Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - ဘုံနန်းရိပ်သာမဂ္ဂဇင်းစုံထောက်ဝထ္ထုရှည်များ

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out
Type

ဘုံနန်းရိပ်သာအိမ်ကြီးနှင့်ပတ်သက်သောအမှု

ယခင် အင်္ဂလိပ်အစိုးရလက်ထက်က ကျွန်တော်၏ မိတ်ဆွေကြီး ဦးစံရှားနှင့် ပတ်သက်သော မှတ်တမ်းများကို ပြန်လည်ဖတ်ရှုသောအခါတွင် ထိုစဉ်က ပူပူ နွေးနွေး ရှိနေသေးသဖြင့် ရေးသားဖော်ပြရန် မလျော်သေးသည့်အတွက်ကြောင့် ချန်လှပ်ထားခဲ့ရသော အဖြစ်အပျက်တစ်ခုကို တွေ့ ရှိရာ ယခုအခါတွင် ကာယကံ ရှင်များ ကွယ်လွန်ကြသည်မှာ အတန်ကြာပြီဖြစ်၍ “ဘုံနန်းရိပ်သာ” တိုက်အိမ်ကြီး နှင့် ပတ်သက်သည့် အောက်ပါအခြင်းအရာများကို ဖော်ပြလိုက်ပေသည်။

မကြုံစဖူး အထူးအေးချမ်းလှသည့် တစ်ခုသော ဆောင်းဥတုရာသီ ဒီဇင်ဘာ လ၌ အဟုတ်တကယ် ချမ်းအေးခြင်းနှင့် မကြုံဖူးကြသော ရန်ကုန်မြို့သူမြို့သား များမှာ အထက်မြစ်ညာဒေသ၏ ဥတုမျိုးနှင့် ရုတ်တရက် ကြုံတွေ့ကြရသည် ဖြစ်သောကြောင့် “ချမ်းလှချည့်၊ အေးလှချည့်” နှင့် တညည်းညည်း တညုညု ရှိနေကြသည့်အတွင်း နေမင်းသည်လည်း မိုးတိမ်များဖုံးအုပ်ထားသဖြင့် အပူငွေ့ မပေးနိုင်ဘဲ ရှိနေရသည့်ပြင် မိုးကလေးလည်း တစိမ့်စိမ့် တဖွဲဖွဲ ထပ်ကာတလဲလဲ ရွာသွန်းလျက်ရှိသည် ဖြစ်သောကြောင့် စည်းစိမ်ရှင်များမှာ အိမ်ပြင်သို့ထွက်ဖို့ စိတ်မကူးကြဘဲ စောင်ခြုံထဲတွင် ပိုးဆေးလုံးကောင်များနှင့် တုပြိုင်ကာ ဒူးနှင့် မေးစေ့ ထိလုမတတ်ရှိအောင် တကွေးတည်း ကွေးလျက် ရှိကြလေတော့သည်။

ကျွန်တော်မှာ စည်းစိမ်ရှင် မဟုတ်သော်လည်း ထိုနေ့အဖို့ အပြင်သို့ထွက်ရန် အလုပ်ဝတ္တရား မရှိသည့်အတူတူ အထူဆုံးသော အဝတ်အစားများနှင့် ဆိုဖာ ပေါ်တွင် ဆေးပေါ့လိပ်ကြီးကို မှိန်း၍ ဖွားလျက်ရှိသော်လည်း ဦးစံရှားမှာမူကား နေ့လယ်လောက်က ရရှိထားသော ကြေးနန်းတစ်စောင်အတွက် စာရွက်ပေါ်တွင် ပြန်စာရေးလျက်ရှိလေ၏။

ဦးစံရှားသည် ကြေးနန်းစာရွက်ကို ကြေးနန်းရုံးသို့ ပို့လိုက်ပြီးနောက် စကား တစ်ခွန်းမျှ မပြောဘဲ ထိုအကြောင်းကိုပင် ဆက်လက် စိတ်ကူးနေသည့် လက္ခဏာ နှင့် ဆေးတံကိုဖွာရင်း မျက်နှာကြက်သို့ တက်သွားသော မီးခိုးများကို အတန်ကြာ အောင် စိုက်ငေး မော့ကြည့်နေပြီးမှ

ရှား။ ။“ထူးဆန်းသော ဆိုတဲ့စကားကို ဝိသေသနပုဒ်ထည့်ရင် ဘယ်လို ထည့်မလဲဗျာ ကိုသိန်းမောင်”

