Skip to product information
1 of 3

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - အသစ်စုံထောက်

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

အခန်း (၁)

ကသာမြို့၏မြောက်ဘက် တစ်မိုင်ခန့်ကွာဝေးသော အရပ်တွင် ဇရစ်ချောင်အမည်ရှိ ရွာကလေးရှိ၏။ ၎င်းရွာကလေးမှာ အိမ်ခြေ ၅၀ - ခန့်ရှိ၍ များသောအားဖြင့် ခရစ်ယာန် ဘာသာဝင် ကရင်လူမျိုးများ နေထိုင်ကြသဖြင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်းကလေး လည်းကောင်း၊ အနည်းငယ်မျှသော ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် အနီးအပါးရှိ တောင်ကုန်းကလေးပေါ်တွင် ဘုန်းကြီးကျောင်းတစ်ကျောင်း လည်း ကောင်း ရှိ၏။ ဘုန်းကြီးကျောင်းသို့ တက်ရာလမ်းဖြစ်သော အနောက် ပိုင်းသည် တောင်စောင်းတွင် တည်ရှိသည်ဖြစ်၍ အရှေ့ပိုင်းထက် မြင့် မောက်ပေရာ မြေပြင်ညီညာစွာရှိသော ရွာအရှေ့ပိုင်းတွင် အခြားအိမ်များ ထက် မြင့်မား၍ ဗိုလ်ဆန်ဆန် ဆောက်လုပ်ထားသည့် အိမ်ကြီး တစ်ဆောင်မှာ မြို့၏ မြောက်ဘက်တွင်ရှိသော ပိုလိုကွင်းမှပင် ထင်းထင်း ကြီး မြင်နိုင်ပေ၏။

၎င်းအိမ်ကြီးမှာ ထိုအရပ်တွင် သြဇာတိက္ကမနှင့်ပြည့်စုံသော သစ်ကုန်သည်ကြီး ဦးထွန်းပြည့်၏အိမ်ကြီးဖြစ်ပေရာ ဦးထွန်းပြည့်မှာတစ်ခေတ်က သစ်ဘက်တွင် အကြီးအကျယ် ရောင်းဝယ်ဖောက်ကားခြင်း ပြုလုပ်ခဲ့သည့် ဘီဘီတီစီကုမ္ပဏီ၊ စတီးဘရားသားကုမ္ပဏီစသော ကုမ္ပဏီကြီးများနှင့် တုပြိုင်လုပ်ကိုင်ခဲ့သူဖြစ်သဖြင့် ကျွဲ၊ နွား၊ ဆင် စသော ပစ္စည်းများအပြင် ကသာမြို့ ဈေးနားတစ်ဝိုက်တွင် အိမ်ကြီးအိမ်ကောင်း များကိုလည်း ပိုင်ဆိုင်ခဲ့သည်ဖြစ်၍ ပစ္စည်းဥစ္စာ အတော်ပင်ကြွယ်ဝသူ တစ်ယောက်ဖြစ်ပေ၏။

ဦးထွန်းပြည့်သည် ထိုသို့သော အခြေသို့ရောက်ရခြင်းမှာ ကိုယ် တိုင်အစွမ်းကောင်း သောကြောင့်လည်းတစ်ကြောင်း၊ ကသာမြို့ပေါ်၌ အကြွယ်ဝဆုံးဖြစ်သည့် သူဌေးဦးသန့်၏ တစ်ယောက်တည်းသောသမီး ဒေါ်သီတာနှင့် လက်ထပ်ထိမ်းမြားခြင်းကြောင့်တစ်ကြောင်း ဖြစ်ပေ၏။ ဒေါ်သီတာမှာ တစ်ဦးတည်းသော သားဖြစ်သူ မောင်သန်းတင်ကို ဖွားမြင်၍ ၅ နှစ်သားအရွယ်ခန့်တွင် ဒေါ်သီတာသေဆုံးခဲ့ရာ ထို့နောက် ၂ နှစ်ခန့်ကြာ၍ သူဌေးဦးသန့် ကွယ်လွန်သောအခါတွင် သားငယ် မောင်သန်းတင်သည် အဘိုးဖြစ်သူဦးသန့်၏ အမွေအနှစ် ပစ္စည်းအလုံးစုံကို ဆက်ခံရရှိခဲ့သည်ဖြစ်၍ ၇ နှစ်သားအရွယ်၌ပင် သူဌေးကလေး တစ် ယောက် ဖြစ်လာပေတော့၏။

