ရွှေဥဒေါင်း - လမ်းနှစ်သွယ်
အခန်း (၁)
မြန်မာသက္ကရာဇ် ၁၂၉၁ ခု နယုန်လဆန်း ၉ ရက်နေ့ ည ၁၀ နာရီကျော်အချိန်ခန့်တွင် ရန်ကုန်မြို့ ချာချီလမ်း (ကိုယ့်မင်း ကိုယ့်ချင်း လမ်း)နှင့်ဘောင်ဒရီလမ်း(ဓမ္မစေတီလမ်း)ထောင့်ရှိ ညောင်ပင်ကြီး၏အောက်၌ ညီအစ်ကိုနှစ်ယောက်တို့သည် တစ်ယောက်နှင့်တစ်ယောက် ခွဲခွာရတော့မည့် အနေမျိုးဖြင့် ဝမ်းနည်းစွာသော မျက်နှာထားနှင့် နှုတ် ဆက်လျက်ရှိကြလေ၏။
၎င်းတို့မှာ ပင်စင်အငြိမ်းစား အရေးပိုင် ဦးကျော်ဒွန်းနှင့် မင်းကတော်ကြီး ဒေါ်သန်းတင်တို့၏သားများ ဖြစ်ကြ၍ အမည်မှာ ခင်မောင်ကြီးနှင့် ခင်မောင်ကလေးဟူ၍ ခေါ်တွင်ကြလေရာ နှစ်ဦးလုံး တို့မှာ ကောလိပ်ကျောင်းသားများ ဖြစ်ကြလေသည်။
ခင်မောင်ကြီးမှာ မိခင်၏ အချစ်တော်ဖြစ်၍ ခင်မောင်ကလေး မှာ ဖခင်၏ အချစ်တော်ဖြစ်လေရာ မိဘနှစ်ပါးတို့သည် သားနှစ်ယောက် အကြောင်းနှင့် စပ်လျဉ်း၍ ဂုဏ်တုဂုဏ်ပြိုင် သဘောထားလျက် သားငယ် ခင်မောင်ကလေးက ၁၀ တန်း စာမေးပွဲ၌ စကောလားရှစ်နှင့် အောင်မြင် သောအခါတွင် ဖခင်ဖြစ်သူသည် မိမိ၏ အချစ်တော် သားငယ်အားမြှောက်စားချီးမွမ်းခြင်း ပြုရုံမျှမက မိခင်၏ အချစ်တော် ခင်မောင်ကြီး အားလည်း ဘောသောကြီးဟူသော အမည်ဖြင့် လှောင်ပြောင်ခေါ်ငင် ခြင်း ပြုခဲ့လေ၏။
ယင်းကဲ့သို့ ပြုခြင်းအားဖြင့် အစ်ကိုဖြစ်သူ ခင်မောင်ကြီးမှာ အကြီးဖြစ်သည့်အလျောက် ရှက်လည်းရှက်၊ ခံလည်းမခံချင် ရှိနေရ သည်အတွင်း စီနီယာအိုင်အေစာမေးပွဲ၌ ကျရှုံးပြန်ခဲ့လေရာ ကျောင်းနေ နောက်ကျသည့်အတွက်ကြောင့် တစ်တန်းမျှ အောက်ကျလျက်ရှိသော ခင်မောင်ကလေးသည် ခင်မောင်ကြီးကို မီ၍လာလေ၏။ ထိုအခါ ဖခင်ဦးကျော်ဒွန်းသည် မိမိ၏အချစ်တော် သားအတွက်ကြောင့် ဝမ်းမြောက်သည်တစ်ကြောင်း၊ ခင်မောင်ကြီးအား သည်းမခံချင်သော စိတ်ဖြစ်ပေါ်လာစေခြင်းအားဖြင့် ပညာကို ကြိုးစားစေလိုသည် တစ်ကြောင်းကြောင့် ယခင်ကထက်ပင် ဖိနှိပ်၍ ဒတ်ဖားဘောသောကြီး ဟူသော အမည်နှစ်ဆင့်ဖြင့် မှည့်ခေါ်ပြန်လေ၏။
