Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - စုံထောက်ဝထ္ထုတိုအသစ်များ

Regular price 7,500 MMK
Regular price Sale price 7,500 MMK
Sale Sold out

ဒါးပိန်မြို့ လူပျောက်မှု၌ စုံထောက်ပုံ

တစ်နေ့သော နေ့လယ်အချိန်၌ ကျွန်တော်နှင့် မောင်စံရှားတို့သည် အိမ်ဦးခန်းတွင် ထိုင်ကာ သတင်းစာ ဖတ်ရင်း၊ ယခုတလောအတွင်း၌ မှုခင်းကိစ္စများပြားလှသည့် အကြောင်းများကို တိုင်ပင် ပြောဆိုလျက် ရှိကြစဉ် အိမ်ရှေ့တံခါးသည် ရုတ်တရက် ပွင့်လာ၍ အလွန်တရာ တုတ်ခံ့ညားသော အရပ်အမောင်းရှိသည့် လူကြီး တစ်ယောက်သည် ပုဆိုးရှည် ရင်ဖုံးအကျီ ခေါင်းပေါင်းအုပ်ပေါင်း စသည်တို့ဖြင့် ခန့်ထည်စွာ ဝတ်ဆင်လျက် တံခါးပေါက်မှ ရပ်ကာ ကျွန်တော်တို့အား ကြည့်နေ ရင်းပင် တံခါးကို မှီလျက် ရုတ်တရက် လဲလေ၏။

ထိုအခါ ကျွန်တော်တို့ နှစ်ယောက်မှာ အံ့အားသင့်လျက်ရှိရာမှ ရုတ်တရက် ထလာကြပြီးနောက် သတိမရ ဖြစ်နေသော လူကြီးကို ထူပွေ့ပြီးလျှင် မောင်စံရှား က မည်သူမည်ဝါ ဖြစ်ကြောင်းကို သိနိုင်စေခြင်းငှာ ၎င်း၏ အိတ်သွင်း၌ ပါရှိသောပစ္စည်းများကို ထုတ်၍ ကြည့်လေရာ လက်ကိုင်ပဝါ တစ်ထည် ငွေ ၂၇ ကျပ် ပါရှိသော သားရေအိတ်တစ်ခု၊ အသွားအပြန် စီးနိုင်သော မီးရထားလက်မှတ် တစ်စောင်ကို တွေ့ရှိရလေ၏။ မောင်စံရှားသည် လက်မှတ်ကို ဖတ်၍ ကြည့်သည် တွင် ဒါးပိန်ဘူတာမှ လာရောက်ကြောင်းကို သိရှိရလေ၏။ ၎င်းမျက်စိ မှိတ်လျက် ရှိနေသော လူကြီးကို ကြည့်ရင်း...

ရှား။ ။ အသက် ၄ဝ ကျော်၊ အလုပ်အကိုင်က ရှေ့နေ၊ သို့ မဟုတ် ကျောင်းဆရာ နာမည်က ဦးအုန်းဘေ ဇာတိကတော့ အောက်တောကဖြစ်တဲ့ လက္ခဏာရှိတယ်။

ကျွန်တော်။ ။ ဇာတိနဲ့ အလုပ်အကိုင်ဆိုတာကတော့ လူပုံလူပန်းနဲ့ ဝတ်ပုံစားပုံကို ကြည့်ပြီး ပြောတယ်ဆိုရင် ရှိပါစေတော့ဗျာ၊ နာမည်ကို ခင်ဗျား ဘယ့်နှယ် သိသလဲဗျ။

ရှား။ ။ ကိုသိန်းမောင်နှယ်ဗျာ ဒီလောက်မှ မျက်စိ မရှင်သေးဘဲကိုးဗျ။ သူ့ရှပ်အင်္ကျီ နာရီအိတ်မှာ အို၊ပီ ဆိုတဲ့ အတိုကောက်စာလုံး တပ်ပြီးထားတာ မမြင်ဘူးလားဗျ၊ အို၊ပီ ဆိုတဲ့ စာလုံးဟာ အုန်းဘေဆိုတဲ့ နာမည်အပြင် ဘာများ တွေးစရာရှိသေးသလဲဗျ။