ကျွန်။ ။ “အလွန်ထူးဆန်းသော၊ အံ့သြဘနန်း ထူးဆန်းသောပေါ့ခင်ဗျာ”

ရှား။ ။ “ဒီပြင်ကောဗျာ”

ကျွန်။ ။ “အလွန်အမင်း”

ရှား။ ။“တော်စမ်းပါဗျာ ကိုသိန်းမောင်၊ စိတ်ကူးဉာဏ် သုံးစမ်းပါဦး။ အလွန်ဆိုရင် အလွန်တရာတို့၊ အလွန်အမင်းတို့၊ အလွန့်အလွန်တို့ ပါကုန်ရော ပေါ့ဗျ။ ဒီပြင်ကောဗျ”

ကျွန်။ ။ (စိတ်ခပ်တိုတိုနှင့်) “ပြောတတ်ဘူးဗျာ”

ရှား။ ။ (ကျွန်တော်၏မျက်နှာကို လှမ်းကြည့်လျက်) “စာရေးဆရာ လုပ်မယ်ကြံရင် စကားအသုံးအနှုန်းမှာ စိတ်ကူးဉာဏ်သုံးမှပေါ့ ကိုသိန်းမောင် ရဲ့။ အလွန်တရာဆိုတဲ့ ဝိသေသနမျိုးဟာ စိတ်ကူးဉာဏ်မထုတ်ချင်တဲ့ လူပျင်း စာရေးဆရာတွေ သုံးတာဗျ”

ကျွန်။ ။“ဝိသေသနလောက်ကို အချိန်ကုန်ခံပြီး စိတ်ကူးမနေနိုင်ပေါင်ဗျာ”

ရှား။ ။ “အဲဒါ ခင်ဗျားတို့ မှားတာပဲ။ ကဲလွန်တဲ့ ဂုဏ်အခြင်းအရာကို ဖော်ပြတဲ့အခါမှာ အလွန်ဆိုတာမျိုးဟာ ပြီးလွယ်စီးလွယ် ကလေးသူငယ်များ သုံးတတ်တဲ့စကားမျိုးဗျ။ ဘယ်လောက်ကြီးတယ်ဆိုတာ ပြောမပြတတ်တော့ “ဧရာမဟာကြီး” ဆိုတာမျိုးလိုပဲ”

ကျွန်။ ။ “ခင်ဗျား စာရေးရင်တော့ သိပ်စေ့စပ်မှာပဲဗျိူ့”

ရှား။ ။ “ဘာပြောကောင်းမလဲဗျာ။ ကြီးတယ်ဆိုရင် ကျုပ်က အတိုင်း အထွာပါမှ ကြိုက်တယ်။ ဒါထက် ထူးဆန်းသောဆိုတဲ့ စကားကို ဒီပြင် ဝိသေသန တွေးပါဦးဗျ”

ကျွန်။ ။ “ခက်နေပါပြီဗျာ။ ချမ်းအေးရတဲ့အထဲမှာ ခင်ဗျားက အလုပ်ပေး လိုက်တာဗျာ။ ကဲဗျာ...မယုံနိုင်လောက်အောင် ထူးဆန်းသော ဆိုရင်ကောဗျာ”

ရှား။ ။ (ကျွန်တော်၏လက်ကို ဆွဲကိုင်လှုပ်ယမ်းလျက်) “ဒီလိုမှပေါ့ ကိုသိန်းမောင်၊ ကျုပ်ရထားတဲ့ ကြေးနန်းထဲမှာ သုံးထားတဲ့ စကားလုံးနဲ့ ကိုက် နေတော့တာပဲ။ ရော့...ဒီမှာ ကြည့်စမ်း”

ကျွန်တော်သည် ဦးစံရှားလှမ်းပေးသော ကြေးနန်းကို ဖတ်ကြည့်ရာ အောက်ပါ အဓိပ္ပာယ်အတိုင်း တွေ့ရှိရလေသည်။

မယုံနိုင်လောက်အောင် ထူးဆန်းသော အဖြစ်အပျက်တစ်ခုနှင့် ကြုံတွေ့ နေရပါသည်။ ဦးစံရှားကို တွေ့နိုင်ပါသလား။

ဦးအောင်မင်း

ကျွန်။ ။ (ကြေးနန်းစာရွက်ကို ပြန်ပေးရင်း) “လူကတော့ဖြင့် တော်တော် ဟန်ကြီးပန်ကြီးထဲကနဲ့ တူတယ်ဒါ့။ ကြေးနန်းထဲမှာတောင် သူ့နာမည်ကို “ဦး” တပ်ပြီး ရိုက်ထားတယ်။