အချို့သော မိဘတို့သည် သားသမီးတို့အား ရက်လောက်၊ နာလောက်သော အမည်မျိုးနှင့် မှည့်ခေါ်ခြင်းအားဖြင့် ၎င်းတို့၌ မခံချင်သောသဘော ဖြစ်ပေါ်လာပြီးလျှင် ရှေးကထက်တိုး၍ ပညာကို ကြိုးစားလိမ့်မည်ဟူ၍ ယုံကြည်တတ်ကြသည်ဖြစ်ရာ ထိုကဲ့သို့မှည့်ခေါ် ခြင်းအားဖြင့် သားသမီးတို့၏စိတ်၌ မည်မျှလောက် ထိခိုက်နာကျင်ကြောင်းကိုလည်းကောင်း၊ မိမိတို့ အပေါ်၌လည်း မည်မျှလောက် အကြည်ညို လျော့ပေါ့သွားစေသည့်အကြောင်းကို လည်းကောင်း မဆင်ခြင်မိကြချေ။ နာကြည်းအောင် မှည့်ခေါ်ခြင်းအားဖြင့် အကြင် သားသမီးသည် ပညာကို တိုး၍ ကြိုးစားမည်၊ မကြိုးစားမည်ကို အမှန် မဆိုနိုင်သော်လည်း မိဘအပေါ်၌ အကြည်ညိုပျက်စေမည့် အကြောင်းကိုမူကား အမှန်ဆိုနိုင်သည်ဖြစ်ရာ မိဘတို့အား သားသမီးတို့က ကြည်ညိုခြင်းသည် အရေးကြီးဆုံးသော အခြင်းအရာတစ်ခု ဖြစ်စေသောကြောင့် မည်သို့သော အကျိုးကျေးဇူးနှင့်မျှ လဲလှယ်ခြင်းငှာ မထင်ခဲ့ချေ။
ခင်မောင်ကလေးမှာမူ သဘောထား သေးသိမ်သော အချို့ ညီငယ်များကဲ့သို့ မျက်နှာလိုအားရ ထောင်လွှားတက်ကြွခြင်းမရှိဘဲ မိမိအား ချီးမြှင့်မြှောက်စားခြင်းကိုပင် အစ်ကိုအတွက် အားတုံ့အားနာ ဖြစ်လျက် ခင်မောင်ကြီးအား ဒတ်ဖားဘောသောဟူသော အမည်ဖြင့် မှည့်ထားခြင်းကို ဖခင်ဖြစ်သည့်အတွက်ကြောင့် ထုတ်ဖော်ကန့်ကွက် ခြင်း မပြုဝံ့စေကာမူ ဖခင်က ခေါ်ဝေါ်သော အခါများ၌ အားရဝမ်းသာ ရယ်မောခြင်းမပြုဘဲ ခံရသူ ကာယကံရှင် ကိုယ်တိုင်ထက်ပင် မျက်နှာ ညှိုးငယ်စွာ ရှိနေတတ်ချေသည်။
တစ်နေ့သ၌ ညီအစ်ကိုနှစ်ယောက်တို့သည် အခြားသော ကောလိပ်ကျောင်းသားများနှင့်အတူ ပျော်ပွဲစားထွက်ကြရာတွင် လူငယ် တို့ဘာဝ သောက်စားမူးယစ်ခြင်း၊ ကိုးမီး ဖဲကစားခြင်း စသော ပျော်ရွှင်မှု တို့ကို သစ်ပင်ရိပ်ကောင်းကောင်း၌ ခံစားလျက်ရှိကြစဉ် ဖခင်ဦးကျော်ဒွန်း သည် မင်းကတော်ကြီး ဒေါ်သန်းတင် လေနာရောဂါ အပြင်းဖမ်း