Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - မြန်မာ့စွမ်းရည်

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

မြန်မာ့စွမ်းရည်

[]

မြန်မာသက္ကရာဇ် ၁၂၃၇ ခုနှစ်၌ မြင်ကွန်းမင်းသားသည် ခမည်း တော်မင်းတုန်းမင်းဘုရင်၏ ထီးနန်းစည်းစိမ်ကို လုပ်ကြံသည့်အရေးတွင် ရွှေဘိုတောင်ဘက် မြင်းအမှုထမ်းများ ပေါ်ထွက်ရာဖြစ်သဖြင့် “မြင်းနယ်” ဟူ၍ခေါ်တွင်ရာ မန်းကျည်းတုံရွာကြီး၏ အနီး၌ တစ်နေ့သော တပေါင်း လပြည့်နေ့ နံနက် ၉ နာရီအချိန်တွင် ဘုရားပွဲကြီးတစ်ပွဲ ကျင်းပပြုလုပ် လျက်ရှိရာ အနီးအနားရှိရွာတို့မှ ကာလသားတစ်စုတို့သည် ဒိုးပတ်၊ အိုးစည်၊ ဗုံမောင်း အစရှိသည်တို့နှင့် သူ့ထက်ငါသာအောင် ကခုန်တီး မှုတ်လျက် ရှိနေကြလေ၏။

အပျိုအရွယ် ကာလသမီးတို့မှာလည်း ပုတီးနော်ဇာ၊ ဇီးဖြူကုန်း အစရှိသည့် ကာလဒေသအလျောက် ဝတ်စားတန်ဆာတို့ဖြင့် လှပစွာ ဆင်ယင်ဝတ်စားလျက် မည်သည့်ရွာက ဒိုးပတ်တီးကောင်းသည်၊ မည် သည့်ကာလသားက အကကောင်းသည်၊ မည်သည့်ရွာက အိုးစည်တီးကောင်းသည် စသည်ဖြင့် ချီးမွမ်းပြောဆိုလျက်ရှိရာ ၉ နာရီခွဲသည်နှင့် တစ်ပြိုင်နက် ဘုရားပွဲသို့ လာရောက်ကြသော ဘုရားဖူးပရိသတ်အပေါင်း တို့သည် အုတ်အုတ်ကျက်ကျက် ဖြစ်၍သွားလေ၏။

ယင်းကဲ့သို့ဖြစ်ခြင်းအကြောင်းမှာ အလုံးအရပ်ညီတူ၍ ဖွေးဖွေး ဖြူသော နွားဖြူကြီးတစ်ရှဉ်းကို ထိပ်အုပ်၊ ခြူကုံး အစရှိသော တန်ဆာ ပလာတို့ဖြင့် လှပအောင် ပြင်ဆင်လျက် ခြောက်စထောင် လှည်းယာဉ်ကြီး ပေါ်တွင် ရွှေဘိုမြို့ဝန်မင်းနှင့် မြို့ဝန်ကတော်တို့ ဆိုက်ရောက်လာကြ သောကြောင့် ဖြစ်လေသည်။ ၎င်းလှည်းယာဉ်၏ နံဘေး၌ကား အချိတ် ပုဆိုးကို ခါးတောင်းကျိုက်လျက် အသက် ၂၅ နှစ်အရွယ်ခန့်ရှိ ချောမော လှပခံ့ညားလှပေသော သူငယ်တစ်ယောက်သည် ဖောင်းဝတ်ကြီးတစ်စီး ကို ကြွကြွကြွကြွနှင့် စီးနင်းလိုက်ပါလာခဲ့ရာ ၎င်းမှာ မြို့ဝန်မင်း၏သား ခင်မောင်ဦး ဖြစ်လေသည်။