ရှား။ ။ “ဟုတ်ကဲ့၊ ရှေးခပ်ကျကျထဲကနဲ့ တူပါရဲ့ဗျ”

ကျွန်။ ။ “ခင်ဗျားက ဘယ့်နှယ် ပြန်ရိုက်လိုက်သလဲ”

ရှား။ ။ “မေးနေဖို့ လိုသေးသလား ကိုသိန်းမောင်၊ ခုတလောမှာအမှုပါး ရတဲ့အထဲ မိုးကအေး၊ မြောက်လေကလည်း မှန်လွန်းလို့ မချမ်းစဖူး ချမ်းအေး နေလေတော့ ဆိုဖာပေါ်မှာ ဘိန်းမှိန်းသလို မှိန်းနေချင်တာလောက် ရှိတော့တာပဲ။ ခုလို အမှုကလေး ထူးထူးဆန်းဆန်း ပေါ်ပေါက်လာမှ လှုပ်လှုပ်ရှားရှား သွား သွားလာလာ လုပ်ချင်တော့မှာမို့ ကျုပ် သိပ်ဝမ်းသာနေတာပဲ” သည်။

ထိုနေ့ညနေ၌ ကျွန်တော်တို့၏အမှုသည် ဦးအောင်မင်းသည် တိုက်ပေါ်သို့ တက်လာလေရာ ပုဆိုးတောင်ရှည်၊ ကျားပါးစပ်ဖိနပ်၊ ငွေသပ်တုတ်ကောက်၊ တာဖတာ ရင်ဖုံးအကျီ စသည်တို့ဖြင့် သိုက်မြိုက်ခံ့ညားစွာ ဝတ်ဆင်ထားသည့်ပြင် အလုံးအရပ် ထောင်ထောင်မောင်းမောင်းနှင့် နှုတ်ခမ်းမွေးကောင်းသူတစ်ယောက် ဖြစ်သောကြောင့် အသက်အရွယ် ၄၀ နှင့် ၅ဝ ကြားတွင်ရှိသော်လည်း လူကြီးဂိုက် ဖမ်းထားသည့်အတွက် အသက် ၅၀ အထက်ဟူ၍ ခန့်မှန်းလောက်ပေ၏။ အလွန်အမင်း ဉာဏ်ထက်မြက်ဟန်မရှိသော်လည်း တည်ကြည်သောမျက်နှာနှင့် ခံ့ညားသော ကိုယ်ဟန်အမူအရာတို့ပြင် သိုက်မြိုက်သော ဝတ်ပုံစားပုံတို့ကို မြင်ရခြင်းအားဖြင့် ဗရွတ်ရွတ်တ ပြောတတ် လုပ်တတ်မည့် လူတစ်ယောက် မဟုတ်ဟူ၍ တစ်ခါတည်း ဆုံးဖြတ်ချက်ချနိုင်လောက်ပါပေ၏။

စင်စစ်မှာ ထိုသူ၏ ကိုယ်လုံးအမူအရာ မျက်နှာထားနှင့် အဝတ်အစားတို့ တွင် ကလေးကလားရှိခြင်း၊ သိမ်ဖျင်းသေးနုပ်ခြင်းတည်းဟူသော အခြင်းအရာမျိုး တစ်ခုမျှမပါရှိချေ။ သို့ရာတွင် ထိုလူကြီး၏ မျက်နှာသည် တည်ကြည်သော ဣန္ဒြေရှိသည်ဆိုသော်လည်း စိတ်ကို အတော်အတန် ထိခိုက်သည့် အခြင်းအရာ တစ်စုံတစ်ခုနှင့် ကြုံတွေ့ထားရသည့် လက္ခဏာနှင့် ယောက်ယက်ခတ်ဖြစ်နေသော အမူအရာမျိုးမူကား စေ့စပ်စွာ ကြည့်ရှုသောအခါတွင် တွေ့မြင်နိုင်ပေတော့သည်။

နေရာထိုင်ခင်းပေး၍ ကုလားထိုင်ပေါ်တွင် ထိုင်မိသည်နှင့် တစ်ပြိုင် နက် ထိုသူသည် မိမိ၏ အဖြစ်အပျက်ကို စတင် ပြောပြလေတော့၏။

