Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - သူတော်စိန်

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

နဂါးစော်ဘွား၏ သရဖူ

အသက် ၄ဝ ကျော်ခန့်ရှိသော စုံထောက်အင်စပိတ်တော် ဦးသန်းဖေ၏ ဦးခေါင်း၌ ဆံပင်ဖြူအနည်းငယ် ပေါက်ရောက်လျက်ရှိရာ ဆံပင်ဖြူ တစ်ပင်လျှင် သူတော်စိန် ခေါ် ဘကျော်လှ၏ အမှုတစ်ခုအတွက် ပေါက် ရောက်ရသည် ဖြစ်သည်ဟု ပုလိပ်ဘက်ဆိုင်ရာနှင့် လူဆိုးဂိုဏ်းသား များအနက်တွင် စွပ်စွဲပြောဆိုလျက်ရှိရာ အောက်တွင် ဖော်ပြလတ္တံ့သော အမှုမှာ စုံထောက်အင်စပိတ်တော် ဦးသန်းဖေအား ၄၁ ပင်မြောက် ဆံပင်ဖြူကို ပေါ်ပေါက်စေသည်ဟူ၍လည်း ပြောကြ၏။ ဤသို့ဆိုခြင်း အားဖြင့် ဘကျော်လှသည် ရန်ကုန်မြို့နယ်တစ်ဝိုက်တွင် အင်စပိတ်တော် ဦးသန်းဖေအား အမှုပေါင်း ၄၀ နှင့် အကြိမ်ပေါင်း ၄ဝ မျှ ဦးခေါင်းရှုပ် စေအောင် ဒုက္ခပေးခဲ့ဖူးပြီဟူ၍ နားလည်ကြရပေမည်။

ယခုခေတ်၌ ချင်းလူမျိုးတို့၏ အကြီးအကဲဖြစ်သော ဒူးဝါးနောင် သည် ရန်ကုန်သို့ဆင်းလာသည့်အခါ မြန်မာတစ်ပြည်လုံးက အသိ အမှတ်ပြုကာ ဥက္ကုဋေယျ ဖြစ်ကြရသော်လည်း လွန်ခဲ့သောနှစ်ပေါင်း ၂၀ ခန့် အချိန်ကမူကား နဂါးလူမျိုးတို့၏ အကြီးအကဲဖြစ်သော ဩရိဘောသည် ရန်ကုန်မြို့သို့ ဆိုက်ရောက်လာစဉ်က ထိုမျှလောက်အသိအမှတ်ပြုခြင်းမရှိကြဘဲ သတင်းစာတိုက်နှစ်တိုက်မှ သတင်းထောက်များ လာရောက်တွေ့ဆုံသည်မှတစ်ပါး မြို့သူမြို့သားတို့မှာ “စော်ဘွားတစ်ယောက် ဆိုက်ရောက်လာသည်” ဟူ၍ ပြောသံဆိုသံကြား လိုက်ရရုံမျှသာ ရှိပေ၏။

ထိုအခါက သူရိယနှင့် မြန်မာ့အလင်း သတင်းထောက်တို့သည် ဩရိ တည်းခိုလျက်ရှိသော မင်တိုမင်ရှင်ဟိုတယ်သို့ လာရောက်၍ နဂါးစော်ဘွားနှင့် တွေ့ဆုံကြပြီးလျှင် အများပြည်သူတို့ သိလိုကြသော သတင်းများကို စုံစမ်းမေးမြန်းကြရာ၊ နောက်တစ်နေ့နံနက် သူရိယ သတင်းစာ၌ ဖော်ပြပါရှိသည်မှာ အောက်ပါအတိုင်းဖြစ်လေ၏။

