စိတ်ကူးချိုချိုစာပေ
ရွှေဥဒေါင်း - ဖူးစာနှစ်ခိုင်
ရွှေဥဒေါင်း - ဖူးစာနှစ်ခိုင်
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
အခန်း (၁)
အင်္ဂလိပ်ခုနှစ် ၁၉၃၃ ခုနှစ်သည်ကား အိန္ဒိယပြည်နှင့် မြန်မာပြည် ခွဲရေးတွဲရေးနှင့်ပတ်သက်၍ မြန်မာပြည်၏ ရာဇဝင်တွင် အထူးသဖြင့် အရေးကြီးလှသော နှစ်ဖြစ်လေရာ ၎င်းနှစ် နိုဝင်ဘာလသည် ဥပဒေပြု အဖွဲ့ အတွက် အခွဲနှင့်အတွဲ အမတ်များ ယှဉ်ပြိုင်၍ အရွေးခံကြသောလ ဖြစ်လေသည်။ အိန္ဒိယတိုင်းရင်းသား ကုလားလူမျိုးတို့မှာ ခွဲရေးတွဲရေး ကိစ္စသည် မိမိတို့၏ အကျိုးကျေးဇူးကို များစွာထိခိုက်စေမည့် ကိစ္စကြီး ဖြစ်လေရကား လူအား၊ ငွေအားဖြင့် အနည်းနည်းအဖုံဖုံ ဆောင်ရွက်ခဲ့ကြ သည်ဖြစ်သောကြောင့် ၎င်းတို့၏ ရည်ရွယ်ချက်သည် အထမြောက်လု ဘနန်း ရှိခဲ့သည့်အဖြစ်ကို အများပြည်သူတို့ သိရှိကြပြီး ဖြစ်လေသည်။ တွဲရေးဘက်မှ ပါဝင်ဆောင်ရွက်ကြသော မြန်မာလူမျိုးများအနက် အချို့ တို့မှာ အိန္ဒိယပြည်နှင့် တွဲဖက်နေရခြင်း၏ အကျိုးကို အကယ်စင်စစ် ရိုးဖြောင့်သောသဘောနှင့် ယုံကြည်ကြ၍ အချို့မှာမူ အိန္ဒိယတိုင်းရင်းသား ကုလားလူမျိုးတို့၏ သြဇာမကင်းကြောင်းနှင့် စွပ်စွဲခံခဲ့ကြလေပြီ။ ထိုကိစ္စကြီး၌ ဆိုအပ်ခဲ့ပြီးသော ပုဂ္ဂိုလ်မျိုး နှစ်မျိုးစလုံးပင် ရှိချေမည်ကားဧကန်အမှန် ဆိုနိုင်သော စကားဖြစ်လေရာ မည်သူသည် မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်သည်ဟူသော အကြောင်းမှာကား ဧကန်အမှန် ဆိုနိုင်သော စကား မဟုတ်ချေ။
အိန္ဒိယပြည်နှင့် တွဲဖက်၍ နေခြင်းသည် ခွဲခွါခြင်းထက် အကျိုးများ မည်ဟူ၍ သဘောရိုးနှင့် အကယ်စင်စစ်ယုံကြည်သဖြင့် တွဲရေးအတွက် လုံးပန်းခဲ့သော မြန်မာလူမျိုးများနှင့် မိမိတို့၏ စီးပွားရေးကို ထိခိုက်နစ်နာ ရန် မြင်သဖြင့် ကာကွယ်လိုသောသဘောနှင့် ဆောင်ရွက်ခဲ့ကြသော အိန္ဒိယတိုင်းရင်းသား ကုလားလူမျိုးများကိုကား တစ်စုံတစ်ရာပြစ်တင်ဆိုဖွယ် မရှိပါပေ။ သို့ရာတွင် ကုလားလူမျိုးများထံမှ ခံစားရ လတ္တံ့သော အကျိုးကိုမျှော်ကိုး၍ အမျိုးသားနှင့် တိုင်းပြည်ကို နစ်မွန်း လေအောင် ကြံဆောင်ကြိုးပမ်းကြသည့် ဤဝတ္ထုပါ ဦးထွန်းကျော်ကဲ့သို့သော လူစားမျိုးကိုမူ အမျိုးသားကိုချစ်သော မြန်မာလူမျိုး ဟူသမျှသည် မုန်းထားရွံရှာ လွန်စွာစက်ဆုပ်အပ်လှပေသည်။
