Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - ကျွန်ုပ်တွေ့သောစိတ်သဘာဝ

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out

ကျွန်ုပ်တွေ့သော စိတ်သဘာဝ

ဥပုသ်ဇရပ်တစ်ခု၌ “စာတတ်ပေတတ်” ခေါ်ကြသော လူကြီးနှစ်ယောက်နှင့် ဆုံမိ ကြရာ၊ တစ်ယောက်က “ကျွန်တော်တို့တတွေအကြောင်းကို ခင်ဗျားက မဂ္ဂဇင်း ထဲမှာ ရေးတယ်ဆို၊ ကျွန်တော်တို့ကတော့ မဂ္ဂဇင်းဖတ်တဲ့အထဲက မဟုတ်ပါဘူး။ သူများကပြောလို့ ကြားရတာပါ။”

ကျွန်ုပ် ။ ။ “ဘယ်လိုရေးတယ်ကြားလို့လဲခင်ဗျာ”

ဒုလူကြီး။ ။ “ကျွန်တော်တို့က စာတတ်ရုံသာ တတ်တယ်၊ ခင်ဗျားကတော့လက်တွေ့ အလုပ်လုပ်တယ်ဆို”

ကျွန်ုပ် ။ ။ “ခင်ဗျားတို့လည်း လက်တွေ့ အလုပ်လုပ်တယ်ဆိုရင် ကျွန်တော်ရေးတဲ့ စာတတ်ပေတတ်တွေထဲမှာ ခင်ဗျားတို့ မပါဘူးပေါ့”

ပလူကြီး။ ။ “ကျွန်တော်တို့ လက်တွေ့ လုပ်တယ်လို့တော့ မပြောလိုပါဘူး။သို့သော် ခင်ဗျား လက်တွေ့လုပ်ပုံက ဘယ်လိုလဲ သိပါရစေ”

ကျွန်ုပ် ။ ။ (အကြံတစ်ခုပေါ်လာသည်နှင့်) “နှုတ်နဲ့တော့ ရေလည်အောင်ပြောမပြတတ်ဘူးခင်ဗျာ။ မဂ္ဂဇင်းထဲမှာ ကျွန်တော် ရေးပြမယ်၊ဖတ်ကြည့်ပေတော့”

ဒုလူကြီး။ ။ “ကျွန်တော်တို့က မဂ္ဂဇင်းဖတ်တဲ့ လူစားမျိုး မဟုတ်ဘူးခင်ဗျ”

ကျွန်ုပ် ။ ။ “ဒီလိုဆို ခင်ဗျားတို့ ဆုံးရှုံးတာပေါ့”

ဒုလူကြီး။ ။ “ခင်ဗျာ၊ ဘယ်လိုများ ဆုံးရှုံးပါလိမ့်”

ကျွန်ုပ် ။ ။ “ဆုံးရှုံးတာက ဒီလိုပါ၊ ကျွန်တော် အလုပ်လုပ်ပုံကို ခင်ဗျားတို့ကသိချင်လို့ မေးတယ်ဟုတ်လား၊ ကျွန်တော့်အဖြေကို မဂ္ဂဇင်းထဲမှခင်ဗျားတို့ ဖတ်မကြည့်လိုဘူးဆိုရင် ခင်ဗျားတို့ သိချင်တာမသိရတဲ့အတွက် ခင်ဗျားတို့ ဆုံးရှုံးတာပေါ့”

ပလူကြီး။ ။ “သော် ဒီလိုလား၊ ဒါဖြင့်လည်း စောင့်ဖတ်ကြရသေးတာပေါ့ဗျာ၊ဘယ်တော့လောက် ရေးမှာလဲ” ကျွန်ုပ် ။ ။ “မူလတုန်းကတော့ ရေးဖို့မကြံရွယ်သေးပါဘူး၊ ခင်ဗျားတို့နဲ့တွေ့ ရလို့ ရှေ့အပတ်ရေးပို့မယ်ကြံတယ်၊ ကျွန်တော် မြင်တာတွေ့တာ ရေးပေမဲ့ စာနဲ့မကိုက်ရင် ပြောပြပေါ့ဗျာ”

ဒုလူကြီး။ ။ “ခင်ဗျာ၊ စာနဲ့ညှိပြီး ရေးမယ်မဟုတ်လား”

