Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - ရွှေမန်းဖြစ်ထွေ

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out
Type

အတွေ့အကြုံ

မနေ့က မန္တလေး၊ ယနေ့ မန္တလေး

မန္တလေး ရာပြည့်ပွဲတော်အတွက် စာစောင်ထုတ်သည်ဆိုလျှင် အသက်အကြီးဆုံးအဖြစ်နှင့် အသက်ရှင်လျက်ရှိသည့် မန္တလေးသား စာရေး ဆရာတစ်ဦးဖြစ်သည့်အလျောက် မန္တလေး ရွှေမြို့တော်ကြီးနှင့်ပတ်သက် သည့် ဆောင်းပါးတစ်ပုဒ်ရေးဖို့ ကျွန်ုပ်၌ တာဝန်ရှိသည်ဟု စဉ်းစားမိသည်။ ယင်းသို့ ရေးသားရာ၌ မန္တလေးမြို့ အတ္ထုပ္ပတ္တိဆိုပါလျှင်လည်း ရွှေကိုင်းသား ၏ စာအုပ်ကြီးတွင် လိုလေသေးမရှိ ဆိုရမလောက် ပြည့်စုံလုံလောက်စွာ ဖော်ပြပါရှိပြီး ဖြစ်ပါသောကြောင့် မန္တလေးမြို့၏အကြောင်းခြင်းရာ မဟုတ်ဘဲ မန္တလေးမြို့ကြီးအား ကျွန်ုပ်မြင်ပုံ အခြင်းအရာကိုသာ ဖော်ပြလိုပေသည်။ ဤဆောင်းပါးကို ဖတ်ရှုသူများက “မန္တလေးမြို့ အကြောင်း ရေးမလားမှတ် တယ်၊ သူ့အကြောင်းတွေရေးပြီး ကိုယ်ရည်သွေးမှာ ထင်ပါရဲ့”ဟု အထင် မရောက်ကြဖို့ သတိပေးလိုပါ၏။ မြင်သောအခြင်းအရာကိုတင်ပြလျှင် မြင်သူ၏ အကြောင်းခြင်းရာကိုလည်း တင်ပြပါမှ သဘာဝကျပေလိမ့်မည်။ ယင်းသို့ တင်ပြရာတွင်လည်း မိမိနှင့်ပတ်သက်၍ ကောင်းသော အချက် အလက်များဖြင့် အထင်ကြီးခြင်းခံလို၍မဟုတ်ဘဲ ညံ့ဖျင်းနုံချာသော အကွက် များလည်း ပါရှိမည်ဖြစ်ပါသောကြောင့် “ကိုယ်ရည်သွေးခြင်း” တည်းဟူ သော စွပ်စွဲချက်မျိုးမှ လွတ်ကင်းတန်ရာသည်ဟု မျှော်လင့်ရပေသည်။

နှစ်ကဏ္ဍပိုင်းခြားခြင်း

ကျွန်ုပ်၏အမြင်ကို တင်ပြရာ၌ ကျွန်ုပ်အကြောင်းကိုလည်း အနည်း ငယ် ဖော်ပြပါမှ အကွက်လည်မည်ဖြစ်ရာ ကျွန်ုပ်မှာ အသက် ၇၀ ရှိသည့် အနက် ၂၅ နှစ်မျှသော အချိန်ကို ရန်ကုန်မြို့၌ ကုန်လွန်စေခဲ့၏။ ကြွင်းကျန်သော အချိန်ကာလမှာ အများအားဖြင့် မန္တလေးမြို့တွင် နေထိုင်ရသူဖြစ်ပါ သည်။ အဆိုပါ နှစ်ပေါင်း ၇၀ အနက်တွင်လည်း အသက်တာ၏ ပထမ ပိုင်းနှင့် နောက်ပိုင်းတို့မှာ မန္တလေးမြို့တွင် နေထိုင်ရ၍ အလယ်ပိုင်းဖြစ်သော အချိန်ကာလသည်သာလျှင် ရန်ကုန်မြို့၌ နေထိုင်ရခြင်းဖြစ်ပါသည်။ သို့ဖြစ် ၍ မန္တလေးမြို့အား ကျွန်ုပ်၏အမြင်မှာ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော် ကာလကတစ်ပိုင်း၊ စစ်ကြီးပြီးဆုံးသည့် ဤနောက်ကာလ၌ တစ်ပိုင်းဟူ၍ နှစ်ကဏ္ဍ ခွဲခြားဖော်ပြရပေမည်။ ဤတွင် ငယ်ရွယ်စဉ်က (ရှေးခေတ်) မန္တလေးမြို့ အခြေအနေနှင့် ငယ်ရွယ်သူ၏ စိတ်ထားအမြင်ကား တစ်ကဏ္ဍ၊ ကြီးပြင်းလာသည့်အခါ (ဤခေတ်) မန္တလေးမြို့ အခြေအနေနှင့် အရွယ်ကြီး ရင့်သူတစ်ယောက်၏စိတ်ထား(အမြင်)ကား တစ်ကဏ္ဍဟူ၍ ပေါ်ထွက်လာ ပါတော့သည်။