ကျွန်တော်။ ။ ကန်းပါပေ့ဗျာ၊ ဒါလောက်ဟာတောင် မမြင်မိပေဘူး။ "

ထိုခဏ၌ ထိုလူကြီးသည် သတိရလာ၍ လူးလဲကာ ထပြီးလျှင် သတိမရ ဖြစ်၍သွားသည်ကို ကျွန်တော်တို့အား တောင်းပန်လျက် ထမင်းကို မစားမိတာ ၂ ရက်မျှ ကြာရှိပါပြီခင်ဗျာ၊ စိတ်ညစ်လွန်း စိတ်ရှုပ်လွန်းလို့ ထမင်းကိုပဲ စားဖို့ သတိမရနိုင်ဘူး။ နောက်ဆုံး ကြံရာမရနိုင်တော့မှ မတတ်နိုင်ပါဘူးဆိုပြီး ဦးစံရှား ဆီကို လာခဲ့ရခြင်းဖြစ်ပါတယ်ခင်ဗျာ။

ရှား။ ။ (ပြုံးလျက်) လာတာတော့ ဟုတ်ပါရဲ့၊ ကိစ္စကို ပြောပြဦးမှပေါ့ ဦးအုန်းဘေရဲ့။

ကျွန်တော်ကတော့ ဒါးပိန်မြို့က ကျောင်းဆရာကြီး ဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော့်ကျောင်းမှာ စာသင်ဖို့ထားတဲ့ ဦးအောင်မင်းရဲ့ သား မောင်ဘကျော်ဆိုတာ ပျောက်သွားလို့ပါခင်ဗျာ၊ သူ့အဖေ ဦးအောင်မင်းက သူ့သားကို တွေ့ ရင် ဆုငွေ ၂၀၀° ၊ ခိုးယူသွားတဲ့ လူများကို ပေါ်ပေါက်အောင် စုံထောက် ပေးနိုင်ရင် ဆုငွေ ၁ဝဝ ထပ်ပြီး ပေးဦးမယ်လို့ ကြော်ငြာ ထုတ်ထားပါတယ် ခင်ဗျာ၊ ကျွန်တော်လာခဲ့ရခြင်းက ဦးစံရှားမှလည်း အကျိုးရှိစေတော့ ကျွန်တော့်မှာလည်း ကိုယ့် ကျောင်းမှာ အပ်ထားတဲ့ လူကြီးလူကောင်းတစ်ယောက်ရဲ့ သားတစ်ယောက် ပျောက်သွားတယ်ဆိုတော့ နောင်ကို ကျောင်းအိပ်ကျောင်းစား သူတစ်ပါးက မအပ်နှံဝံ့အောင် နာမည်ပျက်သွားမှာ စိုးရိမ်တာက တစ်ကြောင်း၊ သူငယ်ကလေးကို သက်သက် သနားတာကလည်း တစ်ကြောင်းကြောင့် ပြေးလာခဲ့ရခြင်း ဖြစ်ပါတယ် ခင်ဗျာ၊ တစ်ဆိတ်လောက် ပေါ်ပေါက်အောင် လိုက်ပြီး စုံထောက် ပေးလှည့်ပါဦး ခင်ဗျာ”

ရှား။ ။ ဦးအောင်မင်း ဆိုတာက ဘာလဲ။ -

ဘေ။ ။ ဦးအောင်မင်း ဆိုတာ မင်းတိုင်ပင် အမတ်ဟောင်းခင်ဗျ၊ လယ် မြေဧက ၁ဝဝဝ ကျော်လောက် ရှိပါတယ်၊ ဆန်စက်တစ်လုံး၊ သစ်စက်တစ်လုံး၊ အင်မတန် ဓနဥစ္စာ ကြွယ်ဝတဲ့ လူကြီးတစ်ယောက်ပါ ခင်ဗျာ၊ ကျွန်တော့်ကိုလည်း သားကလေးအတွက် ကျောင်းလခနဲ့ စားစရိတ်အတွက် တစ်လကို ၈ တောင်ထောက်မ ရှာပါတယ် ခင်ဗျာ၊ ဒီအထဲမှာ ဒီလို ဖြစ်ရတယ်ဆိုတော့ ကျွန်တော် ပေါ့လျော့ရာ ရောက်ပြီး ဘာကောင်းနိုင်တော့မှာလဲ ခင်ဗျာ။ ။

