ရွှေဥဒေါင်း - ဝထ္ထုတိုပေါင်းချုပ်ဆဌမတွဲ
ယောက်ျားဘသား
အခန်း ( ၁ )
ရန်ကုန်မြို့ ၊ ဆိပ်ကမ်းသာလမ်းရှိ အမျိုးသားပျော်ပွဲစားရုံကြီး၌ တစ်နေ့သော ညနေ ခင်းအချိန်တွင် မြန်မာလူမျိုး လူငယ်တစ်စုတို့သည် လက်ဖက်ရည်သောက်ရင်းပျော်ရွှင်စွာ စကားပြောလျက်ရှိကြ၏။ ၎င်းပျော်ပွဲရုံမှာ အခြားသော ကုလား၊ တရုတ်လက်ဖက်ရည်ဆိုင်များထက် အနည်းငယ် ဈေးကြီးမြင့်သော်လည်း သပ်ရပ် ခမ်းနားစွာ ခင်းကျင်းထားသည်တစ်ကြောင်း၊ ဆိုင်ရှင်လင်မယားတို့၏ လောက ဝတ်ပျူငှာ ရှိခြင်းကြောင့်တစ်ကြောင်း၊ ဟိုက်ကုတ်လွှတ်တော်နှင့် အတွင်းဝန်ရုံးကြီး များမှ စာရေးစာချီတို့သည် ထိုဆိုင်ကို ချီးမြှင့်ကြသဖြင့် အလွန်တရာ လူသန့်သော ပျော်ပွဲရုံကြီး ဖြစ်လေသည်။ ၎င်းစာရေးစာချီများသည် တစ်ရုံးစီပင် အလုပ်လုပ် ကိုင်ကြသော်လည်း ထိုပျော်ပွဲရုံအတွင်း၌ တွေ့ဆုံဖန်များသည်ဖြစ်သောကြောင့် ဖောက်သည်မှန်သမျှတို့သည် တစ်ယောက်နှင့်တစ်ယောက် မိတ်ကျွမ်းဝင်နေကျ သူငယ်ချင်းများသဖွယ် ရယ်မောကာ အရောတဝင် စကားပြောဆိုတတ်ကြလေသည်။
ကျွန်ုပ်တို့ ရေးသားဖော်ပြလျက်ရှိသော ညနေခင်းအချိန်၌ကား တစ်ခုသော ထောင့်တွင် တည်ခင်းထားသော ကျောက်စားပွဲကြီး၌ ခြောက်ယောက်မျှသော လူငယ်စုတို့သည် ဘောလုံးပွဲအကြောင်းကို ပြောလျက်ရှိရာမှ ဘိုင်စကုပ်များနေသူတစ်ယောက် ဖြစ်လေသည်။ မောင်တင်မြင့်မှာ စာရေးဘဝ၌ ရှိစဉ်ကပင် "ရက်ရောသောသဘောရှိသူတစ်ယောက် ဖြစ်ရကား၊ အခြားသော စာရေးသူငယ် ချင်းများသည် ၎င်း၏ နေအိမ်ကို စားအိမ်သောက်အိမ် ပြုလုပ်လျက် မြင်းပွဲရှုံးသော စာရေးများသည် အိမ်ပြေးရင်း ငါးရက်ဆယ်ရက်တန်သည်ဖြင့် တည်းခိုနေထိုင် တတ်ကြလေသည်။ မောင်တင်မြင့်၏ လခမှာ ၁၅ဝ ကျပ်မျှသာ ဖြစ်သော်လည်း လူပျိုဖြစ်၍ လောင်းစားခြင်း၊ သောက်စားခြင်းတို့၌ ဝါသနာ မပါသည်ဖြစ်သောကြောင့် အိမ်ပြေးသော သူငယ်ချင်းများကို ကျွေးမွေးပြုစုနိုင်မည်ပင်။ ငါးကျပ်သား တစ်ဆယ်ကျပ်မျိုး ငွေမျိုးကိုလည်း ကျပ်တည်းသူများအား ချေးငှားနိုင်သည်ဖြစ် ရကား အားလုံးသောစာရေးများသည် ၎င်းအား အစ်ကိုတစ်ယောက်သဖွယ် အား ထားချစ်ခင်ကြလေသည်။
