Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - စာမေးပွဲမေးခွန်းစာရွက်များပျောက်ဆုံးမှု၌မောင်စံရှားစုံထောက်ပုံ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

စာမေးပွဲမေးခွန်းစာရွက်များ ပျောက်ဆုံးမှု

တစ်နေ့သ၌ ကျွန်တော်သည် တိုက်ရှေ့ပြတင်းပေါက်အနီးတွင် သတင်းစာ ဖတ်လျက်ရှိစဉ် မိတ်ဆွေကြီးဦးစံရှားမှာ ဝါနုသော စုံထောက်ကလေးများ ဖတ်ရှု လေ့လာမှတ်သားရန်အတွက် ဆေးပြာအမျိုးမျိုးအကြောင်းကို စာတမ်းကလေး တစ်အုပ် ရေးထုတ်ရန် စီစဉ်ခြင်းအားဖြင့် အလွန် အလုပ်များလျက်ရှိ၏။ ဦးစံရှားမှာ သတင်းစာ၌ အဆန်း အပြားသတင်းများကို ကျွန်တော်က ပြန်ပြောင်းပြောပြသည်ကိုပင် နားမထောင် အားဘဲ “နေစမ်းဗျာ ကိုသိန်းမောင်”ဟု မငြင်းစဖူး ငြင်းဆန်လိုက်သေး၏။ ယင်းသို့ရှိစဉ် အသက် ၄၀ ကျော်အရွယ်ခန့်ရှိ၍ မျက်မှန်ဝိုင်းကြီး တပ်ထားသော အင်္ဂလိပ်လူမျိုး တစ်ယောက်တက်လာရာ ဦးစံရှားက “ဟဲလို .. ပရော်ဖက်ဆာဆမစ်” ဟု နှုတ်ဆက် လိုက်သဖြင့် သိဟောင်းကျွမ်းဟောင်းတစ်ယောက်ဖြစ်ကြောင်း သိရှိရ၏။

ပရော်ဖက်ဆာ ဆမစ်ဆိုသူသည် ပျာယီးပျာယာရှိသော အမူအရာဖြင့် ကုလား ထိုင်တွင် ထိုင်ပြီးနောက် “ကိစ္စကလေးတစ်ခု အရေးကြီးနေလို့ တစ်နာရီလောက် အားလပ်လို့ရှိရင် ကျုပ်ကို ကူညီစမ်းပါ မိတ်ဆွေ” ဟု ပြောရာတွင်

သည်းခံပါ ပရော်ဖက်ဆာ၊ အင်မတန် အလုပ်ရှုပ်နေလွန်းလို့ ပုလိပ်တတ်နိုင် တဲ့ ကိစ္စမျိုးဖြစ်ရင် ပုလိပ်ဆီကို သွားဖို့ ကျွန်တော် တောင်းပန်ပါတယ်” ။

ပုလိပ်ကို တိုင်တန်းရရင် 'ယူနီဗာစီတီတစ်ခုလုံး နာမည်ပျက်ကုန်တော့မယ် မိတ်ဆွေ၊ တောင်းပန်ပါရစေဗျာ။ ခင်ဗျားကိုယ်တိုင် တစ်ဆိတ်လောက်လိုက်ပြီး ကူညီ စမ်းပါဦး။ ခင်ဗျားကလွဲလို့ ဘယ်သူမှ တတ်နိုင်မယ့်ကိစ္စမျိုး မဟုတ်လို့ပါ။ မကြာပါဘူး ဗျာ ခဏလေးပါ”

ဦးစံရှားမှာ ငြင်းပယ်၍ရတော့မည် မဟုတ်ကြောင်းကို သိမြင်လေရကား စာရွက် များကို ချထားခဲ့၍ နားထောင်ရန် ပြင်ဆင်လေ၏။ ။

ကိုင်း ... ဒါလောက်တောင်ရှိမှ ဆိုစမ်းဗျာ ပရော်ဖက်ဆာ”