ဦးထွန်းပြည့်မူကား မောင်သန်းတင် ၈ နှစ်သားအရွယ်တွင် ဒုတိယအိမ်ထောင်ပြုခဲ့ပြန်လေရာ မောင်သူတော်နှင့် မတင်ကြည်တည်း ဟူသော မောင်နှမနှစ်ယောက်တို့ကို ဖွားမြင်ပြီးသည့်နောက် ဒုတိယမိန်းမ သည်လည်း ပျက်စီးကွယ်လွန်ခဲ့လေ၏။ ထို့နောက်၌မူကား ဦးထွန်းပြည့် သည် အိမ်ထောင်ပြုရန် စိတ်မကူးတော့ဘဲ ပထမမယားမှ မွေးခဲ့သော သား မောင်သန်းတင်နှင့် ဒုတိယမယားမှ မွေးဖွားခဲ့သော မောင်သူတော်၊ မတင်ကြည်တို့နှင့်သာ အတူတကွ သင့်မြတ်ကြည်ရွှင်စွာ နေထိုင်လာခဲ့ လေတော့၏။

သားအကြီး မောင်သန်းတင်မှာ မိခင်ဘက်မှ အမွေအနှစ်မြောက် မြားစွာ ဆက်ခံရရှိခဲ့သည်တစ်ကြောင်း၊ ရုပ်ရည်ချောမော သန့်ရှင်းသည် တစ်ကြောင်း၊ သွက်လက်ချက်ချာလှသော သူငယ်တစ်ယောက်ဖြစ်သည် တစ်ကြောင်းကြောင့် ကသာမြို့ အင်္ဂလိပ်ကျောင်း၌ နေစဉ်ပင် ချစ်ကြိုက်သူ အလွန်ပေါသဖြင့် ရည်းစားတွေ “မှိုပေါက်”လျက်ရှိရာအင်္ဂလိပ်စာကို ဘီအေ၊ အမ်အေတိုင်အောင် သင်နိုင်လောက်သော အခြေရှိသော်လည်း ဖခင်ဦးထွန်းပြည့်သည် သား၏သဘောကို သိသည်နှင့် စိတ်မချနိုင်ဘဲ ၁၀ တန်းအောင်ပြီးသောအခါတွင် ကောလိပ်ကျောင်း သို့မပို့မူ၍ သစ် အလုပ်ဘက်တွင် မိမိ၏လက်ထောက်အဖြစ်နှင့် သွတ်သွင်းချထားလိုက် လေ၏။

သို့ရာတွင် မောင်သန်းတင်သည် ထိုအလုပ်ကို ကြာရှည်စွာ မလုပ် ကိုင်ဘဲ မြို့ပေါ်မှ မိန်းကလေးများနှင့်လည်းကောင်း၊ အနှံ့ အပြား ချစ် ကြိုက်နေခဲ့ပြီးနောက် တစ်နေ့သ၌ ဖခင်၏ ငွေ ၅ဝဝဝိ ကိုခိုးယူ၍ အိမ်မှတစ်ခါတည်းပျောက်ကွယ်သွားခဲ့လေတော့၏။ ။