မောင်တင်မြင့်မှာ လူတစ်ဖက်သားအား ကျေးဇူးပြုရန် အစဉ်မပြတ်အဆင် သင့်ရှိ၍ ချစ်ဖွယ်သောစကားကို ဆိုတတ်သူတစ်ယောက် ဖြစ်သည်မှန်သော်လည်း ကြံ့ခိုင်တင်းမာ၍ ယောက်ျားပီသသော လူတစ်ယောက် ဖြစ်လေသည်။ အခါ တစ်ပါး၌ ပသျှူးလူမျိုးများသည် ရန်ကုန်မြို့သို့ ဆိုက်ရောက်၍ မနီလာရှိုး ပြသ လျက်ရှိရာ ၎င်းတို့အနက်တွင် လက်ဝှေ့သတ် အလွန်ကောင်းသူတစ်ယောက် ပါလာခဲ့လေသည်။ ထိုလက်ဝှေ့သမားသည် အရှေ့ဘက် တိုင်းနိုင်ငံတစ်လွှား၌ အလွန်တရာ နာမည်ကြီးသဖြင့် ၎င်းနှင့် ထိုးသတ်ဝံ့သူ မပြုမထွက်ဝံ့အောင် ရှိခဲ့ ရာ မနီလာရှိုးမန်နေဂျာက မည်သူမဆို လက်ဝှေ့သမားနှင့် သုံးချီထိုးသတ်၍မလဲ ဘဲ ခံနိုင်ခဲ့လျှင် ဆုငွေ ၁ဝဝ ကျပ်ပေးမည်ဟု ကြော်ငြာထားလေသည်။ မောင် တင်မြင့်မှာ ကျောင်းနေစဉ်အခါက ပထမတန်း လက်ဝှေ့သမားတစ်ယောက်ဖြစ်၍ မထိုးသတ်ရသည်မှာ ကြာပြီဖြစ်သော်လည်း မြန်မာပြည်တွင် ထိုကဲ့သို့ ဝင့်ဝါစွာ ဟိတ်ဟန်ကြီးနှင့် ကြော်ငြာပါလျက် မြန်မာအများအနက်မှ တစ်ဦးတစ်ယောက်မှ မထွက်ပေါ်ဘဲ နေရမည်ကို တစ်မျိုးလုံးအတွက် ရှက်လှသည်တစ်ကြောင်း၊ မခံချင် သည်က တစ်ကြောင်းကြောင့် ပသျှူးလက်ဝှေ့သမားနှင့် ထိုးသတ်ရန် ထွက်လာ လေ၏။ မောင်တင်မြင့်သည် ထိုပသျှူးနှင့် သတ်ရာတွင် မရှုဝံ့အောင် နာသည်မှန် သော်လည်း အသည်းလည်းကောင်း၊ သတ္တိလည်း ကောင်း၊ အကယ်စင်စစ်လည်း ကျင်လည်သူတစ်ယောက် ဖြစ်ရကား၊ သုံးချီသတ်ပုတ်ပြီးသော်လည်း မလဲဘဲ ရှိနေသည် ဖြစ်သောကြောင့် ဆုငွေ ၁ဝဝ ကျပ်ကို ရခဲ့ဖူးလေသည်။ မန်နေဂျာသည် ထို သူ၏အစွမ်းကို အားရနှစ်သက်လှသည်ဖြစ်သောကြောင့် လက်ဝှေ့သမားအဖြစ် နှင့် အသက်မွေးလိုပါက တစ်လလျှင် ၅၀၀ ကျပ်မျှပေးရန် တာဝန်ခံသော်လည်း မောင်တင်မြင့်က ငြင်းပယ်ခဲ့လေသည်။