ဒီလို ဦးစံရှားရဲ့၊ မနက်ဖြန်ခါ ပါဠိဘာသာ ပညာတော်သင်လွှတ်ဖို့ ကိစ္စ အတွက် စာမေးပွဲလုပ်ဖို့ ရက်ချိန်းထားတယ်။ တစ်နှစ်ကို ရွှေဒင်္ဂါးသုံးရာနဲ့ ဘိလပ်မှာ နှစ်နှစ် ပညာသင်ရမယ့်ကိစ္စ ဖြစ်လေတော့ ဘီအေတွေ၊ ဘီအက်စ်စီတွေ တစ်ပုံကြီး ဝင်ဖြေကြလိမ့်မယ်။ မေးခွန်းပုစ္ဆာထဲမှာ ပါဠိဘာသာက မြန်မာလိုပြန်ဖို့ စာပိုဒ်ကြီး တစ်ပိုဒ်ပါတယ်။ ဒီမေးခွန်းကို ကြိုတင်ပြီး သိထားနှင့်လို့ရှိရင် ဖြေဆိုသူအဖို့ အပုံကြီး အကျိုးများမယ်ပေါ့ ဗျာ။ ဒါကြောင့် မေးခွန်းပုစ္ဆာကို လူမမြင်စေရအောင် ကျုပ်တို့ အထူးဂရုစိုက်ဖို့ အရေးကြီးတာကိုးဗျ”

ခင်ဗျားက ပါဠိဘာသာကိုင်ရတယ် မဟုတ်လား”

မှန်ပါတယ် .. ဒီကနေ့ ညနေ ၃ နာရီအချိန်လောက်မှာ အစိုးရပုံနှိပ်တိုက်က မေးခွန်းပုစ္ဆာ ပရုဖ်စာရွက်သုံးရွက်ကို ကျုပ်ဆီပို့လိုက်တယ်။ “ဒီမေးခွန်းဟာ တစ်လုံးမှ အမှားအယွင်း မပါစေရအောင် ဂရုစိုက်ဖို့လိုတဲ့အတွက် ပရုဖ်ကို ပုံနှိပ်တိုက်က မမြင် စေဘဲ ကျုပ်ကိုယ်တိုင် ပြင်ပို့ပေးလိုက်ခြင်းဖြစ်တယ်။ ၃ နာရီခွဲသော်လည်း စာပြင်လို့က မပြီးသေး။ မိတ်ဆွေပရော်ဖက်ဆာတစ်ယောက်ကလည်း ဒီအချိန်မှာ လက်ဖက်ရည်သောက် ဖိတ်ထား၊ ဒီတော့ ကျုပ်က ပရုဖ်စာရွက်တွေကို စားပွဲပေါ်မှာထားခဲ့ပြီး အခန်းတံခါးကို သော့ခတ်ထားခဲ့တာကိုးဗျ။ နာရီဝက်ကျော်ကျော်ကြာတော့ လက်ဖက် ရည်သောက်ပြီးလို့ ပြန်လာတော့ အခန်းတံခါးမှာ သော့တန်းလန်းကြီး တွေ့ချေတော့ တာကိုး။ ဒါနဲ့ ကျုပ်က ကျုပ်မေ့ပြီး သော့တန်းလန်းထားခဲ့လေရော့သလားလို့ အိတ်ထဲမှာ သော့စမ်းကြည့်တော့ ကျုပ်သော့လည်း ရှိတယ်ဗျ။ သို့သော် သော့တူ တစ်ချောင်း ဘယ်သူ့မှာရှိသလဲဆိုတော့ ကျုပ်အစေခံ မူတူးဆာမိဆိုတဲ့ ကုလားအဘိုး ကြီးဆီမှာ ရှိတယ်။ ဒီအဘိုးကြီးဟာ ကျုပ်ဆီမှာ အလုပ်လုပ်တာ ၁၀ နှစ်လောက်ရှိပြီ။ ရိုးသားလိုက်တာတော့ မပြောနဲ့တော့။ ကျုပ်ကိုကျုပ် ယုံကြည်သလောက် ဒီအဘိုးကြီး ကို ကျုပ်ယုံကြည်နိုင်ပါရဲ့ ။ ဒီလောက်ပဲ ရိုးသားဖြောင့်မတ်တဲ့ ကုလားကြီးပါ။ ဒါနဲ့ သူ့ကို ခေါ်မေးကြည့်တော့ တံခါးကသော့ဟာ သူ့သော့ပါတဲ့။ ကျုပ်ကို လက်ဖက်ရည် သောက်ဦးမလားလို့ အခန်းထဲဝင်မေးရာမှာ ကျုပ်ကို မတွေ့တာနဲ့ ပြန်ထွက်တော့ သော့ကို မေ့ထားခဲ့မိပါတယ်တဲ့။ ကျုပ် ထွက်သွားပြီးတဲ့နောက် မကြာမီ အတွင်းမှာပဲအခန်းထဲ သူဝင်တဲ့ လက္ခဏာနဲ့တူရဲ့။ သော့မေ့ကျန်ရစ်တာက ဒီပြင်အခါမှာ ကိစ္စ မရှိလှဘူး။ ဒီနေ့ ဒီရက်မှာတော့ သိပ်ခွကျကုန်တာပဲ ဦးစံရှားရယ်”