မယားနှစ်ယောက် သေဆုံးပြီးသည့်နောက် ဦးထွန်းပြည့်သည် ဦးသောကြာဆိုသူ တပည့်ကောင်းတစ်ယောက်ကို လက်သပ်မွေးထား၍ ဦးသောကြာသည် ချက်မှုနှင့်ပြုတ်မှုနှင့်တကွ အိမ်ထောင်မှုကိစ္စဟူသမျှကို ဦးစီးဆောင်ရွက်ခဲ့လေ၏။ ဦးသောကြာမှာ ရွာ၏မြောက်ပိုင်းတွင် မုဆိုးမ တစ်ယောက် အိမ်ထောင်ကျသော်လည်း ရံဖန်ရံခါသာလျှင် သွားရောက် လည်ပတ်၍ နေ့ရောညပါ ဦးထွန်းပြည့်၏အိမ်၌ပင် အခန်းကလေး တစ်ခန်းတွင် နေထိုင်စားသောက်ခဲ့လေ၏။

ကျွန်ုပ်တို့ရေးသားဖော်ပြမည့် အချိန်ကာလတွင်ကား သားမောင် သူတော်သည် ၁၆ နှစ်သားအရွယ်လည်းကောင်း၊ သမီး မတင်ကြည် သည် ၁၄ နှစ်သမီးအရွယ်လည်ကောင်း ရှိနေကြပြီဖြစ်ရာ ဦးထွန်းပြည့်ကိုယ်တိုင်မှာ မကျန်းမမာ ရှိနေသည်ဖြစ်၍ နေအိမ်အပေါ်ထပ်ရှိ အခန်း တစ်ခန်းအတွင်း မောင်နှမနှစ်ယောက်တို့၏ အစောင့်အရှောက်ဖြင့် အိပ်ရာ၌ လဲလျက်ရှိလေ၏။

တစ်ညသ၌ ၈ နာရီအချိန်ခန့်တွင် ဦးသောကြာသည် ဝင်းတံခါး နှင့် အိမ်တံခါးများ ကို ပိတ်ဆို့၍ မိမိ၏အခန်းတွင်းသို့ ဝင်ပြီးနောက် ဇိနတ္ထပကာသနီစာအုပ်ကို ဖတ်တော့မည်ပြုသည်တွင် အိမ်ဝင်းအနီးမှ ကပ်၍ ဦးသောကြာ အိပ်ပြီလားဟု မေးလိုက်သောအသံကို ကြားရလေ၏။

ဦးသောကြာသည် ထိုအသံကိုသိသည်နှင့် ထိုင်ရာမှထ၍ အိမ် တံခါးနှင့် ဝင်းတံခါးတို့ကို ဖွင့်ပေးပေလေရာ အသက် ၂၅ နှစ်ခန့်ရှိ၍ထောင်ထောင်မောင်းမောင်းရှိသော လူတစ်ယောက်သည် ဝင်းထဲသို့ ဝင်လာလေ၏။

အလို ကိုဘဦးပါကလား၊ ဘယ်တုန်းက ပြန်ရောက်လာသလဲ”

ဒီကနေ့ပဲ ရောက်တယ်၊ ဦးထွန်းပြည့် မမာဘူးကြားလို့ ချက်ချင်း ထလာခဲ့ရတယ်”

မောင်ဘဦးဆိုသူမှာ ဇရစ်ချောင်ရွာအနောက်ပိုင်းရှိ လူကုံထံ တစ်ဦး၏သားဖြစ်လေရာ ထိုသူသည် ဦးထွန်းပြည့်၏သား မောင်သန်း တင် ပျောက်ကွယ်သွားသည့် အချိန်ကပင် ပျောက်ကွယ်သွားခဲ့၍မောင်သန်းတင်နှင့် သက်တူရွယ်မျှ ဖြစ်လေ၏။ ၎င်းတို့နှစ်ယောက်သည် အသက် ၂၀ ခန့်အရွယ်က ပျောက်ကွယ်သွားကြ၍ ၅ နှစ်တိုင်တိုင် ကြာရှိပြီဖြစ်သောကြောင့် အချိန်အခါတွင် အသက် ၂၅ နှစ်မျှစီ ရှိကြ လေပြီ။

