Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ရဲဘော်ဖေသန်း - ဒုတိယကမ္ဘာစစ်အတွင်းကသမိုင်းဝင်စွန့်စားမှုကြီးများ

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out
Type

ဂျာမန်စစ်သူကြီးရွမ်းမဲလ်၏ စစ်ဌာနချုပ်အတွင်းသို့

ဂျော့ဖရီကီးသည် သူထမ်းဆောင်ရမည့်တာဝန်မှာ စွန့်စွန့်စားစား ထမ်းဆောင် ရမည့် တာဝန်ဖြစ်ကြောင်း သိထားပြီးဖြစ်သည်။

ကွန်မန်ဒိုတပ်မှ ဒု-ဗိုလ်ကြီးတစ်ဦးဖြစ်၍လည်း ကီးသည် ရန်သူအစောင့်စစ် သား၏ဝမ်းဗိုက်ကို သေနတ်ဖြင့် ထောက်၍ အငိုက်ဖမ်းရမည့်အလုပ်မှာ မည်မျှ အန္တရာယ်ကြီးသည်ကို နားလည်ထားပြီး ဖြစ်သည်။

ပထမ ရန်သူ့စခန်းကို အသံမကြားအောင် ဖျက်ဆီးပြီး ဖွင့်ရမည်။ ပြီးနောက် စခန်းအတွင်း၌ ရန်သူ (၁၀) ယောက်ရှိလျှင် အနည်းဆုံး (၉) ယောက်ကို အငိုက်ဖမ်း နိုင်ရမည်။

ဤသည်တို့မှာ ကီးထမ်းဆောင်ရမည့်တာဝန်၏ပဏာမပိုင်းဖြစ်သည်။

ထိုညက ကီး ကံမကောင်းခဲ့ချေ။

ကီးသည် ဂျာမနီအစောင့်စစ်သား၏ဝမ်းဗိုက်ကို သေနတ်ဖြင့် ထောက်လိုက် သည်။ ဂျာမန်စစ်သားမှာ ကီး၏သေနတ်ပြောင်းကို လန့်ပြီး ဆုပ်ကိုင်လိုက်သည်။ တစ်ဆက်တည်းမှာပင် ဂျာမန်အစောင့်စစ်သားသည် သူဆုပ်ကိုင်လိုက်သော သေနတ်ပြောင်းကို သူ့ခေါင်းမှကျော်ကာ နောက်ကျောဘက်သို့ ဆောင့်ဆွဲလိုက်သည်။ ဤတွင် ကီးနှင့် ဂျာမန်အစောင့်စစ်သားမှာ ရင်ချင်းအပ်မိသွားကြကာ သေနတ်ကို သူရကိုယ်ရ လုနေကြတော့သည်။

သို့ဖြင့် သူတို့နှစ်ယောက်၏ကိုယ်လုံးများက တံခါးပေါက်ကို ပိတ်မိလျက်သား ဖြစ်သွားသည်။

ထိုအခိုက်မှာပင် ရွာလျှင်ချောင်း မြောင်းပေါက်အောင် ရွာတတ်သော မြောက် အာဖရိကမိုးကလည်း ဝေါခနဲရွာချလိုက်တော့သည်။

ဂျာမန်စစ်သားကလည်း သူ့အသက်ရှင်ရေးအတွက် သေနတ်ကို မရအရလု သည်။ ကီးကလည်း ဂျာမန်စစ်ဌာနချုပ်တစ်ခုလုံး မနိုးမီ ဂျာမန်အစောင့်စစ်သားကို ရှင်းနိုင်အောင် ကြိုးစားသည်။

ထိုအခါ ကီး၏ နောက်မှ ကပ်ပါလာသော ဗိုလ်ကြီးကင်းဘဲလ်သည် ကီးကို မည်သို့ဝင်ရောက်အကူအညီပေးရမည်မှန်းမသိ၍ စက္ကန့်အနည်းငယ်မျှ စောင့်ကြည့် နေလိုက်မိသည်။ အထဲသို့ဝင်လိုက်ရန်မှာလည်း ကီး၏ကိုယ်လုံးနှင့် ဂျာမန်အစောင့် စစ်သားကိုယ်လုံးတို့က အပေါက်တွင်ပိတ်ဆို့ထားသဖြင့် အဝင်ရခက်နေသည်။ ဂျာမန် စစ်သားကို သေနတ်ဖြင့် ပစ်သတ်လိုက်လျှင် ဂျာမန်စစ်ဌာနချုပ်တစ်ခုလုံး နိုးသွားမည် ကို စိုးရိမ်ရပြန်သေးသည်။

ဂျာမန်စစ်သားနှင့် ကီးတို့ကလည်း ဘက်ညီသော နပန်းသမားများနှယ် တစ်ယောက်နှင့်တစ်ယောက် တောင့်ခံနေကြသည်။