ဆိုပါဦးဗျ”

အခန်းထဲ ကျုပ်ဝင်ဝင်ချင်း စာရွက်တွေ ခြေရာလက်ရာ ပျက်နေတာ တွေ့ ရတော့တာကိုးဗျ။ ကျုပ်ထားခဲ့တုန်းက ပရုဖ်စာရွက်သုံးရွက်လုံးကို အခန်းလယ်က စားပွဲကြီးပေါ်မှာ တင်ထားခဲ့တယ်ဗျ။ ပြန်လာလို့တွေ့တော့ တစ်ရွက်က ကြမ်းပြင်ပေါ် မှာ၊ တစ်ရွက်က ပြတင်းပေါက်နားက စားပွဲကလေးပေါ်မှာ၊ စားပွဲကြီးပေါ်မှာတော့ တစ်ရွက်တည်းသာ ကျန်တော့တယ်ဗျ”

ပထမစာရွက်ဟာက ကြမ်းပေါ်မှာ၊ ဒုတိယစာရွက်က ပြတင်းပေါက်နားမှာ၊ တတိယစာရွက်က စားပွဲကြီးပေါ်မှာ ဟုတ်စ”

မှန်တယ်၊ ဒီအတိုင်းပဲ။ ဒါထက် ခင်ဗျား ဘယ့်နှယ်လုပ်ပြီး ပထမ ဒုတိယ ခွဲခြားသိနိုင်သလဲ”

ပြောသာ ပြောပါ၊ နောက်တော့ ရှင်းသေးတာပေါ့”

ပထမတော့ စာရွက်တွေကို မူတူးဆာမိ ယူကြည့်လေရော့သလားလို့ ထင်မိ တယ်။ သို့သော် သူ့ စစ်ကြည့်တော့ မဟုတ်ရပါဘူးတဲ့ ပြောရှာတယ်။ သူ ပြောတာ အမှန်ပဲလို့ ကျုပ်ယုံကြည်တယ်။ ဒီတော့ကာ သူမဟုတ်ရင် ဘယ်သူ ဖြစ်နိုင်မလဲတဲ့။ စဉ်းစားလိုက်တော့ တစ်ယောက်ယောက်ဟာ တံခါးအနီးက ဖြတ်သွားရာမှာ သော့တန်း လန်းနဲ့ မြင်လေတော့ ကျုပ်မရှိမှန်းကိုလည်း သိတာနဲ့ အခန်းထဲဝင်၊ စက္ကူတွေကို မွှေကြည့်ဟန်ရှိတယ်။ ပညာတော်သင်ကိစ္စဟာ ငွေ လေးငါးရှစ်ထောင်တန်တဲ့အပြင် တစ်သက်လုံး အလုပ်အကိုင်ရဖို့အရေးပါထည့်ကြည့်ရင် အများကြီး အဖိုးတန်တဲ့အလုပ် ဖြစ်လေတော့ မရိုးဖြောင့်တဲ့ လူတစ်ယောက်ဟာ ဒီမေးခွန်းပုစ္ဆာကို မြင်ရဖို့အတွက် အတော်ကြိုးကြိုးပမ်းပမ်း စွန့်စားလိမ့်မယ်လို့ ယူဆထိုက်ပါတယ်” ။

အမှန်ပေါ့ ပရော်ဖက်ဆာ”

ကျုပ် အစေခံကုလားကြီး မူတူးဆာမိဟာလည်း မေးခွန်းစာရွက်တွေကို လူ ဝင်မွှေသွားကြောင်း သိရတော့ ဘယ်လောက်များ တုန်လှုပ်ရှာသလဲဆို ကုလားထိုင်ပေါ် မှာ ယိုင်ပြီးလဲသွားရှာတယ်။ ဒါနဲ့ မူတူးလဲနေတုန်း ကျုပ်က အခန်းကို သေသေချာချာ ကြည့်ပြန်တော့ လူဝင်တဲ့ အထိမ်းအမှတ်များကို ထပ်ပြီးတွေ့ရပြန်တယ်။ ပြတင်းနောက် နားက စားပွဲဝိုင်းကလေးပေါ်မှာ ခဲတံချွန်ထားတဲ့ အစအန ကလေးတွေရယ်၊ ခဲတံကကျိုးခဲ့တဲ့ ခဲကျိုးကလေးတစ်ခုရယ် တွေ့ရတယ်ဗျ။ လက္ခဏာကတော့ ကတိုက်ကရိုက် ကူးရတာနဲ့ ခဲကျိုးပြီး ထပ်ချွန်ရပြန်တယ် ထင်ပါရဲ့”

