Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - အကြဉာဏ်ဖြင့်ကြီးပွါးရေး

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

အခန်း (၁)

ဆန္ဒိဒ္ဓိဓ္ပါတ်

အောင်မြင်ခြင်း၏ အခြေခံဖြစ်သော တရား

(ကြီးပွားရေးအတွက် ပထမခြေလှမ်း)

လောကီရေး၌ဖြစ်စေ၊ လောကုတ္တရာရေး၌ဖြစ်စေ ထမြောက် အောင်မြင်ခြင်း၏ မူလအခြေခံဖြစ်သော စိတ်နေစိတ်ထားသည်ကား ပြင်းစွာသော ဆန္ဒရှိခြင်းပင် ဖြစ်၏။ လောက၌ ကြွယ်ဝချမ်းသာမှု မှစ၍ မဂ်တရား၊ ဖိုလ်တရားကို ရခြင်းတိုင်အောင် ပြင်းစွာသော ဆန္ဒရှိခြင်း သည်သာလျှင် အခြေခံဖြစ်၏။ မဂ်တရား၊ ဖိုလ်တရားသာလျှင်မက သဗ္ဗညုတရွှေဉာဏ်တော်ကို ရခြင်းသည်ပင်လျှင် ပြင်းစွာသော ဆန္ဒကို အခြေခံပြု၍ ပါရမီတော် ဖြည့်ကျင့်ခြင်းအားဖြင့် ဘုရားအဖြစ်သို့ ရောက် နိုင်ကြရကား ဤမျှလောက် မခက်ခဲလှသော ကြီးပွားချမ်းသာမှုလောက် မျှကို ပြင်းစွာသော ဆန္ဒရှိသူတစ်ယောက်သည် အဘယ်မှာလျှင် မရနိုင်ဘဲ ရှိပါအံ့နည်း။

ဤသို့ဆိုရာ၌ ကြီးပွားချမ်းသာခြင်းကို အလိုမရှိသူဟူ၍ မရှိပါဘဲလျက် များစွာသောသူတို့သည် အဘယ်ကြောင့် မကြီးပွား မချမ်းသာကြရလေသနည်းဟု စောဒကတက်ရန်ရှိ၏။ ကျွန်ုပ်တို့ ဆိုလို ရင်း..ချမ်းသာလို ကာမတ္တကို ပြင်းစွာသော ဆန္ဒဟူ၍ ခေါ်ဆိုနိုင် သည်မဟုတ်၊ ဤတစ်သက်တွင် မကြီးပွား မချမ်းသာဘဲ မနေဟူ၍ စိတ်နှလုံး ဒုန်းဒုန်းချထားနိုင်သော စိတ်မျိုးကိုသာ ဆိုလိုခြင်း ဖြစ်ချေ၏။ ထိုကဲ့သို့ ပြင်းစွာသောဆန္ဒဖြစ်ပေါ်ခြင်းသည် တန်ခိုးဣဒ္ဓိပါတ်ကြီးတစ်ခု ဖြစ်လာတော့၏။ ထိုကြောင့် ဣဒ္ဓိပါတ်လေးပါး၊ အဓိပတိလေးပါးတို့ တွင် ဆန္ဒတည်းဟူသော သဘောတရားကို မူလရင်း အခြေခံထား၍ မြတ်စွာဘုရားသခင် ဟောတော်မူခြင်း ဖြစ်၏။ ပြင်းစွာသောဆန္ဒဖြင့် အခြေခံခဲ့လျှင် ကြွင်းကျန်သော တန်ခိုးဣဒ္ဓိပါတ်သုံးပါး၊ အဓိပတိသုံးပါး တို့သည် အလိုအလျောက် လိုက်ပါလာရတော့၏။ ပြင်းစွာသောဆန္ဒ ဖြစ်ပေါ်လာသည့်အခါ စိတ်အားထက်သန်ခြင်း၊ ဝီရိယနှင့် ဇွဲကောင်းခြင်း၊ ဉာဏ်ရှိသလောက် အမျိုးမျိုး ဖန်တီးစီမံခြင်း စသည်တို့သည် အလိုလို နောက်မှ လိုက်ပါလာရမြဲဖြစ်၏။ ဆန္ဒတည်းဟူသော မီးရထားစက် ခေါင်း ခုတ်နှင်လိုက်လျှင် ကျန်သော သဘောတရားတို့သည် ရထားတွဲ များသဖွယ် နောက်မှ လိုက်ပါလာကြရမြဲ ဖြစ်ချေ၏။

