ရွှေဥဒေါင်း - အာဠာဝကမောင်ကလေးနှင့်အခြားဝထ္ထုတိုများ
အာဠာဝက မောင်ကလေးအမှု
တစ်နေ့သ၌ ကျွန်တော်သည် မြို့ထဲတွင် အလုပ်ကိစ္စတစ်ခုဆောင်ရွက် ပြီးစီးခဲ့သဖြင့် နေအိမ်သို့ ပြန်ရောက်လာသောအခါတွင် ဦးစံရှားသည် ဖူးစကက် စာရွက်များ၌ ရေးသားထားသော စာရွက်များကို ဖတ်ရှုလျက်ရှိရာမှ ..... ။
“ကိုင်း ... ကိုသိန်းမောင်၊ ငွေခပ်ချောင်ချောင် ရချင်ရင် 'ဦးဆွမ်းပို့ 'ဆို တဲ့ နာမည်နဲ့ လူတစ်ယောက်ကို တွေ့အောင်ရှာပေတော့” ဟု ကျွန်တော့်အား လှမ်းပြောလိုက်လေ၏။
ကျွန် ။ ။ “ဘာတဲ့ဗျာ၊ ဦးဆွမ်းပို့တဲ့၊ နာမည်ကလည်း ကြံကြံဖန်ဖန်ပါလားခင်ဗျ”
ရှား ။ ။ “ကြံကြံဖန်ဖန်မို့ ဒီနာမည်မျိုး ရှားလေတော့ တွေ့အောင်ရှာနိုင်ရင် ဆုပေးမယ်လို့ ဆိုတာပေါ့ဗျာ”
ကျွန် ။ ။ “ဘယ်လိုများတဲ့လဲဗျာ၊ ဘယ်သူက ငွေပေးမှာတဲ့လဲ”
ရှား ။ ။ “ပြောပြရမှာ တော်တော်ရှည်တယ်ဗျ။ ကျုပ်တို့ဆီ ရောက်လာတဲ့အမှုတွေထဲမှာ ဒီအမှုကလေးလောက် ဆန်းကြယ်တာ ခပ်ရှားရှားပဲ။ တော်တော်ကြာ လူကိုယ်တိုင် ရောက်လာပါလိမ့်မယ်ဗျာ။ သူလာမှပဲ ခင်ဗျား နား
ထောင်ပါတော့။ ဒီအတောအတွင်းမှာ ဒီနာမည်မျိုး ဘယ်မှာ ကြားဖူးသလဲလို့ ခင်ဗျား စဉ်းစားထားနှင့်စမ်းပါဦး”
ထိုအခါ ကျွန်တော်သည် မြန်မာပြည်၌ သိသင့်သိထိုက်သော ပုဂ္ဂိုလ်များ ၏ အမည်၊ နေရပ်တို့ကို ဖော်ပြထားသည့် “ဗားမားဒါရိုက်ထရီခေါ် စာအုပ်ကြီးများ ကို လှမ်းယူ၍ “ဆ” အက္ခရာနှင့်စသော နာမည်များကို တစ်လုံးစီ ဖတ်ရှုရှာဖွေလေ ၏။ နောက်ဆုံး၌ ယင်းနာမည်မျိုးတစ်ခုကို တွေ့သဖြင့်
ကျွန် ။ ။ “ဟော .. တွေ့ပြီဖါ ဦးစံရှား၊ ဟောဒီမှာဗျို့”
ဦးစံရှားသည် စာအုပ်ကို လှမ်းယူ၍ ကျွန်တော်ထောက်ပြသော နာမည် ကို ကြည့်ရှုပြီးနောက် ....
ရှား ။ ။ “ဦးဆွမ်းပို့၊ ပင်စင်အငြိမ်းစား၊ မြေစာရင်းအင်စပက်တော်၊ နံပါတ် ၁၃၄။ဘိုးလိန်းလမ်း ဆိုပါလားဗျ။ မဟုတ်သေးဘူး ကိုသိန်းမောင်၊ ဒီလူက ကျုပ်ဆီ စာရေးပြီး အကြောင်းကြားထားတဲ့လူပဲဗျ။ ကျုပ်ဖတ်နေတဲ့ ဖူးစကက် စာရွက်တွေဟာ သူ့ဆီကပဲ၊ ကျုပ်တို့လိုချင်တာက ဒီလူနဲ့ နာမည်တူတဲ့လူ တစ်ယောက်ကို ရှာပေးဖို့လိုနေတာဗျ။ သူက ခိုင်းထားတဲ့အလုပ်မှာ သူ့နာမည် ကို ပြန်ပြနေလို့ ဘယ့်နှယ်ဖြစ်မလဲဗျာ”
ထိုခဏ၌ ကျွန်တော်တို့၏ အိမ်စေကလေးသည် စာရွက်ကလေးကို ကိုင်ကာ ဝင်လာ၍ ကျွန်တော့်အား ပြသဖြင့် ဖတ်ကြည့်လိုက်ရာတွင် ....