မြို့ဝန်မင်း၏လှည်းသည် တစ်ခုသော သစ်ပင်အောက်၌ ရပ်တန့် ပြီး ခင်မောင်ဦးသည် ရောက်နှင့်သူ ဘုရားဖူးပရိသတ်တို့အား မျှော်ကြည့် လိုက်သည်တွင် မနီးမဝေးရှိ သစ်ပင်တစ်ပင်အောက်၌ နွားနီကြီးတစ်ရှဉ်း ကလျက်ရှိသော လှည်းယာဉ်တစ်စီးကို မြင်သဖြင့် ၎င်းရှိရာသို့ မိမိ၏ မြင်းကို မောင်းနှင်ခဲ့ပြီးလျှင် လှည်းပေါ်၌ထိုင်နေသူ မိန်းမပျိုတစ်ယောက် နှင့် အဒေါ်ကြီးတစ်ယောက်အား သိဟောင်းကျွမ်းဟောင်းဖြစ်သည့် လက္ခဏာနှင့် ပြုံးရယ်ကာ နှုတ်ခွန်းဆက်သလေသည်။

၎င်းလှည်းပေါ်၌ ထိုင်နေသူများမှာ သခွတ်တောရွာမှ ဒေါ်ငြိမ်းခင် နှင့်၎င်း၏တူမ မနန်းနွယ်တို့ဖြစ်ကြလေရာ ဒေါ်ငြိမ်းခင်သည် ၎င်း နယ်ပယ်တွင် လယ်၊ ယာ၊ ချောင်းမြောင်းမှစ၍ ရွှေ၊ ငွေ၊ ရတနာ ပေါများ ကြွယ်ဝကြောင်းနှင့် ကျော်ကြားဘိသကဲ့သို့ ၎င်းတူမ မနန်းနွယ်မှာလည်း အရုပ်အရည်ချောမောလှပသည့် အရာဌာန၌ တုပယှဉ်ပြိုင်သူမရှိလောက် အောင်ဖြစ်ကြောင်းနှင့် ကျော်ကြားခဲ့လေသည်။ | ခင်မောင်ဦးသည် ဒေါ်ငြိမ်းခင် တူဝရီးနှစ်ယောက်တို့နှင့် အာလာ ပသလ္လာပ စကားပြောဆို၍ ပြီးစီးသည်နှင့်တစ်ပြိုင်နက် မြို့ ဝန်ကြီး၏တပည့် တစ်ယောက်က ခရာမှုတ်၍ အချက်ပေးလိုက်သည်တွင် ပရိသတ် အပေါင်းတို့သည် ဘုရားကျောင်း ပရိဝုဏ်အတွင်းတို့မှ စုံရုံးကာ ထွက် လာကြလေရာ ၎င်းမှာအခြားမဟုတ်၊ မြားပြိုင်ပွဲကြီးအတွက်ပင် ဖြစ်လေ သည်။

၎င်းနယ်ပယ်မှာ စစ်ဘက်ဆိုင်ရာတွင် အမှုထမ်းရွက်သူ စစ်သည် တော်သားတို့ အများဆုံးပေါ်ထွက်ရာ နယ်ပယ်ဖြစ်ပေရကား စစ်ဘက် ဆိုင်ရာ အလေ့အကျင့်တို့၌ အထူးသဖြင့် အထုံဝါသနာပါ ရှိကြသည့် အလျောက် တစ်နှစ်လျှင်တစ်ကြိမ်ကျ ကျင်းပမြဲဖြစ်သော ၎င်းပွဲတော်ကြီး ၌ ထိုနယ်ပယ်ရှိ ကာလသားအပေါင်းတို့သည် မြားပြိုင်ပွဲကြီးပြုလုပ်မြဲ ဖြစ်ခဲ့လေသည်။ ။

၎င်းမြားပြိုင်ပွဲတွင် အနိုင်ရသူ သတို့သားအားလည်း မြို့ဝန်မင်း၏ သမီးကဖြစ်စေ၊ အကယ်၍ မြို့ဝန်မင်း၌ သမီးမရှိခဲ့သော် ၎င်းနယ်ပယ်၌ အချောဆုံး အလှဆုံးဟူ၍ အများက ကြေညာသဖြင့် ရွေးကောက်၍ထားသော မိန်းမပျိုကဖြစ်စေ ပွဲအပြီး၌ပန်းကုံးစွပ်ကာ ချီးမြှင့်ရမြဲ ထုံးစံအတိုင်း ဖြစ်လေသည်။

