Skip to product information
1 of 13

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - ဝထ္ထုတိုပေါင်းချုပ်ပထမအုပ်

Regular price 7,500 MMK
Regular price Sale price 7,500 MMK
Sale Sold out

အခန်း( ၁ )

မိုးကောင်းသွားခရီးသည်ကြီး

ချမ်းအေးသော နတ်တော်လအတွင်း တစ်နေ့သော နံနက်ခင်းအချိန်တွင် စစ်ကိုင်း-မြစ်ကြီးနား မီးရထားသည် နဘားဘူတာရုံမှ မြစ်ကြီးနားဘက်သို့ ဆန်တက်ခုတ်နှင်လျက်ရှိသည်။

`မီးရထားခရီးသည်များသည် ကောလင်း၊ ဝန်းသို စသော ဘူတာရုံများကို ကျော်လွန်လာသည်မှစ၍ မြန်မာ အစစ်မဟုတ်သည့် လက္ခဏာနှင့် ၎င်းတို့ပြောစကားများမှာ တစ်ဘူတာထက်တစ်ဘူတာ ဝဲသည်ထက်ဝဲ၍လာခဲ့ ရာ နဘားဘူတာကို ကျော်လွန်မိသောအခါတွင်မူကား မြန်မာစကားထက် ရှမ်းစကားပြောသူ ခရီးသည်များက ပြောက်ကျားပြောက်ကျား ပေါ်ထွက်လာ၍ မောလူး၊ မော်ဟန် စသောဘူတာရုံများသို့ရောက်သောအခါတွင် လွယ်အိတ်၊ ခမောက် ဘောင်းဘီပွ၊ ဂွမ်းထိုးအင်္ကျီ စသည့် အဝတ်အစားနှင့် အသုံးအဆောင်များသည် မီးရထားတွဲတိုင်း တွင် လွှမ်းမိုးစပြုလာတော့၏။

အချို့ဘူတာများ၌ ခရီးသည်များသည် မီးရထား ဆိုက်သည်နှင့်တစ်ပြိုင်နက် သားနှင့်အဘ၊ မောင်နှင့်နှမ လက်တွဲကာ ထိုမှဤမှ ဟစ်ခေါ်ပြေးလွှားလျက် မီးရထား ထွက်သွားမည်စိုးသဖြင့် တံခါးကိုဖွင့်ရန် သတိမရနိုင်ဘဲ ပြတင်းပေါက်များမှ တိုးလျှိုးကျော်လွှားကာ ဝင်လာကြသည်များ တွေ့မြင်ရသည်မှာ ပြုံးရယ်ကြည်ရွှင်ဖွယ် ကောင်းလှပေသည်။

ထိုသို့သော ခရီးသည်မျိုးသည် မီးရထားပေါ်သို့ ရောက်သောအခါ၌လည်း ထလိုက်၊ ထိုင်လိုက်၊ ကုန်း လိုက်၊ ကွလိုက်၊ အပြင်သို့ကြည့်လိုက်၊ တန်းပေါ်တက် ထိုင်လိုက်နှင့် ဂနာမငြိမ်အောင် ဖြစ်နေကြပုံများကို ထောက်သဖြင့် မီးရထားဖြင့် ခရီးသွားဖူးခြင်းမှာ ထို အကြိမ်သည် ပထမအကြိမ် ဖြစ်ဟန်တူပေ၏။

နတ်တော်လမှာ ဆောင်းရာသီဖြစ်သည့်ပြင် ၎င်း အရပ်ဒေသမှာ အေးချမ်းသော ဒေသဖြစ်၍ ပြတင်း ပေါက်များမှ လေတဖြူးဖြူးတိုက်ဝင်လျက်ရှိရကား ခရီး ရှည်စီးနင်းလိုက်ပါလာသော ခရီးသည်များသည် ရှမ်း ခရီးသည်သစ်များ၏ ဆူညံသောအသံကြောင့် စိတ်ရှုပ် သောလက္ခဏာနှင့် ကွေးလျက်အိပ်နေသော စောင်ခြုံများ ထဲမှ ဦးခေါင်းထောင်၍ ကြည့်ကြ၏။