မင်း။ ။ “တစ်သက်မှာ တစ်ခါမှမကြုံဖူးအောင် ထူးထူးဆန်းဆန်း လာတွေ့ နေရပါတယ် ဦးစံရှားခင်ဗျာ။ ဘယ်လိုဟာမျိုးရယ်လို့ ကျွန်တော်ဖြင့် ပြောပဲမပြောတတ်အောင် ဖြစ်နေပါပြီခင်ဗျာ”

ရှား။ ။ “ကျွန်တော့်ဆီကို ခင်ဗျား ဘာကြောင့်လာတာလဲ”

မင်း။ ။ “ဒီလိုပါခင်ဗျာ။ ကျွန်တော် ကြုံတွေ့ရတဲ့ ကိစ္စဟာ ပုလိပ်နဲ့ သက်ဆိုင်တယ်လို့ မဆိုနိုင်ပါဘူး။ ကျွန်တော်ပြောပြတော့ သိကြရပါလိမ့်မယ်။ အရေးမယူဘဲ ဒီအတိုင်းပစ်ထားလို့လည်း မဖြစ်နိုင်အောင် ရှိနေပါတယ်။ အမှန်ပြောရရင် ကျွန်တော်က ပုလိပ်နဲ့ဆက်ဆံချင်တဲ့ လူတစ်ယောက်လည်း မဟုတ် ပါဘူး။ သို့သော် ဦးစံရှားအကြောင်းတော့ ကျွန်တော် ကြားဖူးတာနဲ့ ...”

ရှား။ ။ “မှန်ပါတယ်၊ မှန်ပါတယ်။ ဒါထက် ကျွန်တော့်ဆီကို ဘာ ကြောင့် ချက်ချင်းမလာသလဲ”

မင်း။ ။ (အံ့ဩသော မျက်နှာထားနှင့်) “ဘယ်လိုပြောတာလဲခင်ဗျာ”

ရှား။ ။ “ကျွန်တော့်ဆီကို ခင်ဗျား ကြေးနန်းရိုက်လိုက်တော့ နာရီပြန် တစ်ချက်ရှိပြီ။ ခင်ဗျား ကြည့်ရတာတော့ ဒီမနက်ကတည်းက တုန်လှုပ်ချောက်ချား နေတဲ့ လက္ခဏာ တွေ့ရတယ်”

မင်း။ ။ (မရိတ်ခဲ့ရသေးသဖြင့် မည်းလျက်ရှိသော မေးစေ့ကိုစမ်းလျက်) “မှန်ပါတယ်ဗျာ။ ရိတ်နေကျ မုတ်ဆိတ်ကိုတောင် ကျွန်တော် မရိတ်နိုင်အောင် မနက်မိုးလင်းကတည်းက နေမထိ ခိုင်မထိ ဖြစ်နေပါတယ်။ အမှန်အတိုင်းတော့ ဦးစံရှားဆီ ကြေးနန်းရိုက်ပြီး မမေမီ စုံစမ်းစရာရှိတာကလေးတွေ စုံစမ်းနေမိ ပါသေးတယ်။ ဦးထွန်းကျော်နေတဲ့ အိမ်ရှင်ကို ကျွန်တော် သွားမေးကြည့်တော့ အိမ်လခလည်း မှန်မှန်ရပါတယ်လို့ ပြောလိုက်ပါတယ်”

ရှား။ ။ (ရယ်မောလျက်) “ဦးအောင်မင်းက ဟောဒီက ကိုသိန်းမောင်လို ဖြစ်နေပါပြီကော။ ပြောစရာရှိတာကို အစက စပြီးမပြောဘဲ အဖျားဆွတ် ပြောလို့ နားလောင်တဲ့လူက ဘယ်မှာနားလည်နိုင်ပါ့မလဲဗျ။ ဖြစ်ပုံပျက်ပုံအလုံးစုံ ကို အစကစပြီး အဆုံးတိုင် စီကာပတ်ကုံး ပြောပြဦးမှပေါ့ ဦးအောင်မင်းရဲ့။ ဦးထွန်းကျော်ဆိုလို့ ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး သိနိုင်ပါ့မလဲခင်ဗျ”