ကျွန်ုပ် ။ ။ “ဒီလိုရှိပါတယ်၊ ကျွန်တော် တရုတ်ပြည်သွားလို့ ပြန်လာတော့ကျွန်တော် မြင်ခဲ့တွေ့ခဲ့တာတွေ ရေးပြရာမှာ၊ ဘယ်စာနဲ့မှ ကျွန်တော် ညှိမနေဘူး၊ ကိုယ်တွေ့ခဲ့တာတွေ ကိုယ်ရေးတာပဲ၊ လက်တွေ့ဆိုရင် ဒီလိုပဲ ဖြစ်ရမယ်မဟုတ်ဘူးလား၊ သူတစ်ပါးစာတွေထဲက ကူးချ တဲ့လူတွေကသာ၊ ဟိုစာ ဒီစာတွေနဲ့ ညှိနှိုင်းနေရတယ် မဟုတ်ဘူးလား”

၂-ယောက်လုံး။ ။ “တယ်လာတဲ့လူပါတကား”

ကျွန်ုပ် ။ ။ “ကျွန်တော် ရေးပြတာဟာ၊ တရုတ်ပြည် မဟုတ်သေးဘူးဆိုရင်လည်း ခင်ဗျားတို့က ပြောပြပေါ့”

ပလူကြီး။ ။ “ဒီလောက်ပဲ သေချာသလားဗျာ”

ကျွန်ုပ် ။ ။ “ကိုယ်ဖြစ်တာ တွေ့တာကို ရေးပြတာလောက်တော့ သေချာတာပေါ့၊ သို့သော် ကျွန်တော် ရောက်ခဲ့တာဟာ ပီကင်းမဟုတ် သေးဘူး၊ စာဆိုနဲ့ မကိုက်ဘူးဆိုလျှင်လည်း ဝေဖန်နိုင်ခွင့်ရှိပါတယ်” ၂-ယောက်လုံး။ ။ “ခင်ဗျား ပြောပုံကြားရတာနဲ့ ဖတ်ချင်စိတ်ဖြစ်လာပြီ။

ရေးလေဗျာ မြန်မြန်”

ရဟန်းပြုဖူးခြင်း

ကျွန်ုပ်မှာ “တရားသမား” တစ်ယောက်၏ ဆန့်ကျင်ဘက် နာမည်မျိုး ထွက်ခဲ့ပုံရသော်လည်း မိရိုးဖလာအားဖြင့် “တရားသမား” မိဘနှစ်ပါးတို့မှ ပေါက်ဖွားခဲ့၍ မဂ်ဆိုက် ဖိုလ်ဆိုက် အားထုတ်ခဲ့သော ဆရာတော်ဘုရားကြီး တစ်ပါး၏ တပည့်ဖြစ်သည်။ တစ်ဖက်တွင် ဆရာတော်ဘုရားနှင့် မိဘနှစ်ပါးတို့၏ အကျင့်သီလနှင့် ဩဝါဒ၎င်း၊ အခြားတစ်ဖက်တွင် အဖော်အပေါင်းနှင့် ခပ်ပျော်ပျော် နေချင်တတ်သည့် ကျွန်ုပ်၏ ဝါသနာ၎င်း၊ လွန်ဆွဲသကဲ့သို့ ဖြစ်ခဲ့ ရာတွင် တစ်ဖက်တစ်လှည့်စီ ပါခဲ့မိသည်။ သို့သော် လူတစ်ယောက်၌ အဆိုးနှင့် အကောင်း ယှဉ်တွဲလျက်ရှိရာတွင် (အကောင်းချည်းသက်သက်ဆိုသော လူမှာ တကယ်ရှားလိမ့်မည်ထင်သည်။ အဆိုးဘက်က ပို၍နာမည်ထွက်တတ် ခြင်းမှာ လောက၏ ဓမ္မတာဖြစ်၏။ သို့ဖြစ်၍ “ပျော်ချင်တတ်သော ရွှေဥဒေါင်း ဟူ၍သာ လူသိများဟန်ရှိ၍ သားမယားကို စွန့်ပစ်ပြီး ရဟန်းပြု၍ အားထုတ်ခဲ့ဖူးသော (ဒုလ္လဘရဟန်းမဟုတ်) အဖြစ်ကိုမူ၊ လူသိနည်းပုံရသည်။ သို့သော် အသက် ၃၅ နှစ်အရွယ်တွင် ရဟန်းပြုပြီး (ကုသိုလ်ရချင်၍မဟုတ်) မဂ်တရား၊ ဖိုလ် တရားအတွက် အကြိတ်အနယ် အားထုတ်ခဲ့ဖူးခြင်းကား အမှန်ဖြစ်ပါသည်။ သို့သော် တောရကျောင်းတစ်ကျောင်း၌ ငှက်ဖျားဖျား၍ မိဘများ၏ တောင်းပန် ချက်အရ ၅၂ ရက်နှင့်ပင် လူဝတ်လဲခဲ့ရပေသည်။

