ရွှေဥဒေါင်း - သဘာဝနှင်ပါတ်သက်သည့်ခက်ရာခက်ဆစ်များ
စိတ်သဘာဝအကြောင်း
ဆွေးနွေးခန်း (၁)
သဘာဝနှင့်ပတ်သက်သည့် ခက်ဆစ်ခက်ရာများ (က)
ကျွန်ုပ်။ ။ ရောက်လာကြပြီလားဟေ့ တက်တိုးတို့။
တက်။ ။ ရောက်လာကြပါပြီ ဆရာကြီး၊ မေးစရာ ကိုယ်စီနဲ့ပါပဲခင်ဗျာ။
နုပ်။ ကောင်းတယ်ဟေ့၊ သို့သော် မောင်တို့ မမေးခင် ဆရာ့ စိတ်ကူး ကလေး တစ်ခု ပေါ်နေလို့ ပြောစမ်းပါရစေဦး
မောင်တို့။
တိုး။ ပြောပါ ဆရာကြီး။
နုပ်။ ။ လူတွေဟာ ဒုက္ခရောက်တော့သာ ညည်းတတ်ကြတယ်။ ဒုက္ခကို ကြိုက်တတ်လို့ တမင် ကြိုဆိုတဲ့ လူကလည်းတော်တော်များတယ် မောင်တို့ရဲ့ တွေ့ ဖူးကြသလား။
တက်။ ။ တွေ့ဖူးပါတယ် ဆရာကြီး၊ လက်ဝှေ့သတ်တဲ့လူတို့၊ အမောအပန်း ခံပြီး ပြေးတဲ့လူတို့၊ အလေးမတဲ့ လူတို့ ပြည့်လို့ပါပဲ ဆရာကြီးရယ်။
နုပ်။ ။ ဟုတ်တော့ ဟုတ်ပါတယ်၊ သို့သော် ဒါမျိုးတွေကတော့ ကာယဗလအတွက် အလေ့အကျင့် ပြုလုပ်ကြခြင်းဖြစ်လို့မို့လူငယ်များအတွက် လုပ်ထိုက်တဲ့ အလုပ်မျိုးတွေ ဖြစ်ပါ တယ်မောင်။
တိုး။ ။ ဒါဖြင့် ဒိပြင်ဘာများ ရှိသေးသလဲ ဆရာကြီးရယ်။
နုပ်။ ။ စိတ်ဆိုးတယ်ဆိုတာ အရသာရှိသလား မောင်။
တက်။ ။ ဘယ်ရှိမလဲဆရာကြီး။
နုပ်။ ။ မုန်းတယ်ဆိုတာကော အရသာရှိသလားမောင်။
တိုး။ ။ ဆင်းရဲတာပါပဲ ဆရာကြီး။
နုပ်။ ။ ။ စိတ်ဆိုးခြင်းက ခေတ္တ အလုပ်ဖြစ်နိုင်တယ်။ နောက်တော့ မုန်းကျန်ရစ်တယ် ဟုတ်လား။
တက်။ ။ ဟုတ်ပါတယ် ခင်ဗျား။
နုပ်။ ။ သို့ဖြစ်ပါလျက်နဲ့တောင် လူတွေဟာ စိတ်ဆိုးရမှာကို ကြိုက်တယ်။ မုန်းတီးရမှာကို သဘောကျကြတယ် မောင်ရေ။
တိုး။ ။ ဟုတ်ပါ့မလား ဆရာကြီးရယ်၊ မလွှဲမရှောင်သာလို့သာ စိတ်ဆိုးရတယ်။ ဘယ်သူက စိတ်ဆိုးချင်မလဲ ဆရာကြီးရယ်။
တက်။ ။ မုန်းတာလည်း အတူတူပါပဲ။ မလွှဲမရှောင်သာလို့ မတတ်နိုင်လို့သာ မုန်းရပါတယ်။ မမုန်းချင်ပါဘူး ဆရာကြီးရယ်။
နုပ်။ ။ မောင်တို့စကားကို အမှတ်တမဲ့ နားထောင်လိုက်တော့ ဟုတ် သယောင်ယောင်ပေါ့။ စစ်ကြည့်တော့ မဟုတ်တတ်ဘူးမောင်တို့ရေ။
တိုး။ ။ ဆန်းလှချေတကား ဆရာကြီး ရှင်းစမ်းပါဦး ခင်ဗျာ။
နုပ်။ ။ မောင်တို့တွေ့ဖူးကြုံဖူးပါလိမ့်မယ်။ မိတ်ဆွေအချင်းချင်း ဖြစ်တတ်တာမျိုးပဲ။
တက်။ ။ ဘယ်လိုလဲ ဆရာကြီးရယ်။
