Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - ရန်ကြီးအောင်

Regular price 5,000 MMK
Regular price Sale price 5,000 MMK
Sale Sold out

အခန်း (၂)

၎င်းနောက် အနှစ် (၂၀) ခန့် ကြာလတ်သော် “ရွှေဘိုတောင်လက် ....... ရှားတောရွာ” ၌ ရုပ်သေးပွဲတစ်ခုအနီး အကြော်ဆိုင်တစ်ခုတွင် မြန်မာတို့ ထုံးစံအတိုင်း ကာလသားသဘာဝ ဝိုင်းဖွဲ့၍ လူပျိုကလေး (၄) ယောက် တို့သည် ရယ်မောစရာ စကားရွှမ်းတို့ဖြင့် တဝါးဝါး ရှိနေကြလေ၏။

ထို (၄) ယောက်အနက် တစ်ယောက်မှာ ရွှေဘိုမြို့ မြို့ဝန်ကြီး ဦးကျော်ဒင် မွေးစားသည့်သား ခင်မောင်ညွန့် ဖြစ်လေသည်။ မွေးစားသားပင် ဖြစ်သော် လည်း ခင်မောင်ညွန့် နဖူးရေဒူးရေမှ စ၍ ဆင်းရဲသားနှင့်မတူ မင်းမျိုးမင်းနွယ် တမျှ နူးညံ့သိမ်မွေ့လျက် စိတ်သဘောမှာလည်း မြို့ဝန်မင်း၏သား ဟူ၍ထောင်လွှားဝင့်ဝါခြင်း မရှိဘဲ လူအများနှင့် သင့်တင့်ရာ သူငယ်ချင်းများ ကလည်း ၎င်းအား ချစ်ခင်မြတ်နိုးခြင်း ရှိကြလေသည်။ အသက် (၂၀) ခန့် မျှသာ ရှိငြားသော်လည်း စကားအရာ၌ လိမ္မာချေငံလှ၍ အစစအရာရာတွင် မွန်ရည်ပြေပြစ်ခြင်း ရှိလေသည်။

ဒုတိယလူငယ်မှာ ခင်မောင်ညွန့်၏ညီ “ခင်မောင်ကွန့်” ဖြစ်၍ မြို့ဝန် ကြီး၏ သားအရင်း ဖြစ်၏။ အရွယ်မှာ (၂) နှစ်ခန့်ငယ်၍ လူချောလူလှ တစ်ယောက်ပင် ဖြစ်၏။ အကျင့်စာရိတ္တမှာ ခင်မောင်ညွန့်နှင့် မတူချေ။ မြို့ဝန်၏ သား ဆိုသည့်အလျောက် လှပကောင်းမွန်သော အဝတ်အစားတို့ကို အစဉ် မပြတ် ဝတ်ဆင်၍ နောက်ပါတပည့် အများအပြားနှင့် သွားလာလေ့ ရှိ၏။ အပြောအဆိုမှာ မာနရှိသည့်အလျောက် အတန်ငယ် မောက်မာသည်နှင့် သူငယ်ချင်းများက မြို့ဝန်ကြီး၏သား ဖြစ်၍ သည်းညည်းခံကြရသော်လည်း စိတ်ထဲ၌ မကျေမချမ်း ရှိကြ၍ များစွာ ချစ်ခင်ခြင်း မရှိကုန်။ သို့ရာတွင် ခင်မောင်ကွန့်သည် အခြားလူများအပေါ်၌ မာနရောက်သော်လည်း ခင်မောင် ညွန့်ကိုမူကား အစ်ကိုအရင်းနှင့် ခြားနားခြင်း မရှိအောင် ချစ်ခင်မြတ်နိုးလျက် “ငါသာလျှင် သားရင်း ဖြစ်သည်” ဟူသော အသံထားမျိုးနှင့် ခင်မောင်ညွန့် အား ဘယ်သောအခါမျှ မပြောဆို ဖူးချေ။ ညီအစ်ကိုနှစ်ယောက်တို့သည် ရန်ခိုက်ဒေါသ ဖြစ်ဖူးသည် မရှိဘဲ တစ်ဦးကိုတစ်ဦး အထူးပင် ကြင်နာ ကြလေ၏။

တတိယလူမှာ ရွှေဘိုမြို့နေ လယ်, မြေ အမြောက်အမြား ပိုင်ဆိုင်သဖြင့် လယ်စုနှင့် ငွေတိုးချေး၍ စားသောက်သူ ဘုရားဒကာ ဦးကြာညွန့်၏သား “မောင်တိုင်းကျော်” ဖြစ်လေသည်။