အချို့မှာ ခရီးဝေးသည့် လက္ခဏာနှင့် တစ်ဖက် သို့ စောင်းကာ.ဆက်လက်၍ အိပ်ကြပြန်ရာ တချို့မှာ လည်း မြည်တွန်တောက်တီးလျက် အိပ်ပျော်ဖို့အရေးကို လက်လျှော့ပြီး မျက်စောင်းထိုးကာ မေးငေါ့ ကာဖြင့် အိပ်ရာမှ ထထိုင်လိုက်ကြလေ၏။

ရှမ်းခရီးသည်များကမူ မည်သူ၏ ညည်းညူခြင်း ကိုမျှ ဂရုစိုက်ဟန်လက္ခဏာမရှိဘဲ ဘူတာ၌ကျန်ရစ်ခဲ့ သော မိမိတို့၏ မိတ်ဆွေများအား လှမ်းခေါ်ဟစ်အော်ကာနှုတ်ဆက်လျက် ရှိကြလေ၏။

နဘားဘူတာသို့ တိုင်အောင် မီးအိမ်များ၏ အလင်းရောင်ဖြင့် ခုတ်နှင်လာခဲ့ရသော မီးရထားမှာ နဘားဘူတာတွင် မီးအိမ်များသိမ်းယူပြီးနောက် ဆီးနှင်း များအတွက်ကြောင့် အံ့မှိုင်းမှိုင်း ဝှေ့ဆိုင်းဆိုင်း ရှိနေသည့် အလင်းရောင်တွင် “စမ်းတဝါးဝါး” တွား၍သွားရသည့် ဟန်နှင့် မရွံ့မရဲ ခုတ်နှင်လျက်ရှိ၏။

တစ်ခုသောတတိယတွဲတစ်တွဲ၌ ခရီးသည်တစ်စု တို့သည် မော်လူးဘူတာသို့ မီးရထားဆိုက်သည်နှင့် တစ်ပြိုင်နက် ကောက်ညှင်းပေါင်း၊ ငါးကြော် အစရှိသည့် လူကြမ်းများကြိုက်တတ်သော အစာအာဟာရများကို ဝယ်ယူစားသောက်ကြပြီးနောက် မိမိတို့၏ သေးငယ်ပေကျံသော အိပ်ရာလိပ်ကလေးများကို လိပ်သိမ်းချည်နှောင်စ ပြုကြလေရာ ၎င်းတို့၏ညံ့ဖျင်းသော အဝတ်အစားများ ကို ကြည့်ခြင်းအားဖြင့် မိုးကောင်းမြို့တွင် အလုပ်လုပ်သည့် ကျောက်တွင်းတူးသမားများဖြစ်ကြောင်း သိရှိနိုင်ပေ၏။

တစ်ခုသောထောင့်၌ကား ပုလိပ်သားနှစ်ယောက် တို့သည် ဘူတာရုံမှ ပုလင်းဖြင့်ထည့်၍ဝယ်ခဲ့သော ကာ ကာလက်ဖက်ရည်နှင့် နံပြားမုန့်များကို မြိန်ရှက်စွာ စားသောက်လျက် ရှိကြ၏။

ကျောက်တွင်းတူးသမားများက ၎င်းတို့နှစ်ယောက်အား ရံဖန်ရံခါ စောင်းငဲ့ကြည့်ရှုပုံနှင့် အချင်းချင်း တီးတိုး စကား ပြောကြပုံများကိုထောက်သော် ကျောက်တွင်းတူး သမားများသည် ပုလိပ်များအပေါ်၌ မြွေသတ္တဝါလို သဘောထားသည့်အလား ကဲ့ရဲ့ ရွံရှာခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ ရောယှက်စပ်ဖက်လျက် ရှိနေဟန်တူပေ၏။

အခြားသော ထောင့်တစ်ထောင့်၌ကား မည်သူ နှင့်မျှ အရောဝင်လိုသည့် လက္ခဏာမရှိဘဲ တစ်ကိုယ်တည်း ခွဲခြားလျက် လိုက်ပါလာသော ခရီးသည်တစ်ယောက် ရှိပေ၏။