သဖြင့် သားများကိုခေါ်ရန် မော်တော်ကားဖြင့် လိုက်သွားသည်နှင့် ပက်ပင်းပါ တွေ့မြင်ရလေ၏။ ကျောင်းသားများသည် လွတ်လပ်သောတောစခန်းဖြစ်သည့်အလျောက် ဘီယာပုလင်းများကို နံဘေး၌ထောင်ခါ ပျော်ရွှင်စွာ ဖဲကစားလျက်ရှိကြ၍ အချို့မှာလည်း တယော၊ မယ်ဒလင် စသည့်တူရိယာတို့ကို တီးသူက တီး၊ အသံကုန် လွှတ်သူက လွှတ်၊ ကသူက က၊ ခုန်သူက ခုန်၊ ဆူညံစွာ ရှိနေ ကြသည်ဖြစ်သောကြောင့် ဦးကျော်ဒွန်း၏ မော်တော်ကား ဆိုက်ရောက်လာခြင်းကို မည်သူကမျှ သတိမပြုမိချေ။
သို့ဖြစ်၍ ခင်မောင်ကြီးသည် ကိုးမီးဝိုင်းတွင် ခုနစ်ချွန်းထိုး ဖြစ်နေသောကြောင့် ဖဲကိုပွတ်၍ အကြောက်ကြည့်နေစဉ် ခင်မောင် ကလေးက ဘီယာခွက်ကိုကိုင်ခါ အစ်ကို၏ နောက်မှ ပိုး၍ ကြည့်နေ ဆဲတွင် ဖခင်ဦးကျော်ဒွန်း ဆိုက်ရောက်သွားလေ၏။ ကျောင်းသား များသည် တီးမှုတ်နေသူများက အချက်ပေးလိုက်သည်တွင်မှ ဖဲဝိုင်းမှ မော်ကြည့်ကြ၍ ခင်မောင်ကြီးတို့၏ ဖခင်ဖြစ်ကြောင်း သိကြသည်နှင့် ကြက်သေ သေလျက် ရှက်ကြောက်သော မျက်နှာထားများနှင့် ဦးခေါင်း ချခါ ရှိနေကြလေရာ ဦးကျော်ဒွန်းသည် သားသမီးများ၏ အပြစ် ကျူးလွန်ခြင်းကို သည်းခံတတ်သော ဝါသနာမရှိသည့် အဘိုးကြီး တစ်ယောက် ဖြစ်သည့်အတိုင်း သားနှစ်ယောက်တို့အား ဒေါသကြီး စွာနှင့် ကြိမ်းမောင်းရေရွတ်လေ၏။
စင်စစ်အားဖြင့် ဦးကျော်ဒွန်းသည် မိမိ၏ အချစ်တော်ဖြစ် သော သားငယ် ခင်မောင်ငယ်ကလေးကို ပိုမို၍ မြည်တွန်ကြိမ်းမောင်း ခြင်း ပြုသည်မှန်သော်လည်း ဖခင်အပေါ်၌ မကျေနပ်ခြင်း အရင်းခံရှိသော ခင်မောင်ကြီးက ပိုမို၍ စိတ်နာဟန်ရှိချေ၏။ ခင်မောင်ကလေးက မိမိပြုမိသောအပြစ်ကို ချက်ချင်းပင် ဝန်ခံ၍ သေအရက် သောက်စား ခြင်းနှင့် လောင်းကစားခြင်းတည်းဟူသော မကောင်းမှု များကို ဖခင်ထံ အသက်ထက်ဆုံး ရှောင်ကြဉ်ပါတော့မည်ဖြစ်ကြောင်းနှင့် ပဋိညာဉ်ပေး လေရာ ခင်မောင်ကြီးကမူ မျက်နှာထား သုန်သုန် မှုန်မှုန် ဦးခေါင်းချ ကာ အံကြိတ်လျက် ရှိလေ၏။
