ရဲဘော်ဖေသန်း - အံ့ဖွယ်လောကီပညာ
နိဒါန်း
လူတို့၏ လောကီပညာရပ်များသည် လူပေါ်ဦးစ အစောပိုင်း ကပင် ပေါ်ပေါက်ခဲ့သည်။ တစ်နည်းဆိုသော် လူ့သမိုင်းနှင့် လောကီ ပညာသမိုင်းတို့၏ ရေစီးကြောင်းသည် နံဘေးချင်းယှဉ်နေသော အမှတ် တစ်ခုမှ မျဉ်းပြိုင်စီးဆင်းလာခဲ့ခြင်း ဖြစ်သည်။
ထိုသတ္တဝါသည် ရေထဲတွင်နေရာမှ ကုန်းပေါ်သို့ တွား၍ တက် လာခဲ့၏။ တောထဲတွင်နေရာမှ မြေပြန့်သို့ထွက်လာခဲ့၏။ ထိုအခါ အမှီ သတ္တဝါသည် ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံးသတ္တဝါ ဖြစ်ခဲ့ရလေတော့ သည်။
အမှီသတ္တဝါကား လူပင်ဖြစ်၏။
ရှေးခေတ်လူတို့၏ ဘဝသည် ကျွန်ုပ်တို့ တွေးထင်သကဲ့သို့ လူဖြစ်လျှင်ဖြစ်ခြင်း၊ ပဒေသာပင်ခေတ်၌ ကြုံကြိုက်လျက် သာယာဝပြော စွာ နေထိုင်ခဲ့ရသည်လည်း မဟုတ်ပေ။ ရှေးခေတ်လူတို့၏ ဘဝသည် ဘေးအန္တရာယ်များ၊ ရောဂါဘယများ၊ ချို့တဲ့ရှားပါးမှုများနှင့် ပြွမ်းတီး လျက်ရှိပြီး ဘဝရပ်တည်ရေးအတွက် လုံးပမ်းနေရသောဒဏ်နှင့်သဘာဝကို ဆန့်ကျင်တိုက်ခိုက်နေရသော အခက်အခဲများ၏ အောက်၌ သာလျှင် လုံးဝကျရောက်နေခဲ့ရသည်။
အမဲလိုက်ခြင်းမှာ အထူးသဖြင့် မွန်စတာဂိုးယန်းခေတ်များတွင် များပြားလာခဲ့၏။ အစောပိုင်းမှလူများမှာ သစ်သီး သစ်ဥသစ်ဖုကလေး များနှင့် တိရစ္ဆာန်ကလေးများကိုသာလျှင် စားသောက်လာခဲ့ ကြရသည်။ မွန်စတာရီးယန်းခေတ်မှ လူများသည် အထူးသဖြင့် အလတ်စား သားကောင်များကို အမဲလိုက်ခဲ့ကြရ၏။ သားကောင်ကြီးများကိုမူ ရံဖန်ရံခါ ဆိုသလိုသာလျှင် စုပေါင်း၍ အမဲလိုက်တတ်ပေသည်။ မမာမကျန်း ဖြစ်ပြီး ညွန်နစ်နေသော သားကောင်များကိုလည်း သတ်စားတတ်ကြ ၏။
များစွာသော မနုဿဗေဒပညာရှင်များက စရိုမက်နွန်လူများ လက်ထက်တွင် သဘာဝဝင်အင်အားစုများနှင့် ပတ်သက်၍လည်း ကောင်း၊ နောင်အခါတွင် လူမှုရေးအင်အားစုများနှင့် ပတ်သက်၍လည်း ကောင်း အစောပိုင်းခံယူချက် အစွဲအလမ်းများ ပေါ်ပေါက်လာခဲ့ရသည် ဟု ယူဆခဲ့ကြပေသည်။
ဥပမာ အမဲလိုက်ခြင်းနှင့်ပတ်သက်ပြီး ပေါ်ပေါက်လာသော စုန်းအတတ်၊ မှော်အတတ်တို့ပင် ဖြစ်သည်၊ ထို့နောက်ကား ဘာသာ ကိုးကွယ်မှုများပင် ပေါ်ပေါက်လာခဲ့ပေသည်။
ပထမ၌ လူသည် သဘာဝ၏အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ် ၏။ ထိုစဉ်က ယခင်ကကဲ့သို့ပင် သဘာဝက လူကိုပြုပြင်ဖန်တီးပေး လျက် ရှိနေသေး၏။ နောင်သောအခါမှပင် လူသည် သဘာဝတရားကို သိမြင်လာပြီး သဘာဝကို စိုးမိုးချယ်လှယ်လာနိင်ခဲ့ခြင်း ဖြစ်သည်။