“ဦးဆွမ်းပို့၊ အထက်တန်းရှေ့နေ၊ ရွှေဘိုမြို့” ဟူသော စာလုံးများကို တွေ့မြင်ရလေ၏။
ကျွန် ။ ။ “ကိုင်းဗျာ ဦးစံရှား၊ အဆင်သင့်ချင်တော့ ပြောရင်း၊ ဆိုရင်း ဦးဆွမ်းပို့တဲ့ဗျား။ ကျွန်တော်ကတော့ ကော်ပြီါ။ ငွေအချောင်သုံးရဖို့ လမ်းမြင် နေပြီ”
ဦးစံရှားသည် စာရွက်ကို လှမ်းယူ၍ ဖတ်ကြည့်ပြီးနောက် ...
ရှား ။ ။ “မဟုတ်သေးဘူး ကိုသိန်းမောင်ရဲ့၊ ဒီလူဟာကလည်း ဒီအမှုထဲပါနေတဲ့လူပဲ။ ဦးဆွမ်းပို့ နှစ်ယောက်တွေ့ပြီးဖြစ်လို့ တတိယတစ်ယောက် တွေ့အောင်ရှာဖို့ လိုနေတယ်ဗျ။ သို့သော် ရွှေဘိုဦးဆွမ်းပို့က ကျုပ်တို့ဆီ ဘယ်ပုံ ရောက်လာတယ် မပြောတတ်ဘူး။ ကိုင်းဗျာ .. သူလာတော့ ကြားကြရောပေါ့”
ထိုခဏတွင် အိမ်စေကလေးသည် ရွှေဘိုမှ အမိန့်တော်ရ ဦးဆွမ်းပို့ဆိုသူ ကို ကျွန်တော်တို့ထံ ခေါ်သွင်းလာခဲ့ရာ ထိုလူမှာ ပုဆိုးတောင်ရှည်၊ အယ်လပတ်ကား အင်္ကျီနက်၊ ခေါင်းပေါင်း အုပ်ပေါင်း စသည်တို့ဖြင့် ရှေ့နေများ ထုံးစံအတိုင်း ဝတ်ဆင်၍ မေးရိုးခပ်ကြီးကြီးနှင့် ယောက်ျားအလွန်ပီသသော မျက်နှာပေါက်ရှိ သည့် လူတစ်ယောက်ဖြစ်ပေ၏။
ရွှေဘိုသားများ၏ ထူးခြားသော အချက်တစ်ခုမှာ အခြားအရပ်သားများ ကဲ့သို့ ကုလားလိုလို၊ တရုတ်လိုလို၊ ရှမ်းလိုလိုမရှိဘဲ မြန်မာဆိုမှ မြန်မာအစစ်ဖြစ် သည့်အကြောင်းကို နဖူးတွင် ကမ္ပည်းရေးထိုးထားဘိသကဲ့သို့ ထင်ရှားလှခြင်းဖြစ် ပေ၏။
ထိုသူသည် အသက်(၃၀)ကျော်ခန့် အရွယ်ရှိ၍ ခပ်တုတ်တုတ် ညိုညိုရှိလေရာ သူ၏မျက်လုံးများမှာ အလွန်တည်ငြိမ်စူးရှ၍ တန်ခိုးဣဒ္ဓိပါဒ်တစ်မျိုးရှိ ကြောင်း ထင်ရှားပေ၏။
သို့ရာတွင် လက်ဝဲဘက်မျက်လုံးသည် လက်ယာဘက်ထက် အနည်း ငယ် ကျယ်လျက်ရှိသဖြင့် စိတ်ချလောက်သော လူတစ်ယောက်၏ အင်္ဂါမျိုးမဟုတ် ဟူ၍ ကျွန်တော်အကဲခတ်မိလေ၏။
ထိုသူသည် ကျွန်တော်နှင့်ဦးစံရှားတို့ကို တစ်လှည့်စီကြည့်ကာ အကဲ ခတ် ပြီးနောက် မှန်သည့်အတိုင်းသိရှိ၍ ဦးစံရှားအား ကြည့်လျက် ......