ကိုယ်တော်မှိုင်း၏ ကြိမ်းမောင်းခြင်း

ရှေးဦးစွာ ကျွန်ုပ်၏ ညံ့ဖျင်းမှုတစ်ခုကို ဖော်ပြရသော် ကျွန်ုပ်မှာ မင်းမှုထမ်းများဖြစ်ခဲ့ကြသည့် မိဘနှစ်ပါးတို့မှ ဆင်းသက်ပေါက်ဖွားသူတစ်ယောက်ဖြစ်ပါလျက် သီပေါဘုရင်လက်ထက်က နန်းတွင်းအဖြစ်အပျက်များ ကို မိဘနှစ်ပါးတို့သည် ကျွန်ုပ်၏ရှေ့မှောက်တွင် အရွယ်ရောက်သော လူ ကြီးများအား ကြိမ်ဖန်များစွာ ပြောပြဖူးကြသော်လည်း ကျွန်ုပ်ကား စိတ်ဝင် စားခြင်းမရှိသောကြောင့် မှတ်သားထားခြင်းမရှိ။ လက်ဝဲဘက်နားမှကြား၍ လက်ယာဘက်နားမှ ထွက်သွားသည်ဟု ဆိုရလောက်ပေသည်။ ကျွန်ုပ်၏ အယူအဆကား လွန်ပြီးသော အတိတ်ကာလ အခြင်းအရာများကို မှတ်သား ထားခြင်းအားဖြင့် အကျိုးမရှိနိုင်ဟူ၍ဖြစ်၏။ ဇာတ်လမ်းဇာတ်ကွက်သဘော သက်ဝင်သည့် အဖြစ်အပျက်မျိုးကိုမူကား စိတ်ဝင်စားတတ်ပါ၏။ မည်သည့်အမှုထမ်းက မည်သည့်အမှုထမ်းထက် ကြီးသည်၊ တောင်နန်းမတော်သည် အနောက်နန်းမတော်ထက် ဂုဏ်ကြီးသည် အစရှိသော ဗဟုသုတမျိုးကား တန်ဖိုးရှိသည် မထင်ခဲ့သောကြောင့် လုံးဝ ဂရုမစိုက်ခဲ့ချေ။ ကျွန်ုပ် ရန်ကုန် ၌နေစဉ် ကျွန်ုပ်၏ဖခင် အလည်ရောက်လာရာ ကျွန်ုပ်နှင့် လုပ်ဖော်ကိုင်ဖက် ဖြစ်သော ဆရာလွန်း(ယခု ဆရာကြီး သခင်ကိုယ်တော်မှိုင်း)သည် အိမ်သို့ လိုက်လာ၍ တစ်ညဉ့်အိပ်ရင်း ဖခင်ထံမှ သီပေါမင်းလက်ထက်ဆိုင်ရာ ဗဟုသုတများကို မေးမြန်းဆည်းပူး၍ အလွန် ကျေနပ်ပုံရ၏။ နံနက်လင်းသောအခါ ဆရာကြီးက ကျွန်ုပ်အား “ဒီလို အဖေမျိုးက မွေးထားပါလျက်နဲ့ ထီးနန်းဗဟုသုတတွေကို မှတ်သားစုဆောင်းမထားတာများတော့ မင့်ကို ငါ ထောင်းချင်သကွာ”ဟု ပြောဖူးလေသည်။