မြားပစ်ပုံမှာ အတောင်နှစ်ရာခန့် ဝေးကွာသောအရပ်၌ ဖော့ကို နှံပြည်စုတ်ငှက်ပမာ ပြုလုပ်ပြီးလျှင် တစ်ခုသောတိုင်မှ ကြိုးငယ်ဖြင့် တွဲရရွဲဆွဲထား၍ ကာလသားတို့လည်း မိမိတို့အသီးသီး ယူဆောင်ခဲ့ကြ သောလေးများနှင့် တစ်လှည့်စီပစ်ကြပြီးနောက် မထိမမှန်သော မြားသမား သည် ပြိုင်ပွဲမှထွက်ခဲ့၍ ထိမှန်သော မြားသမားတို့သာလျှင် ဆက်လက် ယှဉ်ပြိုင်ကြပြီးလျှင် နောက်ဆုံး၌ အချက်အများဆုံးထိမှန်သူ မြားသမား က အနိုင်ရမြဲဖြစ်လေသည်။

ခရာမှုတ်သံကြားသည်နှင့် တစ်ပြိုင်နက် ယှဉ်ပြိုင်အံ့သော ကာလ သားတို့သည် မိမိတို့၏ လေးမြားများကိုကိုင်ကာ ပစ်ခတ်ရန် စီမံ၍ထားသော နေရာသို့ထွက်လာကြပြီးလျှင် အသီးသီး တစ်ချက်စီ နှံပြည်စုတ် ကောင်ကို ချိန်မှန်းကာ ပစ်ခတ်ကြလေ၏။

ကာလသားပေါင်း နှစ်ဆယ်ခန့်ပစ်ခတ်၍ ပြီးသော်လည်း မည်သူ တစ်ဦးတစ်ယောက်မျှ ငှက်ကောင်ကို ထိမှန်ခြင်းမရှိဘဲ ပွတ်ကာသီကာ ဖြင့်သာလျှင် လွဲချော်၍သွားကြလေရာ အသက်နှစ်ဆယ့်ငါးနှစ်အရွယ် ခန့်ရှိ၍ ဗလာပုဆိုးကို ခါးတောင်းကျိုက်ပြီးလျှင် ဆံပင်ကို လျှောင်တွဲထုံး လျက် အခြားသောရွာသားတို့ထက် ဟန်အမူအရာအားဖြင့်လည်း ကောင်း ရုပ်ရည်အားဖြင့်လည်းကောင်း၊ အဝတ်အစားအားဖြင့်လည်း ကောင်း၊ ထူးကဲခြားနားခြင်းရှိသော လူငယ်တစ်ယောက်သည် လေးကို ကိုင်ကာ မထီတရီရှိသော အမူအရာအားဖြင့် ပရိသတ်အလယ်မှ ထွက် လာခဲ့၍ ငှက်တစ်ကောင်ကို တစ်ခဏမျှသာလျှင် ချိန်မှန်း၍ မြားကိုလွှတ် လိုက်ရာ မြားသည် ငှက်ရုပ်၏ အလယ်ဗဟိုချက်တွင် စူးစိုက်၍နေလေ ၏။

ထိုအခါ ၎င်းမြားချက်သည် ပထမထိမှန်ခြင်းဖြစ်သဖြင့် မြို့ဝန်ကြီး နှင့်တကွ ကြည့်ရှုသူပရိသတ်အပေါင်းတို့သည် လက်ခုပ်လက်ဝါးတီး ကာ ဆူညံစွာ သြဘာပေးကြလေ၏။ ။

သို့ရာတွင် မပစ်ရသေးသော လေးသမားတို့မှာ များစွာကျန်သေး သည်ဖြစ်၍ ၎င်းတို့သည် အသီးသီး ဝင်ရောက်ပစ်ခတ်ကြလေရာ... လေးသမားပေါင်း ကုန်၍သွားလတ်သော် နောက်ထပ်၍ တောသားတစ် ယောက်သာလျှင် ငှက်ရုပ်ကို ထိမှန်ခဲ့လေ၏။

ထိုအခါ ဒေါ်ငြိမ်းခင်တူဝရီးတို့နှင့် စကားပြောဆိုလျက်ရှိသူ မြို့ဝန် ကြီး၏သား ခင်မောင်ဦးကို ဒေါ်ငြိမ်းခင်က..

