ရွှေဥဒေါင်း - ဝထ္ထုတိုပေါင်းချုပ်တတိယတွဲ
မျိုးရိုးဗီဇ
“သဘာဝဓမ္မတာဆိုတာ ခက်ဘိခြင်းဗျ၊ မိဘလုပ်တဲ့လူက မွှတ်လွန်းပြီဆိုမှဖြင့် သားသမီးကျရင် အူတူတူ အတတ ပေါက်ဖွားတတ်တယ်၊ အခါခပ်သိမ်းတော့ လည်း မဟုတ်ပေဘူးပေါ့ဗျာ၊ အဖေကလည်း လူလည်၊ သားကလည်း လူလည်၊ ဒီလိုဟာမျိုးလည်း ရှိတာပေါ့။ သို့သော် အများအားဖြင့် ကျုပ်တွေ့ ဖူးတာကတော့ အဖေလုပ်တဲ့လူက မရမက၊ ကတ်ကတ်သတ်သတ်ရှာပြီး ပစ္စည်းတွေချန်ထားခဲ့ ပေမဲ့ သားလက်ထက်မှာ ဘာမှမကြာဘူး။ ခဏကလေးနဲ့ ပြောင်သွားတာတွေ တွေ့ရပေါင်းများလှပြီ”
အထက်ပါ စကားများသည် ဝတ်လုံတော်ရ ဦးဘစီက ကျွန်ုပ်အား မကြာခဏ ဖော်ထုတ်ပြောပြလေ့ရှိသည့် ထင်မြင်ချက်ပင် ဖြစ်လေသည်။ ဦးဘစီ မှာ မျိုးရိုးဇာတိအကြောင်းကို လေ့လာလိုက်စားသော အထုံဝါသနာပါရှိသူ တစ်ယောက်ဖြစ်၍ ကပ်စေးနှဲဖခင်၏အမွေကို ရော်ရမ်းသော သားသမီးက သုံးဖြုန်းပစ်တတ်သည်ဆိုသော သဘာဝကို ယုံကြည်သူဖြစ်သဖြင့် ကျွန်ုပ်နှင့် တွေ့ရသောအခါတိုင်း ဤအကြောင်းကို ဆွေးနွေးလေ့ရှိ၏။
နုပ် ။ ။ “ဟုတ်နိုင်ပါ့မလားဗျ၊ အနောက်တိုင်း လောကဓာတ်ဆရာတွေကမျိုးရိုးလိုက်တယ်လို့ ဝန်ခံထားတယ် မဟုတ်လားဗျာ” .
စီ ။ ။ “မျိုးရိုးလိုက်တာတော့ လိုက်တာပဲလေ၊ သို့သော် ဘိုးဘေးအစဉ်အဆက်ကပ်စေးနှဲတွေချည်း ဖြစ်ကုန်ရင် လောကမှာ ပစ္စည်းပျံ့နှံ့ဖို့ ဘယ်မှာ အခွင့်အလမ်း ရရှိနိုင်တော့မှာလဲဗျ၊ သူတို့တစ်တွေရဲ့ လက်ထဲချည်း ရောက်ကုန်ရတော့မှာပေါ့။ ဒါကြောင့် သဘာဝဓမ္မက မဲတင်းပေးတဲ့ အနေမျိုးနဲ့ သူတို့အထဲမှာ လူဖြုန်းတစ်လှည့်တစ်ပတ် ပေါ်ပေါ်ပေးရ တာပေါ့ဗျာ”
နုပ် ။ ။ “ဒါဖြင့် မိဘက သုံးဖြုန်းတတ်ရင် သားသမီးမှာကျတော့ စုဆောင်းတတ်ကရောလားဗျာ”
စီ ။ ။ “ဟာ ဒီလိုတော့ ဘယ်ဟုတ်မလဲဗျ၊ ကောင်းလွန်းရင် တစ်ချက် တစ်ချက် စုန်းပြူးထွက်တတ်တဲ့အကြောင်းကိုသာ ကျုပ် ပြောပါတယ်။ ညံ့ချင် ဖျင်းချင်ပြီ ဆိုမှဖြင့် လေးငါးဆယ်ဆက် ဆက်လက်ပြီး ညံ့နိုင်တာမျိုးပဲဗျ”