လူ ။ ။ “ဦးစံရှားမဟုတ်ပါလားခင်ဗျား၊ လူကို မမြင်ဖူးဘဲနဲ့ ရုပ်ပုံတွေကြည့်ပြီးအကဲခတ် ရတော့တာပါပဲ။ ဒါထက် ကျွန်တော်နဲ့နာမည်တူ ဦးဆွမ်းပို့ ဆိုတဲ့ လူကြီးတစ်ယောက်ဆီက စာတစ်စောင်ရတယ် မဟုတ်ပါလား ခင်ဗျာ” ရှား ။ ။ (ဖူးစကက်စာရွက်များကို ကောက်ယူလျက်) “ဒီစာရွက်မှာပါတဲ့ ရွှေဘိုက ဦးဆွမ်းပို့ဆိုတာ ခင်ဗျားပေါ့လေ၊ ခင်ဗျား ရန်ကုန်ရောက်နေတာ တော်တော်ကြာပြီ မဟုတ်လား”
ဆွမ်း။ ။ (ရုတ်တရက် မျက်နှာပျက်သွား၍) “ခင်ဗျား ဘယ့်နှယ်သိသလဲ”
ရှား ။ ။ “ခင်ဗျားရှပ်အင်္ကျီမြင်လို့ အကဲခတ်ရတာပဲ”
ဆွမ်း။ ။ “ကျွန်တော့်ရှပ်အင်္ကျီ ဘယ့်နှယ်ဖြစ်လို့လဲ”
ရှား ။ ။ “ရှပ်အင်္ကျီကော်လာမှာ ကြွေရောင်တင်တယ်ဆိုတာ ခင်ဗျားတို့ အညာမှာ အတော်အသုံးနည်းတယ် မဟုတ်လား။ ဒီဟာက များသောအား ဖြင့် ရန်ကုန်ပင်မင်းတွေမှာ လုပ်ပေးတတ်တဲ့ အလေ့အထရှိတယ်။ မနေ့တစ်နေ့က မှ ရွှေဘိုက ရောက်လာတဲ့လူဆိုရင် ရှပ်အင်္ကျီကို ရန်ကုန်မှာ ပင်မင်းပေးပြီး ကြွေ ရောင်တိုက်ခိုင်းဖို့ ခဲယဉ်းတယ်လို့ ကျုပ်ယူဆတယ်။ ဒါကြောင့် ခင်ဗျား ရန်ကုန် ကို နေ့ချင်း ညချင်းရောက်လာတဲ့ ဧည့်သည်တစ်ယောက်မဟုတ်ဘူးလို့ ကျုပ်ပြော ခြင်း ဖြစ်ပါတယ်”
ဆွမ်း။ ။ (မျက်နှာပျက်သွားရာမှ သွားဖြဲကာ ပြုံးချလိုက်ပြီးနောက်) “တယ် မျက်စိစူပါပေတယ်ဗျာ၊ ဒါကြောင့်လည်း ကျော်ကြားပေတာပဲ။ ဆိုပါတော့ ခင်ဗျာ၊ ကျွန်တော် ရန်ကုန်ရောက်တာ တော်တော်ကလေး ကြာသွားပြီဆိုပါတော့ .... သို့သော် ကျွန်တော် လာရောက်ခြင်းကိစ္စက ရှပ်အင်္ကျီ ကြွေရောင်တိုက် မတိုက် ကို ပြောချင်လို့ မဟုတ်ပါဘူး။ ဦးစံရှား လက်ထဲကစာအကြောင်းကို ဆွေးနွေး ချင်လို့ လာရောက်ခြင်း ဖြစ်ပါတယ်” ။
ဦးဆွမ်းပို့ဆိုသူမှာ ဦးစံရှားက အင်္ကျီကော်လာကြွေရောင်တိုက်ခြင်းနှင့်ပတ်သက်၍ ပြောလိုက်သော စကားကြောင့်စိတ်ထဲ၌ အတော်အတန် ထိခိုက်သွား သည့်အဖြစ်ကို ကျွန်တော် သတိမပြုမိသဖြင့် အဘယ့်ကြောင့် ဤကဲ့သို့ဖြစ်ရသည် ကို တွေးတောစဉ်းစားနေသေး၏။