မြို့ဝန်၏သား ဖြစ်ပါလျက်နှင့် လေးမြားအတတ်ကို မတတ်ပါ သလာ...

ဟု မခံချင်အောင် ပြောလိုက်သည်ဖြစ်၍ တောသားတစ်ယောက် ထံမှ လေးမြားကိုငှားပြီးလျှင် မြင်းပေါ်မှဆင်းသက်၍ မြားပစ်ရာအရပ်သို့ သွားပြီးနောက် အနည်းငယ်မျှ ချိန်ရွယ်ကာ ပစ်ခတ်လိုက်ရာ မြားတံသည် ငှက်ရုပ်ကို ထိမှန်စူးစိုက်၍ နေလေ၏။ ။

ယင်းသို့ဖြစ်ရကား.. ပထမအရစ်၌ လေးသမားသုံးယောက်သာ လျှင် ငှက်ရုပ်ကို ထိမှန်ကြသည်ဖြစ်ရာ ဒုတိယအရစ်၌ ထုံးစံမှာမူ ထိမှန် အောင် ပစ်နိုင်သူတို့သည် ပထမ၊ ဒုတိယ၊ တတိယ အစရှိသည်ဖြင့် မဲ ကောက်ပြီးမှ မဲကျသည့် အစဉ်အလာအတိုင်း အလှည့်ကျ ပစ်ခတ်ရမြဲ ဖြစ်လေသည်။

ယင်းသို့ မဲချသည့်အခါ၌ တောသားသူငယ်သည် ပထမပစ်ရန် မဲကျလေရာ ၎င်းသည် ပစ်ခတ်ရန်နေရာသို့ တစ်ဖန်ထွက်လာပြီး နောက် ငှက်ရုပ်ကို စေ့စေ့ပါအောင် ပြူး၍ကြည့်ပြီးလျှင် မြားကိုလွှတ် လိုက်လေ၏။ ထိုအခါ မြားတံ၏ လေဟပ်သွားခြင်းကြောင့် ငှက်ရုပ် သည် လှုပ်၍သွားမတတ် နီးကပ်စွာ ပွတ်သွားသော်လည်း မြားတံသည် ငှက်ရုပ်ကို မထိမှန်ဘဲရှိခဲ့ရာ တောသားလူငယ်လည်း မျက်နှာညှိုးငယ်စွာ နှင့် ပြိုင်ပွဲမှထွက်သွားရလေ၏။ ။

ထိုအခါ ဗလာပုဆိုးနှင့် သူငယ်လည်း ဒုတိယပစ်ရန် မဲကျသည် ဖြစ်၍ လေးကိုကိုင်ကာ ထွက်လာခဲ့ပြီးလျှင် လွယ်ကူစွာ ချိန်ရွယ်ပြီးနောက် မြားကို လွှတ်လိုက်ပြန်ရာ မြားတံသည် ရှေးနည်းအတူ ဗဟိုချက်၌ ထိမှန်ပြန်သဖြင့် ပရိသတ်တို့လည်း ချီးမွမ်းထောမနာ သြဘာပေးကြ ပြန်လေသည်။

၎င်းနောက် ခင်မောင်ဦးလည်း တတိယပစ်ရန် မဲကျသည့်အတိုင်း မြို့ဝန်၏သားဖြစ်သည့်အတိုင်း သာ၍ပင်ဆူညံစွာ ကောင်းချီးသြဘာပေး ကြပြန်လေ၏။ ယင်းသို့ဖြစ်ရကား ပြိုင်ယှဉ်သူနှစ်ဦးမျှသာ ကျန်တော့သည်ဖြစ်ရာ ဗလာပုဆိုးနှင့်သူငယ်သည် ပြိုင်ပွဲကိုမနိုင်လျှင် မနေဟူသော စိတ်ထားမျိုးနှင့် တပည့်တစ်ယောက်ထံ အပ်နှံ၍ထားသော မိမိ၏မြင်း ကိုယူပြီးလျှင် မြင်းပေါ်သို့ခုန်တက်ပြီးနောက် မြားပစ်ရာအရပ်သို့ ကဆုန် ချ၍ စိုင်းလာခဲ့လေ၏။ ပစ်ရန်နေရာသို့ ရောက်သည်နှင့်တစ်ပြိုင်နက် မြင်းဇက်ကိုလွှတ်လိုက်ပြီးလျှင် မြင်းပေါ်မှ နံဘေးတိုက်လှည့်ပြီးမှ မြားကို လွှတ်လိုက်ရာ မြားတံသည် ငှက်ရုပ်ကိုသုံးကြိမ်မြောက် ထိမှန်ပြန်လေ သည်။