သို့ဖြစ်ရကား..လောက၌ ကြီးပွားချမ်းသာမှုကိုဖြစ်စေ၊ မဂ် တရား၊ ဖိုလ်တရားတည်းဟူသော နိဗ္ဗာန်ချမ်းသာကိုဖြစ်စေ ပြင်းစွာသော ဆန္ဒဖြင့် လိုချင်မှုသည် အရေးကြီးလှ၏။ လိုချင် ကာမတ္တ ဖြစ်ရပါလို၏ ဆိုရုံမျှနှင့် မရနိုင်ချေ။ ထိုကြောင့် လောကီချမ်းသာမှုကို အလိုရှိသည် ဖြစ်စေ၊ နိဗ္ဗာန်ချမ်းသာကို အလိုရှိသည်ဖြစ်စေ ရှေးဦးစွာ လိုသောအချက် သည်ကားမယ်ကာမတ္တမျှ အလိုရှိခြင်း တည်းဟူသောစိတ်ကို ပြင်းစွာ သော ဆန္ဒအဖြစ်သို့ရောက်လေအောင် ဖော်ပြလတ္တံ့သော နည်းအမျိုးမျိုးတို့ဖြင့် လေ့ကျင့်မွေးမြူရာ၏။ အဘယ်အရာကိုမဆို ပြင်းစွာသောဆန္ဒဖြင့် လိုချင်ခဲ့လျှင် မရမရှိနိုင်ဟု မှတ်ယူလေ။ ပြင်းစွာသောဆန္ဒ ဖြစ်ပေါ်လာ သည်နှင့် တစ်ပြိုင်နက် ခရီးတစ်ဝက် ဆိုက်ရောက်လာပြီဟု ကျွန်ုပ်တို့ ဆိုလို၏။

မြတ်စွာဘုရားသခင်သည် သဗ္ဗညုတရွှေဉာဏ်တော်ကို ပြင်းစွာ သောဆန္ဒဖြင့် အလိုရှိတော်မူ၍ ဒီပင်္ကရာဘုရားလက်ထက်တော်၌ ဆုပန်တော်မူခဲ့၏။ ၎င်းနောက် ထိုဆန္ဒအလျောက် ပါရမီတော် ဖြည့်ကျင့်တော် မူနိုင်ခဲ့သဖြင့် နောက်ဆုံးတွင် ဘုရားအဖြစ်သို့တိုင် ရောက်ခဲ့၏။ ဤမျှလောက် ခက်ခဲသောအရာကိုပင်လျှင် ဆန္ဒတည်းဟူသော အရင်းခံ တန်ခိုးသတ္တိဖြင့် ရစွမ်းနိုင်ပေရကား၊ မဂ်ဖိုလ် နိဗ္ဗာန်ကို လည်းကောင်း၊လောက၌ ကြီးပွားချမ်းသာမှုကို လည်းကောင်း ဆန္ဒပြင်းစွာရှိသော သူ တစ်ယောက်သည် အဘယ်မှာလျှင် မရဘဲ ရှိနိုင်ပါအံ့နည်း။