ရှား ။ ။ “သည်းခံပါမိတ်ဆွေ၊ကျွန်တော်က တစ်ခါတလေ အမှုသည်ကို ကြည့်ပြီး အကဲခတ်ခြင်းများဟာ အရေးပါအရာရောက်တဲ့အကြောင်းကို ဟောဒီက မိတ်ဆွေကြီး ကိုသိန်းမောင် သိပါတယ်။ သို့သော် ဒါထက် မြေစာရင်း အင်စပက်တော် ဦးဆွမ်းပို့ကောဗျ။ ဘာကြောင့် ခင်ဗျားနဲ့အတူ လိုက်မလာသလဲ”
ဆွမ်း။ ။ “ဟာ ... ကျွန်တော့်လူက သိပ်ကျော်တဲ့လူပဲခင်ဗျာ၊ ရာဇဝတ်မှုလည်းမဟုတ်၊ လူသတ်မှုလည်း မဟုတ်ဘဲနဲ့ ကိုယ့်အချင်းချင်း ကျိတ်ကြံရ မယ့်အလုပ်ကို စုံထောက် နဲ့ တိုင်ပင်လား၊ မေးမြန်းလားနဲ့ သိပ်ခွကျတဲ့လူပဲ ခင်ဗျာ၊ ဒီကနေ့မနက် သူနဲ့တွေ့လို့ ဦးစံရှားဆီ စာရေးထားတဲ့ အကြောင်းပြောပြ လို့ ကျွန်တော် လာခဲ့ရတာပဲ။ ဒီလူလုပ်ပုံ ကျွန်တော်တော့ သိပ်ချဉ်သဗျာ။ နည်း နည်းမှ နည်းလမ်း မကျဘူး”
ရှား ။ ။ “ဒီလိုပါမိတ်ဆွေ၊ ကျုပ်ဆီကို စာရေးပြီး တိုင်ပင်သော်လည်း ခင်ဗျားအကြောင်းကို တစ်လုံးမှ မကောင်းမရေးပါဘူး။ ခင်ဗျားတို့နှစ်ယောက် စလုံး ကိစ္စအတွက် မြန်မြန်ချောမောသွားအောင်လို့ တိုင်ပင်ခြင်းဖြစ်ပါတယ်။ ကျုပ်က အတွေ့အကြုံများပြီး နှံ့စပ်တယ်ဆိုတာကို သူသိလေတော့ ကျုပ်ကို တိုင် ပင်ခြင်းဟာ အဆန်းမဟုတ်ပါဘူး မိတ်ဆွေ”
ထိုအခါ ဦးဆွမ်းပို့သည် မိမိလူအပေါ်၌ စိတ်တိုမိသည့်အတွက် မှားယွင်း ခြင်းကို သတိရသည့် လက္ခဏာနှင့် မျက်နှာထား ပြောင်းလဲသွားလေတော့၏။
ဆွမ်း။ ။ “ဒီလိုဖြင့် ရှိပါစေတော့ဗျာ။ ဒီကနေ့မနက် သူနဲ့တွေ့လို့ ခင်ဗျားဆီတိုင်ကြားထားကြောင်း ပြောတာနဲ့ လိပ်မေးပြီး ကျွန်တော်လိုက်လာ ရခြင်း ဖြစ်ပါတယ်။ ကျွန်တော့် သဘောကတော့ ပုလိပ်တွေ၊ စုံထောက်တွေ ဝင် ရှုပ်တာ သိပ်မကြိုက်လှဘူးဗျ။ သို့သော် ဦးစံရှားက ကူညီပြီး ရှာပေးမယ်ဆိုရင်တော့လည်း ကောင်းတာပါပဲခင်ဗျာ”
ရှား ။ ။ “ကိုင်းဗျာ၊ ခင်ဗျားကိုယ်တိုင် ရောက်လာတဲ့အတူတူ ဟောဒီကမိတ်ဆွေလည်း ကြားရအောင် ဖြစ်ပျက်ပုံကို ပြောပြစမ်းပါဦး။ သူက ဘာမျှ မသိရသေးပါဘူး”
ဦးဆွမ်းပို့သည် ကျွန်တော်၏မျက်နှာကို လှမ်းကြည့်ပြီးနောက် သဘော မကျသည့် အမူအရာမျိုးနှင့် ...