ထိုအခါ ခင်မောင်ဦးလည်း မိမိ၏မြင်းပေါ်သို့ ခုန်တက်၍ ထိုနည်း အတူပစ်ခတ်မည်ပြုသည်တွင် ၎င်း၏မိတ်ဆွေများက မြင်းပေါ်က ပစ်ရိုး ထုံးစံမရှိ၊ ခြေကျင်ပစ်လိုက ပစ်နိုင်ကြောင်းနှင့် ပြောဆိုပါသော်လည်း အညံ့မခံလိုသည်ဖြစ်၍ ခင်မောင်ဦးသည် မြင်းကို ကဆုန်စိုင်းပြီးလျှင် သူငယ်၏နည်းတူ ပစ်ခတ်ပြန်လေရာ မြင်းသည် ကျင့်သားမရသည် ဖြစ်၍ ပစ်ခါနီးဆဲဆဲတွင်မှ နံဘေးသို့ငွေ သွားသည်ဖြစ်၍ မြားတံသည် ငှက်ရုပ်ကိုမမှန်ဘဲ လွဲချော်၍သွားလေ၏။

ထိုအခါ ဗလာပုဆိုးနှင့်သူငယ်က မြင်းပေါ်မှပစ်ခြင်းသည် အများ တို့ အသုံးအနှုန်းပြုကြသော ထုံးစံမဟုတ်သဖြင့် မိမိတို့ ထိမှန်သည်ကို ဖယ်ထားပြီးလျှင် ခြေကျင်သာလျှင် ဆက်လက်ယှဉ်ပြိုင်ကြရန် ပြောဆို သည့်အခါ ပရိသတ်အပေါင်းတို့လည်း ထိုသူငယ်အား စိတ်သဘောကြီး ပါပေသည်ဟု ချီးမွမ်းထောမနာ ပြုကြလေ၏။

ထိုအခါ ခင်မောင်ဦးက ဗလာပုဆိုးနှင့်သူငယ်အား မိမိ၌ ထိုသူ၏ မြင်းကဲ့သို့ ကျင့်သားရသော မြင်းကောင်းရှိခဲ့ပါလျှင် မြင်းပေါ်မှ ယှဉ်ပြိုင် ပစ်ခတ်ရခြင်းကို သာလွန်၍ နှစ်သက်ပါကြောင်း ပြောပြသည်တွင် ဗလာ ပုဆိုးနှင့်သူငယ်က မိမိမြင်းကို ခင်မောင်ဦးအလိုရှိခဲ့ပါလျှင် မြင်းချင်း လဲလှယ်စီးနင်း ယှဉ်ပြိုင်ပစ်ခတ်နိုင်ပါကြောင်းနှင့် ပြန်ပြောလေ၏။

ထိုအခါ ခင်မောင်ဦးသည် မြင်းချင်းလဲပြီးမှ မိမိအနိုင်ရခဲ့သော် မိမိ၏အစွမ်းကို ပရိသတ်တို့ များစွာချီးမွမ်းကြမည် မဟုတ်သည်ကို သိရှိသော်လည်း တစ်ခါတည်းအရှုံးပေးရမည်ကို ရှက်သေးသည်ဖြစ်၍ ပြိုင်ပွဲအတွက်ကိုမူ မိမိကအရှုံးပေးကြောင်း၊ သို့ရာတွင် ဗလာပုဆိုးနှင့် သူငယ်က ကန့်ကွက်ခြင်းမရှိခဲ့ပါလျှင် မြင်းချင်းလဲလှယ်၍ အပျော်မျှ ယှဉ်ပြိုင်ပစ်ခတ်လိုသေးပါကြောင်းနှင့် ပြောဆိုလေ၏။

