ရွှေဥဒေါင်း - ရူပနဒ္နီရူပကလျာနီ
အခန်း (၁)
လူသတ္တဝါတို့သည် မိမိတို့ တစ်သက်တွင် အဖြစ်အပျက်များစွာ ကြုံတွေ့ခဲ့ကြရာ အချို့ သော အဖြစ်အပျက် တို့မှာ အသက် တစ်ရာနေရသော် လည်း မမေ့နိုင်အောင် ရှိတတ်ပေ၏။ ကျွန်ုပ်ကိုယ်တိုင် တွေ့ကြုံခဲ့ရသော အောက်ပါအကြောင်းအရာတို့မှာ ရက်လအနည်းငယ် ကြာရှိသော်လည်း ယမန် နေ့ကပင် တွေ့ကြုံခဲ့ရသကဲ့သို့ ထင်လင်းသေချာစွာ မှတ်သားမိပါကြောင်း။
ကျွန်ုပ်မှာ အမိအဖတို့ ငယ်စဉ်ကပင် သေဆုံးပြီးနောက် အင်္ဂလိပ် ကျောင်း တစ်ကျောင်းတွင် ကျောင်းအိပ်ကျောင်းစားအဖြစ်ဖြင့် အခမဲ့ ပညာ သင်ကြားခဲ့ရာ ဘီအေစာမေးပွဲကို အောင်မြင်ပြီးနောက် အထက်တန်းဆရာ အဖြစ် စာမေးပွဲအတွက် ကြိုးစားအားထုတ်လျက်နေပါကြောင်း။
လွန်ခဲ့သည့် (၁၅)နှစ်ခန့် အချိန်က ကျွန်ုပ်သည် ဆိုအပ်ခဲ့ပြီးသည့် အတိုင်း အခန်းတွင်းတွင် တစ် ယောက်တည်း ဆရာဖြစ်အတွက် စာကျက်၍ နေရာ သန်းခေါင်ကျော်ကျော်ရှိပြီဖြစ်၍ ညောင်းညာလှသည် နှင့် ကုလားထိုင်မှ ထ၍ အနီးတွင်ရှိသော မှန်တစ်ချပ်တွင် မိမိအရိပ်ကို ကြည့်လျက် စဉ်းစားမိသည် မှာ “ငါသည် သူတစ်ပါးနှင့်မတူအောင် မည်းနက်သော အသားအရေ ရှိရသည့်အပြင် ဆီးကင်းခန့်ပမာဏရှိသော ကျောက်ပေါက်နာတို့သည်လည်း တစ်မျက်နှာလုံးပြည့်၍ ရှိဘိတကား၊ အချို့တို့မှာ အရုပ်ပင်ဆိုးသော်လည်း ငယ်ရွယ်နုနယ်သည့်အလျောက် တစ်မျိုးတစ်မည် ရှုချင်ဖွယ် ကောင်းတတ်ကြသည်၊ ငါ့မှာမူကား အသက်နှစ်ဆယ်ကျော်ကလေးပင် ရှိသေးသော်လည်း ခုနစ်ဆယ်ကျော် အဘိုးကြီးကဲ့သို့ လုပ်ကိုင်းကိုင်းရှိပါဘိတကား၊ ငါသည် ဆရာဖြစ်နှင့် ဘီအေကိုပင် အောင်သော်လည်း ဤဘဝ၌ မိန်းမရရန် ခဲယဉ်း ပေတော့သည်။ ငါ့အားကြိုက်သောမိန်းမသည် စားနိုင်သောက်နိုင် မိကောင်းဖခင် သားသမီး ဖြစ်မည်မဟုတ်။ စားရသောက်ရမဲ့ဖြစ်၍ လူမျိုးကွဲပင်ဖြစ်စေ ယူတော့မည်ဟု အောက်မေ့သော မိန်းမမျိုးကိုသာ ငါ ရနိုင်တော့မည် ဖြစ်သောကြောင့် ငါသည် ယခုဘဝတွင် မိန်းမစိတ်ကူး၍မတော်။ သို့သော် အဆင်းမရှိသော်လည်း အချင်းရှိသည် ဆိုသည့်စကားကဲ့သို့ ငါသည် သူတစ်ပါးထက် အရုပ်ဆိုးလေသမျှ ပညာဉာဏ်မှာမူ သူတစ်ပါးထက် သာလွန်ထူးကဲလေစွ' စသည်ဖြင့် စဉ်းစားလျက်နေစဉ် အခန်းပြင်မှ တံခါး ခေါက်သံကြားသည်နှင့် သွား၍ဖွင့်ရာ လူတစ်ယောက်သည် သံသေတ္တာတစ်လုံး ကို မနိုင့်တနိုင် နှင့်ထမ်းလျက် မောပန်းသည့်လက္ခဏာဖြင့် အခန်းတွင်းသို့ ဝင်လာလေ၏။