ဆန္ဒိဒ္ဓိပ္ပါတ်တည်းဟူသော တန်ခိုးသတ္တိကို ရာဇဝင်၌ ပါရှိ သော အဖြစ်အပျက်တစ်ခုအားဖြင့် ထင်ရှားအောင် ဥပမာဆောင်ဦးအံ့။ စစ်ဗိုလ်ကြီးတစ်ယောက်သည် မြစ်တစ်ဖက်ကမ်း၌ရှိသော ရန်သူစစ်တပ် ကို တိုက်ခိုက်ဖြိုဖျက်ရန် ပြင်းစွာ ဆန္ဒဖြစ်ပေါ်ဖူး၏။ ရန်သူစစ်တပ်သည် မိမိ၏ စစ်တပ်ထက် ဦးရေများပြား တောင့်တင်းကြောင်းကိုလည်း သိ၏။ သို့သော် မိမိစစ်သားများသည် မိမိကဲ့သို့ပင် နိုင်ချင်သောဆန္ဒ ပြင်းစွာ ပေါ်ပေါက်ခဲ့လျှင် ဧကန်မုချ နိုင်ရလိမ့်မည်ဟူ၍လည်း ယုံကြည်စိတ်ချ ၏။ သို့ဖြစ်ရကား စစ်ဗိုလ်ကြီးသည် မိမိ၏စစ်သားများကို လှေဖြင့် တင်ဆောင်၍ တစ်ဖက်ကမ်းသို့ ဆိုက်ရောက်ကြသောအခါ လှေအားလုံး ကို မီးရှို့ပစ်ပြီးနောက် စစ်သားများအား ပြောသည်မှာ “ငါ့လူများ.. ငါတို့မှာ အသက်ရှင်ကြသည့် နည်းလမ်းတစ်လမ်းသာ ရှိတော့သည်။ ယခုတိုက်မည့် စစ်ပွဲတွင် ငါတို့ဘက်က နိုင်မှ ငါတို့ ပြန်ခွင့်ရကြတော့မည်။ ရှုံးနိမ့်ခဲ့လျှင် ပြေးရန်လမ်းမရှိသောကြောင့် ငါတို့အားလုံး သေကြဖို့ သာ ရှိတော့သည်။ အသက်မသေလိုကြလျှင် နိုင်အောင် တိုက်ကြပေ လော့” ဟု ပြော၏။

စစ်သားများသည် ထိုအခြင်းအရာကို သိမြင်ကြ၍ ငါတို့ မနိုင် လျှင် ငါတို့ သေကြရတော့မည်။ မနိုင်နိုင်အောင် တိုက်ပါသော်ကောဟု ဆန္ဒပြင်းစွာ ဖြစ်ကြလျက် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ကြလေရကား မိမိတို့ ထက် စွမ်းအားကြီးမားသော ရန်သူစစ်တပ်ကြီးကို ဖြိုဖျက်နိုင်နင်းခဲ့ဖူး လေသည်။ ဤသည်ကား..ဆန္ဒိဒ္ဓိပါတ်၏ တန်ခိုးသတ္တိပေတည်း။

မည်သည့်ကိစ္စကိုမဆို အောင်မြင်ထမြောက်အောင် ဆောင် ရွက်လိုသူ ဟူသမျှသည် နောက်သို့ပြန်၍ မဆုတ်နိုင်စေခြင်းငှာ လှေကို မီးရှို့ပစ်ဘိသည့်အလား ဆောင်ရွက်ကြရချေမည်။ ဆုတ်သာ တက်သာ ဟူသော သဘောထားမျိုးနှင့် စိတ်ဒွိဟထား၍ ဆောင်ရွက်သူတို့သည် နောက်သို့ ပြန်၍ဆုတ်ရတတ်သည်သာ များလှချေသည်။ ဓနဥစ္စာ ရှာဖွေ ရာ၌ ဥစ္စာကို အလိုရှိကာမျှနှင့် ရနိုင်ကြမည်မဟုတ်။ မရလျှင် မနေဟူသော စိတ်ဆန္ဒမျိုးထား၍ ဥစ္စာရဖို့အတွက် မည်ကဲ့သို့သော နည်းလမ်း မျိုးဖြင့် ဆောင်ရွက်မည်ဟု အကြံအစည်ထုတ်ပြီးလျှင် ၎င်းအကြံအစည် အတိုင်း ဇွဲကောင်းကောင်းနှင့် ဆောင်ရွက်ခဲ့လျှင် ဧကန်မုချ အလိုဆန္ဒ ပြည့်ဝရချေမည် ဖြစ်၏။