၁၉၃၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ ညနေခင်းအချိန်တွင် မင်တို မင်ရှင်ဟိုတယ် မန်နေဂျာသည် လူလေးယောက်အတွက် ညစာထမင်းကို အခန်းတစ်ခန်းအတွင်း၌ အကောင်းဆုံး ပြင်ဆင်ထားရန် စာတစ်စောင် ရရှိသည်ဖြစ်၍ အကြီးအမှူးဖြစ်သော ဘတ္တလာအား အကောင်းဆုံးဖြစ်သော ထောင့်ခန်းကို ပြင်ဆင်ထားရန် အမိန့်ပေးလေ၏။ မန်နေဂျာ သည် ဦးထွန်းကျော်ဟူသော လက်မှတ်ကို စာတွင်တွေ့မြင်ရ၍ မိမိ၏ ဟိုတယ်၌ ရံဖန်ရံခါ ဘိုကြီးများအားလည်းကောင်း၊ တစ်ခါတစ်ရံ တရုတ်ကပြားများကိုလည်းကောင်း၊ ဂုဏ်သရေရှိ မြန်မာလူမျိုး လူကြီး လူကောင်းများအားလည်းကောင်း တစ်ညလျှင် သောက်ဖို့အတွက် ငွေတစ်ရာကျော် နှစ်ရာမျှ အကုန်အကျခံ၍ ဧည့်ခံကျွေးမွေးဖူးသော ဦးထွန်းကျော် ဖြစ်ကြောင်းကို သိသည်နှင့် အထူးအရေးယူ၍ ကိုယ်တိုင်ကြီးကြပ် စီမံထားခဲ့လေသည်။
ဦးထွန်းကျော်သည် ထမင်းစားပွဲကို ၈ နာရီတိတိတွင် အဆင် သင့်ပြင်ဆင်ထားရန် စာရေးသား၍ ၇ နာရီ ၄၅ မိနစ်အချိန်တွင် မော်တော်ကားနှင့်ဆိုက်ရောက်လာခဲ့လေ၏။ မန်နေဂျာသည် ရက်ရောစွာ သုံးဖြုန်းနိုင်သော ဦးထွန်းကျော်အား ကိုယ်တိုင်ခရီးဦးကြိုပြု၍ အသင့်ပြင် ထားသော ထမင်းစားခန်းကလေးကို ခေါ်သွားလေ၏။
ဦးထွန်းကျော်ဆိုသူမှာ အသက်လေးဆယ်ကျော်အရွယ်မျှရှိ၍ အရပ်အမောင်း မြင့်မားသည့်ပြင် ခံ့ညားလှသော ကိုယ်ဟန်အမူအရာ ရှိလေရကား ၎င်း၏အင်္ဂါရုပ်ကိုကြည့်ရှုအကဲခတ်ရမည်ဆိုသော် အရေး ပိုင်လေလော၊ မြို့တော်ဝန်လေလော ခန့်မှန်းဖွယ်ရာ ရှိပေ၏။ ဟိုတယ် မန်နေဂျာသည်လည်း ဦးထွန်းကျော်၏ရာထူးကို မသိဘဲ လူဟန်နှင့် လမ်းသွားပုံကို ချင့်ချိန်ခန့်မှန်းခြင်းအားဖြင့် ဖျာပျာသလဲ ဂရုစိုက်ခြင်း ဖြစ်လေရာ