ဝင်လာသည့်လူမှာ အသက်သုံးဆယ့်ငါးနှစ်ခန့် ရှိ၍ များစွာ မကျန်းမာ ဟန်လက္ခဏာရှိသော ကျောင်းသား ကိုစောနန်းဖြစ်လေသည်။ သူတစ်ပါးတို့မှာ ၎င်းအရွယ်၌ ကျောင်းမှထွက်ပြီးနောက် သားမယားနှင့် လုပ်ကိုင်စားသောက် ကြသည်ဖြစ်ရာ ကိုစောနန်းမှာမူ အသက်သုံးဆယ့်ငါးနှစ်တွင်မှ ဘီအေ အထက်တန်းတွင် သင်ကြားလျက် ကျွန်ုပ်နှင့်အတူ တစ်ခန်းတည်း နေထိုင်လျက် ရှိလေသည်။
ကျွန်ုပ်လည်း အချိန်မတော်မှ သေတ္တာကြီးကို ထမ်းလျက်လာသည်ကို မြင်သဖြင့် အံ့အားသင့်၍ သေတ္တာကို ကူညီချပေးရာ ကိုစောနန်းသည် ကုလားထိုင်တစ်လုံးပေါ်တွင်ထိုင်လျက် ပြင်းထန်စွာ ချောင်းဆိုးလျက် ရှိနေ လေ၏။ ချောင်းဆိုးရပ်၍ အနည်းငယ်အမောပြေလျှင် ကိုစောနန်းက ..
“ကျုပ်တော့ ပြီးပြီ မိတ်ဆွေ၊ သည်နေ့နောက်ဆုံးပဲ' ဟု ပြောရာ | ကျွန်ုပ်မှာ နားမလည်သဖြင့် ...
“ဘယ့်နှယ်ပြောတာလဲဗျာ၊ ဘာနောက်ဆုံးလဲ" ဟု မေးရာ ကိုစောနန်းသည် ရုတ်တရက်ပြန်မပြောသေးဘဲ လင်မနစ်ပုလင်းများ ကို လက်ညှိုးညွှန်ပြသဖြင့် ကျွန်ုပ်လည်း လင်မနစ်တစ်လုံးကို ဖောက်ပေးလေ၏။ ကိုစောနန်းသည် လင်မနစ်ကို တစ်ခါတည်းသောက်ပြီးနောက် ... ။
“ကျုပ်တော့ပြီးပြီ မိတ်ဆွေ၊ မနေရဘူး၊ သေရတော့မယ်” ဟု ပြောပြန်သဖြင့် ကျွန်ုပ်က မသေနိုင်ကြောင်းပြောမည်ပြုရာ ကိုစောနန်းသည် စိတ်ဆိုးဟန်လက္ခဏာနှင့် မျက်နှာထားတစ်မျိုးပြင်လိုက်သည်ကို မြင်သဖြင့် အကဲခတ်လျက်နေမိ၏။
စကားရှည်ရှည် မပြောပါရစေနဲ့ မိတ်ဆွေ၊ ကျုပ် မောလွန်းလို့ပါ၊ ကျုပ် ဒီကနေ့ည သေရတော့မယ်၊ မလွဲဘူး၊ ဒီတော့ မသေခင် ခင် ဗျားကို တစ်ခုပြောသွားချင်တယ်၊ ကျုပ် နောက်ကို ထပ်ပြောနိုင်မယ် မဟုတ်ဘူးနော်၊ ဒီတော့ ကျုပ်ပြောတာကို ခင်ဗျား စေ့ နားထောင်စမ်း၊ ခင်ဗျား ကုလားထိုင် ဒီအနား ဆွဲခဲ့ပါ၊ အဲ ဟုတ်ပြီ၊ ခင်ဗျားနဲ့ကျုပ်သိတာ နှစ်နှစ်လောက်ရှိပြီ။ ကျုပ်အကြောင်း ခင်ဗျား ဘာများသိသလဲ”
