကျပါမှပဲ ခမျာမှာ ကံချော်နေတာ တော်တော်ကြာသွားရှာ ပြီ၊ လူကောင်းကြီးတစ်ယောက်ပပ်၊ ဦးဘိုးမောင်ဟာ နက်ဖြန်ခါ သူ့မြင်းကို လာပြီး ကြည့်စေချင်တယ်တဲ့၊ နက်ဖြန်လည်း အမှုလိုက်စရာမရှိဘူး၊ သွားပြီးကြည့်လိုက်ဦး မှပဲထင်တယ်၊ သည်တစ်ခါ စိန်လယ်ဂျာပွဲမှာ ကော်ရင်ဖြင့် တော်မှာပဲ၊ နို့မို့ရင်ဖြင့်၊ ကိုယ့်လူ မြင်းတွေရောင်းရှာရတော့မယ်ထင်တယ်” စသဖြင့် တစ်ယောက်တည်း စဉ်းစားစိတ်ကူးလျက်ရှိနေလေ၏။
၎င်းစာကို ရေးသားပေးပို့သူ ဦးဘိုးမောင်မှာ ပင်စင်အငြိမ်းစား ကြေးတိုင်ဝန်ထောက်တစ်ယောက်ဖြစ်လျက် ပြိုင်မြင်းများ မွေးမြူခြင်း၌ အလွန်တရာ ဝါသနာ ပါရှိသည်ဖြစ်ရာ မန္တလေးမြို့ နန်းတော်ရှေ့၊ ဈေးအရှေ့ဘက်၊ မင်္ဂလာဥယျာဉ်အရပ်၌ ပြိုင်မြင်းများ မွေးမြူနေထိုင်လျက်ရှိလေသည်။ မောင်ဘရွှေမှာလည်း မိမိကိုယ်တိုင် ပြိုင်မြင်းမွေးမြူခြင်းမရှိသော်လည်း မြင်းပြိုင်ခြင်း၌ အတန်ငယ်ဝါသနာပါရှိခဲ့သည် ဖြစ်၍ ဝန်ထောက်ဦးဘိုးမောင်နှင့်လည်း ချစ်ကျွမ်းဝင်ခဲ့ရာ တာပတ်ပွဲများတွင် ဦးဘိုး မောင်၏ မြင်းများဘက်မှ လောင်းစားခြင်းပြုခဲ့ပါသော်လည်း လွန်ခဲ့သည့် ၅ ပွဲ၊ ၆ ပွဲတွင် ဆုံးရှုံးခဲ့သည်သာလျှင် ဖြစ်ခဲ့လေ၏။ သို့ရာတွင် မောင်ဘရွှေမှာ မြင်းပွဲတို့၌ လောင်းစားခြင်းပြုခဲ့စေကာမူ မိမိ၌ နစ်နာဆုံးရှုံးခြင်း ရှိလောက်အောင် မြောက်မြား သော ကြေးငွေတို့ကို လောင်းစားခြင်းပြုသည်မဟုတ်၊ ပျော်ပါးရုံမျှသာလျှင် အနည်း ငယ်လောင်းစားခဲ့ခြင်းဖြစ်သည့်ပြင် မိမိကိုယ်တိုင်လည်း မြင်းများကို အတော်အတန် နားလည်ကျွမ်းကျင်ခဲ့သည်ဖြစ်သောကြောင့် လောင်းသမျှ အခါတိုင်း၌ နိုင်သည်သာ လျှင်ရှိခဲ့ရာ လွန်ခဲ့သည့် ၄-၅ ပွဲတွင်မှ ဆက်လက်၍ ရှုံးပါးရခြင်းဖြစ်လေသည်။ သို့ပင်ဆုံးရှုံးပါသော်လည်း မောင်ဘရွှေမှာ သူဌေးဖြစ်ကြံစည်၍ လောင်းစားသည် မဟုတ်။ ဝန်နှင့်အား၊ မြားနှင့်လေး” ဟူဘိသကဲ့သို့ မိမိ အင်အားကို ချင့်ချိန် လောင်းစားခြင်းပြုခဲ့သည်ဖြစ်သောကြောင့် ရှုံးပင်ဆုံးရှုံးသော်လည်း နစ်နာစေလောက် အောင် ရှိခဲ့သည်မဟုတ်ပေ။
စာကိုဖတ်ပြီးနောက် မောင်ဘရွှေလည်း ပက်လက်ကုလားထိုင်တစ်ခုပေါ်တွင် ပက်လက်လှန်လျက် ဆေးလိပ်ကိုဖွာရှိုက်ရင်း စဉ်းစားစိတ်ကူးလျက်ရှိစဉ် သူငယ် တစ်ယောက်သည် အိမ်ပေါ်သို့တက်လာ၍
“အမိန့်တော်ရမင်း ရှိပါသလားခင်ဗျား” ဟုမေးရာ ထိုသူငယ်မှာ အခြား မဟုတ်၊ သင်္ဘောဆိပ်၌တွေ့ခဲ့သော သူငယ်ပင်ဖြစ်လေသည်။
မောင်ဘရွှေလည်း သူငယ်အား နေရာထိုင်ခင်းပေးပြီးနောက်
