Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - ထူးဆန်းထွေလာ၀ထ္ထုတိုများ

Regular price 3,200 MMK
Regular price Sale price 3,200 MMK
Sale Sold out

ပရိဒေဝ

တစ်ခုသော ရှင်ပြုမင်္ဂလာ အခမ်းအနားတွင် သမုတိသံဃာတော် အရှင်မြတ် တို့သည် မိမိတို့အား ဆွမ်းကွမ်းတို့ဖြင့် လှူဒါန်းပူဇော်ရခြင်း၏ အကျိုးအာနိသင် တို့ကိုလည်းကောင်း၊ မိမိ၏သား သူတစ်ပါးတို့၏သားတို့အား မြတ်စွာဘုရား ၏ သာသနာတော်အတွင်းသို့ သွတ်သွင်းချီးမြှောက်ရခြင်း၏ အကျိုးအာနိသင် တို့ကိုလည်းကောင်း၊ အကျယ်တဝင့် ဟောပြောသွန်သင်ကြပြီးလျှင် လှူဖွယ် ဝတ္ထုပစ္စည်းတို့ဖြင့် အသီးအသီး ကြွတော်မူကြပြီးသည်နောက် ကျန်ရှိရစ်သော ယောက်ျားပရိသတ်၊ မိန်းမပရိသတ်တို့အနက် အချို့တို့မှာ အလှူ နှင့် ပတ်သက်၍ မိမိတို့ဆောင်ရွက်ရာကိစ္စများကို ပြုလုပ်ဆောင်ရွက်ကြလျက် အချို့သော ယောက်ျား၊ မိန်းမ၊ ကျောင်းဒကာ၊ ကျောင်းအစ်မ စသည်တို့မှ ရတနာသုံးပါးနှင့်စပ်လျဉ်းသော စကားများကို ဆွေးနွေးတိုင်ပင်လျက် ရှိနေကြ လေ၏။

ယင်းကဲ့သို့ နှီးနှောပြောဆိုလျက် ရှိကြသည်အတွင်း အသက် ၅၀ ကျော် အရွယ်ခန့်မျှရှိသော ဘုရားဒကာကြီး တစ်ဦးက “နေရေးထက် သေရေးခက်” ဟူသော စကားအရ၊ လောက၌ ထိုက်သည်အားလျော်စွာ လူမှု၊ လူရေးကျွမ်းကျင်နားလည်ခြင်းသည် များစွာခဲယဉ်းလှသည် မဟုတ်။မိမိတို့ ဇီဝိတိနြေကြွေသော အခါ၌ အပါယ် လေးပါး၏ အစာမဖြစ်ဘဲ အနည်းဆုံး နတ်ရွာသုဂတိသို့လားနိုင်စေခြင်းငှာ ကျင့်ကြံဆောင်ရွက်မှုသည် သာလျှင် ထူးကဲ၍ အရေးကြီးလှသည့် အကြောင်းကို စကားစပ်ဖြင့်ဟော ပြောလျက်ရှိရာမှ တစ်ဖန်၊ သေခြင်းအမျိုးမျိုးတို့၏အကြောင်းကို စကားစပ်မိ၊ စပ်ရာ ပြောဆိုလျက်ရှိကြပြန်ရာ ကက်ဦးသော ဘုရားဒကာကြီးက သေခြင်း အမျိုးမျိုးတို့အနက် မိမိလက်နက်ဖြင့် ရုတ်တရက်သေဆုံးရခြင်းသည်၊ အဆိုး ဆုံး၊ အယုတ်ဆုံးသော သေခြင်းမျိုးဖြစ်၍ နောင်သံသရာလားရာ ဂတိမှာလည်း အပါယ်လေးပါး၏ အံစာမျှသာဖြစ်၍ “အဖန် ၅၀၀-၅ ကမ္ဘာ”မျှ တိုင်အောင် ထိုနည်းအတူ သေရတတ်ခြင်း၏ အကြောင်းများကို ဟောပြောပြန်လေ၏။

