ရဲဘော်ဖေသန်း - စစ်သူကြီးမဟာအလက္ခဇန်းဒါး
အခန်း (၁)
မိဘနှင့်သား
(ဘီစီ ၃၅၆-၃၄၀)
မာဆေးဒိုးနီးယားပြည့်ရှင် ဖိလစ်ဘုရင်၏ မိဖုရားခေါင်ကြီး အိုလံ ပီယာသည် (၁ဝ၆)ကြိမ်မြောက် အိုလံပစ်အားကစားပွဲတော်ကြီး ကျင်းပသည့် နှစ်တွင် ပဲလားမြို့၌ သားဦးရတနာလေးတစ်ပါးကို ဖွားမြင်လေသည်။
ထိုနှစ်ကို ခရစ်ယာန် သမိုင်းသုတေသီတို့က ဘီစီ ၃၅၆ ဟု ခန့်မှန်း ကြသည်။ ။
မာဆေးဒိုးနီးယားတိုင်းပြည်သည် ဂရိတ်ကျွန်းဆွယ် မြောက်ပိုင်း အတွင်း၌ တည်ရှိ၍ အေဂျီယင် ပင်လယ်နှင့် အတော်ပင် အလှမ်းဝေးသည်။ နေထိုင်သော လူမျိုးများမှာ ဂရိတ်လူမျိုး၊ သဲဆီးယန်း လူမျိုးနှင့် အီလီရီး ယန်းလူမျိုးများ သွေးနှောရာမှ ပေါက်ဖွားလာသော လူမျိုးဖြစ်လျက် ဘုရင် တစ်ပါးတည်း၏ စစ်အာဏာစက်အောက်တွင် စည်းလုံးစွာ နေထိုင်ကြသူ များ ဖြစ်သည်)
သားတော်လေး ဖွားမြင်ချိန်တွင် ဖိလစ်ဘုရင်သည် အိုလံပီယာ အနီး၌ မရှိ။ ဖိလစ်သည် အိုလံပိုတောင်ကြီး၏ တစ်ဖက်သို့ ရောက်နေသည်။ စင်စစ် ဖိလစ်ဘုရင်သည် စစ်အတတ်၌သာ ဝါသနာထုံ၍ စစ်မြေပြင်၌သာပျော်သူဖြစ်သည်။
ယခုလည်း ဖိလစ်သည် သဲဆာလီတွင် ပြည်ထောင်ချင်း ဖြစ်ပွားနေ သည့် စစ်ပွဲများတွင် ဘက်တစ်ဘက်မှ လိုက်လံတိုက်ခိုက်ပေးနေသည်။
ထိုနှစ်တွင် ဖိလစ်ဘုရင်သည် မင်္ဂလာသတင်းသုံးရပ်ကို ဆက်တိုက် ဆိုသလို လက်ခံပြီးသိလိုက်ရသည်။
သူ၏ စစ်သူကြီး ပါမင်နီယံသည် မြေပြန့်လွင်ပြင်သို့ ဆင်းလုရန် ကျူးကျော်လာသည့် အီလီရီးယန်းတို့ကို တွန်းလှန် မောင်းထုတ်နိုင်လိုက် သည် ဆိုသည့်သတင်း။
သူ၏ မိဖုရား အိုလံပီယာသည် သားဦးရတနာလေး ဖွားမြင်သည် ဆိုသည့် သတင်း။
သူ၏ မြင်းသည် အိုလံပစ်ပွဲတော်ကြီးတွင် အောင်ပွဲရလိုက်သည် ဆိုသည့် သတင်း။ ။
ဖိလစ်သည် အိုလံပီယာအနီးတွင် မရှိသည်ကများသည်။ အမှန်မူ ဖိလစ်ဘုရင်သည် တိုင်းရေးပြည်ရာအတွက် အစဉ်အလုပ်များနေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းကပင် တောင်ပေါ်သား အီလီရီးယန်းတို့ မြေပြန့်သို့ ဝင်ရောက်ကျူးကျော် တိုက်ခိုက်မှုကြောင့် နောင်တော်ဘုရင် ပါဒီခါးစ်နှင့် မာဆေးဒိုးနီးယန်းစစ်သည် ၄ဝဝဝ ကျော်တို့ ကျဆုံးခဲ့ရသည်။တောင်ပေါ်သား အီလီရီးယန်းတို့တွင် စစ်ရေး ရည်ရွယ်ချက် မည်မည်ရရ မရှိ။ မာဆေးဒိုးနီးယန်း မြေပြန့်လွင်ပြင်သို့ဆင်း၍ တောင်သူလယ်သမား တို့ကို လုယက်တိုက်ခိုက် သတ်ဖြတ်ရန်သာ ဖြစ်သည်။