အဆိုပါခရီးသည်မှာ အသက်အရွယ် သုံးဆယ် ခန့်ရှိ၍ ဖျတ်လတ်သွက်လက်သော အမူအရာနှင့်လည်းကောင်း၊ ကျစ်လျစ်သိပ်သည်းသော ကိုယ်လုံးကိုယ် ပေါက်တို့နှင့်လည်းကောင်း၊ မွန်ရည်သန့်စင်သော ရုပ် လက္ခဏာနှင့်လည်းကောင်း ပြည့်စုံပေ၏။

နဂိုအားဖြင့် ခပ်လတ်လတ်ရှိသော ၎င်း၏ အသားအရေမှာ အရပ်လေးမျက်နှာ သွားဖန်များသဖြင့် နေစားသည့်အတွက်ကြောင့် ချိပ်ရောင်သဖွယ် ညိုညိုမှိုင်း မှိုင်း ရှိနေလေ၏။ ၎င်း၏မျက်လုံးများမှာ အလွန်တရာ ကြည်လင် တောက်ပစူးရှထက်မြက်လှ၍ မည်းနက်သော မျက်လုံး များ၏အောက်တွင် အရောင်တဖျပ်ဖျပ် ထွက်လျက်ရှိရာ နှစ်သိမ့်သောအခါတွင် ချစ်ခင်ဖွယ်ကောင်းသလောက်၊ မာန်တင်းသောအခါတွင် ကြောက်မက်ဖွယ်ကောင်းလှ ပေ၏။

သို့ရာတွင် ကျွဲကော်ကိုင်းနက်နှင့် ဝိုင်းစက်သော မျက်မှန်ကြီးသည် မျက်လုံးက စူးရှသောအရောင်ကို ကွယ်ဝှက်ဖုံးအုပ်ထားတတ်ရကား ရံဖန်ရံခါ ထိုသူ၏ ခက်ထန်တင်းမာသော စိတ်သဘောကို မြင်ရသူတို့မရိပ်မိ နိုင်အောင် ဖုံးကွယ်၍ ထားတတ်ပေ၏။

ထိုသူ၏ ကြံ့ခိုင်သော မေးရိုးကြီးများသည်လည်း ကောင်း၊ ပါးလွှာတင်းမာသော နှုတ်ခမ်းများသည်လည်း ကောင်း၊ အလွယ်တကူနှင့် ဖြားယောင်းသွေးဆောင်၍ မရနိုင်သော စိတ်သဘောကို ကြော်ငြာသကဲ့သို့ ထင်ရှား စေသည့်ပြင် သူ၏အလိုနှင့် ဆန့်ကျင်ဘက်ပြုကျင့်ဝံ့၊ သောသူတို့မှာလည်း မြွေဟောက်ကို ကျီစားသောသူကဲ့ သို့ ဘေးရန်နှင့်တွေ့ဖို့ ပြင်ဆင်ထားရမည်ဖြစ်၏။

ခရီးသည်သည် “သာမို”ဘူးနှင့်ထည့်၍ ဆောင်ခဲ့ သော ကော်ဖီနှင့် ဘီစကွတ်မုန့်နှစ်ခုကို စားသောက်ပြီး နောက် ပြတင်းပေါက်ကိုဖွင့်၍ အပြင်သို့ မျှော်ကြည့်လေ၏။

ယမန်နေ့ကမူကား ပြတင်းပေါက်မှ မျှော်ကြည့်တိုင်း အသီးအနှံတို့ဖြင့် ဝင်းဝင်းထိန်လျက်ရှိသော လယ် ပြင်များကို မျက်စိတစ်ဆုံး တွေ့မြင်ရလေရာ၊ ယခုနေရာ ၌မူ မြင့်မားသော တောင်ကြီးများသည် ရထားလမ်းနှင့် ကပ်ချည်တစ်ခါ ခွာချည်တစ်လှည့်၊ နီးလိုက်ဝေးလိုက် ဖြစ်နေကြသည်ကို တွေ့မြင်ရလေ၏။