“ကောင်းပြီ နိုလင်၊ ကျွန်ုပ်မိတ်ဆွေများလာလျှင် ဒီအခန်း ပို့လိုက် နိုင်တယ်။ သွားပေတော့” ဟု ဦးထွန်းကျော်က ပြောရာတွင် မန်နေဂျာ သည် ဦးညွှတ်ကာ ထွက်သွားလေ၏။ ဦးထွန်းကျော်မှာမူ အခန်းငယ် အတွင်း၌ ဆေးပြင်းလိပ်သောက်ကာ တစ်ယောက်တည်း ကျန်ရစ်လေ၏။
၈ နာရီထိုးခါနီးလတ်သော် ကုန်သည်ကြီးများနှင့်တူသော ကုလား လူမျိုးများသည် တစ်ယောက်ပြီးတစ်ယောက် ဆိုက်ရောက်လာကြ၍ မန်နေဂျာ၏ ညွှန်ကြားချက်အရ ဦးထွန်းကျော်၏ အခန်းသို့ ဝင်သွားကြ လေ၏။
ပထမလူမှာ နိုင်ငံခြားမှ အထည်အလိပ်များကို မြန်မာပြည်သို့ အများဆုံးတင်သွင်းသည့် ကုလားသူဌေး ဟာဂျီအာမက်ဆိုသူ ဖြစ်လေ သည်။ ထိုသူသည် ကုန်ဈေးတန်း၌နေထိုင်၍ မြန်မာပြည်တစ်ပြည်လုံးရှိ မြို့ကြီးများတွင် ဆိုင်ခွဲများ အနှံ့အပြားတည်ထောင်ထားခဲ့၏။ ဒုတိယ လူမှာ အိန္ဒိယပြည်၊ ဘုံဘိုင်နယ်မှ သံထည်ဝတ္ထုများကို မြန်မာပြည်သို့ အများဆုံးတင်သွင်းသူဖြစ်၏။ သိမ်ကြီးဈေးနှင့် စကော့ဈေးကြီးရှိ သံဆိုင်ကြီးများမှာ ၎င်း၏ဆိုင်များ ဖြစ်သည့်ပြင် အမြို့မြို့သို့လည်း ကိုယ်စားလှယ်များလွှတ်၍ မိမိလုပ်ငန်း ကြီးကျယ်အောင် အစဉ်သဖြင့် အားထုတ်သူတစ်ယောက်ဖြစ်လေရာ အမည်မှာကား လာလာဘိုင် ဖြစ်၏။
တတိယလူမှာ မဂိုလမ်း(ရွှေဘုံသာလမ်း)မှ ဆန်ကုန်သည် သူဌေးကြီးတစ်ဦးဖြစ်သော တီဂျူးမား ဖြစ်၍ မြန်မာပြည်မှ တင်ပို့သော ဆန်အလုပ်တွင် ဥရောပတိုက်သားများနှင့် ယှဉ်ပြိုင်လုပ်ကိုင်သူ တစ် ယောက် ဖြစ်လေသည်။
ဦးထွန်းကျော်သည် ကုလားသူဌေးကြီးတစ်ဦး ဝင်လာတိုင်း လာ တိုင်း ထိုင်ရာမှထကာ ဥရောပတိုက်သားတို့၏ထုံးစံအတိုင်း လက်ဆွဲ၍ နှုတ်ဆက်ပြီးနောက် လူစုံပြီဖြစ်၍ စားပွဲ၌ မျက်နှာချင်းဆိုင် ထိုင်နေကြ လေ၏။
ကျော်။ ။ ပြောစရာစကားကို နောက်တော့မှ ပြောကြစို့ဗျာ။ ရှေးဦးစွာ စားစရာတွေကို စားလိုက်ကြဦးစို့” ဟု ပြော၍ ရင်ချောင်စေရန် အတွက် 'ကော့တေးလ်ခေါ် အရက်တစ်ခွက်စီသောက်ကြ၏။ ၎င်းနောက် ညစာထမင်းကို ဥရောပတိုက်သားတို့၏ ထုံးစံအတိုင်း တစ်ပွဲပြီးတစ်ပွဲ စားသောက်ကြလေရာ ဦးထွန်းကျော်မှာ အလွန်တရာ နှုတ်လျှာပေါ့ပါး စကားသွက်လက်သူတစ်ယောက် ဖြစ်သည့်အတိုင်း နေ့စဉ်တွေ့ကြုံ ရသော သာမန်အဖြစ်အပျက်များကိုပင် ရယ်ရွှင်ဖွယ်ရာဖြစ်အောင် ခြေ ဟန်လက်ဟန်နှင့် ဘိုဆန်ဆန် ပြောလေရကား ကုလားသူဌေးကြီးများ သည် တစ်ယောက်၏မျက်နှာကို တစ်ယောက်လှည့်၍ စိတ်ထဲမှ ချီးမွမ်းကြရ၏။