နုပ်။ ။ မောင်ဘနဲ့ မောင်မြ သူငယ်ချင်း စကားများကြတယ်။ သည့်နောက် ရန်ဖြစ်ကြတယ်ဆိုပါတော့။ စပ်ကြားလူများက
မောင်ဘ မှန်ပါတယ်။ မောင်မြ မှားပါတယ်လို့ ဖျန်ဖြေ ပြောကြတယ်။ သို့သော်လည်း မကျေနပ်ကြဘူး။ မှန်တဲ့လူ မောင်ဘ ကလည်း မှန်လျက်သားနဲ့ သူငယ်ချင်းက အထင်လွဲခံရလေခြင်းဆိုပြီး မကျေနပ်ဘူး။ မောင်မြကလည်း စပ်ကြားလူတွေဟာ မောင်ဘဘက်ကို လိုက်ပြီး ပြောနေကြတယ်ဆိုပြီး စပ်ကြားလူတွေကိုတောင် စိတ်ဆိုးသေး တယ်။ ခက်ဘူးလားမောင်။
တိုး။ ။ မောင်မြက အထင်မှားနေတာကိုး ဆရာကြီးရယ်။
နုပ်။ ။ အကယ်၍ မောင်မြသည် စိတ်ငြိမ်းချမ်းမှုကို လိုလားသူတစ်ယောက်ဖြစ်ခဲ့ပါလျှင် စပ်ကြားလူတွေ ပြောစကားကိုလက်ခံလိုက်ပါက မိမိမှာ ဂုဏ်ငယ်စရာလည်း မရှိဘူး။ လူတွေကလည်း ချီးမွမ်းဦးမယ်။ သူ့အဖို့လည်း စိတ်ငြိမ်းချမ်းမှု ရသွားနိုင် တယ် မဟုတ်ဘူးလား မောင်တို့ရယ်။
တက်။ ။ ဟုတ်တာပေါ့ ဆရာကြီး မောင်ဘလည်း ကောင်း၊ မောင်မြလည်း ကောင်း၊ ဖျန်ဖြေသူတွေလည်း ကောင်း၊ အားလုံးကောင်းပြီး၊ အားလုံး ငြိမ်းချမ်းဖို့ရှိတာပေါ့ဆရာကြီး။
နုပ်။ ။ အခုတော့ မောင်မြမှာ သည်စိတ်မျိုး မဖြစ်ပေါ်လာဘဲမောင်ဘကိုရော လူတွေကိုရော ရန်တွေ့ပြီး ပွစိပွစိဖြစ်နေတယ် ဆိုလျှင် မောင်တို့ ဘယ်လိုပြောမလဲ။
တိုး။ ။ မောင်မြဟာ စိတ်ငြိမ်းချမ်းမှုကို မလိုလားဘဲ ရန်ဖြစ်ရခြင်းကိုကြိုက်တတ်သူ တစ်ယောက်ဖြစ်တာပေါ့ ဆရာကြီး။
တက်။ ။ ဘယ်သူဟာ ဘာပြောပြော သူ့ဟာမှ သူ မှန်ချင်တတ်တဲ့လူတစ်ယောက်ဖြစ်တာပေါ့ ဆရာကြီး။
နုပ်။ ။ ရှေ့လျှောက်ပြီး အကျိုးဆက်တွေ ရှိသေးမောင်။
တိုး။ ဘယ်လိုလဲဆရာကြီး။
နုပ်။ စကားများရာမှ နေပြီး မုန်းတီးစိတ်တွေ ဝင်လာကြလို့ တစ်လျှောက်လုံး နှစ်ဖက်လုံး စိတ်ငြိမ်းချမ်းမှု မရကြဘဲဖြစ်သွားပါရောမောင်။
တက်။ ။ သည်တော့ ကောက်နုတ်ချက်က ဘယ်လိုလဲ ဆရာကြီး။
နုပ်။ လူသတ္တဝါသည် ငြိမ်းချမ်းခြင်းကို လိုချင်ပါတယ်လို့ ပါးစပ် | က ပြောကြသော်လည်း၊ ရန်ပြေငြိမ်းမည့် နည်းလမ်းကိုထောက်ပြသူက ပြပါလျက် လက်မခံဘဲ ဇွတ်မှိတ်ပြီး ရန်ဖြစ် ကြ၊ မုန်းတီးကြ၊ မသင့်မတင့် ဖြစ်ချင်တဲ့ သတ္တဝါမျိုးပဲ မောင်တို့ရေ။
တိုး။ ။ ဆရာကြီးက စိတ်သမားမို့ မေးရဦးမယ်။ ဒါဟာ ဘာစိတ်လဲဆရာကြီး။