နှစ်သက်သောနည်းများ

ရဟန်းပြုခဲ့စဉ်က အထက်ပါ ငယ်ဆရာတော်၏ နည်းနာနိဿယအတိုင်း သော်လည်းကောင်း၊ ထိုနောက် ဤခေတ်တွင် ပေါ်ပေါက်လျက်ရှိသော (မဂ်ပေါက် ဖိုလ်ပေါက်ဆိုသည့်) နည်းနာနိဿယ အမျိုးမျိုးအတိုင်းသော်လည်းကောင်း၊ ကျင့်ကြံအားထုတ်ခဲ့ဖူးရာ၊ ကျွန်ုပ် အနှစ်သက်ဆုံးသောနည်းမှာ စိတ္တာနုပဿနာ ခေါ် ဝိပဿနာ ရှုနည်းနှင့် ပါလုကျပုတ္တနှင့် ဘာဟိရတို့အား ဗုဒ္ဓကိုယ်တော်တိုင် ညွှန်ပြသည့် “ဒိဋ္ဌေဒိဋ္ဌမတ္တံ” နည်းပင် ဖြစ်ပါသည်။

စိတ္တာနုပဿနာရှုပုံ

ကျွန်ုပ်သည် စိတ္တာနုပဿနာရှုမှတ်ရာ၌ အတွင်းနှင့်အပြင် (အာရုံနှင့် အာရမဏိက) တိုက်မိတိုင်း ဖြစ်ပေါ်လာသည့် (ဝိညာဉ်)စိတ်ကို သိအောင်ကြိုး စားပါသည်။ ဥပမာ၊ မျက်စိနှင့် အဆင်းတိုက်မိသောအခါ “မြင်စိတ်” ဖြစ်လာ ခြင်းကိုသိ၍ နားနှင့်အသံ တိုက်မိသောအခါ “ကြားစိတ်” ဖြစ်လာသည်ဟု သိအောင် သတိပြုကာ စောင့်ကြည့်ပါသည်။ ဒွါရခြောက်ပေါက် ရှိသည့်အနက်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ကာယတည်းဟူသော ဒွါရများ၌ တိုက်မိ ခြင်းထက် မနောဒွါယနှင့် ဓမ္မာရုံတို့ တိုက်မိခြင်းသည် အကြိမ်ပေါင်းများစွာ ပိုမိုသည်ဟု တွေ့ရပါသည် (ဆိုလိုရင်းမှာ လူသတ္တဝါသည် ကြံစည်စိတ်ကူးနေခြင်းများဖြင့် အချိန်ကုန်ကြရသည်ဟု သိရသည်ဟူလို။) ယင်းကဲ့သို့ စိတ်ဖြစ်တိုင်း သိအောင်ရှုမှတ်ရာတွင် ပထမ၌ တစ်ခုသော စိတ်ကလေးသည် မြင်ချည်တစ်ခါ၊ကြားချည်တစ်လှည့်၊ စဉ်းစားချည်တစ်ဖုံ၊ တောင်ခုန် မြောက်ခုန် ခုန်လျက်ရှိသည်ဟု မှတ်ထင်မိပါသည်။