နဂါးစော်ဘွား ဆိုက်ရောက်လာခြင်း

နဂါးလူမျိုးတို့၏ အကြီးအကဲဖြစ်သော ဩရိဘော သည် ရန်ကုန်သို့ ယမန်နေ့က ဆိုက်ရောက်လာ၍ မင်တို မင်ရှင်ဟိုတယ်တွင် တည်းခိုလျက်ရှိကြောင်း၊ လာရောက်သောကိစ္စမှာ ပီအောကုမ္ပဏီတွင် အဖိုးငွေ ၅ဝဝဝဝိ တန် သရဖူတစ်ခုမှာထားခဲ့ရာ ယခုအခါပြီးစီးပြီဖြစ်၍ စော်ဘွား ကိုယ်တိုင် အဖိုးငွေပေးချေ၍ ထိုကုမ္ပဏီမှ သရဖူကိုဆောင် ယူသွားရန်ဖြစ်ကြောင်း၊ သရဖူမှာ မိုးကုတ်ပတ္တမြားများနှင့် နီလာတို့ဖြင့် ခြယ်လှယ်ထားလျက်ရှိရာ အောက်ထပ်မှာ ငွေသားဖြင့်ပြုလုပ်၍ အထွတ်မှာ ရွှေသားဖြင့်ပြုလုပ်ထားကြောင်း၊ ပီအောကုမ္ပဏီသည် ရက်ချိန်းပေးထားသည့် အတိုင်း သရဖူကို လုပ်ကိုင်ပြီးစီးပြီဖြစ်၍ နဂါးစော်ဘွား သည် ထိုသရဖူကို ပီအောကုမ္ပဏီတိုက်မှ မင်တိုမင်ရှင် ဟိုတယ်သို့ ရွှေ့ပြောင်းထားကြောင်း၊ နဂါးစော်ဘွားမှာအသက်သုံးဆယ်အရွယ်ခန့်ရှိ၍ အရပ်ခပ်မြင့်မြင့် ရှိသည့် ပြင် နဂါးလူမျိုးပင် ဆိုရသော်လည်း မွန်ရည်သပ်ရပ်သော ရုပ်လက္ခဏာရှိသည်ကို တွေ့ရကြောင်း၊ မျက်ခုံးတုတ် တုတ်၊ နှုတ်ခမ်းမွေးကောင်းကောင်းနှင့် ပန်ချာပီကဲ့သို့ ထူထဲသော မုတ်ဆိတ်ကြီးရှိရာ စင်စစ်မှာ လူချောလူလှ တစ်ယောက်ဖြစ်ဟန် လက္ခဏာရှိသော်လည်း မုတ်ဆိတ် ကြီး ဖျက်သည်အတွက်ကြောင့် လူအိုတစ်ယောက်၏ ပုံသဏ္ဌာန်ရှိနေသည်ကို တွေ့ရကြောင်း၊ စော်ဘွားသည် သိုက်မြိုက်သော အမူအရာနှင့် ကျွန်ုပ်တို့ သတင်းထောက် အား စကားလက်ခံပြောဆို၍ မိမိလူမျိုး၏ ဓလေ့ထုံးစံများ ကို စိတ်ရှည်လက်ရှည် ပြောပြကြောင်း။

ထူးဆန်းသော ထုံးစံတစ်ခုမှာ သူ၏နယ်မှ မိန်းမ များသည် အိမ်ထောင်ပြုခါနီး အချိန်တွင် စော်ဘွားနှင့် အတူ သုံးရက်မျှ လာရောက်နေထိုင်ရသည်ဖြစ်ရာ ထိုကဲ့ သို့ နေထိုင်ရခြင်းသည် မိန်းမများအဖို့ ဂုဏ်ထူးတစ်ခု ကဲ့သို့ မှတ်ယူခဲ့သည်ဖြစ်၍ မိန်းမ၏ ဂုဏ်အဆင့်အတန်း အလိုက် စော်ဘွားအား လာဘ်သပ်ပကာပေးကြရသည် ဆိုကြောင်း၊ ငွေတစ်ရာပေးနိုင်သော မိန်းမမှသည် တစ်ထောင်နှစ်ထောင် ပေးနိုင်သော မိန်းမများအထိ အဆင့် အတန်း အမျိုးမျိုးရှိကြလေရာ ငွေတစ်ရာမတတ်နိုင်သဖြင့် စော်ဘွားထံသို့ လာရောက်နေထိုင်ခြင်း မပြုနိုင်သော မိန်းမများမှာ တစ်သက်ပတ်လုံး ဂုဏ်သိန်နိမ့်ကျ၍ အခြား သူတို့က အဖက်မလုပ်ဘဲ ရှိတတ်ကြသည်ဆိုကြောင်း၊ စော်ဘွားသည် မိမိနယ်သားများထံမှ အခြားသော အခွန်အကောက်များကို ယူသည်မရှိဘဲ ဤနည်းအားဖြင့် ရရှိသော အခွန်တော်သည်ပင်လျှင် နှစ်စဉ် တစ်သောင်းကျော် နှစ်သောင်းမျှ ရရှိသည်ဆိုကြောင်း၊ နဂါးစော်ဘွားသည် ရန်ကုန်မြို့တွင် ရက်သတ္တတစ်ပတ်ခန့် တည်းခို၍ ဘိုင်စကုပ်ဓာတ်ကားများ ရှုစားပြီးနောက် သူ၏နယ်သို့ ပြန်သွားလိမ့်မည်ဟု သိရှိရကြောင်း။