ထိုသို့စောင့်ကြည့်နေခြင်းဖြင့် တစ်စုံတစ်ရာ ထူးခြားတော့မည်မဟုတ်ကြောင်း တွေးမိလာသောအခါ ဗိုလ်ကြီးကင်းဘဲလ်သည် သူ့လက်ထဲမှ ပွိုင့် (၄၅) ဘို့ ပစ္စတိုဖြင့် ဂျာမန်အစောင့်စစ်သား၏ ဝဲဘက်မျက်လုံးထဲသို့ တစ်ချက်ပစ်ထည့်လိုက်တော့သည်။ ဗိုလ်ကြီးကင်းဘဲလ်ပစ်လိုက်သော သေနတ်သံသည် အမြောက်သံအလား ဂျာမန်ဌာန ချုပ်အတွင်းဝယ် မြည်ဟိန်းသွားလေသည်။

သေနတ်သံနှင့်မရှေးမနှောင်းမှာပင် ဂျာမန်အစောင့်စစ်သား ပျော့ခွေကျ သွားသည်နှင့် ဂျာမန်စစ်ဌာနချုပ်၏ ခန်းမဆောင်ကြီးထဲသို့ ပြေးဝင်လိုက်သည်။ သူ့နောက်တွင် ဗိုလ်ကြီးကင်းဘဲလ်သည် ကပ်ပါလာသည်။ သေနတ်တစ်ချက် ပစ်ဖောက်ပြီးပြီဖြစ်၍ ယခုအချိန်တွင် လျှို့ဝှက်မှုကို စောင့်စည်းရန်လည်း မလိုတော့။

ဂျာမန်စစ်သူကြီး ရွမ်းမဲလ်ကို လုပ်ကြံရမည့်အချိန်ကား ကျရောက်ခဲ့လေပြီ။

ယခုအချိန်သည် ကိုယ့်ဘက်က လက်ဦးမှုရယူမည့်အချိန်ဖြစ်သည်။ ကိုယ်ကလက်ဦး၍ သတ်နိုင်လျှင်သတ်၊ မသတ်နိုင်လျှင် သူက ကိုယ့်ကိုသတ်ပေမည်။

အစောင့်စစ်သားကိုရှင်းရာတွင် အချိန်အတော်ကုန်ခဲ့ရသဖြင့် ဗိုလ်ချုပ်ကြီး ရွမ်းမဲလ်ကို ရှာ၍မှတွေ့ပါတော့မည်လားဟုလည်း ကီးက ပြေးရင်းလွှားရင်း တွေး လိုက်မိပြန်သည်။

သို့သော်..... ထိုအချိန်သည် တွေးနေရမည့်အချိန် မဟုတ်တော့။

ဗိုလ်ချုပ်ကြီးရွမ်းမဲလ်၏ ဌာနချုပ်ကို ဝင်ရောက်စီးနင်းခဲ့ကြသော ကီး ခေါင်းဆောင်သည့် ကွန်မန်ဒိုအဖွဲ့သည် ဌာနချုပ်အတွင်းရှိ တံခါးများကို တစ်ခုပြီးတစ်ခု ကန်ဖွင့်ပစ်သည်။ တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် အခန်းတွင်းသို့ မောင်းပြန် သေနတ်များဖြင့် တဝေါဝေါပစ်ခတ်သည်။ လက်ပစ်ဗုံးများကိုလည်း ပစ်သွင်းသည်။ ထိုကွန်မန်ဒိုတပ်ဖွဲ့ သည် ဂျာမန်ဌာနချုပ်အတွင်း၌ အာဖရိကကိုး၏ တပ်သား၊ အကြပ်၊ အရာရှိ စုစုပေါင်း သုံးဆယ်ခန့်ကို သတ်ဖြတ်ခဲ့သည်။ အသတ်ခံရသည့် ဂျာမန်များထဲမှ အရာရှိတော်တော်များများသည် အာဖရိကစစ်မျက်နှာအတွင်း အရေးပါအရာရောက် လှသည့် ဦးစီးအဖွဲ့ ဝင်များဖြစ်သည်။

သို့ရာတွင် ဗြိတိသျှကွန်မန်ဒိုတပ်ဖွဲ့သည် အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ သော ဗိုလ်ချုပ်ကြီးရွမ်းမဲလ်ကိုကား တွေ့မသွားခဲ့ချေ။

ထိုမျှမက ဗိုလ်ချုပ်ကြီးရွမ်းမဲလ်ကို လုပ်ကြံရန် ဂျာမန်ဌာနချုပ်ကို ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြသည့် ကွန်မန်ဒိုတပ်ဖွဲ့ဝင်အားလုံးလိုလိုမှာလည်း ဂျာမန်တို့၏ ပြန်လည်ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရလေသည်။