မင်း။ ။ “မှားပါတယ်ခင်ဗျာ၊ ကျွန်တော် ဝန်ခံပါတယ်။ တစ်သက်လုံး ခပ်အေးအေးနေလာတဲ့ လူတစ်ယောက်မှာ ခုလို ထူးထူးဆန်းဆန်း လာကြုံတော့ ကယောင်ချောက်ချား ဖြစ်ကုန်တော့တာပါပဲခင်ဗျာ။ ကိုင်း...ကျွန်တော် ပြောပြပါတော့မယ်။ ဦးစံရှားတို့ ကျွန်တော့်စကားကို ကြားပြီးတဲ့အခါကျတော့ ဘယ်လိုကြောင့် ကျွန်တော် ကယောင်ချောက်ချား ဖြစ်နေတယ်ဆိုတာကို နားလည်ကြပါ လိမ့်မယ်”

ဦးအောင်မင်းသည် ကျွန်တော်တို့အား ပြောပြမည်ဟု စကားခင်းလိုက်သည် နှင့် တစ်ပြိုင်နက် အခန်းတံခါးကို ခေါက်သဖြင့် ဖွင့်ပေးလိုက်သည်တွင် ပုလိပ် အရာရှိ နှစ်ယောက်တို့သည် အခန်းထဲသို့ ဝင်လာကြလေ၏။ တစ်ယောက်သော သူမှာ ကျွန်တော်တို့နှင့် ကြိမ်ဖန်များစွာ အလုပ်လုပ်ခဲ့ဖူးသည့် အင်စပက်တော် ကိုအုန်းဖေပင် ဖြစ်လေရာ ထိုသူသည် ဦးစံရှားနှင့် နှုတ်ဆက်ပြီးနောက် သူ၏ အဖော်မှာ မှော်ဘီမှ ဌာနာအုပ် ဦးဘသောင်းဖြစ်သည်ဆို၍ မိတ်ဆက်ပေးလေ၏။ ကိုအုန်းဖေမှာ တွေ့နေကျ လူတစ်ယောက်ဖြစ်၍ သိပြီးသော်လည်း ဦးဘသောင်း ၏ ရုပ်လက္ခဏာမှာ ကျယ်ပြန့်သောနဖူးနှင့် ကြည်လင်ထက်မြက်သော မျက်လုံး များ ရှိသည်ဖြစ်သောကြောင့် မညံ့သောအရည်အချင်း ရှိရမည်ဟု ကျွန်တော် အကဲခတ်မိပေသည်။ ။

သောင်း။ ။ (ဦးစံရှားနှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက်) “ကျွန်တော်တို့ နှစ်ယောက် ခြေရာကောက်ပြီး လိုက်လာကြတာ ဦးစံရှားအိမ်မှာ ခြေရာဆုံးသွား တာ တွေ့လို့ တက်လာခဲ့ကြရခြင်း ဖြစ်ပါတယ်။ ဒါထက် ဒီမိတ်ဆွေက မှော်ဘီက ဦးအောင်မင်း မဟုတ်ပါလားခင်ဗျာ”

မင်း။ ။ “မှန်ပါတယ်”

သောင်း။ ။ “ဒီကနေ့ တစ်မနက်လုံး ခင်ဗျားကို ကျွန်တော်တို့ လိုက်ရှာနေ တာ ခုမှ တွေ့ ရပေတော့တယ်ခင်ဗျာ”

မင်း။ ။ “ခင်ဗျားတို့က ကြေးနန်းကို အခြေခံပြီး ခြေရာကောက် လိုက်ကြတယ်မဟုတ်လား”

သောင်း။ ။ “မှန်ပါတယ် ဆရာကြီးခင်ဗျာ။ ကြေးနန်းရုံးမှာ သူ့ကြေးနန်း ကို တွေ့လို့ ဒီမှာရောက်နေမှာပဲဆိုပြီး လိုက်လာကြပါတယ်” ။

မင်း။ ။ “ခင်ဗျားတို့က ဘယ်အတွက်ကြောင့် ကျွန်တော့်နောက်ကို လိုက်နေကြရတာလဲ”

သောင်း။ ။ “လိုက်ဆို ဒီလိုပါခင်ဗျာ။ တိုက်ကြီးမြို့က ဦးထွန်းကျော်ဟာ မနေ့ညတုန်းက သေဆုံးလေတော့ ဘယ်လိုကြောင့် သေဆုံးရတယ်ဆိုတာကို ဦးအောင်မင်း သိမလားလို့ ကျွန်တော်တို့ လိုက်လာရခြင်း ဖြစ်ပါတယ်”ထိုစကားကို ကြားရသောအခါ ဦးအောင်မင်းမှာ အလွန်အံ့သြသော အမူ အရာနှင့် ဆတ်ခန် တည့်မတ်စွာ ထိုင်လိုက်လေ၏။