မောင်တင်မြင့် ဝင်လာသောအခါ၌ ပျော်ပွဲရုံအတွင်း လက်ဖက်ရည် သောက်နေသူများသည် သူ့ထက်ငါ ဖိတ်ခေါ်ကြလေရာ မောင်တင်မြင့်သည် တစ်ခုသော ကုလားထိုင်၌ ညောင်းညာသောအမူအရာနှင့် ထိုင်လေ၏။ တစ်ယောက်။ ။ ကိုတင်မြင့် မန္တလေးက ဘယ်တုန်းက ပြန်ရောက်သလဲ”
အခြားတစ်ယောက်။ ။ ခင်ဗျားမျက်နှာ တယ်ညှိုးပါကလားပျို့၊ ဘာများဖြစ်လာသလဲ”
အခြားတစ်ယောက်။ ။ “တောင်ပြုံးပွဲတွေ မြားတွေ တော်တော်နိပ်ခဲ့ရလားဗျို့”
စသည်ဖြင့် တစ်ယောက်တစ်ခွန်း နှုတ်ဆက်မေးမြန်းကြလေ၏။
မြင့်။ ။ ခင်ဗျားတို့ ဘာအကြောင်းများ ပြောနေကြသလဲ”
တစ်ယောက်။ ။ ကျုပ်တို့ မပြောရပေါင်ဗျာ၊ ဟောဒီက ကိုသန်းညွန့်ကချည်းကန်ထရိုက်ခံ ပြောနေတာပါပဲ၊ သူပြောပုံကတော့ သူများ အိမ်ကို ဖောက်ပြီးဝင်နိုင်တဲ့လူဟာ တကယ့်လူစွမ်းကောင်းကြီးတစ်ယောက် ဖြစ် နေပြီကော..
မြင့်။ ။ အိမ်ဖောက်ဝင်တာ ဘာခက်လို့လဲဗျ၊ ခြေနဲ့လက်နဲ့ရှိရင် ဝင်နိုင်တာပဲ”
ညွန့်။ ။ ပြောတော့လွယ်တယ် ဆရာ၊ လုပ်တော့မှ ခက်တယ်”
မြင့်။ ။ကျုပ် ဖောက်ဝင်မယ်ဗျာ၊ ခင်ဗျား ဘာကောင်းမလဲ”
ညွန့်။ ။ခင်ဗျားလူပုံနဲ့လား” တစ်ယောက်။ ။လူပုံတွေဘာတွေ လုပ်မနေပါနဲ့လေ၊ သူက လောင်းမယ်ဆိုခင်ဗျားက လောင်းဝံ့ရဲ့ လား .
ညွန့်။ ။ လောင်းဝံ့ပါတယ်ဗျာ”
မြင့်။ ။ဘာလောင်းမလဲ”
ညွန့်။ ။ ခင်ဗျား လောင်းချင်တာ လောင်း”
တစ်ယောက်။ ။ကိုင်း... ဒီလိုလုပ်၊ ဒီကနေ့ည တိုက်တစ်တိုက်တိုက်ကိုကိုတင်မြင့် ဖောက်ဝင်ရမယ်၊ ရှုံးတဲ့လူက အခုရှိတဲ့ ကျုပ်တို့ လူငါးယောက်ကို ကွန်တီနင်တယ်ဟိုတယ်မှာ ညစာ ထမင်းကျွေးရမယ်”
မြင့်။ ။'စိန်လိုက်ဗျာ”
ညွန့်။ ။ ခင်ဗျား ရှုံးသွားမယ်ဗျ၊ မလုပ်နဲ့”
တစ်ယောက်။ ။ခင်ဗျားအပူ မဟုတ်ပါဘူး၊ သူရှုံးရင် သူက ကျွေးလိမ့်မပေါ့။ခင်ဗျားက မလောင်းရဲဘူးလား”
ညွန့်။ ။စိန်ပါတယ်ဗျာ၊ လောင်းလိုက်ပါ”