ထိုအခါ ၄င်းအချိန်ထိ စကားတစ်ခွန်းမျှမပြောဘဲလျက် မဏ္ဍပ်တိုင် ကိုမှီကာ ဆေးလိပ်သောက်လျက် အသက် ၇၀ ကျော်အရွယ်ခန့်မျှရှိ၍ နှုတ်ခမ်းမွေး၊ ဆံပင် စသည်တို့မှာ ဖွေးဖွေးဖြူလျက်ရှိသော အဘိုးကြီးတစ်ယောက်က သေလွန်သူ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှာ မည်သည့်နည်း၊ မည်သည့်လက်နက်ဖြင့် အသက်ဆုံးရှုံးခဲ့သည်ဖြစ်စေ၊ ထိုသူ၏ လားရာဂတိ သည်ကား။ အပါယ်သို့ကျမည်၊ နတ်ရွာသုဂတိသို့ လားမည်၊ အောက်သို့ စုန်မည်၊ အထက်သို့ ဆန်မည်ကို မဆုံးဖြတ်နိုင်ကြောင်း သေခါနီးဆဲဆဲ၌ မည်ကဲ့သို့ နှလုံးသွင်းတရားဖြင့် ဇီဝိတိနြေရသည် မည်သည့်အပြုအမူ ၌ အာရုံပြုသည်ကို မသိနိုင်။ သေ လည်ဆိုသည်က ဥပမာအားဖြင့် ဓား လက်နက်ဖြင့် မိမိကိုယ်ကို မိမိထိုး၍ သတ်လိုက်ရာ ထိုးသည်နှင့် တစ်ပြိုင် နက် ဇီဝိတိနြေကြွေသည် မဟုတ်သေး။ စိတ်သည် အလွန်လျင်မြန်သည် ဖြစ်သောကြောင့် ဒဏ်ရာရသည်မှသည် ခန္ဓာစဲသည့် အချိန်တိုင်အောင် ဇောများစွာစော၍ စိတ်အမျိုးမျိုး ကူးနိုင်သေးသည်ဖြစ်သောကြောင့် ထိုသူ၏ လားရာဂတိကို အတိအကျ ဆုံးဖြတ်ရန် ခဲယဉ်းကြောင်းနှင့် ပြောဆိုလေ၏။ ထိုအခါ ယောက်ျား၊ မိန်းမပရိသတ်အပေါင်းတို့က ၄င်းအကြောင်းကို ဘုရား ပါဠိ အကိုးအကားဖြင့် ဟောပြောရန် တောင်းပန်ကြသောအခါ ၄င်းအဘိုး ကြီးက မဇ္ဈိမနိကယ်၊ ဥပရိပဏ္ဏာသပါဠိတော်တွင် အရှင်ဝဂ္ဂလိမထေရ်၊ ဆန္ဒမထေရ်၊ ဂေါသိက မထေရ်အစရှိသော မထေရ်တို့မှာ ဓားလက်နက်ဖြင့် အသက်ကို ကုန်လွန်စေပြီးနောက် ပရိနိဗ္ဗာန်ပြုကြကြောင်း၊ ၄င်းတို့အနက်အရှင်ဆန္ဒမထေရ်မှာ မိမိ၏ကိုယ်ကို ဓားလက်နက်ဖြင့် ထိုးလိုက်ပြီးသည် နောက် ဓား၊ လှံ၊ ကြိုးအစရှိသည့် မိမိလားရာ မကောင်းသော ဂတိနိမိတ် ကို ထင်မြင်သည့်အခါမှ သတိရ၍ ရဟန်းတရားကို အားထုတ်သည်တွင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သည်နှင့် တစ်ပြိုင်နက်၊ အသက်ကုန်ခြင်းသို့ ရောက်သည်ဖြစ်သောကြောင့် ထိုသို့သော ပုဂ္ဂိုလ်မျိုးကို သမသိတိရဟန္တာ ဟူ၍ သမုတ်ခဲ့သည့်အကြောင်းများကို ပါဠိအကိုးအကားဖြင့် ရွတ်ဆိုကာ ဟောပြောသော အခါ ပရိသတ်တို့လည်း များစွာထူးဆန်းပါပေကြောင်း နှင့် ချီးမွမ်းပြောဆိုကြလေ၏။