နောင်တော်လွန်သော် ညီတော်ဖိလစ် နန်းတက်ရသည်။
ဖိလစ်ဘုရင်သည် လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသော မင်း တစ်ပါးဖြစ်သည်။ အကြောက်ကင်း၍ နှုတ်ရေးလိမ္မာ၏။ ဉာဏ်လွှာ၏။ စိတ်၊ ရုပ် အပင်ပန်း အဆင်းရဲခံနိုင်၏။ လုံ့လဥဿဟရှိ၏။ ထိုမင်းရည် မင်းသွေးတို့ကြောင့်ပင် တောင်ပေါ်သားတို့၏ ကျူးကျော်မှုကို ဖိလစ် ဟန့် တားနိုင်ခဲ့၏။ ထိုကြောင့်ပင် မာဆေးဒိုးနီးယားမြေပြန့်နေ လယ်သမားတို့ သည် ဖိလစ်အပေါ် ချစ်ခင်လေးစားကြသည်။ ဖိလစ်ဘုရင်သည် ထောင်လွှား မှုကင်းသည်။ တိုင်းသူပြည်သားတို့အပေါ် ရင်ဝယ်သားနှယ် သဘောပိုက်ကာ တိုင်းပြည်၏ အစီးအပွားအတွက် ပြည်ပတွင် နယ်မြေချဲ့နိုင်ရေးအတွက် သာ အာရုံစိုက်နေသည်။ သူ၏ စစ်ရေးစားကျက်သည် ပြည်ပ၏ နယ်နိမိတ် စည်းကြောင်း အပြင်ဘက်၌သာ ရှိသည်။ ဤသည်တို့ အတွက်လည်း မာဆေးဒိုးနီးယားလယ်သမားထု အပါအဝင် လူများစုကြီးက ဖိလစ်၏ နယ်ချဲ့စစ်ပွဲများကို တရားသောစစ်ပွဲအသွင် ထင်မြင်လာသည်။ တိုင်းရေး ပြည်ရေးအတွက် စစ်ရေး ကြိုးပမ်းမှုကြီးဟူ၍ပင် သဘောပိုက်ခဲ့ကြသည်။ ယင်းတို့မှာ ပြည့်ရှင် ဘုရင်မင်းမြတ်နှင့် မာဆေးဒိုးနီးယား ပြည်သူ ပြည်သား တို့၏ ဆက်ဆံရေးဟု ဆိုကြစို့ ။ မိဖုရားခေါင်ကြီး အိုလံပီယာကမူ ဖိလစ် အပေါ် သည်နယ်မမြင်၊ အထင်လွဲနေသည်။ စင်စစ် မောင်တော်ဖိလစ်သည် စစ်ရေးတွင် အကြောင်းပြုပြီး အချစ်ရေးတွေ ငင်နေသည်။ အပျော်ကြူးချင်၍ စစ်ရေး “ထွင်”နေခြင်းဖြစ်သည် စသည်ဖြင့်။ ဖိလစ်သည် ရှေ့တန်းသို့သွား လေတိုင်း မာဆေးဒိုးနီးယား ပြည်သူ အချောအခေါင် အလှသရဖူ တစ် ယောက်စ နှစ်ယောက်စဆိုသလို ခေါ်ဆောင်သွားမြဲ ဖြစ်သည်။ အချို့ကိုမူ တရားဝင်ပင် ထိမ်းမြားလက်ထပ်လိုက်ချေသေးသည် မဟုတ်ပါလား။ သည် အခါ ဖိလစ်ဘုရင် စစ်ထွက်မည်ဟုဆိုလေတိုင်း အပျော်ကြူးရန် သက်သက် ဟူ၍ အိုလံပီယာက လှေနံဓားထစ် သတ်မှတ်လာခဲ့မိတော့သည်။ ဖိလစ် သည် နန်းတော်ကြီး (သို့မဟုတ်) နေပြည်တော်သို့ ပြန်တောင့်ပြန်ခဲ ပြန်လာ