ဓနဥစ္စာ ရှာဖွေရာ၌ လိုအပ်သောဥစ္စာကို ရစိမ့်သောငှာ အောက်ပါနည်းလမ်းများဖြင့် ဆောင်ရွက်ရမည်။

(၁) လိုအပ်သော စီးပွားရွှေငွေ အရေအတွက်ကို မိမိ၏ စိတ်ထဲတွင် တိတိကျကျ ပိုင်းခြား မှန်းထားရမည်။ ငွေများများကြီး အလိုရှိသည်ဟူသော မှန်းဆချက်မျိုးနှင့် ကိစ္စမပြီးချေ။ မည်၍ မည်မျှ အလိုရှိသည်ကို တိတိကျကျ မှန်းရွယ်ထားရမည်။အရေအတွက်ကို တိတိကျကျ မှန်းထားရခြင်းမှာ အချည်းအနှီး အကြောင်းမဲ့ မဟုတ်ကြောင်းကို နောက် အခန်းတစ်ခန်းတွင်ဖော်ပြလိမ့်မည်။

(၂) ထိုငွေကို ရမှုအတွက် မိမိက မည်မျှလောက်အထိ အပင်ပန်းအဆင်းရဲခံနိုင်မည်ဟူ၍လည်း တိတိကျကျ ဆုံးဖြတ်ထား ရမည်။ လောက၌ တစ်ခုခုမပေးဘဲ အချည်းအနှီး အလကားရနိုင်သော အရာဟူ၍ မရှိချေ။

(၃) မှန်းထားသောငွေကို မည်သည့်နေ့ ရက်တွင် ရလိုသည်ဟုရက်စွဲနှင့်တကွ တိတိကျကျ ဆုံးဖြတ်ထားရမည်။ (၄) ထိုငွေကို ရမှုအတွက် ဘယ်ကဲ့သို့ ဆောင်ရွက်မည်ဟု အကြံအစည်ပြုလုပ်ပြီးလျှင် ၎င်းအကြံအစည်အတိုင်း မဆိုင်းမလင့်ဘဲ ချက်ချင်း စတင် ဆောင်ရွက်ရမည်။

(၅) အလိုရှိသော ငွေအရည်အတွက် ရရှိရမည့် ရက်စွဲ၊ ထိုငွေရမှုအတွက် မိမိက အနစ်နာခံနိုင်မည့် အချက်များ၊ ၎င်းရမှု အတွက် ဆောင်ရွက်မည့် အကြံအစည်များ စသည်တို့ကို စာရွက်တစ်ရွက်ပေါ်တွင် ထင်ထင်ရှားရှား ရေးသားဖော်ပြရမည်။

(၆) ၎င်းစာရွက်ကို နံနက်အိပ်ရာမှ ထသောအခါ၌ တစ်ကြိမ်၊အိပ်ရာဝင်သောအခါ၌ တစ်ကြိမ်၊ အသံထုတ်၍ ဖတ်ရမည်။ ထိုကဲ့သို့ ဖတ်နေစဉ် ထိုငွေကို လက်ထဲရောက်ပြီးကဲ့သို့ စိတ်ချ ယုံကြည်၍ မျက်စိထဲတွင် ထင်မြင်ရမည်။