၎င်းနောက် သူငယ်ချင်းများသည် အခြားစကားများကို ပြောဆိုကြပြီး နောက် ခွဲခွာခါနီး၌ မောင်တင်မြင့်အား လောင်းထားသည့်အကြောင်းကို သတိပေး ကြရာတွင် ... ၊
တစ်ယောက်။ ။ ခင်ဗျားဖောက်ကြောင်း သက်သေခံ ဘယ်လိုပြမလဲ”
မြင့်။ ။ ကျုပ်ဖောက်တဲ့ တိုက်တံခါးမှာ အတွင်းက ကျုပ်နာမည် T.Mလို့အတိုကောက် ရေးထားခဲ့မယ်ဗျာ”
ညွန့်။ ။ကြိုက်ပြီ... စိန်လိုက်”
၎င်းနောက် သူငယ်ချင်းများသည် ပျော်ပွဲရုံမှ ထွက်လာကြ၍ လူစုခွဲသွား ကြလေ၏။
အခန်း (၂)
မောင်တင်မြင့်သည် မန္တလေးသို့ အလည်အပတ် သွားရောက်၍ ပြန်လာသောအခါ ၌ အားလပ်သူတစ်ယောက် ဖြစ်သည့်အတိုင်း ရေကြောင်းခရီးဖြင့် အေးအေးဆေးဆေး ပြန်လာခဲ့ရာ ဒုတိယတန်းဖြင့် စာပို့သင်္ဘော စီးနင်းလာခဲ့၏။ ယင်းသို့လာခဲ့ စဉ် ပထမတန်း၌ လိုက်ပါလာသော အသက် ၂၀ အရွယ်ခန့်ရှိ မိန်းကလေး တစ်ယောက်အပေါ်၌ မျက်စိကျခဲ့လေရကား၊ ၎င်းနှင့် အသိအကျွမ်းဖွဲ့ရန် နည်း လမ်း ရှာခဲ့ပါသော်လည်း ပထမတန်းနှင့် ဒုတိယတန်း ဖြစ်နေသောကြောင့် ချက်ကောင်းရှာ၍ မတွေ့နိုင်အောင် ရှိနေခဲ့၏။ သို့ဖြစ်၍ သင်္ဘောစာရေးအား ပထမ တန်း၌ လစ်လပ်သောအခန်း ရှိပါသေးသလောဟု မေးမြန်းရာ ထိုအပတ်တွင် အလွန်လူကျပ်၍ ပထမတန်း၌ ဥရောပတိုက်သား ခရီးသည်များ ပြည့်နှက်အောင် ပါလာလေရကား၊ ထိုအကြံကိုလည်း လက်လျှော့လိုက်ရ၏။
၎င်းမိန်းကလေး၏ အစေခံနှင့်တူသော မိန်းမကြီးတစ်ယောက်သည် တတိယတန်း၌ ပါလာသည်ကို တွေ့မြင်ရပြန်သဖြင့် ၎င်းနှင့် အသိအကျွမ်းဖွဲ့ ရန် ကြိုးစားပါသော်လည်း မိန်းမကြီးသည် မသင်္ကာဟန်လက္ခဏာရှိသဖြင့် မောင် တင်မြင့်အား အဖက်မလုပ်ဘဲ ရှိပြန်လေရကား ထိုအကြံသည်လည်း အထ မမြောက်ချေ။ လမ်း၌ ဆိပ်ကမ်းများတွင် ဆိုက်ကပ်သောအခါ မိန်းကလေးသည် ကမ်းသို့ဆင်း၍ မြို့တွင်းသို့ ကားနှင့်လည်ပတ်ရာတွင် မောင်တင်မြင့်နှင့် မကြာ ခဏ မျက်လုံးချင်း ဆုံမိခဲ့၏။ သို့ရာတွင် ထိုထက်နီးကပ်သော အခြေအနေသို့