ဆွမ်း။ ။ “သူသိဖို့ လိုသေးသလား ဦးစံရှား”
ရှား ။ ။ “ကျုပ်တို့က နှစ်ယောက်တွဲပြီး အလုပ်လုပ်နေကျ ဖြစ်ပါတယ်ဗျ”
ဆွမ်း။ ။ “ဒီလိုဆိုရင် လျှို့ဝှက်ထားဖို့ မလိုပါဘူးလေ။ ဒီလိုပါခင်ဗျာ၊ ကျွန်တော်တို့ ရွှေဘိုတောင်ဘက်မှာ စစ်ကဲကြီးရဲ့ တူ မြေပိုင်ရှင် ဦးဆွမ်းပို့ဆိုရင် လူတိုင်း သိပါတယ်။ လယ်တွေ ပေါလိုက်တာဆိုတာ တစ်နယ်လုံး လက်ညှိုးထိုး မလွဲဘူးခင်ဗျ။ သူ့မှာ သားမရှိ၊ သမီးမရှိ မုဆိုးဖိုကြီးအဖြစ်နဲ့ တစ်ယောက်တည်း နေတဲ့ အဘိုးကြီးခင်ဗျ။ ဆွေမျိုးအရင်းအချာရယ်လို့ မရှိဘူး။ စစ်ကဲကြီးတူဆိုလို့ ဆွေကြီးမျိုးကြီးဖြစ်ပေမဲ့ စစ်ကဲကြီးရဲ့ မယားငယ်တစ်ယောက်က ပေါက်ဖွားခဲ့တဲ့ အဆက်အနွယ်ဖြစ်လေတော့ ဆွေမျိုးအရင်းအချာရယ်လို့ သူကလည်း အသိ အမှတ်မပြုဘူးခင်ဗျ။ တချို့တလေကတော့ ဒီလူကြီးမှာ အမွေခံ၊ အမွေစား မရှိဘူးဆိုတာ သိလေတော့ မြူကြ၊ ကပ်ကြ၊ ချော့ကြ၊ မော့ကြ လုပ်ကြသေး တာပေါ့ ခင်ဗျ။ ဒါပေမဲ့ သူက ဘယ်မိတ်ဆွေ ဘယ်ဆွေမျိုးမှ အကပ်မခံဘူးဗျ။ ဒီလူကြီးမှာ ထူးခြားတဲ့အချက်တစ်ခုရှိတာက ဘာလဲဆိုတော့ သူ့နာမည်ကို သူသိပ်ပြီး သဘောကျတယ်။ သူ့နာမည်ကို အသားယူပြီး ငါလိုလူ ဇမ္ဗူမှာ ရှိ သေးရဲ့ လားလို့တောင် ပြောဖူးတယ်ခင်ဗျ။ တစ်နေ့တော့ ကျွန်တော်က လူသတ် မှုတစ်ခုဖြစ်ပွားတဲ့နေရာကို ကိုယ်တိုင်သွားပြီး စုံစမ်းကြည့်ရှုတဲ့အခါမှာ သူနေတဲ့ ရွာရောက်သွားပြီး ဒီလူကြီးနဲ့ တွေ့ခဲ့ရတယ် ခင်ဗျ”
“လူကြီးက ကျွန်တော်နဲ့ တွေ့လို့ သူ့နာမည်နဲ့ တူနေတာကို သိတာနဲ့ တစ်ပြိုင်နက် ကျွန်တော့်ကို ကျောသပ်၊ ရင်သပ်နဲ့ တူအရင်း သားအရင်းလို ချစ် ပါတယ်ဆိုပြီး ပွေလား၊ ဖက်လားတောင် လုပ်တယ် ခင်ဗျ။ အဲဒီတစ်ခေါက်က ကျွန်တော့်ကို သူ့အိမ်မှာ ကျွေးမွေးပြုစု လွှတ်လိုက်တဲ့အပြင် ကျွန်တော်နေတဲ့ ရွှေဘိုမြို့ကို သူကိုယ်တိုင် မကြာမကြာလာပြီး ကျွန်တော့်အိမ်မှာ တည်းခိုစား သောက်သွားတယ် ခင်ဗျ။ ငါ့တူ ချမ်းသာစေ့မယ်၊ ငါ့သား ချမ်းသာစေ့မယ်လို့ လည်း ခဏခဏ ပြောတယ်ခင်ဗျ၊ ကျွန်တော်ကတော့ ကောင်းကောင်း နား မလည်ပါဘူး။ ရိုးရိုးခင်မင်တယ်လို့ပဲ အောက်မေ့တာပါပဲ။ တစ်နေ့တော့ ကျွန်တော့် ဆီကို လူတစ်ယောက် လွှတ်လိုက်ပြီး ချက်ချင်းလိုက်ခဲ့ပါလို့ ကျွန်တော် လိုက်သွားတော့ အဘိုးကြီး ဖျားနေတာ တွေ့ရတယ်ခင်ဗျ။ ကျွန်တော် ရောက်ရောက်ချင်းပဲ သူ့ရွာသူကြီးနဲ့ လူကြီးလေးငါးယောက်ကိုခေါ်ပြီး စာချုပ်တစ်ခု ရေးစေတယ်ခင်ဗျ။ ဘယ်လိုလဲဆိုတော့ ကျွန်တော်ဟာတဲ့၊ ကျွန်တော်နဲ့နာမည်တူတဲ့ အခြား မောင်ဆွမ်း ပို့နှစ်ယောက် တွေ့အောင်ရှာနိုင်လို့ရှိရင် သူ့မှာရှိတဲ့ လယ်ဧက (၆ဝဝ)ကျော်နဲ့တကွအိမ်ကြီးသုံးလုံးကို ကျွန်တော်တို့ မောင်ဆွမ်းပို့သုံးယောက် အညီအမျှ ခွဲဝေယူ ကြရမယ်ဆိုတဲ့ စာတန်းကို လူကြီးစုံရာရှေ့မှာ လက်မှတ်ထိုးပြီး စာချုပ်ကို သူကြီး လက်ထဲ တစ်စောင်၊ ကျွန်တော့်လက်ထဲတစ်စောင် အပ်ထားခဲ့တယ် ခင်ဗျ။ နောက် မကြာပါဘူး။ အဘိုးကြီး ကွယ်လွန်သွားရှာတယ်လို့ ကျွန်တော် ကြားရပါတယ်။ ကြားရပေမဲ့လည်း ကျွန်တော့်နာမည်မျိုးနဲ့ လူနှစ် ယောက် တွေ့အောင်ရှာဖို့ဆိုတဲ့ အလုပ်ဟာ မလွယ်ကူတဲ့အဖြစ်ကို ကျွန်တော်သိလေတော့ သူပေးထားတဲ့ စာချုပ် အတွက် ဝမ်းသာလောက်အောင် မရှိလှဘူး ပေါ့ခင်ဗျာ။ ဒါကြောင့် အမှတ်တမဲ့လို လို နေလာမိခဲ့တာပဲ။ သူ့ပစ္စည်းကတော့ မနည်းဘူးပေါ့ခင်ဗျာ။ အိမ်တွေကို ထား လိုက်ပါဦး၊ လယ်ဧက (၆ဝဝ)ကိုက တစ်ဧက (၁၀၀)နှုန်းနဲ့ပဲတွက် (၆၀၀၀၀) တန်လေတော့ လူတစ်ကိုယ် (၂၀၀၀၀) ကျစီ ရမှာကိုခင်ဗျ၊ ငွေ (၂၀၀၀၀) အလ ကားရမယ်ဆိုတာ မနည်းပေဘူးပေါ့ခင်ဗျာ”
“ဒါနဲ့ ဟိုတစ်နေ့က ဘိုလိန်းလမ်းက မြေစာရင်း အင်စပက်တော် ဦးဆွမ်းပို့ဆို တဲ့ နာမည်ကို ဘွားခနဲသွားတွေ့တာနဲ့ ကျွန်တော်လည်း ရန်ကုန်ကို ဆင်းလာခဲ့ တာပဲ။ ဒီပုံဆိုရင် တော်တော်နီးပြီ၊ နောက်ထပ်တစ်ယောက်ပဲတွေ့ဖို့ လိုတော့ တယ်လို့ အောက်မေ့ပြီး အများကြီးအားရှိသွားတယ်။ ဒါနဲ့ ကျွန်တော်ကိုယ်တိုင် ဘိုလိန်းလမ်းသွားပြီး ပင်စင်စား အင်စပက်တော်ကြီးကို အကျိုးအကြောင်းပြော ပြပါတယ်။ သူ့ခမျာလည်း ဝမ်းသာရှာပါရဲ့။ နို့ပေမဲ့ နောက်ထပ်တစ်ယောက် တွေ့ဖို့အရေးက လိုနေသေးတာကိုး ခင်ဗျ၊ ကိုင်း ...ဒါပါပဲ ခင်ဗျ။ ဦးစံရှားတို့က အသိအကျွမ်းများလေတော့ ဒီနာမည်မျိုးများ တွေ့ ဖူးလေမလား မဆိုနိုင်ဘူး။ တတ်နိုင်ရင် ကူညီကြပါခင်ဗျာ။ ကျွန်တော်တို့က တန်ရာတန်ဖိုးချီးမြှင့်ဖို့ အသင့် ရှိပါတယ်”
ရှား ။ ။ (ပြုံးလျက်) “ကိုင်း ... ဘယ့်နှယ့်လဲ ကိုသိန်းမောင်၊ ဒါကြောင့် အင်မတန် ဆန်းပါတယ်လို့ ကျုပ်မပြောဘူးလား။ ဒါထက် နေစမ်းပါဦးဗျာ၊ သတင်းစာတွေထဲမှာ ကြော်ငြာ မစမ်းဘူးလား”
ဆွမ်း။ ။ “စမ်းပြီလား ခင်ဗျာ၊ ငွေ ကိုးဆယ်တစ်ရာ ကုန်သွားပါပြီ။ ဘယ်သူ့ဆီကမှ ပြန်စာမရပါဘူး”