ရှေးဦးစွာ မှတ်မိသောအခြင်းအရာ

ကျွန်ုပ် လူဖြစ်လာသည်မှစ၍ မန္တလေးမြို့အကြောင်းနှင့် ကျွန်ုပ်၏ ဘဝကို ရှေးဦးစွာ မှတ်မိသောအခြင်းအရာသည်ကား သင်္ချိုင်းတော်တံတား မြောက်ဘက် ရွှေတချောင်းမြောင်းပေါင်ရှိ မဲအိုးတန်းရပ်ကွက် ပေပင်ကြီး သုံးပင်အောက်၌ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ပေတည်း။ အချိန်ကာလ ကား မြန်မာသက္ကရာဇ် ၁၂၅၅-၅၆ ခုနှစ် (၁၈၉၃-၉၄) ညနေခင်းအချိန် ဖြစ်၏။ ထိုညနေ၌ ကျွန်ုပ်သည် လေးငါးနှစ်သားရှိ ရွယ်တူကလေးများနှင့် ရွှေတချောင်းမြောင်းပေါင်တွင် ကစားလျက်ရှိရာ ကစားနည်းမှာ လှည်းလမ်းကြောင်းကို ကားရားခွလျက် တောင်ဘက်သို့ မျက်နှာမူရာမှ ရုတ်တရက်ခုန်၍ မြောက်ဘက်သို့ မျက်နှာမူစေရန်၊ ထိုနောက်တစ်ဖန်မြောက်ဘက်မှ တောင်ဘက်သို့ မျက်နှာမူစေရန် အကြိမ်ကြိမ် အဖန်ဖန် ပြုလုပ်ကြခြင်းပင် ဖြစ်လေသည်။ (ဤခေတ်၌ ၎င်းဆော့နည်းနှင့် များစွာသော အခြားကစားနည်းတို့မှာ ကွယ်ပျောက်သွားကြကုန်လေပြီ။) ယင်းသို့ ကစားကြစဉ် ကျွန်ုပ်မှာ ဟပ်ထိုးလဲကျ၍ မေးစေ့နှင့် မြေကြီးရိုက်ပြီးလျှင် သွေးအမြောက်အမြား ပန်းထွက်ခြင်းကို ယခုတိုင် မှတ်မိသေး၏။ ထိုစဉ်က ရရှိခဲ့သော အမာရွတ်မှာ ယနေ့တိုင် တည်ရှိသေး၍ အစိုးရအမှုထမ်းစဉ်ကအမှုထမ်းစာအုပ်တွင် ‘ထင်ရှားသော အမှတ်အသား ဟူသော ဇယား ကွက်၌ “မေးစေ့အောက်တွင် အမာရွတ်တစ်ခု'ဟူ၍ ရေးမှတ်ဖော်ပြခဲ့ရပါ သေးသည်။ ဤသည်ကား လူ့ဘဝတွင် ပထမဦးဆုံး မှတ်မိသော အခြင်း အရာဖြစ်၍ သေသည်အထိ မေ့နိုင်မည်လည်းမဟုတ်၊ (ပျက်နိုင်မည်လည်း မဟုတ်သည့် အမာရွတ်)ပေတည်း။

ချက်မြှုပ်နေရာ

အထက်ပါ အဖြစ်အပျက်မှာ လေးငါးနှစ်သားအရွယ်က ကျွန်ုပ်တို့ နေထိုင်သော မဲအိုးတန်းရပ်ကွက်၌ ဖြစ်ပျက်သည်ဆိုသော်လည်း ကျွန်ုပ်ကား ၎င်းရပ်ကွက်၌ မွေးဖွားခြင်းမဟုတ်ချေ။ ကျွန်ုပ်၏ ချက်မြှုပ်ဌာနမှာ ဝါးတန်း ရပ်နှင့် တစ်စပ်တည်းရှိသော “ဧချိုင့်”ခေါ် ရပ်ကွက်ဖြစ်၏။ ကျွန်ုပ် မွေးဖွား သည့် မြေကြီးနေရာကို (အိမ်ကားမရှိတော့) မိဘများရှိစဉ်က ပြထားခဲ့ဖို့ပြောမည်ကြံဖူးသော်လည်း မမေးခဲ့မိချေ။ ထို့ကြောင့် မန်ကျည်းတုံရွာ၌ မင်းလက်ဝဲသုန္ဒရ၏ မွေးနေရာကို စာရေးဆရာကလေးများအား ကျွန်ုပ် ညွှန်ပြသကဲ့သို့ ကျွန်ုပ်၏ မွေးနေရာကို ညွှန်ပြနိုင်မည့်သူ မရှိတော့ချေ။ အင်္ဂလန်ပြည်၌ ရှိတ်စပီးယား၏ မွေးနေရာဖြစ်သော စတက်ဖို့အွန်အမွှန်း ရွာကလေးကို အင်္ဂလိပ်များ လေးစားကြသကဲ့သို့ ကျွန်ုပ်အား နောင်လာ နောက်သား မြန်မာများက အလေးပြုချင်ဦးတော့ ပြုနိုင်ခွင့်မရှိကြတော့ပြီ။ (တကယ် မဟုတ်ပါ၊ စပ်မိ၍ အလကား ရေးခြင်းသာဖြစ်ပါသည်။ ဘယ်တုံး ကမှ မျှော်လင့်ချက်လည်းမရှိ၊ ဤသို့သော အခြင်းအရာများကို အရသာခံ တတ်သော ဝါသနာရှိသူတစ်ဦးလည်း မဟုတ်ပါကြောင်း။)