ရှား။ ။ ဦးအောင်မင်းက နေတော့ ဘယ်မှာနေသလဲ။

ဘေ။ ။ သူနေတော့ ဒါးပိန်နဲ့ ၆ မိုင်လောက် ဝေးတဲ့ လက်ခုပ်ကုန်းရွာ မှာ နေပါတယ် ခင်ဗျာ။

ရှား။ ။ ကိုင်း... ကိုင်း သူငယ်ပျောက်ပုံ ကြားရအောင် ပြောပါဦး။

ဘေ။ ။ ဒီလိုပါခင်ဗျာ၊ ကျွန်တော်က ဟိုနယ်မှာ အသင်အပြ ကောင်း ကြောင်း၊ အဆုံးအမ သြဝါဒ ပေးတဲ့ နေရာမှလည်း ကောင်းကြောင်း နာမည် ရခဲ့ လေတော့ ကျွန်တော့်ကျောင်းမှာ ရွာနီးချုပ်စပ်က လူကုံထံ သားသမီးကလေး တွေဟာ အင်္ဂလိပ်ကျောင်းကြီးကို မပို့မီ ကျွန်တော့်ကျောင်းမှာ ကျောင်းအိပ်ကျောင်းစားအဖြစ်နဲ့ အပ်နှံပြီး ထားကြပါတယ် ခင်ဗျာ၊ ဦးအောင်မင်းက ပိုက်ဆံ ပေါပေမဲ့ စိတ်အေးချမ်းသာခြင်း မရှိရှာဘူး ခင်ဗျ၊ သူ့မယားနဲ့ ခဏခဏ တကျက်ကျက် ဖြစ်ကြတယ်၊ နောက်ဆုံးတော့ မယားဖြစ်သူ ဒေါ်မြမေက စိတ်ဆိုး ထွက်သွားပြီး သူ့မိဘနဲ့ ရန်ကုန်မှာ လာပြီးနေတယ်၊ သားကလေး တစ်ယောက် မောင်ဘကျော်ကိုတော့ သူ့အဖေက မထည့်လိုက်ဘူး၊ ပညာသင်ဖို့ အချိန်တော်ပြီ ဆိုပြီး သူ့မိခင် ထွက်သွားပြီးတဲ့နောက် ကျွန်တော့်ကျောင်းမှာ လာပြီး အပ်ထားတယ်။ သူငယ်ကလည်း ကျောင်းကို ရောက်လာတော့ အပျော်သားခင်ဗျ၊ ပညာ လည်း အင်မတန် လိုလားတယ်။