သဲလွန်စရခြင်း

ထိုကဲ့သို့ သတိမြဲမြဲ ရှုမှတ်၍ တစ်နှစ်ခွဲခန့်ကြာသောအခါ တစ်နေ့သ၌ ကျွန်ုပ်သည် တစ်စုံတစ်ခုကိုကြည့်လျက်ရှိစဉ် တစ်ယောက်သောသူက ကျွန်ုပ်၏ နာမည်ကို ခေါ်လိုက်သည်နှင့် ရုတ်ခနဲ လှည့်ကြည့်လိုက်ရာတွင် ဘွားခနဲ အသိ ဉာဏ်တစ်ခု ပေါ်လာ၍ ဒိတ်ခနဲဖြစ်သွားပါသည်။ ကျွန်ုပ် သိလိုက်ရသည်မှာကား အသံကြား၍ လှည့်ကြည့်လိုက်သော တစ်ခဏတွင် “မြင်စိတ်” ချုပ်သွား၍ “ကြားစိတ် ဖြစ်ပေါ်လာသည်ဟူသော အသိဉာဏ်ပင်ဖြစ်သည်။ ကျွန်ုပ်မှာ ထိုအသိဉာဏ်ကြောင့် အလန့်တကြားနှင့် တအံ့တသြ ဖြစ်သွားပါသည်။ ဤတွင် တစ်ခုတည်းသောစိတ်က ဤမှ ထိုမှ ခုန်နေခြင်းမဟုတ်။ တစ်အာရုံ အပြီးတွင် ကုန်ဆုံးသွား၍ အခြားတစ်အာရုံတွင် အသစ်ဖြစ်လာသည်ဟု ထိုးထွင်း၍ သိမြင်လိုက်ခြင်းဖြစ်သည်။ ဤတွင် ငယ်စဉ်က ဆရာတော်ဘုရား သင်ကြားခဲ့သည့် မူရင်္ဂမံ၊ ဧကစာရံ... ဟူသော ပါဠိတော်အရ တစ်ခုချုပ်ပြီးမှ တစ်ခု ဖြစ်ခြင်းဆိုသည်ကို အသည်းနှလုံးထဲမှ သဘောကျနိုင်သဖြင့် အကြီးအကျယ် ဝမ်းသာမိပါတော့သည်။ ထိုအချိန်မှစ၍ ကျွန်ုပ်မှာ စိတ်အကြောင်းကို လက်တွေ့ သိမြင်ခြင်းနှင့် ပတ်သက်၍ သဲလွန်စရခဲ့ပါသည်။

ဥဒယဗ္ဗယဉာဏ်ပေါ်ခြင်း

စာပေသမားဝိုင်းတစ်ခုတွင် စကားစပ်မိသည်နှင့် ဤအဖြစ်အပျက်ကို ပြောပြမိရာ “ခင်ဗျားက စိတ်အကြောင်းကို ခုမှသိတာကိုးဗျ။ မြတ်စွာဘုရားက မူရင်္ဂမံ-ဧကစာရံ-အသရိယံ-ဂူဟာသရံလို့ ဟောထားတယ် မဟုတ်ဘူးလားဗျ”ဟု ဝိုင်း၍ပြောကြသည်။ ဤသို့သော အခြင်းအရာမျိုးကြောင့် “စာသမားများ”နှင့် ဆွေးနွေးခြင်းကို ကျွန်ုပ် ရှောင်ကွင်းခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်းတို့အနက် တစ်ယောက်သောသူမှာကား၊ စဉ်းစားဉာဏ်ရှိပုံရကာ ထိုသူက “ခင်ဗျားဖြစ်ပုံကောင်းတယ်ဗျ။ စိတ်၏ ဖြစ်ခြင်းပျက်ခြင်း သဘောတရားကို ယထာဘူတကျကျ မြင်လိုက်ခြင်းဖြစ်လို့မို့၊ ဥဒယဗ္ဗယဉာဏ်လို့ ခေါ်လိုက်တယ်ဗျ၊ နောက်နောင်ဘဝများမှာ ဒီဉာဏ်ဟာ ခင်ဗျားအဖို့ မဂ်အခြေ ဖိုလ်အခြေဖြစ်ပြီး အထောက် အပံ့ဖြစ်စေနိုင်တယ်”ဟု ပြောဖော်ရပါပေသည်။ ကျွန်ုပ်သည် ဥဒယဗ္ဗယဉာဏ် ခေါ်ခြင်းကို လက်ခံသော်လည်း နောင်ဘဝများကျခါမှ အထောက်အပံ့ ဖြစ်ရမည် ဆိုချက်ကိုမူ၊ ဝမ်းထဲက ကျိတ်၍ပြုံးမိပါတော့သည်။ စာတတ်ပေတတ်များအဖို့မှာ ဤဘဝ၌ မဂ်ဖိုလ်ရဖို့ဆိုသည်မှာ မကြံစည်ရာ မကြံစည်အပ်သကဲ့သို့ ယူဆကြ ဟန်တူသည်။