ထိုအခါ ဗလာပုဆိုးနှင့်သူငယ်က ခင်မောင်ဦးပြောသည့်အတိုင်း သဘောတူညီပါကြောင်းနှင့် ပြန်ပြော၍ လဲလှယ်ကြပြီးလျှင် ခင်မောင်ဦး သည် ဗလာပုဆိုးနှင့်သူငယ်၏ မြင်းကို စီးနင်း၍ ရှေးနည်းအတူ မြားကို လွှတ်လိုက်ရာ ငှက်ရုပ်ကိုမမှန်ဘဲ လွဲချော်သွားလေ၏။

ယင်းသို့ဖြစ်ရကား ခင်မောင်ဦးမှာ ပြိုင်ပွဲ၌ ရှုံးရလေလျှင် မိမိမှာ တောသူတောင်သားတို့၏ ပျော်ရွှင်မှုဖြစ်သော လေးပွဲမျိုးရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ အရေးမကြီးလှဟူသော မျက်နှာထားမျိုးနှင့် ဗလာပုဆိုး နှင့် သူငယ်ထံသို့ စီးနင်း၍သွားလေ၏။

သို့ရာတွင် ပြိုင်ပွဲ၌ ရှုံးသည့်အတွက် စိတ်တိုခြင်း၊ မခံချင်ခြင်း အစရှိသော အမူအရာတို့ကို ပြခဲ့ပါလျှင် ပရိသတ်တို့သည် သဘောထား သေးသည်ဟု လှောင်ပြောင်ကြမည်ကို သိရှိသည်ဖြစ်၍ ပြုံးရွှင်သော မျက်နှာထားနှင့် မြင်းချင်းလဲလှယ်၍ မိမိမှာ ပထမ၌ မြင်းသာသောကြောင့်ဟု ထင်မှတ်မိခဲ့ကြောင်း၊ ယခုမြင်းချင်းလဲလှယ်၍ စီးနင်းပစ်ခတ် သည့်အခါမှ မြင်းကြောင့်မဟုတ်၊ လူစွမ်းသာသောကြောင့် မိမိရှုံးရခြင်း ဖြစ်ကြောင်းနှင့် အတိအလင်း ဝန်ခံပြောဆိုပြီးလျှင် မိမိ၏မြင်းပေါ်သို့ ခုန်တက်၍ မြားပြိုင်ပွဲမှ ဒေါ်ငြိမ်းခင် တူဝရီးတို့ရှိရာသို့ ထွက်ခဲ့လေ၏။

ထိုအခါ များစွာသော ပရိသတ်တို့သည်လည်း ထိုနေ့အတွက် မြားပြိုင်ပွဲတွင် အနိုင်ရသော ဗလာပုဆိုးနှင့်သူငယ်အား တော်ပါပေသည်။ လက်ဖြောင့်ပါပေသည်၊ ကျင်လည်ပါပေသည်၊ လူပုံကလေးက လည်း သနားကမားရှိပါပေသည် အစရှိသည်ဖြင့် ချီးမွမ်းပြောဆိုကြပြီး လျှင် ၎င်းသူငယ်သည် မည်သူမည်ဝါ ဖြစ်လေသည်၊ မည်သည့်ရွာသား ဖြစ်သည်၊ မည်သူ၏သားဖြစ်သည် အစရှိသည့် အကြောင်းအရာများကို မိမိတို့အချင်းချင်း တစ်ယောက်တစ်ခွန်း မေးမြန်းကြလေ၏။

ထိုအခါ ၎င်းအားသိကျွမ်းသူတို့က ထိုသူငယ်သည် မန္တလေးသား ဇာတိဖြစ်၍ ငယ်ရွယ်စဉ်အခါက မိဘနှစ်ပါးသေဆုံးသွားသဖြင့် လှတော ရွာ၌ ဘကြီးတော်စပ်သူ ဦးထွန်းပြည့်နှင့် အတူတကွနေထိုင် လျက်ရှိကြောင်း ပြောပြသည်တွင် ပရိသတ်တို့လည်း မျိုးရိုးဇာတိကို သိရှိကြ လေ၏။