သောအခါများတွင် သားတော်လေးအပေါ် ချစ်သောနှလုံး ဇနီးအပေါ် ပြုံးသောမျက်နှာဖြင့် ပျူငှာသော အလေ့အထတော့ ရှိပါ၏။
သို့သော် စစ်ထွက် ယောက်ျားတို့၏ အလေ့အထအတိုင်း ရာသီ ကောင်း၍ ခြေခင်းသာသည်နှင့် စစ်ထွက်ပြန်သည်မှာ သူ့စရိုက်ပါပေ။ အိမ် တွင်နေချိန် မရှိသလောက်ဟူ၍ပင် ဆိုရမည်။ အကယ်မူ ဖိလစ်ဘုရင် သည် ပြည်ပရန်ကို လက်မလည်အောင် ကာကွယ်နေရသည်။ အနောက်မြောက် အရပ်တွင် တောင်ပေါ်သား အီလီရီးယန်းတို့ကတစ်ဖက်၊ အရှေ့အရပ်တွင် သဲရာဆီးယန်းတို့က တစ်ဖက်။ ယင်းရန်နှစ်ရန်ကြားတွင် ပိုင်အိုနီးယန်းတို့က တစ်မှောင့်။ ထိုရန်သူတို့သည် မာဆေးဒိုးနီးယန်းဘုရင် ဖိလစ်၏ အားနည်း ချက်ကို အမြဲရှာဖွေနေကြသူများဖြစ်၏။ ယင်းတို့အချင်းချင်း ယာယီ မဟာ မိတ်ပြု၍ ဖိလစ်ဘုရင်ကို တိုက်ခိုက်ရန် ကြိုးစားနေကြသည်မှာ အစဉ်အလာသဖွယ် ဖြစ်နေသည်။ သို့ရာတွင် သူတို့သည် ယဉ်ကျေးမှုအဆင့် အတန်း နိမ့်ကျလှသည့် လူရိုင်းဘုရင်များသာ ဖြစ်ကြသည်။ သူတို့အချင်း ချင်း ယာယီမဟာမိတ်ပင်ဖွဲ့၍မရ။ ယင်းတို့ ပျော့ကွက်ကို ဖိလစ်က ကြို၍ သိထားသည်။ ဖိလစ်သည် သေးဘဲစ်မြို့ပြနိုင်ငံတွင် သုံ့ပန်းအဖြစ် နှစ်အတန်ကြာမျှ နေထိုင်ခဲ့ဖူးသည်။ ထို့ကြောင့်လည်း သူတို့အထာ၊ သူတို့ဓလေ့ကို ထုံကျွမ်းနေသည်။ သူတို့ မဟာမိတ်ဖွဲ့မည့် အကြံအစည်ကို ကြိုတင်ငုံမိထား သည်။ ထိုအခါက သေးဘဲစ်သည် စပါတာကို အောင်နိုင်ခဲ့ဖူးသည်။ ထို့ကြောင့် ပါရှားက သေးဘဲစ်သို့ ပဉ္စမံတပ်သား အများအပြား လွှတ်ခဲ့ သည်။ သေးဘဲစ်ကို အာရုံစူးစိုက်လာသည်။ ထိုအတွေ့အကြုံတို့က ဖိလစ် အား ထောက်လှမ်းရေးပညာကို သင်ကြားပေးခဲ့သည်။ လူရိုင်းဘုရင်တို့ ယာယီ မဟာမိတ်ဖွဲ့၍ ထောင်ထားလာမည်ဟူသော သတင်းကို ကြားရသော အခါ ဖိလစ်သည် မိမိလေးသည်တော်များဖြင့် ပိုင်အိုးနီးယန်း ပြည့်ရှင်ဘုရင် ကို ခြိမ်းခြောက်ကာ မိမိနှင့်ငြိမ်းချမ်းရေး သီးခြားစာချုပ် ချုပ်ဆိုရန် အကျပ်ကိုင် လိုက်သည်။