ကြာ။ ။“အံ့သြမိပါရဲ့ဗျာ။ နှစ်ယောက်စလုံး ပျောက်သွား လိုက်ကြတာ စာကလေးတစ်စောင်မှ မပေးကြဘူး။ နေလည်းနေနိုင်တဲ့ လူနှစ်ယောက်ပါပဲ”

ဦး။ ။“မောင်သန်းတင်ဆီကလည်း ဘာအကြောင်းမှ မကြား ရဘူးလား၊ ငွေများ မတောင်းဘူးလား”

ကြာ။ ။“သွားကတည်းက ဘာမှမကြားရတော့ဘူး။ ငွေလည်း မတောင်းဘူး၊ သွားတုန်းကတော့ ငွေ ၅ဝဝဝိ ယူသွားတယ်ဆို ထင်ပါရဲ့။ ကိုဘဦးနဲ့အတူတူသွားကြတာမဟုတ်ဘူးလား”

ထိုအခါ မောင်ဘဦးသည် ထိုအကြောင်းကို ပြောလိုဟန်မရှိဘဲ ဦးခေါင်းကိုသာ ယမ်းခါ၍ ပြလေ၏။ ထို့နောက်

ဦး။ ။“ဦးထွန်းပြည့်မကျန်းမာတာ ဘယ်လောက်ကြာသွားပြီလဲ”

ကြာ။ ။ “၃ လလောက် ရှိသွားပြီကော၊ အချင်းချင်းမို့ ပြောရဦး မယ်။ ဦးထွန်းကြည့်တော့ ဒီတောင်က တက်တော့မယ်မထင်ပါဘူး”

ဦး။ ။“မောင်သူတော်တို့ မောင်နှမကော” –

ကြာ။ ။“ဦးထွန်းပြည့်ရဲ့ အခန်းထဲမှာ စောင့်ကြည့်နေကြတယ်။ တွေ့ချင်သေးသလား” .

ဦး။ ။“ဟုတ်ကဲ့ ခဏလောက် တွေ့ချင်ပါတယ်”

ထိုအခါ ဦးသောကြာသည် အိမ်ပေါ်သို့တက်သွား၍ ဦးထွန်းပြည့် အိပ်ပျော်နေခိုက် ဖြစ်သည်နှင့် မောင်နှမ နှစ်ယောက်တို့ကိုခေါ်လာခဲ့လေ ရာ မောင်သူတော်နှင့် မတင်ကြည်တို့လည်း လိုက်ပါလာကြလေ၏။ , မောင်သူတော်မှာ အသက် ၁၆ နှစ်အရွယ်မျှရှိ၍ စကားနည်းသော သူငယ် တစ်ယောက်ဖြစ်လေရာ မတင်ကြည်မှာ အသက် ၁၄ နှစ်မျှရှိ၍ သွက်သွက်လက်လက် ချက်ချက်ချာချာနှင့် မွန်ရည်သန့်ရှင်းသော ရုပ် လက္ခဏာရှိသောကြောင့် ကြီးရင့်သောအခါတွင် အတော်ပင် ချောလှမည့် မိန်းမပျိုကလေးတစ်ယောက်ဖြစ်လာမည့် အရိပ်နိမိတ်တွေ့မြင်နိင်ပေ၏။