နုပ် ။ ။ “ခင်ဗျားဟာက ကြောက်စရာကြီးဗျာ၊ လူတွေကို အောက်ဆွဲချတဲ့ဝါဒကိုးဗျ၊ အထက်တက်တယ်လို့တော့ မရှိတော့ဘူးလားဗျာ”
စီ ။ ။ “နတ်ပြည်တက်တဲ့လူ တစ်ယောက်ရှိတိုင်း အပါယ်လေးဘုံကျတဲ့လူ ဘယ်နှယောက်ရှိတယ် ထင်သလဲ၊ အောက်ဆင်းတာကတော့ သဘာဝပဲဗျ၊ ဒါကြောင့်လည်း သံသရာကြီးဟာ ကြောက်ဖို့ကောင်းတယ် မဟုတ်လား” နုပ် ။ ။ “ခင်ဗျားဝါဒနဲ့ ကိုက်ညီတဲ့ ဥဒါဟရုဏ်တစ်ခုလောက် ပြစမ်းဗျာ”
စီ ။ ။ “ဥဒါဟရုဏ်ပြဖို့ မခက်ပါဘူး၊ သူ့ကို သတိရလို့ ဒီစကားကို ကျုပ်ဆိုခြင်းပါပဲ၊ ကျုပ်တို့ ပုဇွန်တောင်က ပွဲစားကြီး ဦးအောင်ကျော်ရဲ့သား မောင်မင်းမောင် ကြည့်စမ်းပါတော့လားဗျ၊ ဘယ့်နှယ်နေသလဲ”
နုပ် ။ ။ “ဟုတ်ကဲ့၊ ဦးဘိုကာရဲ့ သား မောင်ညွန့်တင်နဲ့ ယှဉ်လိုက်ရင်တော့တူတယ်လို့ ဆိုရပေမှာပေါ့ ဗျာ၊ သို့ သော် အစအဆုံး ကြည့်ပါဦး လေ၊ နောက်ဆုံးကျတော့ ဘယ်သူ ထောင်တက်မယ်၊ ဘယ်သူ စိုက် ဆင်းမယ် မပြောနိုင်သေးပါဘူးဗျာ”
ကျွန်ုပ်နှင့် ဝတ်လုံတော်ရ ဦးဘစီတို့ စကားစပ်မိ၍ ပြောကြသော မောင်မင်းမောင်နှင့် မောင်ညွန့်တင်တို့မှာ ခေတ်အမြင်အားဖြင့် လွန်စွာ စိတ် ဝင်စားဖွယ်ကောင်းလှသည့် လူငယ်နှစ်ယောက် ဖြစ်ပေ၏။ စပါးပွဲစားကြီး ဦးအောင်ကျော်မှာ ဆန်စပါးလောကတွင် ပြိုင်ဘက်ရှားအောင် ပါးနပ်သူဖြစ်၍ မြန်မာများ အနားသို့မျှ မသီနိုင်ခဲ့သော ဘူလင်ဂျာပူးလ်” ၏အာဝါသကို ခိုလှုံ ခြင်းအားဖြင့် သားကလေး အရွယ်ရောက်လာသောအချိန်တွင် မြန်မာပွဲစားများ အနက် ထိပ်ဆုံးတန်းစာရင်းဝင်တစ်ယောက် ဖြစ်ခဲ့၏။ မြန်မာပွဲစားများအနက် ဆန်ဈေး၊ စပါးဈေးကို ရက်သတ္တ တစ်ပတ်နှစ်ပတ်မျှ ကြိုတင်ခန့်မှန်းနိုင်လျှင် လူတော်လူတတ်လုပ်ခဲ့ကြရာ ဦးအောင်ကျော်မူကား ဤနှစ် စပါးပေါ်သော အချိန်တွင် ဈေးနှုန်း မည်မျှနှင့် စပေါ်လိမ့်မည်ကို