၎င်း၏ အရွယ်မှာ (၂၄) နှစ်ခန့် ရှိ၍ ပစ္စည်းအင်အား ခိုင်လုံသော မိဘများ၏ တစ်ယောက်တည်းသောသား ဖြစ်သည့်အလျောက် အလိုလိုက် ခြင်းခံရ၍ လူပေါင်းစုံဖြင့် မူးယစ်သောက်စားကာ အပျော်အပါးကို များစွာ လိုက်စားသူ တစ်ယောက် ဖြစ်လေသည်။

စတုတ္ထလူမှာ စစ်ကဲကြီး ဦးကျော်ဟိုး၏သား “မောင်တင်မောင်” ဖြစ်လေသည်။ ထိုလူမှာ အရုပ်အရည်လည်း ဆိုဖွယ်ရာမရှိ။ အရွယ်မှာ (၂၃) နှစ်ခန့်မျှသာ ရှိသော်လည်း လူမှုလူရေး၌ လွန်စွာ လိမ္မာလှသဖြင့် လူတစ်ဖက် သားကို ရောင်းစားနိုင်အောင် ပါးနပ်သူတစ်ယောက် ဖြစ်လေသည်။

အပြောကောင်းသည့်အလျောက် ချိုသာသော အမူအရာနှင့် နားဝင်စေ လောက်အောင် လှည့်ပတ်ပြောဆိုနိုင်ပေ၏။ မောင်တင်မောင်မှာ နှုတ်ပင် ချိုသော်လည်း ဝမ်းတွင်း၌ကား အကောက်ကြံတတ်ခြင်း ဂုဏ်ပြိုင်တတ်ခြင်း ရှိလေသည်။ ။

ကာလသား လေးယောက်တို့သည် လူကုံထံများ ဖြစ်ကြသည့် အလျောက် အရပ်ချင်း မနီးသော်လည်း တစ်ဦးနှင့်တစ်ဦး သူငယ်ချင်းဘာဝ ပေါင်းသင်းကြ၍ ရုပ်သေးပွဲကြည့်ရန် နောက်လိုက် နောက်ပါများနှင့်တကွ လှည်းတစ်စီးစီဖြင့် လာကြည့်ခဲ့ကြလျက် နောက်လိုက်များအား မုန့်ဖိုးပေး၍ လွှတ်လိုက်ကြပြီးနောက် လေးဦးသား လမ်းလျှောက်ရင်း ပွဲဈေးတန်း အကြော် ဆိုင်သို့ ရောက်လာကြခြင်း ဖြစ်လေသည်။

ဝမ်းဘဲဥ, ကြက်ပေါင်ကြော် ချင်းသုပ် ငါးပေါင်းကြော်, ဘယာကြော် စသော သရေစာများကို စားသောက်လျက်ရှိကြစဉ် မောင်တိုင်းကျော်က -

အခန်း (၁)

မြန်မာသက္ကရာဇ် (၁၁၈) ခု ဘကြီးတော်ဘုရားသည် ဘိုးတော်၏ ထီးနန်း ရိုက်ရာကို ဆက်ခံစိုးစံ၍ ဂန္ဓာလရာဇ်တိုင်း တရုတ်ပြည် ဥတည်ဘွားနှင့် မဟာမိတ်ဖွဲ့ လျက် နှစ်ပြည့်တစ်ပြည် ရွှေလမ်းငွေလမ်း သွယ်တန်းလျက် ရှိလေ၏။ ၎င်းမင်း၏လက်ထက် တစ်နေ့သ၌ (၄) ချက်တီးကျော်အချိန် နွေ ဥတုအခါတွင် ပူအိုက်သည်အလျောက် မြို့သူမြို့သားတို့သည် ကြမ်းပြင် ဝရန်တာ စသည်တို့၌ ယပ်တောင်ခတ်ကာ လဲလျောင်းလျက် စကားစမြည်ပြော၍ နေကြသည့်အချိန်ခန့်တွင် အသက် (၂၀) ကျော်အရွယ် မိန်းမတစ်ယောက်သည် ညှိုးနွမ်းသော အဝတ်တို့ကို ဝတ်ဆင်လျက် ခြေကိုမျှ မသယ်နိုင်အောင် မောပန်းစွာနှင့် ရွှေဘိုမြို့ တောင်တံခါးမှ ဝင်လာ၍ လမ်းတစ်ဖက်တစ်ချက်ရှိ အိမ်များကို စောင်မြောင်းကြည့်ရှုလျက် သွားလေသည်။