ထိုစစ်ဆင်ရေးအား ကိုယ်တိုင်ရေးဆွဲစီစဉ်ပြီး ကိုယ်တိုင်ခေါင်းဆောင်ခဲ့သည့် ကီးသည် အခန်းများထဲသို့ လက်ပစ်ဗုံးပစ်သွင်းနေသော ဗိုလ်ကြီးကင်းဘဲလ်အတွက် နောက်ဆုံးတံခါးတစ်ခုကို ပခုံးဖြင့် ဆောင့်တွန်း၍ဖွင့်လိုက်သည်။ ထိုခဏမှာပင် အခန်း ထဲမှ ပစ်လိုက်သော ကျည်တစ်စုက ကီး၏ခန္ဓာကိုယ်ကို ချာလပတ်လည်ကာ ပုံလျက် သား လဲကျသွားစေခဲ့သည်။

တစ်ဆက်တည်းမှာပင် ဗိုလ်ကြီးကင်းဘဲလ် ပစ်သွင်းလိုက်သော လက်ပစ်ဗုံး သည် အခန်းတွင်းရှိ ဂျာမန်စစ်သားတို့အား အတုံးအရုံးဖြစ်သွားစေခဲ့ပြန်သည်။

ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားတော့ သည်။

ဗိုလ်ကြီးကင်းဘဲလ်က ကွန်မန်ဒိုအဖွဲ့ ခေါင်းဆောင် ဒုဗိုလ်မှူးကြီးကို တစ်ချက်ငုံ့ကြည့်လိုက်သည်။ ဒုဗိုလ်မှူးကြီးကြီး၏ မျက်နှာတစ်ပြင်လုံး သွေးချင်းချင်းရဲနေသည် ကို တွေ့လိုက်ရသည်။

ရွမ်းမဲလ်ကို မလွတ်စေနဲ့”

-

ဒုဗိုလ်မှူးကြီးကြီးသည် နောက်ဆုံးအမိန့်ကိုပေးပြီးနောက် မျက်စိစုံမှိတ်သွား တော့သည်။

ထိုအခါ ဗိုလ်ကြီးကင်းဘဲလ်သည် မိမိခေါင်းဆောင်၏ အမိန့်ကို လိုက်နာ ဆောင်ရွက်ရန် လှေကားဆီသို့ တစ်ရှိန်ထိုးပြေးသွားလေတော့သည်။

စစ်အတွင်း၌ လူသားတို့၏ စွမ်းရည်သတ္တိနှင့် သွေး၊ ချွေးတို့ကို အချည်းအနှီး ဖြုန်းတီးခဲ့ရသည့်အချိန်များ ရှိခဲ့ပေသည်။

ရွမ်းမဲလ်သည် ထိုအချိန်က ရောမမြို့တွင် သူတို့ ဂုဏ်ပြုဧည့်ခံသည့် ပါတီပွဲ တစ်ခုသို့ တက်ရောက်နေခဲ့သည်။ သူ၏ဇနီးနှင့်အတူထိုင်ကာ ရှန်ပိန်အရက်ကို စည်းစိမ်ခံပြီး သောက်နေခဲ့သည်။

ဤသို့ ရွမ်းမဲလ်မှာ ပါတီပွဲသို့တက်ရောက်နေစဉ်အတွင်း လူတစ်စုသည် သူနှင့် မိုင်ပေါင်းထောင်ကျော်ဝေးကွာသော သဲကန္တာရထဲတွင် သူ့ကိုလုပ်ကြံရန် ရှာဖွေကြရင်း အသတ်ခံခဲ့ရသည်။

ထိုကွန်မန်ဒို၏စွန့်စားမှုသည် ဒုတိယကမ္ဘာစစ်အတွင်းက အရဲဝံ့ဆုံး စွန့်စား ခဲ့သည့် စွန့်စားမှုတစ်ရပ်အဖြစ် သမိုင်းတွင်ရစ်ခဲ့လေသည်။

သည့်နှယ် ရန်သူ၏စစ်ကြောင်း နောက် မိုင် (၅၀၀) ခန့်သို့ဝင်ရောက်ကာ ရန်သူဗိုလ်ချုပ်တစ်ဦးကို လုပ်ကြံသတ်ဖြတ်ရမည့်စစ်ရေးကို ရေးဆွဲစီစဉ်ခေါင်းဆောင် ခဲ့သူ၊ ဂျော့ဘုရင်မင်းမြတ်ကိုယ်တိုင်ကပင် သတ္တိရှင်အဖြစ် ဂုဏ်တင်ချီးကျူးရသူ ဂျော့ဖရီ ချားစ်တက်စကားကီးသည် အသက် (၂၂) နှစ်အရွယ်၌ ဗိုလ်မှူးရာထူးကို ရရှိပြီးနောက် (၄) နှစ်အကြာတွင် ဒုဗိုလ်မှူးကြီးအဆင့်သို့ တိုးတက်ချီးမြှင့်ခြင်း ခံခဲ့ရသည်။