“ကျွန်တော်သိသလောက်ဖြင့် ခင်ဗျားအသက် သုံးဆယ့်ငါးနှစ်ရှိပြီ။ သူတစ်ပါးကျောင်းထွက်လို့ လုပ်ကိုင်စားသောက်တဲ့အရွယ်ကျမှ ခင်ဗျားမှာကျောင်းလာပြီးနေတယ်၊ ခင်ဗျား မိန်းမရဖူးတယ်၊ ယခု မိန်းမဆုံးပြီးပြီ၊ ကျွန်တော့်အပေါ်မှာတော့ အင်မတန်ကောင်းတဲ့ မိတ်ဆွေကြီး ဖြစ်တယ်၊ ဒါပဲ ကျွန်တော်သိတယ်”
“ကျုပ်မှာ သားတစ်ယောက်ရှိတယ်ဆိုတာ ခင်ဗျား မသိသေးဘူးလား' “မသိဘူး”
“ကျုပ်မှာ သားတစ်ယောက်ရှိတယ်၊ အခု ငါးနှစ်သားလောက်ရှိပြီး၊ သူ့ကို မျက်နှာမြင်ပြီး ကျုပ်မိန်းမ သေဆုံးတဲ့အတွက် သူ့ မျက်နှာကို ကျုပ် အခု တောင် မကြည့်နိုင်ဘူးဗျာ၊ သည်တော့ ကျုပ်သေရင် ဒီကလေးကို ခင်ဗျားလက် အပ်ခဲ့ချင်တယ်"
အလို၊ ကျွန်တော့်လက်ကို”
“ဟုတ်တယ်၊ ခင်ဗျားနဲ့ ထားခဲ့ချင်တယ်၊ ကျုပ်ကိုယ်ကျုပ် မနေရဘူး ဆိုတာ သိနေတာ ကြာလှပြီ၊ ဒီတော့ ဒီကလေးကို ဘယ်သူနဲ့ ထားခဲ့ရမယ်ဆိုတာကြည့်လို့ မမြင်ဘူး၊ ခင်ဗျားပဲ ကျုပ်မြင်တယ်၊ ခင်ဗျားကိုသိတာ နှစ် နှစ်လောက် ရှိပြီ၊ ကျုပ်သိသလောက်ဖြင့် ခင်ဗျားဟာ အပြင်က အမြင် ဆိုးသော်လည်း အတွင်းသဘောက အင်မတန်ဖြူတယ်၊ တဆိတ်လောက် လင်မနစ်တစ်ပုလင်း ပေးပါဦး” ဟု ပြောသဖြင့် ကျွန်ုပ်ကလည်း ပြောသည့်အတိုင်း ငဲ့ပေး၏။ လင်မနစ်သောက်ပြီးလျှင် ကိုစောနန်းက ဆက်လက်ပြောပြန်သည်မှာ ...
“ကျုပ်ပြောတာကို စေ့စေ့နားထောင်နော် ကိုဘိုးထော်၊ ကျုပ်မျက်နှာ သေသေချာချာကြည့်စမ်း၊ ကျုပ် ဘာလူမျိုးထင်သလဲ' ဟု ပြောသဖြင့် | ကျွန်ုပ်သည် မီးအိမ်ကို လင်းအောင် မီးစာထုတ်၍ ကိုစောနန်း၏ မျက်နှာကိုစေ့စေ့စပ်စပ်ကြည့်ရာ ရောဂါ နှိပ်စက်သဖြင့် မျက်ကွင်းတို့သည် ညိုလျက်၊ ပါးနှစ်ဖက်တို့သည်လည်း ခွက်၍ဝင်လုမတတ် ရှိသော်လည်း ကိုစောနန်း ငယ်ရွယ်စဉ်က မူကား အလွန်တရာ အဆင်းအင်္ဂါ နှင့် ပြည့်စုံ သည့် လက္ခဏာ ရှိပေ၏။
ဤသို့ တစ်မိနစ်ကျော်ကျော်ခန့် ခြေဆုံးခေါင်းဆုံးကြည့်ပြီးနောက် ..
“ကျွန်တော်ဖြင့် မြန်မာလူမျိုးထင်တာပဲ' ဟု ပြန်ပြောင် ကိုစောနန်းက ...