နေအိမ်သို့ ရောက်ကြသောအခါ ဦးကျော်ဒွန်းသည် မင်း ကတော်ကြီး၏ လေနာရောဂါ သက်သာသည်နှင့် တစ်ပြိုင်နက် သား နှစ်ယောက်တို့၏ အဖြစ်အပျက်ကို တိုင်တန်းပြောဆိုလေရာ ခင်မောင် ကလေးက မိခင်၏ရှေ့တွင် ထပ်လောင်း၍ ပဋိညာဉ်ပေးသော်လည်း ခင်မောင်ကြီးကမူ မှုန်တေတေ လုပ်၍သာလျှင် နေလေ၏ ။ ဒေါ်သန်းတင်သည် မိမိ၏ အချစ်တော် သားကြီးဖြစ်သည့်အလျောက် ကာကွယ်လိုသည်ဖြစ်၍ လူငယ်တို့မည်သည်မှာ ပျော်ပါးသည့် အချိန် အရွယ်တွင် အထိုက်အလျောက် ပျော်ပါးထိုက်ကြောင်း၊ တစ်သက် ပတ်လုံး ဘုန်းကြီးစိတ်သဘောရှိစေဖို့ မမျှော်လင့်ထိုက်ကြောင်းများ နှင့် ခုခံပြောဆိုလေရာ ဦးကျော်ဒွန်းသည် မိခင် ဖျက်ဆီးသည့်အတွက်ကြောင့် သားကြီး ပျက်စီးတော့မည်အကြောင်းများနှင့် သားရောအမိပါ နှစ်ယောက်စလုံး ဆူပူကြိမ်းမောင်းလေ၏။
ထိုညဉ့်၌ လူကြီးများ အိပ်ပျော်သည်နှင့် တစ်ပြိုင်နက် ခင်မောင်ကြီးသည် မိမိ၏ အဝတ်အစားများကို သားရေအိတ်တစ် လုံးတွင်ထည့်၍ မိခင်၏ ခုတင်ခြေရင်းမှ ကန်တော့ပြီးလျှင် ညီ ခင်မောင်ကလေးကို နှိုး၍ အိမ်မှ ဆင်းလာခဲ့ကြလေ၏။ ညောင်ပင် ကြီးအောက်သို့ ရောက်ကြသောအခါ ... ။
“ကိုင်း ... ဒီနေရာက ငါ့ညီ နေရစ်ပေတော့”
“ကျွန်တော် တားပါရစေ ကိုကိုရယ်။ လူကြီးဆိုတာ စိတ် ဆိုးတဲ့အခါ ဆူတာ၊ ပူတာပေါ့”
“တော်ပြီ ငါ့ညီ၊ တစ်ညနေလုံး ငါ စဉ်းစားပြီးပြီ။ မင်း မတားနဲ့တော့ အပိုပဲ။ ဘယ့်နှယ်ကွယ် လူကို ဒတ်ဖားဘောသော ကြီးလို့လည်း ခေါ်သေးရဲ့ ၊ သူငယ်ချင်းတွေရှေ့မှာ လူပျိုကြီးဖားဖား ဖြစ်မှ ခွေးကြိမ်းသလို ကြိမ်းသေးရဲ့ ။ တော်ရော့လားကွယ်”
“ကိုကို့ ကို ဒါလောက် မကြိမ်းပါဘူး။ ကျွန်တော့်ကို ကြိမ်း တာပါ ကိုကိုရဲ့”
“မင်းကိုတော့ ချစ်လို့ ကြိမ်းတာကွယ့်။ မင်း ခံနိုင်တယ်။ ငါလည်း မေမေ ကြိမ်းလျှင် ခံနိုင်တာပေါ့”
“ကျွန်တော်တော့ မေမေ ကြိမ်းလျှင်လည်း ခံနိုင်ပါတယ် ကိုကိုရယ်”