၄င်းနောက် ယောက်ျား၊ မိန်းမပရိသတ်တို့လည်း မိမိကိုယ်ကို မိမိသတ်အပ်၊ မသတ်အပ်၊ သတ်လိုက်၊ မသတ်ထိုက်အကြောင်းများကို တစ်ယောက်တစ်ခွန်းပြောကြပြန်ရာ ယခင်က အဘိုးကြီးလည်း ဆေးလိပ် သောက်ကာ ငြိမ်ဝပ်စွာ နားထောင်လျက်ရှိရာမှ ဆေးလိပ်ကိုချပြီးနောက် ချောင်းဟန့်လျက် စကားတစ်ခွန်းပြောပါရစေဟု ခွင့်တောင်း၍ အနန္တသတ္တဝါ အပေါင်းတို့မှာ သေခြင်းတည်းဟူသော ဘေးကို အကြီးဆုံးသော ဘေးကြီးဟူ၍ မှတ်ထင်ကြစမြဲ ဖြစ်သည်အတိုင်း၊ သေရမည်ကို ကြောက်ရွံ့ကြသည်သာလျှင် ဖြစ်ရာ မိမိ၏ လက်နက်ဖြင့် မိမိ၏ ကိုယ်ကိုသတ်ဖြတ်ရခြင်းမှာ သတ်လိုက် သည်၊ မသတ်ထိုက်သည်ကို ကာယကံရှင်သာလျှင် ဆုံးဖြတ်နိုင်ရန်ရှိကြောင်း၊ ၄င်းအကြောင်းနှင့် စပ်လျဉ်း၍ မိမိကိုယ်တိုင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက် တစ်ခုမှာ များစွာထူးဆန်းအံ့သြဖွယ်ရာ ဖြစ်ပေသောကြောင့် ပရိသတ်တို့ကြားရသည်အခါ အကြင်သူသည် မိမိကိုယ်ကို သတ်လိုက်၊ မသတ်ထိုက် အကြောင်းကို ဆုံးဖြတ်ရန် များစွာခဲယဉ်းမည် အကြောင်းနှင့် ပြောဆိုလေ၏။ ၄င်းအဘိုးကြီးမှာ အရွယ်အားဖြင့်လည်း ကြီးရင့်သည်တစ်ကြောင်း၊ ပညာ ဉာဏ်လည်း ထက်မြက်သည် တစ်ကြောင်း၊ ဒေသန္တရ ဗဟုသုတစသည် တို့နှင့်လည်း ပြည့်စုံသည့်အကြောင်းကို ပရိသတ်အပေါင်းတို့သိရှိပြီးဖြစ်ပေ ရကား၊ ၄င်းအကြောင်းနှင့်စပ်လျဉ်း၍ အဘိုးကြီး တွေ့ကြုံခဲ့ရသည့် အဖြစ် အပျက်များကို များစွာ ကြားနာလိုကြပါကြောင်းနှင့် တောင်းပန်ကြသည်ဖြစ်၍ အဘိုးကြီးလည်း အောက်ပါအတိုင်း ပြန်ပြောင်းပြောဆိုလေ၏။

(၄င်းအဘိုးကြီး၏ အမည်မှာ ဦးဆိုးဂေါင်ဟူ၍ ခေါ်တွင်ခဲ့လေရာ ၄င်းတွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်များကို ပရိသတ်တို့အား နှုတ်ဖြင့်ပြော ဆိုသည်မဟုတ်ဘဲ စာဖြင့်ရေးသားထုတ်ဖော်ပြရပေအံ့။)