တပြောင်းတည်း ပြောင်းရွှေ့ရခြင်း

မန္တလေးသားများအနက်တွင် ကျွန်ုပ်ကဲ့သို့ ရပ်ကွက်ပေါင်း တော် တော်ကြီး စေ့စုံအောင် နေထိုင်ဖူးသူ ရှားလိမ့်မည်ထင်မိ၏။ မိဘများကား စီးပွားရေး အခြေမခိုင်သည့် လက္ခဏာနှင့် တော်တော်များများ ရွှေ့ပြောင်း ခဲ့၏။ ရှေးဦးစွာ ဧချိုင့် ရပ်ကွက်၌ ကျွန်ုပ်အား မွေးဖွားပြီးနောက် မဲအိုးတန်း၊ပဲပုပ်တန်း၊ ယိုင်တန်း၊ ရန်နှင်(ရန်နည်)တံခါး၊ ဂုဏ်တန်၊ ဝက်လက်၊ ဓားတန်း၊ ရန်နှင်တံခါး(ဒုတိယအကြိမ်)၊ အာဠဝီတံခါး စသော ရပ်ကွက် များသို့ အစဉ်လိုက် ပြောင်းရွှေ့ နေထိုင်ကြ၏။ မိဘများနှင့်ခွဲ၍ ကျွန်ုပ် အိမ်ထောင်ပြုသောအခါကလည်း မင်္ဂလာတံခါး၊ ဟော်ကုန်း၊ ဓားတန်း(နှစ် ကြိမ်)၊ ဂုဏ်တန်၊ အရာတော်၊ ဆန်တန်း(နှစ်ကြိမ်)၊ အုတ်တန်း စသည့် ရပ်ကွက်များ၌ ငှက်ပျောပင်စိုက် မိလိုက်ဖလာ ဟူသော စကားပုံအတိုင်း တရွှေ့တည်း ရွှေ့ပြောင်း၍နေရပြန်၏။ အချို့သူများသည် မန္တလေးသားဆို သော်လည်း တစ်နေရာ၌မွေး၍ ထိုနေရာ၌ပင် သေကြရလေရာ သူတို့၏ နေရာကိုသာ အသေးစိတ် သိနိုင်ကြပေလိမ့်မည်။ ကျွန်ုပ်မူကား အထက်ပါ ရပ်ကွက်များကို အတွင်းသိအနေဖြင့် အသေးစိတ်သိသူတစ်ယောက် ဖြစ်လေ သည်။ (ဂုဏ်ယူခြင်းကား မဟုတ်ပါ၊ အခြေစိုက်မူ မခိုင်မြဲခြင်းကိုသာ ဆိုလို ပါသည်)

ရွှေတချောင်း၏ဆွဲဆောင်ပုံ

မိဘများနှင့် အတူတကွ နေထိုင်ခဲ့ရသည့် အထက်ပါ ရပ်ကွက်များ အနက် ကျွန်ုပ်၏စိတ်ထဲ၌ မှတ်သားမိဆုံးသော ရပ်ကွက်မှာ ရန်နှင်တံခါးနှင့် ဂုဏ်တန်ရပ်တို့ဖြစ်၏။ ရန်နှင်တံခါးရပ်ကွက်ကို အထူးမှတ်မိခြင်းမှာ ၎င်းရပ် ကွက်၌ ပျော်ပိုက်လှသောကြောင့်မဟုတ်၊ (စင်စစ်မှာ တော်တော်ကလေး ဆင်းရဲသောအပိုင်းဖြစ်၏။) အရာရာကို မှတ်ချင်တတ်သော ကျောင်းသား ကလေးအရွယ်ဖြစ်သောကြောင့်ဖြစ်ရာ ဂုဏ်တန်ရပ်ကွက်မှာ လူလားမြောက်စ ပြုသော လူပျိုပေါက်ကလေးအရွယ်ဖြစ်သောကြောင့် ဖြစ်တန်ရာသည်။ ရန်နှင်တံခါးရပ်ကွက်၌ နေထိုင်လျက်ရှိစဉ် နေအိမ်နှင့် ၁၇''ဝေးသော အိမ်တော်ရာဘုရားတောင်ဘက်ရှိ ဒက္ခိဏဝံတိုက် ဘုန်းကြီးကျောင်းသို့ (ဥပုသ်နေ့များမှတစ်ပါး) နေ့စဉ် ခြေကျင်သွားရ၍ လမ်းခရီး၌ တွေ့မြင်ရသော အခြင်းအရာများသည် ကျွန်ုပ်၏ဦးနှောက်၌ ယနေ့တိုင် မမေ့နိုင်အောင်စွဲ လျက် ရှိလေတော့သည်။ နံနက်စောစောကြီး ထမင်းစား၍ အိမ်မှထွက်လာ သောအခါ ရွှေတချောင်းမြောင်းပေါင်ရိုးတစ်လျှောက် လမ်းလျှောက်ရခြင်း