“မှန်တယ်၊ ငါလည်း ယုံကြည်တယ်။ သို့သော် မင့်စိတ်နဲ့ ငါ့စိတ်နဲ့မတူဘူး ညီရဲ့ ။ မင်းလို သဘောကောင်းတဲ့လူတော့ အရှား သားပဲ။ ငါလည်း ဝန်ခံပါတယ်။ ငါကတော့ ကျွတ်တယ်ဆိုဆို၊ ဆတ်တယ်ဆိုဆို ငါ့ညီလိုတော့ သည်းမခံနိုင်ဘူးကွယ့်၊ ချီးမွမ်းပါတယ် ငါ့ညီရယ်။ နို့ပေမယ့် ကိုယ့်ပဋိသန္ဓေစိတ်နှင့်ကိုယ် လာကြတာမို့ အတုခိုး ဖို့တော့ မတတ်နိုင်ဘူး ငါ့ညီရယ်”
ခင်မောင်ကလေးသည် စုစုပေါင်းမှ ညီအစ်ကိုနှစ်ယောက်ထဲ ရှိကြသည့်အနက် အစ်ကို ထွက်၍သွားခဲ့လျှင် တစ်ယောက်တည်း ကျန်ရစ်ခဲ့မည့်အရေးကို မျှော်တွေးမိသဖြင့် မျက်ရည်မဆည်နိုင်အောင် ရှိနေလေ၏။ ညီငယ်သည် မိမိမျက်နှာရသည့်အတွက် အစ်ကိုအပေါ်၌ ဘယ်အခါမျှ ကြွားဝါးခြင်း၊ အသားယူခြင်း မရှိခဲ့သည်ဖြစ်ရာ အစ်ကို ဖြစ်သူကလည်း မျက်နှာရသော ညီငယ်အပေါ်၌ ဘယ်အခါမျှ မနာလို ဝန်တိုခြင်း မရှိခဲ့ဘူးသည် ဖြစ်ရကား စင်စစ်ကြင်နာချစ်ခင်ခြင်း ရှိကြ သော ညီအစ်ကိုလည်း ဖြစ်ချေ၏။
“မငိုပါနဲ့ ငါ့ညီရယ်၊ ကွဲကြတယ်ဆိုတာ ဓမ္မတာကြီးပဲကွယ့်။ အခု မကွဲလျှင်လည်း နောက်တစ်နေ့နေ့တော့ ကွဲကြမယ် မဟုတ်လား ညီရယ်”
“ကျောင်းသွားလည်း အတူတူ၊ လည်တော့ ပတ်တော့လည်း အတူတူ၊ အိပ်အတူ၊ စားအတူ နေခဲ့ကြတဲ့အပြင် ဘယ်တော့မှ ရန်ခိုက် ဒေါသ မဖြစ်ခဲ့ဘူးတဲ့ ညီအစ်ကိုမို့လို့ ကျွန်တော် လွမ်းလှတယ် ကိုကိုရယ်”
ခင်မောင်ကလေးသည် ရှိုက်ကြီးတငင် ငိုကြွေးလေရကား စိတ်တင်းမာလှသော ခင်မောင်ကြီးပင်လျှင် ညီငယ်၏ ဝမ်းနည်းခြင်း ကို မြင်ရသဖြင့် မျက်ရည်လည်မိလေ၏။
“တိတ်ပါ ငါ့ညီရယ်၊ တစ်နေ့နေ့တော့ တွေ့ကြဦးမှာပေါ့ ။ ဒီလောက် ဝမ်းမနည်းပါနဲ့ကွယ်”
“နို့ ... ကိုကို့မှာ စရိတ်များ ဘယ်လောက်ပါသလဲ ကိုကို”
“အခုဖြင့် ငွေကလေး သုံးကျပ် ရှစ်ပဲ ပါတယ်ကွယ့်။ သို့သော် ကိုကို့လက်စွပ် ရှိသားပဲ။ ဒါ ပေါင်ရမှာပေါ့”
“ဒါဖြင့် ကျွန်တော့် လက်စွပ်ပါယူသွား ကိုကို”
ခင်မောင်ကလေးသည် တစ်ယောက်တစ်ကွင်းစီ လုပ်ပေးထား သော စိန်ဇာရံလက်စွပ်ကို ချွတ်၍ပေးရာ ခင်မောင်ကြီးက ငြင်းပယ် သော်လည်း နောက်ဆုံး၌ လက်ခံရလေ၏။