ရှား ။ ။ “ဟုတ်လိုက်ပါပေ့ဗျာ၊ ခင်ဗျားတို့အမှုက ရယ်စရာလိုလို၊ ပြောင်တာလိုလို၊ နောက်တာလိုလို၊ ဖြစ်မှဖြစ်ရပလေဗျာ၊ ဒါထက် နေစမ်းပါဦး ဦးဆွမ်းပို့။ကျွန်တော့်မိတ်ဆွေတစ်ယောက် ဦးသိဒ္ဓိဆိုတာ ရွှေဘိုမှာ ရှိသေးလား မဆိုနိုင်ဘူး။ ချပ်သင်း ဦးဘသင်တို့နဲ့ သစ်ကုန်ကူးနေတာ အတော်ကြီးပွားနေတယ်လို့ ကြားပါတယ်” ဆွမ်း။ ။ “သစ်ကုန်သည်ကြီး ဦးသိလား၊ သိတာပေါ့ ခင်ဗျာ၊ ကျွန်တော်တို့ဆိုတာက သူ့အိမ်မှာ စားအိမ်သောက်အိမ်ပေါ့ ။ တူကလေး သားကလေး လို သူက သဘောထားတာပဲ။ ကိုင်း ..ကျွန်တော် ပြန်ဦးမယ်ခင်ဗျ။ ကျွန်တော်တို့ က အကြောင်းထူးရှိရင်လည်း ဦးစံရှားကို သတင်းပေးပါ့မယ်။ ဒီက သတင်းများ ရလို့ရှိရင်လည်း ကျွန်တော်တို့ဆီ အကြောင်းကြားပါခင်ဗျာ နော်”
ထို့နောက် ဦးဆွမ်းပို့သည် တိုက်ပေါ်မှ ဆင်းသွားလေ၏။
ဦးစံရှားသည် ကုလားထိုင်ပေါ်တွင် ပက်လက်လှန်ကာ ဆေးတံကိုစွာ ရင်း ပြုံးစိစိ မျက်နှာထားနှင့် မီးခိုးများကို ကြည့်နေလေရာ ...
ကျွန် ။ ။ “ဘယ့်နှယ်လဲဗျ ဦးစံရှား”
ရှား ။ ။ “ကျုပ်လည်း တွေးနေတုန်းပဲဗျ”
ကျွန် ။ ။ “ဘာများ ခင်ဗျာတွေးနေတာတုံး”
ရှား ။ ။ “ဒီလူဟာ ဘယ်လို အကြံအစည်နဲ့ တောက်တီးတောက်တဲ့ ဇာတ်ဆင်ပြီး ကျုပ်တို့ကို လာတစ်ပတ်ရိုက်ရသလဲဆိုတာ ကျုပ်တွေးနေတာ။ ခုနင်ကတည်းကိုက တိုက်ရိုက်ဖွင့်ပြော၊ ဖွင့်မေးမလို့ ကြံမိသေးတယ်၊ ဒါပေမဲ့ နေ ပါစေဦးတော့ဆိုပြီး သူပြောတာတွေကို ကျုပ်က ယုံချင်ယောင် ဆောင်နေလိုက် တာ၊ ရွှေဘိုသားဆိုတာကတော့ ဟုတ်ကောင်း ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ ရန်ကုန် ရောက်နေတာ အတော်ကြာလို့မို့ ရှပ်ကော်လာ ကြွေတိုက်တွေ၊ ခြင်းစွပ်ခေါင်း ပေါင်းတွေနဲ့ ကော့နေအောင်ဝတ်ထားပြီး ခုမှ အညာက ရောက်လာတဲ့ ရှေ့နေယောင်ယောင် လုပ်လိုက်ချင်သေးတယ်။ ကြော်ငြာ မထည့်ဘူးလားလို့ ကျုပ်က မေးတော့ ကိုးဆယ်တစ်ရာ အကုန်ခံပြီးထည့်ပြီးပြီတဲ့။ ကျုပ်က သတင်းစာကြည့် ရင် ဒီလိုအဆန်းတွေ လိုက်ရှာကြည့်နေတဲ့ လူကပဲ၊ ဘယ်သတင်းစာမှ သူ့ ကြော် ငြာ ကျုပ်မတွေ့ဖူးဘူး။ သစ်ကုန်သည် ဦးသိဒ္ဓိဆိုတာလည်း ကျုပ်က အလကား ဖြန်းမေးလိုက်တာ။ ဘယ် ဦးသိဒ္ဓိမှ ကျုပ်မသိဘူး။ ဒါနဲ့တောင် သူက တူလို သားလို နေပြန်သတဲ့ါ။ သူ့ဥစ္စာတွေ မဟုတ်တရုတ် ဆင်လာမှန်းတော့ ကျုပ် တို့ သိရပြီ”