မြန်မာသက္ကရာဇ် ၁၂၄ဝ ပြည့်နှစ်တွင် ကျွန်ုပ်တို့ အရှင်သီပေါမင်း သည် ခမည်းတော် မင်းတုန်းမင်းတရားကြီး၏ ထီးမွေ၊ နန်းမွေကို ဆက်ခံတော်မူသည်ဖြစ်ရာ၊ ၄င်းဘုရင်နန်းတက်ပြီးသည်နောက် တစ်နှစ်ခန့်မျှ ကြာရှိသည့်အခါကာလတွင် ကျွန်ုပ်သည် ထိုစဉ်အခါက လူတို့သွားလာ ရောက်ပေါက်ခြင်း နည်းပါးလှသေးသည့် မဲဇာချောင်း၊ ရွှေလီချောင်းအစရှိ သော မြစ်ငယ်၊ ချောင်းငယ်တို့၌ လောင်းလှေတို့နှင့် စုန်ဆန်သွားလာပြီး လျှင် ချောင်းရိုးတစ်လျှောက်၌ တည်ရှိသော ရွာငယ်ဇနပုဒ်တို့တွင် ကုန်စည် အထည်အလိပ်တို့ကို ရောင်းချခြင်းအားဖြင့် စီးပွားဥစ္စာရှာမှီးခြင်းကို ပြုခဲ့ ဖူးလေသည်။ ထိုကဲ့သို့ ကူးသန်းရောင်းဝယ်ခြင်းအမှုကို ပြုလျက်ရှိစဉ် ကျွန်ုပ်သည် ငယ်စဉ်အခါက ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်ဖြစ်သော မောင်အောင်ဘော်ဆိုသူနှင့် ရွှေလီဝတွင် တွေ့ဆုံမိ၍ ထိုသူသည် စီးပွားဥစ္စာအတော်အတန် ခိုင်လုံသူတစ်ယောက်ဖြစ်ပါလျက် အထက်ကျေးရွာ တို့သို့ မည်သည့်ကိစ္စနှင့် လာရောက်ခဲ့ပါကြောင်းကို ကျွန်ုပ်က မေးမြန်းရာ မောင်အောင်ဘော်က ဤအရပ်တွင် တောဆင်ရိုင်းတို့ အလွန်တရာ ထူထပ် ပေါများလှသည်ဟု ကြားရဖူးသည်မှာ မှန်ပါသလောဟု ကျွန်ုပ်အား ပြန်၍ မေးလေ၏။ ထိုအခါ ကျွန်တော်က ဤအရပ်၌ တောဆင်ရိုင်းတို့မှာ အတိုင်း မသိပေါများလှကြောင်း၊ ရံဖန်ရံခါ ကျွန်ုပ်တို့သည် လှေငယ်၊ တက်ငယ်နှင့် စုန်ဆန်သွားလာသည့်အခါ ရွှေလီချောင်းကမ်းပါးတွင် ၇ဝ-၈ဝ မှသည် ၁ဝဝ ခန့်မျှတိုင်အောင်ရှိသော ဆင်ရိုင်းအုပ်တို့သည် ရေသောက်ဆင်းမည် ဟု ပြုနေသည်များကို မကြာခဏ တွေ့မြင်ကြရဖူးကြောင်းများနှင့် ဖြေဆို ရလေ၏။ ထိုအခါ မောင်အောင်ဘော်သည် မိမိ၏ အင်္ကျီအိတ်မှ ပုရပိုက် ငယ်တစ်ခုကို ထုတ်ပြီးလျှင် ကျွန်ုပ်၏ရှေ့တွင် ခင်းလျက် အင်္ဂလိပ်အစိုးရ တို့ ယခုအခါ ရိုက်နှိပ်ထားသည့် မြေပုံနှင့် အလားသဏ္ဌာန်တူသော စာမျက်နှာကို ကျွန်ုပ်အားပြပြီးနောက် ရွှေလီမြစ်စရာ အရပ်ဖြစ်သော နေရာ ကို လက်ဖြင့် ထောက်၍ ဤနေရာသည် ရွှေလီမြစ်စရာ အရပ်မဟုတ်ပါ လောဟု ကျွန်ုပ်အားမေးလေ၏။