ရှား။ ။ အသက် ဘယ်လောက်ရှိပြီလဲ။

ဘေ။ ။ ၉ နှစ်လောက် ရှိပါပြီခင်ဗျာ။

ရှား။ ။ ဆိုပါဦး။

ဘေ။ ။ ကျောင်းရောက်တာ ၃ လလောက် ရှိပါပြီ။ ဘာမှ မဖြစ်ဘူး အကောင်းသား ခင်ဗျ၊ လွန်ခဲ့တဲ့ တနင်္လာနေ့ညကတော့ ပျောက်သွားပါရော ခင်ဗျာ၊ သူ အိပ်တာက ကျောင်းအပေါ်ထပ်မှာ အိပ်တယ်၊ မြေပိုင်သူဌေး ဦးကျော်မြတ်ရဲ့ သား မောင်စောမောင်ရယ်၊ မောင်ဘခင်ရယ် သူရယ် တစ်ခန်းတည်း အတူတူ အိပ်ကြပါတယ်၊ မနက်မိုးလင်းတော့ မောင်ဘကျော် မရှိဘူး ခင်ဗျ၊ အိမ်ရှေ့ တံခါး လည်း မပွင့်ဘူး၊ အခန်းတံခါးတောင်မှ မပွင့်ဘူး၊ သို့သော် သူတို့ အိပ်ခန်း ပြတင်း ပေါက်နားမှာ သပြေပင်ကြီး တစ်ပင် ကပ်ပြီးပေါက်နေတယ်ခင်ဗျ၊ သွားလို့ရှိရင် ဒီသပြေပင်ကြီးက ဆင်းပြီး သွားဟန်တူရဲ့၊ နို့ပေတဲ့ သပြေပင်ကြီး အမြစ်ရင်းမှာ ကျွန်တော် ကြည့်တော့လည်း ဘယ်သူ့ခြေရာမှ မတွေ့ ရဘူးခင်ဗျ။

ရှား။ ။ ညက အော်သံဟစ်သံလည်း မကြားရဘူးဆိုပါတော့။

ဘေ။ ။ မကြားဘူးခင်ဗျ။ အော်ခဲ့လို့ရှိရင် သူနဲ့ အတူတူအိပ်တဲ့ မောင်စောမောင်ဆိုတာ အင်မတန် အအိပ်ဆတ်တဲ့ သူငယ်ခင်ဗျ၊ မုချသူကြားဖို့ ကောင်းတယ်။ အခုတော့ ဘာသံမှလည်း မကြားပါဘူးတဲ့၊ ည ၉ နာရီ ထိုး လောက်မှာ အတူတူဝင်ပြီး အိပ်ကြတာပါပဲတဲ့။ ဒါနဲ့ ကျွန်တော်တို့လည်း သူ့အိမ် လွှတ်ပြီး မေးလားမြန်းလား ရှာလားဖွေလား လုပ်လိုက်တာ ဘယ်မှာမှ သတင်း မရဘူးခင်ဗျ၊ သူငယ် ပျောက်နေတာနဲ့ အစတော့ဘာမှ သတိမရနိုင်ဘူး၊ ၁၀ နာရီ ထိုးလောက်ကျတော့မှ သူငယ်များ အခန်းနှင့်ကပ်ပြီးနေတဲ့ အခန်းမှာ အိပ်တဲ့ လက်ထောက်ဆရာကလေး မောင်ထွန်းမင်းလည်း ပျောက်သွားကြောင်း တစ်ခါ ထပ်ပြီး သိရပြန်တာကိုးခင်ဗျ။

ရှား။ ။ မောင်ထွန်းမင်းဟာ အဝတ်အစား အပြည့်အစုံ ဝတ်သွားသလား သူ့အဝတ်တွေ အကုန်လုံးရှိရဲ့လား။

ဘေ။ ။ ဒီကျောင်းဆရာကလေးက တော်တော် ကုတ်ကတ်တဲ့ ကျောင်း ဆရာကလေးခင်ဗျ၊ ပေါင်းမှ အင်္ကျီနှစ်ထည် ဖိနပ်တစ်ရန် ရှိပါတယ်။ အင်္ကျီ နှစ်ထည်လည်း ပါမသွားဘူး၊ ဖိနပ်လည်း စီးမသွားဘူးခင်ဗျ၊ ရှပ်အင်္ကျီလေးနှင့်ပဲထွက်သွားဟန် တူပါတယ်။ ဪ... နေဦး၊ သူစီးတဲ့ စက်ဘီးတော့ဖြင့် မရှိဘူး ခင်ဗျ၊ နှစ်ယောက်စလုံး ပျောက်သွားလိုက်တာ ဒီကနေ့ပါ ၃ ရက် ရှိပါပြီခင်ဗျာ။ သူ့အဖေကြီးဆိုတာလည်း ဒေါင်းတောက်လို့ ကျွန်တော်တို့ဆိုတာလည်း ခင်ဗျား တို့ မြင်တဲ့အတိုင်း ထမင်းတောင် မစားနိုင်ဘူး၊ လက်ထောက်ဆရာတွေ ဆိုတာ လည်း ဟိုပြေးဒီပြေးနဲ့ တစ်ပြေးတည်း ပြေးနေရရှာတာပဲ၊ ဒါနဲ့တောင် ယခုတိုင် ဘာသတင်းမှ မကြားရပါဘူးခင်ဗျာ၊ ဒါကြောင့် ဦးစံရှားဆီ ပြေးလာခဲ့ပါတယ်။