“ဒါပေမဲ့ ဘယ်လိုအကြံအစည်နဲ့၊ ဒီလောက်ကတ်ကတ်သတ်သတ် ထွင်လာတယ်ဆိုတာတော့ ကျုပ်တွေးလို့မရသေးဘူး။ အလကားသက်သက်တော့ စရိတ်ကုန်ခံပြီး ဟိုအင်စပက်တော်ကြီးကို သူသွားညာမယ် မထင်ဘူး။ ရည်ရွယ် ချက်တစ်ခု ဧကန်ရှိရမယ်။ လူကတော့ဖြင့် လူရှုပ်တစ်ယောက်ပဲ။ ဒါပေမဲ့ တော်တော်ဆန်းကြယ်တဲ့ လူရှုပ်တစ်ယောက်နဲ့တူတယ်ဗျ။ ကြံကြီးစည်ရာ တောက် တီး တောက်တဲ့ သူမို့လို့လည်း စိတ်ကူးရတတ်တယ်ဗျာ။ ကိုင်း ... ဘာပဲဖြစ်ဖြစ် သူတွင်ပဲ ညာသလား၊ ဘိုလိန်းလမ်းက အင်စပက်တော်ကြီးကပါ ညာသလားဆို တာကို သိရအောင် တယ်လီဖုန်းဆက်ကြည့်စမ်းဗျာ ကိုသိန်းမောင်”
ကျွန်တော်သည် ဘိုလိန်းလမ်း အိမ်နံပါတ် (၁၃၆)၌ နေထိုင်သော မိတ် ဆွေတစ်ယောက်အိမ်တွင် တယ်လီဖုန်းရှိသည်ကို သတိရသဖြင့် ယင်းထံဆက်ပြီး နောက် အိမ်နံပါတ် (၁၃၄)မှ ဦးဆွမ်းပို့ကို ခေါ်ပေးရန် မှာထားလေ၏။
ယင်းတယ်လီဖုန်းသို့ ဦးဆွမ်းပို့ ရောက်လာသောအခါ ကျွန်တော်သည် ဦးစံရှားကိုခေါ်၍ ပြောစေရာ တစ်ဖက်က ပြောသောစကားကို မကြားရစေကာမူ ဦးစံရှားပြောစကားကိုမူ အောက်ပါအတိုင်း ကြားရလေသည်။ ။
ရှား ။ ။ “ဦးဆွမ်းပို့လား၊ သော် ..ဟုတ်ကဲ့ခင်ဗျာ၊ သူလာသွားတယ်... သူနဲ့သိတာ ဘယ်လောက်ကြာပြီလဲ။ နှစ်ရက်တည်းရယ်၊ ဪ ... သော် ..ဟုတ်ကဲ့။ ဆန်းပေါ့ဗျာ။ သိပ်ဆန်းပါပေ့။ ညနေ ကျုပ်တို့လာခဲ့မယ်” ။
“သူနဲ့မတွေ့ချင်ဘူး၊ ခင်ဗျားနဲ့ပဲ တွေ့ချင်တယ်။ ကောင်းပြီ လာခဲ့မယ်။ ဦးသိန်းမောင်လည်းပါမယ်။ (၆) နာရီလောက်ပေါ့ဗျာ။ သူ့ကို မပြောလိုက်နဲ့ နော်။ ဟုတ်ကဲ့ ...ဒါပါပဲ”
(၂)
ထိုနေ့ညနေတွင် ကျွန်တော်နှင့်ဦးစံရှားတို့သည် ဘိုလိန်းလမ်းရှိ အင်စ ပက်တော် ဦးဆွမ်းပို့နေအိမ်သို့ သွားရောက်ကြလေ၏။ ။
ဦးဆွမ်းပို့၏နေအိမ်မှာ နှစ်ထပ်တိုက်အိုကလေးတစ်လုံး၏ အောက်ထပ် တွင်ဖြစ်၍ တိုက်ရှေ့တွင် အင်စပက်တော် ဦးဆွမ်းပို့'ဟူသော သစ်သားဆိုင်းဘုတ် ကလေးတစ်ခု ချိတ်ဆွဲထား၏။ ဦးစံရှားသည် အလွန်ဟောင်းနွမ်းနေသော သစ်သားဆိုင်းဘုတ်ကိုကြည့်၍
“ဆိုင်းဘုတ်ကတော့ ရေးထားတာ ကြာပြီဗျ။ ဆေးရောင်တွေတောင် မှိန်နေပြီ။ ဒါကြောင့်မို့ ဒီနာမည်ဟာ သူ့နာမည်အစစ်ဖြစ်ကြောင်း ထင်ရှားတယ်လို့ ဆိုရမယ်။ ဒီအမှုမှာ ဒီအချက်ကိုတော့ စိတ်ချလက်ချ ကျုပ်တို့ ယူဆနိုင်တယ်” ဟု ပြောလေ၏။
ကျွန်တော်တို့သည် ဦးဆွမ်းပို့၏ နှစ်ထပ်တိုက် အောက်ထပ်သို့ ဝင်သွား ကြသောအခါ ဦးဆွမ်းပို့ဆိုသူ ပင်စင်စား အင်စပက်တော်ကြီးနှင့်တွေ့၍ အိမ်ရှေ့