ဝါဆိုဝါခေါင်ကတည်းက မှန်းနိုင် ခန့်နိုင်လေသည်။ ထို့ကြောင့် ဘေးထိုးရင်ကျပ်နာဖြင့် ရုတ်တရက်နှစ်လုံး ရောင်းဝယ်မှုတွင် မောင်မင်းမောင်မှာ မောင်ညွန့်တင်ပြုသမျှ ခံနေရ သည့် လူအလူနကြီးတစ်ယောက် ဖြစ်ရလေတော့သည်။ ဤအရေးတွင် “ဖခင် ဦးအောင်ကျော်နှင့် ကွာလှချေရဲ့၊ အဖေကြီး ပါးနပ်သလောက် သားက ထူပါ့၊ အပါပေရဲ့၊ သွားလေသူ ဦးအောင်ကျော် မြင်ရလျှင် ရင်ကျိုးပြီး နှစ်ခါပြန် သေလောက်ပါရဲ့” စသည်ဖြင့် ပြောကြသည်။
မောင်မင်းမောင်နှင့် မောင်ညွန့်တင်တို့မှာ တစ်ရွယ်တည်း တစ်ရပ်တည်း သားဖြစ်ကြ၍ ကျောင်းနေဖက်သူငယ်ချင်း လူကုံထံသားအချင်းချင်းလည်း ဖြစ်ကြသည့်အလျောက် ပြိုင်ဘက်အနေဖြင့် ရင်ဆိုင်ရသော ကိစ္စများလည်း မကြာခဏ ပေါ်ပေါက်ခဲ့၏။ တစ်ခါက ရုံးအုပ်စာရေးကြီး ဦးထင်ပေါ်၏သမီး ခင်လှကြည်ကို မောင်မင်းမောင်နှင့် မောင်ညွန့်တင်တို့ နှစ်ယောက်စလုံး အပြိုင် အဆိုင် ပိုးပန်းခဲ့ကြ၏။ ခင်လှကြည်မှာ လစာနှင့်မလောက်အောင် နေထိုင် တတ်သောမိဘများ၏ တစ်ဦးတည်းသောသမီး ဖြစ်၍ အလွန်ဘိုဆန်သည့် အလျောက် ဝတ်ချင် စားချင် လှချင် ပချင်သော မိန်းကလေးဖြစ်၏။ ဘိုဆန်သောမိဘများ၏ ခေတ်ပညာတတ် သမီးချောကလေး ဖြစ်သည့်အလျောက် မောင်မင်းမောင်နှင့် မောင်ညွန့်တင်တို့၏မော်တော်ကားများသည် ဦးထင်ပေါ်၏ နေအိမ် ဆင်ဝင်အောက်၌ တစ်လှည့်စီ ဆိုက်ကပ်နေကြတော့သည်။ မောင်မင်း မောင်၏ မော်တော်ကား ထွက်သွား၍ နာရီဝက်မကြာမီ မောင်ညွန့်တင်၏ကား ဆိုက်ရောက်လာပြန်သဖြင့် အိမ်နီးချင်းများက “ကားစိမ်းနှင့် ကားနီ တစ်လှည့် စီဆိုက်နေသော အိမ်” ဟူ၍ ပြောကြလေသည်။ ။
မောင်ညွန့်တင်မှာ အလုံးအရပ် ထောင်ထောင်မောင်းမောင်း ဂိုက် ကောင်း ဆိုက်ကောင်း ဖြစ်သည့်အလျောက် ဗလင်တီနိုဟု အမည်ပေးခြင်းခံရသူ တစ်ယောက် ဖြစ်သည့်အပြင် နှုတ်လျှာသွက်လက်လှ၍ ရှည်ကော့ကော့ မျက်တောင်ကြီးဖြင့် ဇာတ်လိုက်ဘတင့်ကဲ့သို့ မျက်လုံးများ ပုတ်ခတ်ပုတ်ခတ်လုပ် ကာ ကြည့်လိုက်ရာတွင် အတော်အတန်မိန်းမများ မခံမရပ်နိုင်အောင် ရှိလှသည် ဟု လူငယ်များ ပြောတတ်ကြလေသည်။