မန်နေဂျာသည် ဦးထွန်းကျော်၏သဘောကို သိပြီးဖြစ်သော ကြောင့် အထူးချောင်ကျ၍ လုံခြုံသောအခန်းကို ပြင်ဆင်ထားသည်ဖြစ်ရာ ညစာစားပြီးကြသောအခါတွင် ဦးထွန်းကျော်သည် ဝီစကီနှင့် ဆိုဒါများကို မှာယူခဲ့ပြီးနောက် ဘွိုင်ကုလားအား ထပ်မံ၍ အလိုမရှိကြောင်းပြော၍ တံခါးကို ပိတ်ထားလိုက်လေ၏။ ဦးထွန်းကျော်သည် သွားကြားထိုးတံကို ပစ်လိုက်ပြီးနောက် အင်္ဂလိပ်ဘာသာဖြင့် ပြော၏။
ကျော်။ ။ ကျုပ်တို့ လူအချင်းချင်း ပြောတဲ့နေရာမှာ ပရိယာယ် မပါဘဲ အာရှင်းရှင်း ပြောကြဗျနော်။ ခင်ဗျားတို့လူစုက အိန္ဒိယနှင့် မြန်မာ ပြည်ခွဲခဲ့လျှင် ကုန်သွယ်မှုနှင့်ပတ်သက်ပြီး ခင်ဗျားတို့အကျိုးကို ထိခိုက်မှာ စိုးရိမ်လို့ မခွဲချင်ဘူး။ ကျုပ်က ၂၁ ဦးသမားတွေနဲ့ မတည့်သည့်အတွက် သူတို့ကလည်း ခွဲချင်တယ်ဆိုလျှင် ကျုပ်က တွဲမယ်။ သူတို့က တွဲချင် လျှင် ကျုပ်ကခွဲမယ်။ ယခုမှာတော့ သူတို့က ခွဲချင်တယ်ဆိုတော့ ကျုပ်က တွဲဖို့ စီမံရလိမ့်မယ်။ ဒီတော့ ခင်ဗျားတို့နဲ့ ကျုပ်နဲ့ရည်ရွယ်ချက်ချင်း တူညီတယ်ဆိုပါတော့”
ဆန်သူဌေး ။ ။၂၁ ဦးနဲ့ ခင်ဗျားနဲ့ ဘယ်လိုဖြစ်ဖူးကြလို့လဲ”
ကျော်။ ။ဒီရာဇဝင်က အင်မတန်ရှည်လှပါတယ်။ တိုတိုပြောရ ရင် ကျုပ်က ဘယ်အလုပ်မှာလုပ်လုပ် ခေါင်းဆောင်လုပ်ရမှ လုပ်ချင် တယ်။ ခေါင်းဆောင်ခွင့်မရရင် ဂိုဏ်းခွဲရမယ်။ သို့သော် ဒီဟာတွေ ဖယ်ထားပြီး ကျုပ်တို့ကိစ္စကို ပြောကြပါဦးစို့။ ကျုပ်ပြောခဲ့တဲ့အတိုင်း ခင်ဗျားတို့နဲ့ ကျုပ်နဲ့ ရည်ရွယ်ချက်ခြင်းတူတယ်။ ရည်ရွယ်ချက် အထမြောက်အောင် ကျုပ်က အလုပ်လုပ်တတ်တယ်။ ငွေမရှိဘူး။ ခင်ဗျား တို့က ငွေရှိတယ်။ သို့သော် ဒီကိစ္စမှာ ခင်ဗျားတို့ ကောင်းကောင်း အလုပ်မလုပ်နိုင်ဘူး။ ဒီတော့ကာ နှစ်ဖက်ခွဲပြီး အလုပ်လုပ်ရရင် ခရီးတွယ်ကျယ်ဖို့ ရှိတယ်”
ဆန်သူ ဌေး။ ။ ငွေဘယ်လောက်လိုသလဲ”