ဤသို့ သွားစဉ်တွင် ရင်၌လွယ်ထားသော အထုပ်ငယ်မှ ကလေးငိုသံ ကြားသဖြင့် အထုပ်ကို ဖွင့်လှစ်ကြည့်ရှုရာ လရောင်သည် ကလေး၏မျက်နှာသို့ ကျရောက်လျက် အလွန်ဖြူစင်လှပသည့် သားငယ်ကလေး၏ မျက်နှာကို မြင်ရကား အမိသည် လမင်းကို မော်ကြည့်၍ “ငါ၏ သားငယ်ကလေးသည် လမင်းထက်ပင် လှပလေစွတကား” ဟု အောက်မေ့ဟန် လက္ခဏာနှင့် သွားမည့်လမ်းကို မသွားဘဲ ရပ်တန့်၍ နေရှာလေ၏။ ထိုနောက်မှတစ်ဖန် မိမိ ဆာလောင်မွတ်သိပ်၍ ပင်ပန်းနွမ်းနယ်သည် အဖြစ်ကို သတိရပြန် သည်နှင့် စိတ်တင်းထားပြီးလျှင် သွားမြဲတိုင်းလမ်းကို ဆက်လက်သွားပြန် လေ၏။

ထိုမိန်းမ၏ ခြေဖဝါးတို့သည်လည်း ခရီးရှည် မသွားဖူးသည့်အတွက်ပေါက်ကွဲ၍ သွေးစက်တို့သည် မြေ၌ကျကုန်၏။ ထိုမိန်းကလေး၏ အရည် အချင်းသည် ဆင်းရဲသားတို့နှင့်မတူ ခရီးပြင်းလည်း သွားရ၊ ထမင်းရေစာတို့ မျှလည်း အတန်ကြာ မတွေ့ရ၍ အသားအရေ ဖျော့တော့နွမ်းနယ်ခြင်း ရှိသော် လည်း မျက်ခုံး၊ မျက်လုံးမှစ၍ ကိုယ်လက်ပုံသဏ္ဌာန် သွားလာဟန်တို့သည် အလွန် သိမ်မွေ့ နူးညံ့ပြေပြစ်ခြင်း ရှိပေ၏။

ခရီးအတန်ငယ် သွားလတ်သော် အခြားအိမ်တို့ထက် ကြီးမားခမ်းနား၍ စကားဆူညံစွာဖြင့် စောင်းညှင်း ပတ္တလား အစရှိသော တူရိယာငါးပါးတို့ကို တီးမှုတ်လျက် ပျော်ရွှင်ဖွယ်ကောင်းသည့် အိမ်ကြီးကို မြင်ရလျှင် မိခင်သည် သားငယ်ကို ရင်သို့ကပ်ပြီး ဝင်းနားမှ ချောင်းမြောင်း ကြည့်ရှုလျက်နေလေ၏။

ဝင်းနား၌ အိုးခွက်ကြီးငယ်တို့ဖြင့် ချက်ပြတ်ကြော်လှော်နေသည့် ခဲဖွယ် တို့ကို မြင်သောအခါ အစာအာဟာရ အတန်ကြာ မစားခဲ့ရသော ထိုမိန်းမ သည် ဆာလောင်မွတ်သိပ်သည်နှင့် စားလိုသောဆန္ဒ အားကြီးလှသဖြင့် “ငါ့မှာတော့ အစာမစားရတာ ကြာလှပြီ၊ ဒီမှာတော့ စားစရာ သောက်စရာတွေ မကုန်မခန်း ပေါပါဘိတော့တယ်” ဟု ညည်းညူမိစဉ် ချက်ပြုတ်သူတို့သည် အိမ်ပေါ်မှ ရုတ်တရက် မီးလန့်သဖြင့် ထပြေးကြလေ၏။

ထိုအခါ ၎င်းမိန်းမသည် ချက်ပြုတ်သူများအလစ်တွင် မိမိ၏ ကလေးကို နမ်းရှုပ်ကာ မခွဲနိုင်မခွာရက် အမူအရာဖြင့် မီးဖိုတစ်ခုအနီးတွင် ဖြည်းညင်းစွာ ချထား၍ စားစရာများကို ယူပြီးလျှင် သားငယ်ကို နောက်တစ်ဖန် ထပ်မံနမ်းရှုပ်ပြီးမှ လှည့်မကြည့်တော့ဘဲ ထွက်သွားရှာလေသတည်း။