မောင်နှမနှစ်ယောက်တို့သည် မောင်ဘဦးကိုတွေ့မြင်ကြသော အခါ အတန်ကြာ ကွဲကွာနေခဲ့ကြသော တစ်ရွာတည်းသားများ ဖြစ်ကြ သည့်အလျှောက် ပျူငှာသော အမူအရာနှင့် နှုတ်ခွန်းဆက်သကြလေ၏။ အထူးသဖြင့် မတင်ကြည်သည် သွက်လက်သော သူငယ်မ တစ်ယောက် ဖြစ်သည့်အလျှောက် ရှေ့ဆောင်ပြု၍ ဧည့်ခံလေရာ မောင်သူတော်မူကား နှမပြောသောစကားကို ထောက်ခံရုံမျှ ပြုလေ့ရှိ၏။ ။

လူငယ် ၃ ယောက်တို့သည် လွန်ခဲ့သည့် ၅ နှစ်အတွင်း ရွာထဲ၌ ဖြစ်ပျက်ခဲ့သမျှတို့ကို မောင်ဘဦးအားပြန်ပြောင်း ပြောပြကာ ဧည့်ခံလျက် ရှိကြစဉ် ဦးသောကြာသည်လက်ဖက်ရည်ကိရိယာတို့ကို ပြင်ဆင် ဆောင် ရွက်ပေးလေ၏။

ကြည်။ ။“ကိုဘဦးက ၅ နှစ်တောင် ပျောက်သွားလိုက်တာ ဘယ်ဆီများ ရောက်ခဲ့သလဲ”

ဦး။ ။“တစ်ပြည်လုံးနှံ့လို့ ဆိုပါတော့”

ကြည်။ ။“ဒီတစ်ခါ ပြန်သွားဦးမှာလား”

ဦး။ ။“မပြန်တော့ပါဘူး မွေးသဖခင်ရဲ့ ကန်ထရိုက်အလုပ်ကို ဆက်ခံပြီး လုပ်တော့မယ် စိတ်ကူးတယ်”

ကြည်။ ။“ဒါ့ထက် ကျွန်မတို့ ကိုကိုတစ်ယောက်များ မတွေ့ခဲ့ . ဘူးလား”

ဦး။ ။မျက်နှာပျက်လျက်“ဟာ ဘယ်တွေ့မလဲ အတူတူ သွားကြတာမှ မဟုတ်ဘဲ”

ကြည်။ ။“မဆိုနိုင်ဘူး၊ အတူတူပျောက်သွားကြလေတော့ တွေ့ များတွေ့ခဲ့သလားလို့ မေးကြည့်ရတာပါပဲ”

ဦး။ ။ စကားစကိုဖြတ်“မတင်ကြည်တို့ဖေဖေ တော်တော် ရှိပြီလား

ကြည်။ ။“တော်တော်ရှိတယ်လို့တော့ မဟုတ်လှပါဘူး။ တစ် နေ့ရွှေတစ်နေ့ ငွေ ဆိုတာမျိုးလိုပါပဲ၊ ဒီကနေ့တော့ နည်းနည်းသက်သာ တယ်။ ကိုဘဦး လာမေးတယ်လို့ ပြောလိုက်ပါ့မယ်”

ဦး။ ။“အေး ပြောလိုက်ပါကွယ်။ နောက်တစ်ခေါက်မှ တက် ကြည့်ပါဦးမယ်။ ဒီကနေ့တော့ အချိန်မရှိတော့ဘူး။ ကိုင်း မိုးချုပ်ပြီ ပြန်လိုက်ဦးမယ်”

တော်။ ။“ကျွန်တော်လည်း လာလည်ပါဦးမယ် ကိုဘဦးရဲ့”

ဦး။ ။“အေး လာဦးကွယ် တစ်နေ့တော့ လျှောက်လည်ရ အောင် ငါ့လူသေနတ် ပစ်တတ်ပြီ မဟုတ်လား”

တော်။ ။“ကျွန်တော်က တောလည်ရတာထက် မဂ္ဂဇင်းစာအုပ် တွေ၊ ဝတ္ထုစာအုပ်တွေ ထိုင်ဖတ်နေရတာ သာကြိုက်တယ်ကိုဘဦးရဲ့”