ကျော်။ ။ “ငွေ လေးသိန်း လိုလိမ့်မယ်” ထိုအခါ ကုလားသူဌေးသုံးယောက်တို့မှာ တစ်ယောက်၏မျက်နှာကို တစ်ယောက် ကြည့်ကြပြီးနောက် ခေါင်းဆောင်ဖြစ်သော ဆန်သူဌေးကြီးက
“ကျွန်ုပ်တို့အချင်းချင်း တိုင်ပင်ပါရစေ။ ၁၀ မိနစ်လောက် ခင်ဗျား အခန်း အပြင်ထွက်နေလိုက်ပါ။
ဦးထွန်းကျော်သည် အခန်းအပြင်သို့ ချက်ချင်းထွက်လာ၍ ပြတင်း ပေါက်တစ်ခု အနီးသို့သွားပြီး အပြင်သို့ လှမ်းမျှော်ကာ ငေးကြည့်လျက် နေ၏။ ထိုသူ၏ အမူအရာမှာ ငွေလေးသိန်းကိစ္စကြီးပင် ဖြစ်သော်လည်း အရေးမကြီးလှလေဟန်ဖြင့် ခပ်ပေါ့ပေါ့နှင့် ခပ်အေးအေးပင် ရှိနေ၏။ ဦးထွန်းကျော်မှာ လူ၏မျက်နှာကဲကို ခတ်ခြင်းအရာဌာန၌ အထူးကျွမ်း ကျင်သူဖြစ်၍ ပစ်လိုက်သောမြားချက်သည် စွဲလိမ့်မည်ဟူ၍ ဆုံးဖြတ် ထားဟန်ရှိ၏။ နာရီကိုကြည့်ပြီးနောက် ၁ဝ မိနစ်တိတိ ကြာသောအခါ တွင် ဦးထွန်းကျော်သည် အခန်းတွင်းသို့ တစ်ဖန်ဝင်လာ၏။
ကျော်။ ။ ဘယ့်နှယ်လဲ၊ ဆုံးဖြတ်ပြီးကြပြီလား”
ဆန်သူဌေး။ ။'ပြီးပါပြီ။ လေးသိန်းကို သဘောတူပါတယ်။ သို့သော် ခြွင်းချက်လေးတစ်ခု ထည့်သွင်းလိုပါတယ်။ ငွေလေးသိန်းကို သုံးဦး တည်းမပေးနိုင်၊ လေးဦးဖြစ်အောင် စိန်ဘာဘူချက်တာဂျီကို ခင်ဗျား ပါအောင် ဆွယ်ပေးပါ”
ကျော်။ ။ သူပါရင် တစ်ယောက်ကို တစ်သိန်းကျ ခင်ဗျားတို့ ပေးမယ်ဆိုပါတော့”
ဌေး။ ။ အမှန်ပြောရမှာဖြင့် သူပါမှ ကျုပ်တို့အလုပ်လုပ်ချင် တယ်။ သူ မပါရင် ဒီအကြံကို လက်လျှော့ဖို့ ကျုပ်တို့ဆုံးဖြတ်ထားပါတယ်”
ကျော်။ ။ ကောင်းပြီ။ သူ့ကိုပါအောင်ဆွယ်ဖို့ ကျွန်တော့်တာဝန် ထားလိုက်ပါ”
၎င်းနောက် ထိုသူလေးဦးတို့သည် ခွဲရေးတွဲရေးကိစ္စနှင့် မြန်မာ လူမျိုးတို့၏ စိတ်နေသဘောထားအကြောင်းကို နာရီဝက်ခန့်မျှ ကြာအောင် ဆက်လက်ဆွေးနွေးကြပြီးနောက် မော်တော်ကားများနှင့် အသီး သီးပြန်သွားကြလေ၏။
ဦးထွန်းကျော်သည် ချာချီလမ်း (ဦးဝိစာရလမ်း) ၌ရှိသော မိမိ၏ နေအိမ်သို့ ဆိုက်ရောက်သောအခါ အသက် ၂၀ ကျော်အရွယ်ခန့်ရှိ၍ ရုပ်ရည်ချောမောလှပသော မိန်းမတစ်ယောက်သည် ကားအနီးသို့ရောက် အောင် ပြေးဆင်းကာကြို၍
`ဘယ့်နှယ်လဲ ကိုကို”
“ရှူး ဘယ်က ကိုကိုလဲ။ နေရာကျပါရဲ့ သမီးရဲ့”
Share