စမ်းချောင်းများမှာလည်း ကိုက်တစ်ရာခန့် ကျော် လွန်သည့်အခါတိုင်း မီးရထားလမ်းအောက်မှ ငုပ်လျှိုစီး ဆင်းကြလေရာ၊ ချောင်းကူးတံတားများကို ကူးကျော် သည့်အခါတိုင်း ဝေါခနဲဝေါခနဲအသံများသည် ခရီးသည် များအား အိပ်ချင်အောင် သိပ်ပေးသကဲ့သို့ ငြီးငွေ့ဖွယ် ကောင်းလှပေ၏။

ထူးခြားသော ထိုခရီးသည်သည် ပြတင်းပေါက်မှဝင်လာသော စူးရှအေးမြသောလေကို မခံလိုသည်နှင့် ပြတင်းတံခါးကို ချထားလိုက်ပြီးလျှင် အင်္ကျီအိတ်သို့ လက်နှိုက်၍ ဆေးတံအမှတ်နှင့် ဆွဲထုတ်လိုက်ရာတွင် ဒန် ရောင်တလက်လက်ထွက်နေသော ခြောက်လုံးပြူးအငယ် စားကလေး ထွက်ပေါ်လာလေ၏။

ခရီးသည်သည် သေနတ်ကို ကပျာကယာပြန် ထည့်၍ အခြားအိတ်မှ ဆေးတံတစ်ချောင်းကိုထုတ်ယူ ကာ ဆေးထည့်ပြီးနောက် သောက်ဖွားလျက်ရှိနေစဉ်၊ ၎င်းနှင့် မျက်နှာချင်းဆိုင် ထိုင်လျက်ရှိသော ကျောက်တူး သမား ခပ်ရွယ်ရွယ်တစ်ယောက်သည် သေနတ်ကို မြင် လိုက်သည်နှင့် စကားစပ်၍ မေးလေ၏။

ကျောက်တွင်းသမား။ ။“ဘယ့်နှယ်လဲ မိတ်ဆွေ၊ သေနတ်တွေ ဘာတွေနဲ့ပါလား”

ခရီးသည်။ ။(မမြင်စေလိုသည်ကို မြင်သွားသဖြင့် ခပ်ရှန်းရှန့်အမူအရာနှင့်)“ကျုပ်လာခဲ့တဲ့နေရာက ဆိုးတယ်ဗျ၊ ဒင်း မရှိမဖြစ်ဘူး”

ကျောက်။ ။ “ဘယ်ဆီကလဲ မိတ်ဆွေ”

ရီး။ ။“တွင်းငယ်လေ နီလာထွက်တဲ့ တွင်းငယ်ဆို တာ ကြားဖူးတယ် မဟုတ်လား”

ကျောက်။ ။“ကြားဖူးပြီလားဗျာ၊ အနယ်နယ်က လူဆိုးတွေ စုနေတဲ့အရပ်ပေါ့၊ ဒါထက်.. ဒီဘက်ဆီ အရင်က ရောက်ဖူးသလား”

ရီး။ ။“မရောက်ဖူးဘူး”

ကျောက်။ ။“ခင်ဗျား ဘယ်မှာဆင်းမလဲ”

ရီး။ ။“မိုးကောင်းမှာ ဆင်းမယ်”

ကျောက်။ ။“ကြာကြာနေဖို့လား”

ရီး။ ။ “ဟုတ်ကဲ့၊ အဆင်သင့် ရင်နေဖို့ပဲ၊ ဘာကြောင့်လဲ”

ကျောက်။ ။“တွင်းငယ်မှာ ခြောက်လုံးပြူးရှိမှ၊ ပြီးရင် မိုးကောင်းမှာ ဆယ့်နှစ်လုံးပြူးလိုလိမ့်မယ်၊ ခင်ဗျား ရောက်တော့ သိပါလိမ့်မယ်ဗျာ၊ ဒါထက် ခင်ဗျားက အစိုးရဘက်ကလား”