နုပ်။ မာနဆိုရမှာပေါ့ မောင်ရယ်။ မာနတို့မည်သည် မိမိ၏ အကျိုး ပျက်စီးချင်ပျက်စီးစေ။ ဇွတ်မှိတ်ပြီး လုပ်တတ်တဲ့သဘောရှိတယ် မောင်။ ။
တက်။ ။ တစ်လောကလုံး သည်လို လူချည်းပဲလား ဆရာကြီး။
နုပ်။ ။ သင့်မြတ်နေတဲ့ အခိုက်အတန့်လေးပဲ သက်သာရာ ရကြတယ်။ မသင့်မြတ်သည်နှင့် တစ်ပြိုင်နက် သည်စိတ် ဝင်လာတော့တာပဲ။ တစ်ယောက်နဲ့ တစ်ယောက် မသင့်မြတ် ဖြစ်နေ တတ်တဲ့လူဟာ ငြိမ်းချမ်းခြင်းရယ်လို့ သူ့မှာ မရနိုင်တော့ဘူး မောင်တို့ရေ။
တိုး။ ။ မသင့်မြတ်ခြင်း၏ အကြောင်းရင်းက ဘာလဲ ဆရာကြီး။
နုပ်။ ။ ဗုဒ္ဓကတော့ မနာလိုဝန်တိုခြင်း (ဣသာ မစ္ဆရိယ)လို့ ဟောတော်မူတာပဲ မောင်။
တက်။ ။ဒါဟာ လူအချင်းချင်း အတွက်လား။ အစိုးရအချင်းချင်းအတွက်လား ခင်ဗျာ။
နုပ်။ ။ နှစ်မျိုးလုံးနဲ့ ဆိုင်ပါတယ်။ လူအချင်းချင်းတော့ စိတ်မောရ တယ်။ အစိုးရအချင်းချင်းဖြစ်လျှင်တော့ စစ်ဖြစ်မှာ အမြဲတမ်းကြောက်နေရတော့တာပေါ့ မောင်။
တိုး။ ။ တချို့ဝါဒက အမြဲတမ်း ပွတ်တိုက် ယှဉ်ပြိုင်နေမှ တိုးတက်တယ် ဆိုပါကလား ဆရာကြီး။
နုပ်။ ။ စီးပွားရေးဘက် သက်သက်ကြည့်လျှင်တော့ ဟုတ်ပါတယ်။ သို့သော်လည်း စိတ်ပင်ပန်းပြီး ပွတ်တိုက်လို့ ပြတ်သတ်ကုန်မှာကိုလည်း စိုးရိမ်ရတယ် မောင်ရဲ့။
တက်။ ။ ဆရာကြီးကတော့ မကြီးပွားချင်ဘူးလားခင်ဗျား။
နုပ်။ ။ ။ လုံ့လကိုတော့ မလျှော့ရဘူးပေါ့ မောင်ရယ်။ သို့သော်ခုနင်က ဆရာ ပြောခဲ့သလို “ရန်လို”တဲ့ မုန်းတီးရေးစိတ်မျိုးကို လူတိုင်း သတိထားလျှင် စိတ်သက်သာရာ ရနိုင်ပါတယ်။
တိုး။ ။ လူတစ်ယောက်စီ အနေနဲ့ အုပ်စုအနေနဲ့ ဘယ်သင်းက ပိုလောဘ ကြီးသလဲ ဆရာကြီး။
နုပ်။ ။ ။ အုပ်စုဆိုတာ အစိုးရမဟုတ်လား။ အစိုးရဆိုတဲ့အခါကျတော့အရေအတွက် အင်အားကြီးမားလာလေတော့ ပိုပြီး လောဘကြီးလာတာပေါ့ မောင်။
တက်။ ။ လူအသီးသီးပဲ လောဘကြီးလာသလား ဆရာကြီး။
နုပ်။ ။ အမှန်ကတော့ ခေါင်းဆောင်ပိုင်းက လောဘကြီးလာခြင်းပါမောင်။ ပြည်သူအနေနဲ့တော့ ဟိုပြည် သည်ပြည် အပေါ်မှာလွှမ်းမိုးချင်လောက်အောင် လောဘကြီးတဲ့လူ နည်းပါလိမ့် မယ်။ ဒါကြောင့် ဆရာက လောဘမကြီးနိုင်အောင် သူတို့ အထက်က အုပ်ချုပ်ရေးကြိုးကိုင်မယ့် ကမ္ဘာ့အစိုးရ အဖွဲ့ကြီးမျိုး ပေါ်လာဖို့ အမြဲ ဆု တောင်းနေခြင်းပါ မောင်တို့။