၎င်းနောက် ကာလသား လေးသမားတို့သည် မိမိတို့ ရှုံးသည့် အဖြစ်ကို ဝမ်းမနည်းဘဲ ဤမျှနှင့် ယဉ်ကျေးသိမ်မွေ့ဟန် လက္ခဏာရှိ၍ စိတ်နေသဘောထား မြင့်မြတ်ဟန်လက္ခဏာရှိသော သူတစ်ယောက်က အနိုင်ရသည်ကို အားရဝမ်းသာဖြစ်ကြပြီးလျှင် ထိုသူငယ်ကို ဝိုင်းဝန်းကာ အသိအကျွမ်းဖွဲ့ကြပြီးနောက် ထုံးစံအတိုင်း မြို့ဝန်မင်းထံသို့ ခေါ်ဆောင် သွားကြလေ၏။

မြို့ဝန်မင်းလည်း ပြိုင်ပွဲတွင် မိမိသားရှုံးရခြင်းထက် ရုပ်၏မွန်ရည် ခြင်း၊ စိတ်နေစိတ်ထား၏ မြင့်မြတ်ခြင်းနှင့် ပြည့်စုံသော သူငယ်တစ်ယောက်က အနိုင်ရသည်ကို ဝမ်းမြောက်ဝမ်းသာဖြစ်၍ မည်သည့်အမျိုး အနွယ်၊ မည်သည့်ရွာသား ဇာတိဖြစ်ကြောင်းကို မေးမြန်းသည်တွင် ထို သူငယ်မှာ လှတောရွာမှ ဦးထွန်းပြည့်၏တူ မောင်ထွန်းညွန့်ဖြစ်ကြောင်း သိရှိရလေ၏။

၎င်းနောက် မြို့ဝန်မင်းလည်း ထိုသူငယ်အား ချီးမွမ်းစကားပြော ကြားပြီးလျှင် အသပြာတစ်ရာထုပ်ကို ဆုငွေအဖြစ် ချီးမြှင့်ပေးကမ်းပြီးနောက် ကာလသားတို့လည်း ထိုသူငယ်ကို မနန်းနွယ်တို့၏ လှည်းရှိရာ သို့ ထမ်းပိုး၍ သွားကြလေ၏။

မနန်းနွယ်သည် လှည်းပေါ်မှဆင်း၍ မောင်ထွန်းညွန့်၏ လည်ပင်း၌ စံပယ်ဖူးများကို သီကုံး၍ထားသော ပန်းကုံးတစ်ခုကို စွပ်ပေး ရာ သူငယ်နှင့် သူငယ်မတို့မှာ အပျိုလူပျိုဖြစ်သဖြင့် ရှက်ကြောက်ခြင်း ဖြစ်လေသလော၊ သို့တည်းမဟုတ် အခြားသော အကြောင်းတစ်ခုရှိ၍ ရှက်ကြောက်ခြင်းရှိလေသလော မသိ၊ နှစ်ဦးစလုံးတို့မှာ ခြေလှမ်းမမှန် ရှက်ကြောက်ဟန်နှင့် ရှိနေကြသည်ကို မနီးမဝေးမှ စောင့်ကြည့်၍နေသော ခင်မောင်ဦးမြင်ရသောအခါ မနာလိုသော လက္ခဏာနှင့် နှုတ်ခမ်းကို ကိုက်မိလေ၏။

၎င်းနောက် မောင်ထွန်းညွန့်သည် မိမိ၏အသိမိတ်ဆွေတစ် ယောက် နှစ်ယောက်နှင့် ဘုရားပွဲတော်၌ ပွဲအမျိုးမျိုး ကျင်းပလျက်ရှိသည် များကို လှည့်လည်ကြည့်ရှုကြလေရာ ခင်မောင်ဦးမှာမူ ဒေါ်ငြိမ်းခင်တူဝရီး နှစ်ယောက်တို့ကို မိမိ၏မိခင်ဖခင်တို့နှင့် အသိအကျွမ်းဖွဲ့ ၍ပေးလေ၏။