ရီး။ ။“ခြောက်လုံးပြူးကြောင့် မေးတာလား၊ စစ်စရိတ်တွက် ငွေချေးနိုင်ရင် ဘယ်သူမဆို သေနတ်ကိုင် နေရတဲ့ ခေတ်ပဲဗျ၊ ကျုပ်က အစိုးရဘက်က မဟုတ်ပါဘူး၊ တိုလီမိုလီ တွေ့ကရာအလုပ်လုပ်တဲ့လူဆိုပါတော့ ဗျာ”

ကျောက်။ ။“အခု ဘာကိစ္စနဲ့ လာခဲ့သလဲ”

ရီး။ ။“လည်ရင်းပတ်ရင်း ဆိုပါတော့ဗျာ၊ ဒီဘက် ပိုင်းဆီမှာ အလုပ်အကိုင်ပေါတယ်ကြားလို့ စမ်းစမ်းမ လားလို့ပါပဲ”

ကျောက်။ ။“ဒီအရပ်အကြောင်း ခင်ဗျားတို့ဆီက ဘာမှ မကြားခဲ့ဘူးလား”

ရီး။ ။“ထူးထူးခြားခြား မကြားပါကလားဗျာ၊ ဘာ ကြောင့်လဲ”

ကျောက်။ ။“ဟိုရောက်တော့ ကြားပါလိမ့်ဗျာ၊ မိတ်ဆွေ များ ရှိသလား”

ရီး။ ။“ခုတော့ မရှိသေးဘူးပေါ့၊ သို့သော် မိတ်ဖွဲ့ ဖို့ အဆက် ကျုပ်မှာပါပါတယ်”

ကျောက်။ ။“ဘယ်လိုအဆက်လဲ”

ရီး။ ။“ကျုပ်က ဆတ်ဆတ်ကြဲ ဂိုဏ်းသားတစ် ယောက်ကလားဗျ၊ ကျုပ်တို့ဂိုဏ်းသားတွေ ရှိရာအရပ်မှာ မိတ်ဆွေဖွဲ့ဖို့ ဘာခက်သလဲ”

ထိုစကားကို ကြားသည်နှင့်တစ်ပြိုင်နက် ကျောက် တွင်းသမားသည် အနီးရှိ ခရီးသည်များဘက်သို့ ဖျတ်ခနဲ လှမ်းကြည့်လိုက်၏။

အခြားခရီးသည်များမှာ ၎င်းအချင်းချင်း စကား လက်ဆုံဝင့်နေကြသည့် လက္ခဏာနှင့် ဆူညံစွာပြော ဆိုလျက်ရှိကြရာ ပုလိပ်သားနှစ်ယောက်မှာလည်း ဝမ်း ဗိုက်တောင့်သည်နှင့် အိပ်ချင်သည့်လက္ခဏာနှင့် ငိုက် မျဉ်းကာ လိုက်ပါလာကြသည်ကို တွေ့မြင်ရလေ၏။

ထိုအခါ ကျောက်တွင်းသမားသည် ခရီးသည် အနီးသို့ တိုးကပ်လာ၍ အခြားသူများဘက်သို့ ကျောခိုင်း လျက် လက်နှစ်ဘက်ကို ဆန့်ထုတ်ပြီးလျှင် “မှန်းစမ်း.. မှန်းစမ်း”ဟု ပြောလေ၏။

ထိုအခါ ခြောက်လုံးပြူးနှင့် ခရီးသည်သည် မိမိ ၏လက်နှစ်ဘက်ကို ထိုနည်းတူ ဆန့်ထုတ်ပြီးနောက် တစ်ယောက်၏လက်ဝဲလက်သည် တစ်ယောက်၏ လက် ယာလက်နှင့် ထိတွေ့ ဆုပ်ကိုင်လျက် သုံးကြိမ်သုံးခါတိုင် အောင် ဆွဲယမ်းလှုပ်ခါကြလေ၏။

၎င်းနောက် ကျောက်တွင်းသမားသည် မိမိလက် ယာလက်ကို လက်ဝဲမျက်ခုံးသို့ပြောင်း၍ လက်နှစ်ချောင်း ဖြင့် ဖိနှိပ်ထားလေရာ ခရီးသည်ကလည်း မိမိ၏ လက်ဝဲ လက်ကို လက်ယာမျက်ခုံးသို့မြှောက်၍ လက်နှစ်ချောင်း