အထက်ပါ နည်းလမ်းခြောက်ခုအတိုင်း ကျကျနန လိုက်နာ ဆောင်ရွက်ဖို့ အလွန် အရေးကြီးလှ၏။ အထူးသဖြင့် နံပါတ်(၆)ကို တိတိကျကျနှင့် မပျက်မကွက် လိုက်နာဖို့ အလွန်အရေးကြီး၏။ လက်ထဲသို့ မရောက်သေးသောငွေကို လက်ထဲရောက်ပြီကဲ့သို့ ထင်မြင်တတ်ဖို့ ခဲယဉ်းလှသည်ဟု ပြောရန်ရှိ၏။ သို့သော် ထိုငွေကို မရမနေဆိုသည့် ပြင်းစွာသော ဆန္ဒမျိုးဖြင့် လိုချင်ရိုးမှန်သူတစ်ယောက်အဖို့၌ ထိုကဲ့သို့ ထင်မြင်ရန် ခဲယဉ်းမည်မဟုတ်ချေ။ ထိုငွေရရှိမှုအတွက်မှတစ်ပါး အခြား မည်သည့်အတွက်ကိုမျှ စိတ်အာရုံမစိုက်ဘဲ တစ်စိတ်တည်း၊ တစ်အာရုံ တည်း ထားနိုင်လောက်အောင် ပြင်းစွာသော ဆန္ဒရှိသူတို့အဖို့မှာ လက်သို့ မရောက်မီကပင် ရောက်ရှိပြီးကဲ့သို့ ထင်မြင်နိုင်ရန် မခက်ခဲလှချေ။

ဣဒ္ဓိပါတ်လေးပါး၊ အဓိပတိလေးပါးတို့တွင် ခေါင်းဆောင် ကြီးဖြစ်သည့် ဆန္ဒိဒ္ဓိပ္ပါတ်နှင့် ဆန္ဓာဓိပတိတို့အကြောင်းကို နားမလည်ခဲ့ သူတို့ အဖို့မူကား အထက်ပါ နည်းလမ်းခြောက်ခုတို့သည် တောက်တီးတောက်တဲ့ ရှိလှသည်ဟု မှတ်ထင်ကောင်း မှတ်ထင်ကြပေလိမ့်မည်။ သို့သော် အမေရိကန်ပြည်၌ အကြွယ်ဝဆုံး သူဌေးကြီး တစ်ဦးဖြစ်သော မစ္စတာကနာဂျီသည် သံမဏိအလုပ်ရုံကြီးတွင် သာမန် ကူလီတစ်ယောက်အဖြစ်နှင့် အလုပ်လုပ်ခဲ့ရာမှ အထက်ပါ နည်းလမ်းခြောက်ခု အတိုင်း ဆောင်ရွက်ခဲ့ခြင်းအားဖြင့် ကုဋေကုဋာ ကြွယ်ဝချမ်းသာသော အဖြစ်သို့တိုင် ရောက်ခဲ့ဖူးသည့် ထုံးဟောင်းသာဓက ရှိပေ၏။

အထက်ပါ နည်းလမ်းခြောက်ခုအတိုင်း လိုက်နာဆောင်ရွက် ရန်မှာ များစွာ ပင်ပန်းခဲယဉ်းလှသည် မဟုတ်ချေ။ ကျောင်းမှ ပညာ မည်၍မည်မျှ တတ်မြောက်ခဲ့ရမည်ဟူ၍လည်း မလိုချေ။ ဓနဥစ္စာ ရရှိမှုဆိုသည်မှာ ကံအားလျော်စွာ ဖြစ်တတ်သော သဘောရှိသည်ဟူ၍ ကံကိုသာ ယုံကြည်အားကိုးနေခြင်းအားဖြင့် မဖြစ်နိုင်ကြောင်း သိနား လည်တတ်သော ဉာဏ်မျိုးရှိမှသာလျှင် အရေးကြီးလှပေသည်။ အမွေရ ခြင်း၊ ထီပေါက်ခြင်းတို့မှတစ်ပါး ဥစ္စာကြေးငွေ သိန်း၊ သန်း၊ ကုဋေတိုင် အောင် ကိုယ်တိုင်ရှာဖွေ စုဆောင်းလာကြသော သူဌေးကြီး၊ သူကြွယ်ကြီး