ထိုသို့ စစ်က သူ့ကို ချီးမြှင့်ခဲ့သော်လည်း သူကမူ စစ်ကိုခါးသီးစွာပင် မုန်းတီး ခဲ့လေသည်။

သူငယ်စဉ်က ကျောင်းနေဘက်များနှင့် ဆက်ဆံရာတွင် ရှက်သလို၊ ရွံ့သလို၊ သူနှင့်ပင်မတူမတန်သလို၊ ကြေးရတက် သားသမီးဉာဉ်မျိုးဖြင့် ဆက်ဆံပေါင်းသင်းတတ်ပြီး အခြားတစ်ဖက်တွင်မူ သူသည် လက်ဝှေ့နှင့် ဂျူဂျစ်စုသင်တန်းများကို တက်ရောက်ခဲ့ပြန်သည်။

ထို့အပြင် စစ်ထဲသို့ မဝင်ဟု သန္နိဋ္ဌာန်ချမှတ်ပြီးမှ ဆင်းဒတ်စ်စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စစ်တပ်ထဲသို့ မဝင်တော့ဟု အခိုင်အမာဆုံးဖြတ်ထားပါလျက် စစ်ထဲ သို့ဝင်ခဲ့ရခြင်းမှာလည်း ကီးတွင် သူ့ဘိုးဘေးများ၏သွေးပါခဲ့ခြင်းကြောင့်လည်း ဖြစ်တန်ရာသည်။

၁၅၈၈ ခုနှစ်တွင် စပိန်ရေတပ်များသည် အင်္ဂလန်ကျွန်းကို ကျူးကျော် ဝင်ရောက်တိုက်ခိုက်ခြင်းပြုသည့်အချိန်မှစတင်ကာ ကီး၏အမျိုးအနွယ် တစ်ဦးမဟုတ် တစ်ဦး က မျိုးဆက်အဆင့်ဆင့်တိုင် အင်္ဂလန်နှင့် အင်္ဂလန်အင်ပါယာလုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်ခဲ့သည်ချည်း ဖြစ်လေသည်။

ကီးသည် သွေးအရပင် သူ့မျိုးနွယ်၏ အစဉ်အလာကို မပျောက်နိုင်သကဲ့သို့ စစ်ဘက်ကလည်း အစဉ်အလာအရ ကီးတစ်ယောက်ကို စစ်တပ်ထဲတွင် ရှိနေစေ ချင်သည်။

ထိုအကြောင်းများကြောင့် ကြီးသည် စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့ရခြင်းဖြစ်သည်။

ထိုက်တန်သောဆုနှင့် လေးစားမှု

စစ်ထဲဝင်ခဲ့သော်လည်း သူသည် စစ်စိတ်စစ်ဟန်မရှိသကဲ့သို့ စစ်သားရုပ် ပေါက်သူလည်း မဟုတ်ချေ။ (မျက်ဝန်းကျဉ်းသည်၊ မျက်စိမှုန်သည်၊ အိဖိုင့်သော ကိုယ်ထည်ရှိသည်။ မျက်နှာမှာ လပြည့်ဝန်းကဲ့သို့ ဝိုင်းစက်သည်) ။

တစ်ဖန် ကီးသည် ကွန်မန်ဒိုတပ်သို့ ဝင်ခွင့်ရခဲ့ခြင်းမှာလည်း ကီး၏ဖခင်သည် ဝန်ကြီးချုပ်ချာချီနှင့် ရင်းနှီးခြင်းကြောင့်တစ်ကြောင်း၊ ကီး၏ဖခင်က ကွန်မန်ဒိုတပ် တည်ထောင်ဖွဲ့စည်းနိုင်ရန် အကူအညီပေးခဲ့ခြင်းကြောင့်တစ်ကြောင်းတို့ကြောင့် ဖြစ်သည်။

ကီးမှာ ကွန်မန်ဒိုတပ်ထဲရောက်စက “ဒီကောင်အကပ်ရှိလို့ ဒီရောက်လာတာ ပါကွာ” ဟူ၍ပင် အမှတ် (၁၁) စကော့(ချ်) ကွန်မန်ဒိုတပ်ရင်း၏ အရာရှိရိပ်သာတွင် အတင်းပြောဆိုခြင်းခံခဲ့ရလေသည်။