မှန်တယ် ... ဒီတစ်ချက်တွေးပုံ တော်ပါပေတယ်ဗျ။ ဆိုပါဦး”

ဒါတင်မကသေးဘူးဗျ၊ ရှိသေးတယ်... ကျုပ်စားပွဲကလေးဟာ သားရေခင်း ဗျ။ ဝယ်ထားတာ မကြာသေးဘူး။ အခုတော့ သားရေမှာ သုံးလက်မလောက် ပြတ်နေ တာ တွေ့ရတယ်။ ပြီးတော့လည်း စားပွဲအစွန်းနားမှာ လက်မလောက်ရှိတဲ့ ရွှံ့လုံး ကလေးတစ်လုံးလည်း တွေ့ရတယ်။ ရွှံ့လုံးကို သေသေချာချာကိုင်ကြည့်တော့ လွှစာနဲ့ ရောနေတာ တွေ့ရတယ်”

ဒီပြင်ကော ဘာများတွေ့ ရသေးသလဲ”

ဒီပြင်တော့ မရှိဘူး၊ ဒီဟာတွေ့ တော့ ဘယ့်နှယ်လုပ်ရပါ့မလဲလို့ အခက်ကြုံ နေတုန်း ဗြုန်းဆို ခင်ဗျား သတိရလေတော့ ပြေးလာခဲ့တာပဲ။ ဒီလူကို တွေ့အောင်ရှာရင် လည်း ရှာရမယ်။ မရှာနိုင်ခဲ့လို့ရှိရင်လည်း စာမေးပွဲကို ရက်ရွှေ့ရလိမ့်မယ်။ ဒီအတိုင်း ကျင်းပရင်တော့ ကျုပ် ခွေးဖြစ်ဖို့ရှိတော့တယ်။ တစ်ဆိတ်လုပ်ပါဦးဗျာ။ အဖြစ် အပျက်ကို ကျောင်းအုပ်ကြီးဖွင့်ပြောနေရရင် အနည်းဆုံးပေါ့လျော့မှုနဲ့ ကျုပ် နာမည် ပျက်တော့မှာပဲ။ ဒီတော့ တိုးတိုးတိတ်တိတ် ကျိတ်ပြီး ကူညီစမ်းပါဦး ဦးစံရှားရယ်”

ဦးစံရှားသည် ထိုင်ရာမှထ၍ အဝတ်များ လဲလှယ်ရင်း “ပရုဖ်စာရွက်တွေ ရောက်လာပြီးတဲ့နောက် အခန်းထဲကို ဘယ်သူလာသေးသလဲ”ဟု မေးခွန်းထုတ်လေ၏။

မိုဟန်လားဆိုတဲ့ ကုလားကျောင်းသားတစ်ယောက်လာပြီး စာမေးပွဲ အကြောင်းကို မေးတယ်” ။

ဒီစာမေးပွဲမှာ သူလည်း ဝင်သလား”

“ဝင်ပါတယ်” “သူဝင်လာတုန်းက စာရွက်တွေ ဘယ်မှာရှိသလဲ”

“စားပွဲပေါ်မှာ လိပ်လျက်ရှိပါတယ်”

“ပရုဖ်စာရွက်ပဲလို့ သိနိုင်လောက်သလား”

“သိနိုင်လောက်ပါတယ်”

“ဒီပြင် ဘယ်သူမှ မလာဘူးလား”

“မလာပါ”

စာရွက်တွေ အခန်းထဲမှာ ရှိလိမ့်မယ်လို့ သိတဲ့လူ ရှိသလား”

“မရှိပါ... ပုံနှိပ်တိုက်ကသာ သိပါတယ်”

“မူတူးဆာမိကာ သိသလား”

“မသိပါ”

“မူတူးဆာမိ ဘယ်မှာနေရစ်သလဲ”

“ခင်ဗျားဆီလာဖို့ အရေးကြီးနေတာနဲ့ သူ့ကို အခန်းထဲမှာ ထားပစ်ခဲ့ရပါတယ်”

“စာရွက်တွေကော ဘယ်မှာထားပစ်ခဲ့သလဲ”

“ဗီရိုထဲမှာ သော့ခတ်ထားခဲ့ပါတယ်”