ဦး။ ။“ငါ့လူက အိမ်တွင်းပုန်းထဲကကိုးဘွဲ့ ။ ကိုင်း ပြန်လိုက် ဦးမယ်။ သွားဦးမယ်နော် ဦးသောကြာ”

မောင်ဘဦးသည် အိမ်မှထွက်၍ ဝင်းပေါက်ဆီသို့သွားသောအခါ မောင်သူတော်သည် ချန်နေရစ်၍ မတင်ကြည်မူကား နှုတ်သွက်သော မိန်းကလေးတစ်ယောက်ဖြစ်သည့်အလျောက် စကားပြောရင်း ဝင်းပေါက် သို့ လိုက်၍ပို့လေ၏။

ကြည်။ ။“ကိုဘဦးကို ကျွန်မ တစ်ခုမေးချင်တယ်”

ဦး။ ။ “မေးပါဗျာ ဘာများလဲ”

ကြည်။ ။“ကျွန်မတို့ ကိုကိုပျောက်သွားတာ ဘာကြောင့်လဲလို့ ကိုဘဦးသိသလား”

ဦး။ ။ “မဟုတ်တာ မတင်ကြည်ရယ် ဘာကြောင့် သိနိုင်မှာလဲ ”

ကြည်။ ။“ကျွန်မကတော့ ကိုဘဦးသိတယ်လို့ထင်တယ်၊ သိရင်ပြောပါ ကိုဘဦးရယ်။ ကျွန်မသိပါရစေရှင်”

မောင်ဘဦးသည် မသိရကြောင်းနှင့် ငြင်းကွယ်မည်ပြုပြီးမှ မတင် ကြည်၏ စေ့စေ့ကြည့်ခြင်းကို မခံနိုင်သည်နှင့်

ဦး။ ။“နည်းနည်းပါးပါးတော့ ရိပ်မိပါရဲ့ ဆိုပါတော့။ ဒါပေမဲ့ ခုမပြောသေးဘူး။ နောက်များမှ ပြောသင့်ရင် ပြောပြဦးမယ်”

ကြည်။ ။(ဝမ်းသာစွာနှင့်) “ကျွန်မထင်သားပဲ၊ ဘယ်တော့ ပြောပြမလဲ”

ဦး။ ။“သိပ်တော့ မမေးနဲ့ဦး မတင်ကြည်ရယ်၊ တစ်နေ့နေ့ တော့ ပြောရသေးတာပေါ့”

ကြည်။ ။“ကိုဘဦး ကတိတည်ပါစေနော်။ ကျွန်မကို ပြောရ မယ်” ။

ဦး။ ။“ပြောပါမယ် စိတ်ချပါ ။ ကိုင်း ပြန်လိုက်ဦးမယ်”

မောင်ဘဦးသည် ဝင်းပေါက်မှ ထွက်သွား၍ မောင်နှမနှစ်ယောက် တို့သည် အိမ်ပေါ်သို့တက်သွားကြလေလျှင် သောကြာသည် ဝင်း တံခါးနှင့် အိမ်တံခါးတို့ကိုပိတ်၍ ရှေးနည်းအတူ စာဖတ်တော့မည်ဟု ပြုပြန်သည်နှင့်တစ်ပြိုင်နက် ဝင်းတံခါးကို ခေါက်သံကြားရပြန်လေ၏။ ဦးသောကြာသည် စာအုပ်ကိုချထား၍ ဝင်းပေါက်သို့ပြန်သွားပြန်သော အခါ တံခါးအပြင်၌ ရပ်လျက်ရှိသူကို လရောင်တွင်မြင်လိုက်ရသည်နှင့် အလို ဘုရား ဘုရား မောင်သန်းတင်ပါကလား။ ဒီကနေ့ လူပျောက်တွေ ပြန်ရောက်တဲ့နေ့ပါတကားဟု လွှတ်ခနဲ ပြောလိုက်မိလေ၏။