ထိုအခါ ကျွန်ုပ်သည် ထိုသူ၏ မြေပုံကို နားလည်အောင် အတန်ကြာ ကြည့်ပြီးနောက် ဟုတ်ပါကြောင်းနှင့် ဖြေဆိုသည့်အခါ မောင်အောင်ဘော် က ၄င်းမြစ်စရာအရပ်မှ မြောက်စူးစူး၌ရှိသော နေရာတစ်ခုကို လက်ဖြင့်ထောက်ပြန်၍ မြစ်၏အစမှသည် ထိုအရပ်သို့ ခရီးမည်မျှကွာဝေးပါမည်နည်း ဟု မေးမြန်းလေ၏။ ထိုအခါ ကျွန်ုပ်က မြစ်၏အလျားနှင့် ခန့်မှန်း၍ မြန်မာတိုင်ပေါင်း ၁၀၀ ကျော် (အင်္ဂလိပ်မိုင် ၂၀၀ ကျော်)ခန့်မျှ ကွာဝေး မည်ဟု ထင်မှတ်ကြောင်း၊ ပြောသောအခါ မောင်အောင်ဘော်က ထိုအစပ်သို့ သူနှင့်အတူလိုက်ပါမည်လောဟု ကျွန်ုပ်ကို မေးမြန်းလေ၏။ ထိုအခါ ကျွန်ုပ် က အကျိုးရှိမည်ဆိုလျှင် မည်သည့်အရပ်မဆို လိုက်နိုင်ကြောင်း ပြောပြသောအခါ မောင်အောင်ဘော်က အကယ်၍ ထိုအရပ်သို့ သူနှင့်အတူ လိုက်ပြီးနောက် အကြံအစည် အထမမြောက်ခဲ့သော် အသပြာ ၁,၀၀၀ ကျပ်ပေးမည် ဖြစ်ကြောင်း အကယ်၍ အထမြောက်ခဲ့သည်ရှိသော် ကျွန်ုပ် တစ်သက်တွင်မျှမက သားစဉ် မြေးဆက် ဆက်လက်၍ စားသောက်သော် လည်း မကုန်ခန်းနိုင်လောက်အောင် ဥစ္စာကြေးငွေတို့ကို ရရှိမည်ဖြစ်ကြောင်း နှင့် ပြောဆိုလေ၏။

ထိုအခါ ကျွန်ုပ်က မောင်အောင်ဘော်အား သိုက်တူးဆရာတစ် ယောက် ဖြစ်ပါသလောဟုမေး၍ သိုက်တို့မည်သည်မှာ ဘီလူးစောင့်ခြင်း၊ မြွေစောင့်ခြင်း၊ နဂါးစောင့်ခြင်းအစရှိသည်ဖြင့် ရှုပ်ထွေးလှသည်ဖြစ်၍ များစွာ အယုံအကြည်မရှိနိုင်ကြောင်းနှင့် ပြောဆိုလေလျှင် မောင်အောင်ဘော်က သူ၏ အလုပ်မှာ သိုက်ဆရာအလုပ်နှင့် အနည်းငယ်တူကြောင်း၊ သို့ရာတွင် ပစ္စည်းဘဏ္ဍာ၊ ရွှေငွေကို တူးရန်လည်း မဟုတ်။ တွေ့ရှိသောအခါ၌ တူး၍ ယူရမည်လည်း မဟုတ်။ မည်သည့်အစောင့်အရှောက် အကာအဆီးမျှလည်း မရှိကြောင်းနှင့် ပြောဆိုသောအခါ ကျွန်ုပ်က ကျွန်ုပ်နားလည်အောင် တစ်ခါ တည်း ဖွင့်ဟ၍ ပြောပါမည့်အကြောင်းနှင့် တောင်းပန်ရလေ၏။ ထိုအခါ မောင်အောင်ဘော်က ဤအရပ်တွင် ဆင်ရိုင်းတို့များစွာ ပေါများလှသည်ဟု ကချင်တစ်ယောက်က ပြောသဖြင့် ကြားသိရလေရာ၊ ၄င်းကချင်က ဆင်ရိုင်း တို့သည် အသက်အရွယ်ကြီးရင့်သဖြင့် အိုမင်းမစွမ်းရှိသည့်အခါ မိမိတို့ သင်္ချိုင်းရှိရာသို့ သွား၍ ထိုသချိုင်းသို့ရောက်သည့်အခါမှ သေကြစမြဲဖြစ်ကြောင်း၊ ဤအရပ်၊ ဤဒေသတွင် ဆင်တို့သည် နှစ်ပေါင်းများစွာ လွန်ခဲ့သည့်အခါမှစ၍ တည်ရှိခဲ့သည်ဖြစ်သောကြောင့် ထောင်သောင်းမကသော ဆင်တို့၏ အရိုး၊ ဆင်၏ အစွယ်တို့သည် အဆိုပါ ဆင်သင်္ချိုင်း၌ စုပုံလျက်ရှိကြောင်းများနှင့် ပြောဆို၍ ကချင်သည် မိမိကိုယ်တိုင်မရောက် ပေါက်ဖူးသော်လည်း မိမိကြားဖူးသောလမ်းစဉ်၊ ခရီးစဉ်ကို မောင်အောင်ဘော် အား ပြောပြလိုက်သည်ဖြစ်၍ မောင်အောင်ဘော်သည် မြေပုံနှင့်တကွ ခရီးစဉ်ကို တွက်ချက်မှန်းဆရေးကူး၍ လာခဲ့ကြောင်း၊ မောင်အောင်ဘော်မှာ အမိ၊ အဖတို့ သေဆုံးပြီးနောက် အမွေအနှစ်များစွာ ကျန်ရစ်ခဲ့သည့်အနက်မှ အသပြာငွေ ၃,၀၀၀ ကျပ်မျှ လမ်းစရိတ်အဖြစ်နှင့် ဆောင်ယူခဲ့ကြောင်း၊ သို့ဖြစ်၍ ကျွန်ုပ်သည် သူနှင့်အတူ လိုက်ပါလိုခဲ့သည်ဖြစ်လျှင် ဆင်စွယ်တို့ကို မတွေ့ခဲ့သည်ရှိသော် အသပြာငွေ ၁,ဝဝဝ ကျပ်မျှပေးမည်ဖြစ်ကြောင်း၊ အကယ်၍ တွေ့ရှိခဲ့သော် ၄င်းဆင်စွယ်တို့ကို အင်္ဂလိပ်အစိုးရတို့ အုပ်ချုပ် ရာဖြစ်သော အောက်မြန်မာပြည်သို့ တင်ပို့ရောင်းချ၍ ရသမျှငွေအနက် ကျွန်ုပ်အား သုံးပုံ၊ တစ်ပုံပေးမည်ဖြစ်ကြောင်း။ ထို့ပြင် ဆင်သင်္ချိုင်းကို တွေ့သည့်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ လမ်းစရိတ်အတွက် ကုန်ကျရန်မှာ သူ၏ တာဝန်ဖြစ်ကြောင်းနှင့် ပြောဆိုလေ၏။