မောင်မင်းမောင်၏ ရုပ်လက္ခဏာမူကား မောင်ညွန့်တင်နှင့် ကွာချင် တိုင်း ကွာလေတော့သည်။ နဂိုအားဖြင့် အရုပ်ဆိုးသည်မဟုတ်၊ သနားကမား ရှိသည်ဟု ဆိုရမည်ဖြစ်သော်လည်း မောင်ညွန့်တင်နှင့် ယှဉ်လိုက်သောအခါတွင် ညှပ်တတ်တတ် သေးတေးတေးဖြစ်နေ၍ မောင်ညွန့်တင်၏ ကော့စင်းရှည်လျားသော မျက်တောင်ကြီးများသည် မောင်မင်းမောင်၏ ပါးလျားတိုတောင်းသော မျက်တောင်များကို အရုပ်ဆိုးအောင် ဖန်တီးသကဲ့သို့ ဖြစ်ရလေတော့သည်။လသာမီးအိမ်သည် သူ့အလင်းရောင်နှင့်သူ တင့်တယ်လှသော်လည်း ဓာတ် မီးရောင် ပေါ်လာသောအခါ၌ မှေးမှိန် နုပ်စုပ်သွားရခြင်းကဲ့သို့ပင်။ ။
ခင်လှကြည်သည် မောင်မင်းမောင်နှင့် မောင်ညွန့်တင်တို့ နှစ်ယောက် စလုံးကို ကြည်ဖြူစွာ လက်ခံသော်လည်း စပ်ကြားမှာ အကဲခတ်လျက်ရှိသော အိမ်နီးချင်း ပရိသတ်ကမူ မောင်ညွန့်တင်ဘက်မှ တစ်ပေးကြ၏။ ခင်လှကြည်၏ မိဘများကမူ နှစ်ယောက်စလုံးပင် စက်ပိုင်ရှင်များဖြစ်သောကြောင့် မည်သူ ကိုမှ သဘောတူသည်ဟု ဆုံးဖြတ်သည့် လက္ခဏာမရှိဘဲ မိချင်သော ငါး မိစေ၊ ပိုက်ကွန်ချရကျိုးနပ်တော့သည် ဆိုသကဲ့သို့ နှစ်ဦးလုံးကို လွတ်လပ်ရေး ပေး ထားတော့သည်။ ခင်လှကြည်တို့ နေထိုင်သော ရပ်ကွက်မှာ အများအားဖြင့် ဘိုကပြားများနှင့် မင်းမှုထမ်းများ ပေါများသောကြောင့် တစ်ရပ်လုံး ဘိုဆန် နေကြသဖြင့် ခင်လှကြည်၏အမူအရာကို ထူးဆန်းသည် မထင်ကြဘဲ စိတ် ဝင်စားသောအနေဖြင့် စောင့်၍ အကဲခတ်ကြည့်ရုံမျှသာ ရှိလေသည်။ ခင်လှကြည် ကိုယ်တိုင်မှာလည်း လှေနံ နှစ်ဖက်နင်းသောအနေမျိုးဖြင့် လူငယ်နှစ်ယောက်ကို အကဲခတ်ရင်း မျက်နှာကြီးငယ်မလိုက်ဘဲ နှစ်ယောက်လုံးကို အလိုလိုက်လျက် ရှိလေသည်။