“ကျုပ် မြန်မာအစစ် မဟုတ်ဘူးဗျ၊ ကျုပ်အမေက ရှမ်းအစစ်၊ အဖေကတော့ မြန်မာပါပဲ၊ ဒါနဲ့ ခင်ဗျား ဆွေခုနစ်ဆက်၊ မျိုးခုနစ်ဆက်ဆိုတာ သိလား၊ ခင်ဗျား အဖေ ဘယ်သူတုံး”
ဦးထွန်း” “သူ့ အဖေကော” ဦးကျော်”
“သူ့ အဖေကော” ဦးအောင်' ‘သူ့ အဖေကော"
ဟာ ဘယ်သိမလဲဗျာ၊ သည်ဟာတောင် မေးနိုင် မှတ်နိုင် သားနိုင် လွန်းလို့ သိတာကလား၊ သည်ထက်တော့ ကျွန်တော်မသိပါဘူး'
“အင်း ခင်ဗျားသိတာ ဘေးလောက်ပဲ သိတယ်နော်၊ ကျုပ်တို့မှာ သည်လိုမဟုတ်ဘူး၊ ကျုပ်အမျိုးတွေကို အဆက် (၉၀)လောက်ထိအောင် ကျုပ် အကုန်သိတယ်၊ သည်အကြောင်းတွေ နောက်တော့ ခင်ဗျား သိပါလိမ့်မယ်။ အခု တော့ သေသေချာချာ ကျုပ်မပြောနိုင်ဘူး၊ ပြောရင် ခင်ဗျား ယုံမယ် မဟုတ်သေးဘူး၊ ကျုပ်တို့မြတ်စွာဘုရား ပရိနိဗ္ဗာန်စံယူတော်မူတာ နှစ်ပေါင်း ဘယ်လောက်ရှိပြီလဲ၊ ခင်ဗျားသိသလား”
“မသိဘူး” “အခု မြန်မာသက္ကရာဇ် ဘယ်လောက်လဲ' ၁၂၅၇ ခု"
'မြန်မာသက္ကရာဇ်ကိုတည်၊ ဒွေး အဋ္ဌနှင့်၊ ဧကကာ၊ နှောတုံပါ က၊ သာသနာနှစ်၊ အတိဖြစ် ၏တဲ့၊ ဒွေးကနှစ်၊ အဋ္ဌကရှစ်၊ ဧကက တက်၊ ဧကာကတစ်၊ သည်တော့ ၁၁၈၂ မဟုတ်လား၊ အဲ ၁၁၈၂ နဲ့ အခု သက္ကရာဇ်နဲ့ ပေါင်း၊ ဘယ်လောက်ရသလဲ”
၂၄၃၉ ပေါ့”
အဲဒီ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူတာ နှစ်ပေါင်း ၂၄၃၉ နှစ် ရှိပြီ မဟုတ်လား၊ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ် အခါက အာဠဝီပြည်၊ ပက္ကုသာတိမင်း ကိုးကွယ်တဲ့ ရှင်ကစ္စည်းရဲ့ ညီတော် ရှင်ကုမာရ ဘွဲ့ ရတဲ့ ပုထုဇဉ်ရဟန်းတစ်ပါး ရှိသတဲ့၊ ရှင်ကဉ္စည်းအကြောင်း တော့ခင်ဗျားသိတယ် မဟုတ်လား၊ အဆင်းမှာဖြင့် သူ့ပြင်မရှိလို့ မြတ်စွာဘုရားက ဧတဒဂ် ပေးတော်မူတယ်မဟုတ်လား။
အဲ ရှင်ကစ္စည်းရဲ့ ညီတော် ရှင်ကုမာရကလဲ နောင်တော်လောက်ပင် မလှသော်လည်း နောင်တော်ပြီးလျှင်ဖြင့် အဆင်းမှာသူပဲတဲ့၊ ဒါနဲ့ အာဠဝီပြည် ပဠုသာတိမင်းမြတ်ကလည်း အရှင်ကုမာရကို အင်မတန်ကြည်ညိုတဲ့အတွက် ရွှေကျောင်းကြီးများ ဆောက်တော်မူပြီး နန်းတော်ထဲကို နေ့တိုင်းပဲ ဆွမ်းစား ပင့်သတဲ့၊ ပြီးတော့ ၎င်းဘုရင်မှာလဲ အဆင်း အင်္ဂါနှင့် ပြည့်စုံသဖြင့် ဘုရင်တကာ တို့ လာရောက်လှည့်လည်ကြရတဲ့ စတြဒေဝီအမည်ရှိတဲ့ သမီးတော်တစ်ပါး ရှိသတဲ့။