ဒါဖြင့် ဒီလိုစဉ်းစားဖို့ ရှိတယ်၊ စာရွက်ကို မွှေတဲ့လူဟာ မိုဟန်လား၊ မဟုတ်ခဲ့လို့ရှိရင် စာရွက်ရှိမှန်းကို သိလို့ မဟုတ်ဘဲ မတော်တဆ ဝင်လာရင်းနဲ့ စာရွက်တွေကို မြင်သွားလို့ ယူကြည့်မိဟန် တူတယ် မဟုတ်လား”

ဒီလိုပဲ ထင်စရာရှိပါတယ်”

ကိုင်း... ဒါဖြင့် လာ၊ ကျုပ် လိုက်ကြည့်ဦးမှ ဖြစ်မှာပါပဲ။ လာပျို့ ကိုသိန်းမောင်၊ လိုက်ခဲ့ဦးလေ”

ပရော်ဖက်ဆာဆစ်၏အိမ်မှာ ကျောင်းသားများနေသော ကျောင်းဆောင်နှင့် ပေ ၅၀ ခန့်သာ ကွာခြားလေ၏။

ကျောင်းသားများမှာ စာကျက်လျက်ရှိကြရာ ကျွန်တော်တို့သည် နေဝင်ရီ တရောအချိန်တွင် ရောက်သွားကြ၏။ ဦးစံရှားသည် ပရော်ဖက်ဆာ၏ အခန်းတွင်းသို့ မဝင်သေးမီ ပြတင်းပေါက်မှ ခြေဖျားထောက်ကာ အခန်းတွင်းသို့ လှမ်းကြည့်လိုက် သေး၏။

ဆမစ် ။ ။ “ပြတင်းပေါက်ကဝင်တာ မဟုတ်ပါဘူးဗျ၊ တံခါးပေါက်က ဝင်မှာပဲ”ဟု ပြောလိုက်သောအခါ ဦးစံရှား သည် မျက်နှာထားတစ်မျိုးနှင့် ပြုံးလိုက်၏။

ယင်းနောက် ဆမစ်သည် အခန်းတံခါးကို သော့နှင့် ဖွင့်၍ အခန်းတွင်းသို့ အားလုံး ဝင်လာကြသောအခါ ဦးစံရှားက “မူတူးဆာမိကို ကုလားထိုင်ပေါ်မှာ ထားပစ်ခဲ့ရတယ်ဆို၊ ဘယ်ကုလားထိုင်လဲ”ဟု မေးသဖြင့် “ပြတင်းပေါက်နားက ဟောဟို ကုလားထိုင်ပဲ”ဟု ပရော်ဖက်ဆာက လက်ညှိုးညွှန်လျက် ပြောပြလေ၏။

အင်္ဂလိပ်မှ မြန်မာသို့ အမှီးဝတ္ထုများ တစ်ခေတ်ကို ပြန်လည်ဆန်းသစ်သော နှစ်ဘာသာတွဲစာအုပ် အစီအစဉ်ဖြစ်ပါသည်။ အမှီးဝတ္ထုများ၏ သဘောမှာ အတိအကျပြန်ဆိုခြင်း၊ ချဲ့၍ ပြန်ဆိုခြင်းမျိုးများမဟုတ်ဘဲ ဇာတ်၏ကျောရိုးနှင့် ရသအသွားအလာကိုသာ ယူ၍ မိမိကိုယ်ပိုင် အခင်းအကျင်းဖြင့် ပြန်လည် ဖန်တီးယူသော အတတ်ပညာဆန်သည့် ရေးဖွဲ့မှုမျိုးဖြစ်လေရာယခု စီစဉ်သော စာအုပ်များကို အင်္ဂလိပ်ဘာသာသက်သက် ဖတ်ရှုလိုက ဖတ်နိုင်ခြင်း ဘာသာစကား လေ့လာနိုင်ခြင်း၊ မြန်မာလိုသာ သီးခြားအရသာခံ ဖတ်ရှုလိုက ဖတ်ရှုနိုင်ခြင်း၊ စာပေဖန်တီးရေးဖွဲ့လိုသူများအတွက် အမှီးဝတ္ထုရေးဆရာ၏ ဖန်တီးမှုအတတ်ပညာနှင့် ရေးဖွဲ့ပုံကို ချဉ်းကပ်လေ့လာနိုင်ခြင်း ... စသည်ဖြင့် လိုအပ်သလို အသုံးပြုနိုင်ကြရန် ရည်ရွယ်ထုတ်ဝေခြင်းဖြစ်ပါသည်။