ဒိဋ္ဌေဒိဋ္ဌမတ္တံ

ကျွန်ုပ်သည် သောတာပန် ပုဂ္ဂိုလ်အကြောင်းနှင့် ပတ်သက်၍ နိကာယ်ကျမ်း များကို မွှေနှောက်ရှာဖွေရင်း၊ ဘာဟိရ အတ္ထုပ္ပတ္တိကို ဖတ်ရှုမိရာ၊ “ဒိဋေ-ဒိဋ္ဌ မတ္တံ့”ဟူသော ဗုဒ္ဓ၏ ဩဝါဒကို အလွန်နှစ်သက်၍ ပီတိဖြစ်သည့်အလျောက်၊ ၎င်းနည်းအတိုင်း အားထုတ်ဖို့ သန္နိဋ္ဌာန်ချလိုက်သည်။ ဤနည်းမှာ ဘုန်းကြီးများဟောပြောလေ့ရှိသော်လည်း၊ လက်တွေ့ လိုက်နာကျင့်သုံး၍ မည်ကဲ့သို့သော အသိဉာဏ်မျိုး ဖြစ်ပေါ်လာခြင်းအကြောင်းကိုမူ စာထဲ၌လည်းကောင်း၊ ဟောပြော ရာ၌လည်းကောင်း၊ ကြားနာရဖူးခြင်း မရှိခဲ့ချေ။ သို့ဖြစ်၍ ဤအကြောင်းကို ကျွန်ုပ် အဆင့်ဆင့် မြင်တွေ့ရသည့်အတိုင်း တင်ပြလိုပေသည်။ စိတ်ရိုးရိုးသဘာဝ

ဒိဋ္ဌေဒိဋ္ဌမတ္တံ့ဟူသော ပါဠိတော်အရမှာ မြင်ကာမတ္တ ကြားကာမတ္တ နံကာမတ္တ စသည်ဖြင့် အာရုံ ၆ ပါးတို့၌ မိမိ၏စိတ်ကို “ဘရိတ်အုပ်”ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ အနည်းငယ် ရှင်းလင်းရသော် အသံတစ်ခုကြားလျှင် ဘာသံ ဟူ၍ပင် မစဉ်းစားဘဲ၊ စိတ်ကိုထိန်းထားရမည့် အဓိပ္ပာယ်မျိုးဖြစ်၏။ အခြားသော ဒွါရပေါက်များတွင်လည်း ဤအတိုင်းပင်။ ဒွါရခြောက်ပေါက်အနက် မနောဒွါရ သည် ထိန်းချုပ်ရန် အခက်ဆုံးဖြစ်သည်ကို တွေ့ရ၏။ ဥပမာ လမ်းပေါ်မှ ဟစ်အော်သံကြားလိုက်ရသည့်အခါ “ဘယ်သူ့အသံပါလိမ့်၊ ဘာ့ကြောင့် အော်ပါ လိမ့်၊ ရန်ဖြစ်ကြတာလေလား၊ ငါ့အိမ်သားများနဲ့ ရန်ဖြစ်ကြလေရော့လား၊ ဟိုဘက်အိမ်က လူများနဲ့ မနေ့က စကားများကြဖူးတယ်၊ သူတို့က တယ်ဆိုတဲ့ လူတွေပဲ၊ အသံကတော့ မိန်းမသံပဲ၊ ရန်တွေ့တာနဲ့တူတယ်” စသည်များဖြင့် ရှည်လျားစွာ စဉ်းစားမိတတ်လေတော့သည်။ ဤကား ပြုလုပ်နေကျ စိတ်သဘာဝ ပေတည်း။