ဒါနဲ့ ဘုရင်မင်းမြတ်ကလည်း ရှင်ကုမာရကို ကြည်ညိုလွန်းလို့ သမီးတော်ရော၊ မိဖုရားကြီးရော နေ့တိုင်း ဖူးမြော်ကြသတဲ့၊ ဒီလိုနဲ့ ရက်ပေါင်း မှာ တော့ ရဟန်းကလဲ ပုထုဇဉ်ရဟန်းကိုး၊ သည်တော့ အာရုံငါးပါး မသိမ်းဆည်းနိုင်တဲ့အတွက် သမီးတော်နဲ့ စုံဖက်ကြပြီး ဘုရင်မသိအောင် တိတ်တဆိတ် ထွက်ပြေးကြသတဲ့။
ဒါနဲ့ သူတို့ ဟိမဝန္တာတောဆီက ဖြတ်သန်းပြီး တိဘက်ပြည်အနီးဆီ ရောက်တော့ အင်မတန်ထူးဆန်းတဲ့ လူမျိုးတစ်မျိုးနဲ့ တွေ့သတဲ့၊ သူတို့ကို အုပ်ချုပ်ရသူကတော့ နတ်သမီးနဲ့ အဆင်းသဏ္ဍာန်တူတဲ့ ဘုရင်မ အပျိုကြီး ဖြစ်သတဲ့။
ဒါနဲ့ ရှင်ကုမာရနဲ့ စိတြဒေဝီမင်းသမီးတို့ ရောက်သွားတော့ အဲဒီ တိုင်းပြည်မှာ ခေတ္တနေထိုင်မိရင်ပဲ ဘုရင်မက ရှင်ကုမာရကို စုံမက်တာနဲ့ မရ ရအောင်ကြံစည်၊ ကြံစည်လို့မရတာနဲ့ ရှင်ကုမာရကို သတ်ပစ်သတဲ့။ သမီးတော်တော့ လက်လွတ်ထွက်ပြေးရသတဲ့၊ ဘယ့်နှယ်လွတ်လာတယ်တော့ ကျုပ် မပြောတတ်ဘူး၊ အဲသည် ရှင်ကုမာရဟာ ကျုပ်အဆက်အနွယ်ပဲဗျာ။
ခင်ဗျား အခုတော့ မယုံသေးပေဘူး၊ သို့ သော် ခင်ဗျားမသေဘဲ | နေရလို့ရှိရင် ဟောသည်သေတ္တာက စာကို ဖတ်ကြည့်တော့ သိပါလိမ့်မယ်၊
ရှင်ကုမာရနဲ့ ကျုပ်နဲ့ တော့ အဆက်ပေါင်း (၁)ဆက် ကွာသလား၊ (၉၂)ဆက် ကွာသလား ကျုပ် အမှန်မပြောနိုင်ဘူး။
ဒါနဲ့ သမီးတော် စိတြဒေဝီလည်း လက်လွတ်ထွက်ပြေးခဲ့တော့ ပဋိသန္ဓေ အရင့်အမာ ပါ လာသတဲ့၊ ခမျာမှာလဲ ပြည်လဲ မပြန်ဝံ့၊ ပြန်လဲ မပြန်တတ်နဲ့ ရောက်ရာပေါက်ရာ လျှောက်သွား ပြီးတော့ မြန်မာပြည်မြောက်ပိုင်း ချင်းလူမျိုးများထဲ ရောက်သွား တော့ သားယောက်ျားလေးတစ်ယောက် ဖွားမြင် | သတဲ့၊ အဲသည် သားယောက်ျားက ပေါက်ဖွားတဲ့ အဆက်အနွယ်ဟာ ကျုပ်နဲ့ | ကျုပ်သား သည်နှစ်ယောက်ပဲ ရှိတော့တယ်။
ဒါနဲ့ သည်ယောက်ျားကလေးလဲ ချင်းတိုင်းရင်းသားများလက်က လွတ်ပြီး မြန်မာပြည် ရောက်လာတော့ အိမ်ထောင်ရက်သားကျပြီး ပေါက်ပွား နေလိုက်တာ ဦးအောင်ဇေယျလက်ထက်က စစ်ဗိုလ်ကြီး ဗိုလ်မိုးသီးဆိုတာလဲကျုပ်တို့ အနွယ်ပဲ၊ ပြီးတော့ ဘကြီးတော်လက်ထက်က ဗိုလ်ဗလဆိုတာလဲ | ကျုပ်တို့ အဆက်အနွယ်ပဲ။
ဒါနဲ့ အချို့လဲ ကုန် သည်။ အချို့ လဲ တောင်သူ၊ အချို့လဲ ဘုရင့်အမှုတော်ကိုထမ်းပြီး တစ်ဆက်တစ်ဆက် ဆင်းသက်လာခဲ့တာ ကျုပ်တို့ ဘိုးအေလက်ထက်ကျတော့ ပစ္စည်းအင်အား၊ လယ်ယာချောင်းမြောင်း အမြောက်အမြားနဲ့ တောင်သူကြီး ဖြစ်တာကိုဗျ။