ပြောရန် တစ်ခုကျန်သေးသည်ကား ခင်လှကြည်၏ဖခင် ဦးထင်ပေါ် သည် မြင်းသမားကြီးတစ်ယောက်ဖြစ်၍ ဝါးတစ်များ ချော်သည့်အခါ လူငယ် နှစ်ယောက်အနက် မည်သူ့ထံမှ “ငွေလှည့်” ရပါမည်နည်းဟု စဉ်းစား၏။ ၎င်း နှစ်ယောက်အနက်တွင် မောင်ညွန့်တင်က နှုတ်လျှာရွှင်သောကြောင့် လွယ်ကူ လိမ့်မည်ထင်သည်နှင့် “လှည့်စမ်း” ရာ ငွေငါးရာကို အလွယ်တကူ ထုတ်ချေး သောကြောင့် ငွေကျပ်သည့်အခါတိုင်း မောင်ညွန့်တင်ထံမှ ချေးယူကာ အဆက် လိုဖြစ်နေလေတော့သည်။ သို့သော် ဦးထင်ပေါ်သည် နိုင်သောအခါများတွင် ပြန်ဆပ်သည်ဖြစ်၍ ယူချည်ဆပ်ချည်ဖြင့် စုစုပေါင်းငွေ (၁ဝဝဝိ-၁၅ဝဝိ) ထက် ပို၍ ကြွေးတင်သည် မဟုတ်ချေ။ မောင်ညွန့်တင်ကမူ စက်ပိုင်တစ်ယောက် ဖြစ်၍ ဤမျှလောက်သောငွေကို အရေးမကြီး ဂရုမစိုက်လေဟန် အထင် ပေး နိုင်လေသည်။ မောင်မင်းမောင်နှင့်မူကား ငွေရေးကြေးရေးနှင့် ပတ်သက်၍ ဆက်ဆံဖူးသည် မရှိ။ ဂူနမားလ်ပိုးတိုက်မှ အထည်ဆန်းများရောက်ချိန်တွင် တစ်ထည်၊ နှစ်ထည် ဝယ်ယူ၍ ခင်လှကြည်အား လက်ဆောင်ပေးခဲ့ဖူးခြင်း မျှလောက်သာ ရှိ၏။ ဤမျှလောက်ဆိုလျှင် မောင်ညွန့်တင်ကလည်း မန္တလေး ပိုးထည်၊ ကတ္တီပါဖိနပ် စသည်များဖြင့် လက်ဆောင်ပေးဖူးသည်သာ ဖြစ်၍ ပြောပလောက်အောင် မရှိချေ။
ဤနည်းဖြင့် လူငယ်နှစ်ယောက်သည် သူလိုလို၊ ငါလိုလိုနှင့် ခင်လှ ကြည်အား ပိုးပန်းလျက်ရှိကြရာ ခင်လှကြည်နှင့် မိဘများကိုယ်တိုင် မည်သူ့ကို ပုံသေကားကျ” သဘောထားကြရမည်ကို မဝေခွဲနိုင်သေးသည့်အခြေအနေ၌ ရှိနေပေသေးသည်။
ခင်လှကြည်၏ရုပ်လက္ခဏာမှာ တစ်ကြိမ်မျှ တွေ့မြင်ရလျှင် စိတ်ထဲ၌ ယီးတီးယားတားဖြစ်ကျန်ရစ်သည့် မိန်းကလေးအမျိုးအစားထဲက ဖြစ်တော့ သည်။ ယီးတီးယားတားဆိုရာ၌ မြန်မာဝတ္ထုများနှင့် မဂ္ဂဇင်းမျက်နှာဖုံးများတွင် ဆေးရောင်စုံဖြင့် ဖော်ပြပါရှိသည့် မိန်းကလေးမျိုးနှင့် ခပ်ဆင်ဆင်တူသောကြောင့် မည်သည့်နေရာ၌ မြင်ဖူးပါလိမ့်ဟူ၍ တွေးတောစဉ်းစားမိတတ်ခြင်းကို ဆိုလို ပေသည်။ အကြောင်းမူကား ခင်လှကြည်၏ကိုယ်လုံးကိုယ်ပေါက်မှာ အနောက် တိုင်းသူအချိုးအစားဖြစ်၍ ဝတ်စားဆင်ယင်ပုံမှာလည်း ခေတ်ဆန်ရုံသာမက ခေတ်၏ရှေ့ဆုံးတန်းမှ အမြဲ ပြေးလျက်ရှိသည်ဟု ဆိုလောက်သောကြောင့်ပေ တည်း။ အချို့သော ပန်းချီဆရာများသည် စိတ်ကူးယဉ်သောအနေနှင့် မြန်မာ မိန်းကလေးများ မဝတ်ဖူးသေးသည့် အဝတ်အစားမျိုးဖြင့် မဂ္ဂဇင်းမျက်နှာဖုံး တွင် မိန်းမရုပ်များ ခြယ်လှယ်တတ်ကြပေရာ ခင်လှကြည်သည် ၎င်းကို အတု အပလိုက်၍ ဝတ်ဆင်တတ်သောကြောင့် ကာလသားများက ခင်လှကြည်အား “မဂ္ဂဇင်းမျက်နှာဖုံး” ဟူ၍ မှည့်ခေါ်ထားကြလေသည်။ ခင်လှကြည်သည် ဤ အကြောင်းကို ကြားသိရသောအခါ လွန်စွာကျေနပ်နှစ်သိမ့်၍ ဘိုဆန်လေတော့ သည်။ ဤကဲ့သို့ ခေတ်ဆန် ဘိုဆန်ရာ၌ မောင်မင်းမောင်နှင့် မောင်ညွန့်တင် တို့၏လက်ဆောင်များသည် ကြီးစွာသော အထောက်အပံ့ ဖြစ်ကြလေသည်။
ကွန်ဗင့်ကျောင်းမှ မက်ထရစ်အောင်၍ ကောလိပ်သို့ ပို့မည့်နှစ်တွင် ခင်လှကြည်သည် ကျူတာလောင်းတစ်ယောက်နှင့် ဘာလိုလိုဖြစ်သည်ဟု မိဘ များထင်ကြသည်နှင့် ဤမျှလောက်မက မျှော်လင့်သော သမီးချောကလေးဖြစ် သောကြောင့် ကောလိပ်သို့ မပို့တော့ဘဲ အိမ်တွင် 'ရွက်အုပ်သီး” အနေဖြင့် ထိန်း သိမ်း စောင့်ရှောက်ထားခဲ့ကြ၏။ သို့သော် ဆင်ယင်ပုံ ဂိုက်ဆိုက်နှင့် တကွ လှပပြေပြစ်သော ခင်လှကြည်၏ရုပ်လက္ခဏာတို့သည် “ရွက်အုပ်သီး” အဖြစ်မျိုး ကို အမြဲကြွေးကြော် တော်လှန်လျက် ရှိပေရကား၊ ဖယောင်းတိုင်သို့ တိုးဝင် မိကြသော ပိုးဖလံများအနက်တွင် မောင်မင်းမောင်နှင့် မောင်ညွန့်တင်တို့သည် ရှေ့ဆုံးတန်းမှ လိုက်ပါလာကြတော့သည်။ အတိအလင်းဖော်ပြရသော် ခင်လှ ကြည်ကို ပိုးပန်းကြသော ကောလိပ်ကျောင်းသားနှင့် စာရေးစာချီ ကုန်သည် ပွဲစားများအနက်တွင် မောင်ညွန့်တင်နှင့် မောင်မင်းမောင်တို့သည် မျက်နှာသာ