ယင်းကဲ့သို့ ပြောပြသည့်အခါ ကျွန်ုပ်မှာ ထိုစဉ်အခါက အသက် ၃၀ ခန့်မျှရှိ၍ မုဆိုးဖိုလည်း ဖြစ်ပြန်၊ သားသမီးလည်း မကျန်ရစ်ပြန်၊ အမိအဖလည်း မရှိပြန်၊ ဆွေမျိုးဉာတိလည်း နည်းပါးပြန်သည်ဖြစ်၍ ခင် တွယ်ရမည့်သူ မရှိဖြစ်သည်ပြင် ငယ်စဉ်အခါကပင် မောင်အောင်ဘော်အား လည်း ချစ်ခင်ခဲ့ဖူးသည်တစ်ကြောင်း၊ ထူးဆန်းသောအဖြစ်အပျက်များကို ကြုံတွေ့လိုသောစိတ်လည်း ရှိသည်တစ်ကြောင်းကြောင့် ဆင်သင်္ချိုင်းကို တွေ့ သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ၊ အခကြေးငွေရသည်ဖြစ်စေ၊ မရသည် ဖြစ်စေ များစွာသဘောမထားဘဲ စွန့်စွန့်စားစား သွားလာရခြင်းကိုပင် နှစ် သက်သည်ဖြစ်၍ သူနှင့်အတူ လိုက်ပါရန် ခံဝန်ချက်ပေးမိလေ၏။ ။

ထိုကဲ့သို့ ဝန်ခံပြီးသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်တို့သည် လူ ၁၀ ယောက်ခန့်မျှ တစ်လစာ စားရေရိက္ခာတို့ကို ဝယ်ခြမ်းကြပြီးလျှင် ကျွန်ုပ်၏ လှေပေါ်သို့တင်၍ လှေထိုးသမားလေးယောက်မျှကို ငှားရမ်းပြီးနောက် နောက်ပရိဒေဝ တစ်နေ့၌ပင်လျှင် ရွှေလီချောင်းကို ဆန်တက်ကြလေ၏။