ရှား။ ။ ပျောက်သွားတဲ့ လက်ထောက်ဆရာ မောင်ထွန်းမင်းက ဘယ် လိုလူလဲ။

ဘေ။ ။ အင်မတန် ရိုးသားဖြောင့်မတ်တဲ့ လူတစ်ယောက်ပါခင်ဗျာ၊ လည်ခြင်းပတ်ခြင်း သောက်ခြင်းစားခြင်း တစ်ဆိတ်မှ ရှိတဲ့လူကလေး မဟုတ် ပါဘူး။ ဘယ့်နှယ်ကဘယ်လိုဖြစ်ပြီး သူတို့နှစ်ယောက်အတူတူ ပျောက်သွားကြ တယ်ဆိုတာ ပြောပဲမပြောတတ်ပါဘူးခင်ဗျာ။

ကျွန်တော်၏ မိတ်ဆွေ မောင်စံရှားသည် ဦးအုန်းဘေ ပြောသော အဖြစ် အပျက်များကို ဆေးတံသောက်ကာ နားထောင်လျက်ရှိရာ ဦးအုန်းဘေ၏ စကား ဆုံးသော်လည်း စဉ်းစားစိတ်ကူး ရှိနေသည့် လက္ခဏာနှင့် မည်သို့မျှ ထပ်လောင်း မေးမြန်းခြင်း မပြုဘဲ ဆေးတံကိုသာလျှင် ဆက်လက် သောက်ရှူကာ ဆိတ်ငြိမ်စွာ ရှိနေခဲ့လေ၏။

နောက်ဆုံး၌

ရှား။ ။ ပျောက်ပျောက်ချင်း ခင်ဗျား ကျုပ်ဆီ မလာတာ အပုံကြီး လွဲတာပဲ၊ ဟိုတုန်းက ကျုပ်ကို ချက်ချင်း ခေါ်ခဲ့လို့ရှိရင် သပြေပင်ကြီးအောက်မှာ ခင်ဗျားတို့ ခြေရာ မတွေ့နိုင်ဘူးဆိုပေမဲ့ ကျုပ်ကြည့်ရရင် တွေ့ ကောင်းတွေ့မှာပေါ့

ဘေ။ ။ ကျွန်တော့်အပြစ် မဟုတ်ပါဘူးခင်ဗျာ၊ ကျွန်တော်တော့ ချက် ချင်းပဲ သတိရပါရဲ့ ၊ နို့ပေမဲ့ ဦးအောင်မင်းက ဒီအဖြစ်ကို လူသိခဲ့လို့ ရှိရင် သူတို့ လင်မယား မသင့်မတင့် ဖြစ်ကြတဲ့ အကြောင်းတွေပါ လူတွေသိမှာစိုးလေတော့၊ မသွားပါနှင့်တော့လို့ တားလေတော့၊ မလာခဲ့ဘဲ နေခဲ့ရပါတယ်ခင်ဗျာ။

ရှား။ ။ ပုလိပ်ကိုကော တိုင်ချက် မပေးဘူးလား။

ဘေ။ ။ ကျွန်တော်က မနေနိုင်လေတော့ တိုင်ချက် ပေးတဲ့အတွက် ပုလိပ် များလည်း လာပြီး စုံထောက်ကြပါရဲ့ ခင်ဗျာ၊ နို့ပေမဲ့ ဘာမှ အကြောင်းမထူးပါဘူး။