ကြီး။ ။ “ကိုင်း ... ကိုကို သွားမယ် ငါ့ညီ”
ကလေး (ရှိုက်လျက်)။ ။ “သွားပါတော့ ကိုကို”
“ဒါထက် နေဦးဟေ့ ငါ့ညီ၊ မင်းက မိဘစကားကို နား ထောင်တဲ့ သားပေကိုးကွယ့်။ ငါက နားမထောင်ဘဲ တော်လှန်ပုန်ကန် တဲ့သား ဆိုပါတော့။ ကိုင်း...လောကမှာ မင်းနဲ့ ငါနဲ့ ဘယ်သူက ကြီးပွားသလဲ ပြိုင်ကြရအောင်။ ဒီကနေ့ ဘယ်နှစ်ရက်လဲ။ ဪ... သိပြီ။ ၁၂၉၁ ခု နယုန်လဆန်း ၉ ရက်။ ကောင်းပြီ၊ ဒီကနေ့က စပြီး နောက် ငါးနှစ်တိတိ ကြာတဲ့အခါမှာ မင်းနဲ့ ငါနဲ့ ဒီနေရာမှာ တွေ့ကြမယ်။ ဒီတစ်ခါမှာ မင်းနဲ့ ငါနဲ့ ဘယ်သူက ကြီးပွားသလဲ ယှဉ်ကြရအောင်၊ ကြားလား။ ကိုင်း..ရက်စွဲကို သတိမမေ့ရအောင် ဟောဒီ ညောင်ပင်ကြီးမှာ ဓားနှင့်ထစ်ပြီး မှတ်သားမယ်ဟေ့၊ ကြည့်နော်”
ခင်မောင်ကြီးသည် အိတ်ထဲမှ မောင်းချဓားကိုထုတ်၍ မိမိတို့ တွေ့ဆုံမည့်နေ့ရက်ကို ညောင်ပင်ကြီးတွင် အောက်ပါအတိုင်း ရေးထွင်း . လေ၏။
၉-၃-၉၆
ကြီး။ ။ “၁၂၉၆ ခုနှစ် နယုန်လဆန်း ၉ ရက်နေ့ ညနေ နေဝင်တရီတရောအချိန်မှာ မင်းနဲ့ ငါနဲ့ ဒီနေရာမှာ တွေ့ကြမယ်ဟုတ်လား”
ကလေး။ ။ “ကောင်းပါပြီ ကိုကို”
“ကိုင်း ... ငါ သွားမယ်ဟေ့။ မေမေ့ကို မင်း ကြည့်ပြီး ကောင်းအောင် ပြောလိုက်ပါတော့ကွယ် နော်” ။
“ကောင်းပါပြီ ကိုကို”
၎င်းနောက် ခင်မောင်ကြီးသည် ခင်မောင်ကလေး၏ လက် နှစ်ဖက်ကို မိမိ၏ လက်နှစ်ဖက်နှင့်ကိုင်ကာ ကျစ်ကျစ်ပါအောင် ဆုပ်၍ ရမ်းပြီးနောက် သားရေအိတ်ကို ပခုံးပေါ်၌ထမ်းလျက် ကြည့်မြင်တိုင် ဘက်သို့ လျှောက်သွားလေရာ ခင်မောင်ကလေးသည် မျက်ရည်အပြည့် ရှိသော မျက်လုံးတို့ဖြင့် မျက်စိတစ်ဆုံးတိုင်အောင် မျှော်ကြည့်လျက် ကျန်နေရစ်လေ၏။
ခင်မောင်ကြီးသည် ဦးဗြားတောရနှင့် ရွှေတိဂုံဘုရား၏ အကြားရှိ အိမ်ငယ်ကလေးတစ်ခုသို့ ရှေးရှုလျှောက်သွား၍ တစ်ဆောင်သော တဲကလေး၏တံခါးကို ခေါက်လေရာ ရုပ်ရည်သနားကမားနှင့် အသက် ၁၇ နှစ်ခန့်ရှိ သူငယ်မတစ်ယောက်သည် တံခါးကို ဖွင့်ပေး လေ၏။