“ဘယ့်နှယ်လဲ၊ ချက်ချင်းပဲ ပေါက်လာသကိုး မောင်၊ ဘယ်မှာတည်းခိုပါ သလဲ၊ ရွှေသည်များ အိမ်မှာပဲလား” သူငယ်။ ။ “ယခုဖြင့် သူတို့အိမ်မှာပဲ တည်းခိုနေရပါသေးတယ်ခင်ဗျာ၊ နောင် ကြီး သတိပေးတဲ့အတိုင်း တော်တော်ငွေညှစ်တဲ့လူတွေပါပဲ၊ ရောက်ကာရှိသေး ငွေ ၁/ - ၂8/ လောက် ကုန်သွားပြီခင်ဗျာ”
ရွှေ။ ။ “သည်လူစုက သည်လိုပဲမောင်၊ သူတို့ဆီကဝယ်နိုင်ခြမ်းနိုင်မှ ကောင်း - တဲ့ လူစုတွေပဲ၊ ဒါထက် မောင်က အလည်သက်သက်ပဲလား”
သူငယ်။ ။ “ကျွန်တော်လည်း စိတ်ညစ်ညစ်ရှိတာနဲ့ ရောက်ချင်ရာ ရောက်စေတော့ဆိုပြီး ထွက်လာခဲ့ခြင်းဖြစ်ပါတယ်၊ သည်မြို့မှာ အလုပ်အကိုင် အပေါက် အလမ်းတည့်ရင်လည်း လုပ်ကိုင်စားသောက်နေထိုင်ဖို့ပါပဲ”
ရွှေ။ ။ “အမိ အဘနဲ့စိတ်ဆိုးပြီး ထွက်ပြေးလာခဲ့တဲ့သူငယ်မှတ်တယ်”
သူငယ်။ ။ “မဟုတ်ပါဘူးခင်ဗျာ၊ ကျွန်တော်မှာ မိမဲ့ဘမဲ့ဖြစ်လေတော့ နေရင်း ဒေသမှာ မနေချင်လို့ မိမွေဘမွေကလေးများ စုဆောင်းရောင်းချပြီး သည်မြို့မှာ တစ်မျိုး တစ်မည်ကြံစည်နေထိုင်မယ်လို့ လာခဲ့ခြင်းဖြစ်ပါတယ်၊ ငွေကလေး ၂၀၀၀ တော့ ပါလာပါရဲ့”ဟုပြောပြီးနောက် သူငယ်လည်း သားရေအိတ်တွင် သေသပ်စွာခေါက် ၍ ထည့်ထားသော ၁ဝဝ တန် ငွေစက္ကူ အချပ် ၂၀ ကို ထုတ်၍ပြလေ၏။
ရွှေ။ ။ “မောင်က ဘယ်မြို့ဇာတိလဲ”
သူငယ်။ ။ “ပုသိမ်မြို့ဇာတိပါခင်ဗျာ၊ ကြီးတော့ ရန်ကုန်မှာကြီးပါတယ်”
ရွှေ။ ။ “ဘယ်လိုအလုပ်အကိုင်များနဲ့ အသက်မွေးမယ်လို့ ကြံစည်သလဲ”
သူငယ်။ ။ “မပြောတတ်ပါဘူးခင်ဗျာ၊ ဖြစ်သမျှနဲ့ ကြံဖန်ပြီး အသက်မွေးရ မှာပါပဲ”
ရွှေ။ ။ “ဘာပညာများ တတ်ခဲ့သလဲ”
သူငယ်။ ။ “ကျွန်တော် အင်္ဂလိပ်စာ ၇ တန်းအောင်ခဲ့ပါတယ်ခင်ဗျာ”
ရွှေ။ ။ “မောင့် နာမည် ဘယ်သူတဲ့လဲ”
သူငယ်။ ။ “မောင်စံတင့်ပါတဲ့ခင်ဗျာ”
ရွှေ။ ။ “ယခုဖြင့် ဘယ်လိုအကြံအစည်မျှ မရှိသေးဘူးလား”
သူငယ်။ ။ “မရှိသေးပါဘူးခင်ဗျာ၊ အလုပ်မရမီ သည်ငွေကလေးနဲ့ စားသောက် ပြီး သည်ငွေကလေးမကုန်မီ အလုပ်အကိုင်တစ်ခုခု နေရာတကျရကောင်း ပါရဲ့လို့ မျှော်လင့်ရတာပါပဲ ခင်ဗျာ”
မောင်ဘရွှေလည်းဆေးလိပ်ကိုသောက်ရှူရင်း မောင်စံတင့်၏နူးညံ့ပျော့ပျောင်း ကောင်းမွန်ပြေပြစ်သော ရုပ်လက္ခဏာတို့ကိုလည်းကောင်း၊ သူငယ်၏သေးသွယ် နုနယ်သော ခြေလက်အင်္ဂါတို့ကိုလည်းကောင်း၊ သိမ်မွေ့ နူးညံ့သော ကိုယ်အမူအရာ၊ နှုတ်အမူအရာတို့ကိုလည်းကောင်း၊ အတန်ကြာအောင် ကြည့်ရှုအကဲခတ်ပြီးလျှင် ရွှေ။ ။ “အလုပ်အကိုင်တစ်ခု ကျုပ်ရှာပြီးပေးရင် လုပ်မလား”
သူငယ်။ ။ “ကျေးဇူးပဲ ခင်ဗျာ၊ လုပ်ပါရစေ”
မောင်ဘရွှေမှာ ယခင်က ပြိုင်မြင်းများမွေးမြူသူ ဝန်ထောက်ကြီး ဦးဘိုးမောင် နှင့် တွေ့ဆုံစဉ်အခါက ဦးဘိုးမောင်မှာ မြင်းအမြောက်အမြားမွေးမြူသူဖြစ်၍ ယုံကြည် စိတ်ချရသော လက်အောက်စာရေးတစ်ယောက် အလိုရှိကြောင်းနှင့် ပြောဆိုဖူးသည်