ဤသို့ သဘာဝ၏ အစိတ်အပိုင်းတစ်ခု (တစ်နည်း)သဘာဝ၏ အချယ်အလှယ်ခံဘဝမှ သဘာဝကို ချယ်လှယ်သူအဖြစ်သို့ တက်လှမ်းလာခဲ့ရာ၌ များမြောင်လှစွာသော အခက်အခဲများကို ကျော်လွှားလာခဲ့ရ မည်မှာလည်း သဘာဝပင် ဖြစ်ပေသည်။
ယင်းသို့ များမြောင်လှသော အခက်အခဲများကို ကျော်လွှားရာ၌ လူသည် သဘာဝနည်းဖြင့် ဖြေရှင်း၍မရသော အခက်အခဲများကို သဘာဝပြင်ပနည်းဖြင့် ဖြေရှင်းရန် ကြိုးစားအားထုတ်ကြည့်ကြမည်မှာ လည်း အမှန်ပင်ဖြစ်ပေသည်။
ဤနည်းဖြင့် လူသည် သစ်ကြီးဝါးကြီးများကို မိမိ စွမ်းပကား ဖြင့် ခုတ်လှဲနိုင်ကြောင်း၊ မိမိအတွက် အသုံးအဆောင် ဖြစ်နိုင်ကြောင်း မသိရှိမီကာလက သစ်ကြီးဝါးကြီးများကို ကိုးကွယ်ဆည်းကပ်ခဲ့ကြ၏။ တောကြီးတောင်ကြီးများကိုလည်း ပူဇော်ခဲ့ကြ၏။ မိုး၊ လေ၊ ရေ တို့ကို လည်း ပသခဲ့ကြ၏။ သမုဒ္ဒရာကြီးများကိုလည်း ဖြတ်သန်းခြင်းငှာ မစွမ်း နိုင်ဟု မှတ်ယူကာ ကော်ရော်ခဲ့ကြ၏။
သို့တစေ ယမန်နေ့က လူတို့မသိနားမလည်သည့် ထင်မှတ်ခဲ့ မိသော သဘာဝလျှို့ဝှက်ချက်များသည် ယနေ့ လူတို့သိရှိနားလည်လေ့လာအသုံးချနေသော သိပ္ပံပညာရပ်များ ဖြစ်လာခဲ့ပြီးဆိုသော စကား နှင့်အညီ လူတို့၏ အစဉ်တစိုက် ကြိုးပမ်းမှုကြောင့် နောင်သောအခါတွင် လူသည် လက်နက်ကိရိယာများကို တီထွင်ကိုင်ဆွဲလာကာ ယမန်နေ့က ကိုးကွယ်ဆည်းကပ်ခဲ့သော သစ်ကြီးဝါးကြီးများကို ခုတ်လှဲလာခဲ့၏။ တိရစ္ဆာန်က စုဆောင်းရုံသာ စုဆောင်းနိုင်၏။ လူသည်ကား ထုတ်လုပ် နိုင်သည်ဖြစ်ရာ ယင်းသစ်ကြီးဝါးကြီးများကိုပင် လူသုံးကုန်အဖြစ် ထုတ် လုပ်လာပြန်၏။ တောကြီးမျက်မည်းထဲမှာလည်း သဘာဝ၏ သယံ ဇာတပစ္စည်းများကို ထုတ်လုပ်လာခဲ့၏။ မည်မျှမြင့်မားသော တောတောင် ကြီးကိုပင်ဖြစ်စေ မိမိခြေဖဝါးအောက်သို့ ရောက်စေခဲ့၏။ မည်မျှ အသူ တရာနက်လျက် မည်မျှကျယ်ပြန့်သော သမုဒ္ဒရာပင်ဖြစ်စေ လူသည်ဖြတ်ကူးခဲ့ပြန်၏။
ကနဦးတွင် သရဲတစ္ဆေဆိုသူတို့ကို သူပင် ဖန်ဆင်းခဲ့၏။ သူပင် ကြောက်ရွံ့ခဲ့၏။ နောင်သောအခါတွင် ယင်းသရဲတစ္ဆေဆိုသူတို့ကို သူပင် သတ်ဖြတ်ခဲ့ပြန်ချေသည်။
အမှန်မှာ လူသည် သရဲတစ္ဆေကို ကြောက်ရွံ့ သည်ဟုဆိုရလင့် ကစား လူ့ လောက် ကြောက်စရာကောင်းသူဟူ၍ကား ဤလောက၌ မရှိပြီ။
အကြောင်းမူ ထိုကြောက်စရာကောင်းပါသည်ဟုဆိုသော သရဲ တစ္ဆေတို့ကို ဖန်ဆင်းသူမှာ လူသာလျှင် မဟုတ်ပါလော။
ဤစာအုပ်သည် လူသားတို့ လူ၏ အသိ လူ၏ အနှစ်သာရ အပြည့်အဝကို မရရှိမီစပ်ကြားကာလ၌ အယူသည်းခဲ့သော အယူသည်း မှုများကို ဖော်ပြအပ်သော စာအုပ်ငယ်မျှသာဖြစ်ကြောင်း ဝန်ခံလိုပေ သည်။
ရဲဘော်ဖေသန်း