နောက်တစ်နေ့တွင် နဂါးစော်ဘွားသည် စာတိုက်မှ ပို့စကတ် တစ်ခုရရှိလေရာ ထိုပို့စကတ်တွင် စော်ဘွား၏လိပ်စာမှတစ်ပါး အခြားသော စာလုံးများမပါဘဲ ခဲတံဖြင့် အကြမ်းရေးခြစ်ထားသည့် ဖိုးသူတော် ရုပ် တစ်ခုသာလျှင် ပါရှိလေရာ ထိုဖိုးသူတော်ရုပ်မှာ ကျပ်ကိုလွယ်ကာတောင်ဝှေးတစ်ချောင်းကိုင်လျက် ရှိလေ၏။ စော်ဘွားသည် ထိုပို့စကတ် ၏ အဓိပ္ပာယ်ကို နားမလည်သဖြင့် ဟိုတယ်မန်နေဂျာအား ပြလေရာ မန်နေဂျာသည် စုံထောက်မင်းထံသို့ ချက်ချင်းပင် တယ်လီဖုန်းဆက် လိုက်လေ၏။ မကြာမီအတွင်း စုံထောက်မင်းကြီး၏ လူယုံတော်ဖြစ်၍ စုံထောက်ဘက်ဌာနတွင် အလွန်တရာ နာမည်ကြီးလှသော စုံထောက် အင်စပိတ်တော် ဦးသန်းဖေသည် မင်တိုမင်ရှင်ဟိုတယ်သို့ ဆိုက်ရောက် လာ၍ နဂါးစော်ဘွားနှင့် တိုင်ပင်ဆွေးနွေးကြလေ၏။

ဦးသန်းဖေသည် ဖိုးသူတော်ရုပ်ပါသော ပို့စကတ်ကို မြင်သည်နှင့် တစ်ပြိုင်နက် မိမိအား ကြိမ်ဖန်များစွာ ဒုက္ခပေးခဲ့၍ ဦးခေါင်းရှုပ်အောင် ပြုလုပ်ခဲ့ဖူးသော သူတော်စိန် ခေါ် ဘကျော်လှ၏ လက်ချက်ပင်ဖြစ်ရ မည်ဟု ချက်ချင်းပင်ယူဆ၍ ပို့စကတ်၏ ထောင့်စွန်းတွင် သေချာစွာ ကြည့်လိုက်သောအခါ ကြာသပတေးနေ့ (Thursday) ဟူသော စာလုံးများကို အင်္ဂလိပ်အက္ခရာဖြင့် ရေးထားသည်ကို တွေ့ရလေ၏။

ထိုအခြင်းအရာကို မြင်သည်နှင့်တစ်ပြိုင်နက် နာမည်ကျော်လူဆိုး ကြီး ဘကျော်လှသည် ကြာသပတေးနေ့တွင် စော်ဘွား၏သရဖူကို ရအောင်ယူမည်ဟူ၍ အချက်ပေးလိုက်ခြင်းဖြစ်သည်ဟု ဦးသန်းဖေက အဓိပ္ပာယ်ကောက်ယူသည်ဖြစ်၍ မျက်လုံးများပြူးသွားလေ၏။

စော်ဘွား ။ ။ “ဘာဖြစ်သွားတာလဲ ခင်ဗျာ”

ဦးသန်းဖေ။ ။ “ဘာဖြစ်ရမလဲ စော်ဘွား၊ ခင်ဗျားရဲ့ သရဖူကို လူဆိုးကယူမလို့တဲ့”

ဘွား ။ ။ “သူယူချင်တိုင်း ဖြစ်ရမှာတဲ့လားဗျ”

ဖေ ။ ။ “အဲလေ.. သူယူချင်တိုင်း ဖြစ်ရမယ်လို့ ကျွန်တော်မဆိုလိုပါဘူး။ သို့သော် မရရအောင်ယူမယ်လို့ သူကဆိုထားတယ်” ။

 ဘွား ။ ။ “ယူကြည့်စမ်းပါ ခင်ဗျာ။ ကျုပ်မှာလည်း တပည့်တွေ၊လက်နက်တွေ ပါပါတယ်။ ကျုပ်မကြောက်ပါဘူး” ဖေ ။ ။ (ဦးခေါင်းယမ်းလျက်) စော်ဘွားက ဒီအကောင်အကြောင်းကို မသိသေးပဲကိုး။ ကျွန်တော့်ကို သူဒုက္ခ ပေးတာများလှပြီ။ စော်ဘွားမှာ တပည့်တွေ၊ လက်နက် တွေရှိပေမဲ့ ကျွန်တော်စိတ်မချဘူး။ ကျွန်တော်နဲ့ ကျွန်တော့်လူများ လာပြီးစောင့်ရှောက်ပါရစေ”

ဘွား ။ ။ (စိတ်ရှုပ်ဟန် လက္ခဏာဖြင့်) “ခင်ဗျားတို့ရန်ကုန်က တယ်ရှုပ်တယ်ဗျာ၊ ကျုပ်တို့ဆီမှာ လူဆိုးဖမ်းတာ အလွယ်ကလေးပဲ။ ဒီအကောင်ဆိုးတယ်ထင်ရင် သူ့ဖမ်းပြီး ခေါင်းဖြတ်ပစ်လိုက်ရင် အေးတာပဲ”

ဖေ ။ ။ “ကျွန်တော်တို့ဆီက ဥပဒေနဲ့ ဘာနဲ့ဆိုတော့ ခင်ဗျားတို့