မောင်အောင်ဘော်မှာ ကျွန်ုပ်နှင့် ကျောင်းနေဖက်သူငယ်ချင်းဟူ၍ ဖော်ပြခဲ့သော်လည်း ကျွန်ုပ်သည် ကိုရင်ဝတ်အရွယ်ရှိခါမှ သူသည် ကျောင်း သားမျှ ရှိသေးသည်ဖြစ်ရာ စင်စစ်အားဖြင့် ကျွန်ုပ်ထက် ငါးနှစ်ခန့်မျှ ငယ်သေးသည်ဖြစ်သောကြောင့် ထိုစဉ်အခါ၌ အသက် ၂၅ နှစ်အရွယ်ခန့်မျှ သာလျှင် ရှိသေးပေ၏။ မောင်အောင်ဘော်မှာ ထိုစဉ်အခါက သားမယားမရှိ ဘဲ လူပျိုဘဝဖြင့် လွတ်လပ်စွာ နေထိုင်လျက်ရှိသည်ဖြစ်ရာ ၄င်း၏ ရုပ်ဆင်း သဏ္ဌာန်မှာ အသားဖြူဖြူ၊ နှာတံပေါ်ပေါ်၊ မျက်ခုံး သေးသေးနက်နက် သွယ်သွယ်တန်းတန်းရှိလျက်၊ ကိုယ်လုံးကိုယ်ပေါက်မှာ သေးသေးသွယ်သွယ် ရှိသည်ဖြစ်၍ လူချောလူယဉ်တစ်ယောက် ဖြစ်ပေသည့်ပြင် နက်နဲခက်ခဲသော အခြင်းအရာ စာပေပရိယက်တို့၌ လေ့လာခြင်းပြုတတ်သည်ဖြစ်၍ ၄င်း၏ မျက်နှာထားမှာ အစဉ်မပြတ် နက်နက်နဲနဲ စဉ်းစားစိတ်ကူး၍ နေဘိ သကဲ့သို့ ငြိမ်သက်သော ဣနြေလည်းရှိပေ၏။

ကျွန်ုပ်တို့သည် ထိုးဝါးလေးလက်တို့ဖြင့် မြစ်ကို ဆန်တက်၍ ၁ဝ ရက်ခန့်မျှ သွားမိကြလေလျှင် ရှမ်းလူမျိုးတို့နေထိုင်ရာဖြစ်သော ခိုးလိုအမည်ရှိ ရွာငယ်ဇနပုဒ်သို့ ဆိုက်ရောက်ကြလေ၏။ ကျွန်ုပ်သည် ကျွန်ုပ် လှေဖြင့် မြစ်ရိုးတစ်လျှောက် ကူးသန်းရောင်းဝယ်ခြင်းပြုသည့်အခါ ဤရွာသည် ကျွန်ုပ်၏ ခရီးဆုံးရာအရပ်ဖြစ်၍ ဤရွာမှ တစ်ဖန်ပြန်၍ စုန်မြဲဖြစ်လေရာ ကျွန်ုပ်၏ ကုန်စည် အထည်အလိပ်ရှိသမျှတို့ကို ၄င်းရွာရှိ မိတ်ဆွေတစ်ဦးထံ အပ်နှံ၍ထားပြီးနောက် လိုသမျှစားရေရိက္ခာများကို ထပ်မံဝယ်ခြမ်းကြပြီး လျှင် မြစ်ကို တစ်ဖန်ဆန်၍ တက်ကြပြန်လေ၏။

မြစ်သည်လည်း ၄င်းအရပ်၌ အလွန်တရာ ကျဉ်းမြောင်း၍ ရေစီး သည်လည်း အလွန်တရာ လျင်မြန်လှသည်ဖြစ်ရာ ထိုးဝါးကိုင်သူလေးယောက်တို့သည် တစ်နေ့လျှင် ၆ နာရီခန့်မျှ ထိုး၍ ကျွန်ုပ်သည် လှေကို ပဲ့လျက် ၆ ရက်ခန့်မျှ ဆန်တက်မိပြန်လေလျှင် ရွှေလီမြစ်၏ လက်ဝဲဘက် ကမ်းပါးတွင် ဖြူစင်လှပ၍ နုနယ်ပြေပြစ်ခြင်းနှင့် ပြည့်စုံသည့် ၁၆ နှစ်အရွယ် သူငယ်မလေးတစ်ယောက်သည် ရေအိုးကို ရေတွင်နှစ်ရင်း ကျွန်ုတို့ရှိရာသို့ စိန်းစိန်ကြည့်လျက် ရှိသည်ကို တွေ့မြင်ရလေ၏။ ၄င်းသူငယ်မရှိရာနှင့်