ကြံစည်ခြင်းဖြင့် အချိန်ဖြုန်းခြင်း

ထို့ပြင် ၎င်းသြဝါဒအတိုင်း ကြိုးစား၍ အားထုတ်သောအခါ၊ အာရုံ တစ်ခုအကြောင်းနှင့် ပတ်သက်၍ ရှည်လျားစွာလိုက်ပြီး စိတ်မကူးရဟု ဆိုခြင်းအား ဖြင့်၊ လွန်လေပြီးသော အတိတ်ကာလအကြောင်း၊ မဖြစ်သေးသော အနာဂတ် ကာလအကြောင်းများကို စိတ်မကူးရဟူသော အဓိပ္ပာယ်လည်း တွေ့ရှိရသည်။ စိတ်သည် ပစ္စုပ္ပန်တည့်တည့် အပေါ်၌ မနေတတ်ဘဲ၊ ရှေ့အကြောင်း နောက် အကြောင်းများကို စဉ်းစားချင်တတ်သော သဘာဝရှိ၏။ မြင်ခြင်း၊ ကြားခြင်း၊ နံခြင်း၊ လျက်ခြင်း၊ ထိတွေ့ခြင်းစသော ပဋာရုံများနှင့် မကြုံကြိုက်ပြန်လျှင် လည်း၊ လွန်လေပြီးသော အဖြစ်အပျက်များ၊ သို့တည်းမဟုတ် ရှေ့အဖို့ မည်ကဲ့သို့ ပြုလုပ်မည်ဟူသော အကြံအစည်၊ မည်ကဲ့သို့ဖြစ်လိမ့်မည် ထင်သည်ဟူသော မှန်းဆချက်၊ မည်ကဲ့သို့ပြုလုပ်လျှင် ကောင်းပါမည်နည်းဟူသော စိတ်ကူး တွေးတောချက်များဖြင့် အချိန်ကုန်လျက်ရှိသည်ကို တွေ့ရသည်။ လွန်လေပြီးသော အဖြစ်အပျက်များနှင့် ပတ်သက်၍လည်း ဤသို့ ပြုခဲ့မိ၍သာ တော်ပေတော့သည်။ ထိုသို့ ပြုခဲ့မိပါလျှင်၊ ကိုယ်ကျိုးနည်းရချေရဲ့ဆိုကာ၊ ကိုယ့်ဟာကိုယ် ကျေနပ်ခြင်း၊ ဤသို့ပြုခဲ့မိ၍ ခံရသည်၊ ထိုသို့ပြုခဲ့မိပါလျှင် တော်လေဦးမည် စသည်ဖြင့် ကိုယ့်ဟာကိုယ် မကျေနပ်ခြင်း စသည်များဖြင့် အချိန်ကုန်တတ်သော သဘာဝ ရှိသည်ကို တွေ့ရသည်။

နီးစပ်ရာ ကူးကျော်ပုံ

ထိုကဲ့သို့ စူးစူးစိုက်စိုက် စဉ်းစားဆင်ခြင်ရန် ပြဿနာမရှိသော အခါများတွင်လည်း စိတ်ကလေး အလုပ်လုပ်တတ်ပုံမှာ အတော်ဆန်းကြယ်၏။ ဥပမာ၊ မိတ်ဆွေတစ်ယောက် လေယာဉ်ပျံနှင့် ဆိုက်ရောက်မည့်အကြောင်းကို ဖျတ်ခနဲ သတိရလိုက်မိသည့်အခါ “ခုတစ်လောမှာ လေယာဉ်ပျံတွေက သိပ်ပြီး စိတ်မချရဘူး၊ ကမ္ဘာမှာ လေယာဉ်ပျံ ပျက်ကျတဲ့သတင်းတွေ ခဏခဏကြားရ တယ်၊ တစ်လောကလည်း ရှမ်းပြည်နယ်မှာ လေယာဉ်ပျံ ပျက်ကျတဲ့အထဲ မန္တ လေး ဝါးတန်းက “ရေချို” ကိုအေးမောင်တစ်ယောက် ကံကောင်းလို့ပါလား၊ ဒါထက် ငါးပိရေချို မစားရတာ တော်တော်ကြာသွားပြီ၊ ငံပြာရည်ဖျော်နဲ့ ချည်း စားရတာ ငြီးငွေ့နေပြီ၊ မြိတ်ငံပြာရည် စစ်စစ်ရလျှင်လည်း တော်သေးရဲ့၊ တစ်ပြည်လုံး နှံ့နေအောင် ရောက်ဖူးပြီဆိုပေမယ့် မြိတ်တစ်ခုတော့ ငါ မရောက် ဖူးသေးဘူး။ ပင်လယ်ကူးသင်္ဘောလည်း စီးဖူးအောင် မြိတ်ကိုတော့ တစ်ခေါက်