ဤနည်းဖြင့် ဖိလစ်ဘုရင်သည် အရှေ့နှင့် အနောက်မြောက်နယ် မြေရှိ ရန်သူတို့ကို ထိန်းချုပ်နိုင်ခဲ့သည်။ ထို့ကြောင့်လည်း ဖိလစ်ဘုရင်နှင့် ပတ်သက်၍ ဂရိတ်သမိုင်း သုတေသီတို့သည် ထိုခေတ်ကာလအတွင်း ဖိလစ် ဘုရင် လှုပ်ရှားမှုတို့နှင့်ပတ်သက်၍ မျက်ခြည်ပြတ်သွားခဲ့ရခြင်း ဖြစ်နိုင်သည်။
အိုလံပီယာ၏ဝမ်း၌ သားဦးရတနာလေးမှာ နောင်သော် စစ်အတတ် ဖြင့် ကမ္ဘာ့မြေပုံကို ပြောင်းလဲရေးဆွဲမည့် စစ်ဘုရင်ကြီး မဟာအာလက္ခဇန်းဒါး လောင်းလျာပင် ဖြစ်ပါပေ၏။
အာလက္ခဇန်းဒါးသည် မိခင်၏ အုပ်ထိန်းမှုအောက်၌ ကြီးပြင်းရသူ ဟု ဆိုရမည်။ ဖခင်မူ ညှိုးနွမ်းသော ရုပ်သွင်၊ စုတ်ပြတ်သော ကိုယ်ဝတ်တို့ ဖြင့် ပြီးသော စစ်ပြန်ယောက်ျားကြီးအဖြစ်သာ ရံခါဆိုသလို မြင်ရတတ်သည်။ သည်ကြားထဲ ဖခင်ကြီး ဖိလစ်သည် မျက်စိတစ်ဖက်ကလည်း လပ်နေချင် သေးသည်။ အာလက္ခဇန်းဒါး သုံးနှစ်သားအရွယ်က ဖိလစ်သည် အာသင် တို့၏ ခံတပ်ကို စီးနင်းရင်း မျက်စိတစ်ဖက်လပ်ခဲ့ခြင်းဖြစ်သည်) သူ့ဖခင်နှင့် ပတ်သက်၍ အာလက္ခဇန်းဒါး မှတ်မိသည်မှာ ဖခင်ကြီးသည် သူ့အပေါင်းအဖော် မုတ်ဆိတ်ထူလပျစ်နှင့် လူထွားကြီးများကို ခေါ်လာလေ့ရှိသည်။ ထိုလူကြီးတို့သည် ကိုယ်တွင် ဗလာကျင်း၍ ဝတ်လစ်စားလစ်ရှိသည့်တိုင် ခါးမှဓားများကိုမူ မချွတ်။ သေရည်ကြူးလာလျှင် ဓားတစ်ပြက် တုတ်တစ် ပြက် ရှိတတ်ချေသေးသည်။
ငယ်စဉ်ဘဝက သူ့ဖခင်နှင့် ဆက်ဆံရေးကို သည်မျှလောက်သာ မှတ်မိသည်။ သို့ရာတွင် အာလက္ခဇန်းဒါးလေး ကြီးလာသောအခါ ဖခင်ကြီး ကဲ့သို့ပင် ယစ်ရွှေရည်ကို တမက်တမော ခုံမင်လာသည်။ သူ့ရဲဘော်ရဲဘက် များနှင့်အတူ တွဲသောက်သည့် အလေ့အထလည်း ထုံလာသည်။ ထိုရင်းနှီးမှု တို့ကြောင့် အာရှတိုက် စစ်ပွဲများတွင် သူ့ရဲ့ဘော်များ၏ ရဲဘော်စိတ် တုံ့ပြန်မှု ကိုလည်း ရရှိခဲ့ခြင်းဖြစ်သည်။ သူတို့သည် သေရည်ကြူးသလောက် ရန်သူ ကိုလည်း ရဲရဲဝံ့ဝံ့ ရင်ဆိုင်သည်။ အာလက္ခဇန်းဒါးနှင့် သူ့ရဲဘော်ရောင်းရင်း တို့သည် သူတို့တပ်တွင် သူတို့ခေါင်းဆောင်ပိုင်း လူစုလောက် ဒဏ်ရာရသူ ဟူ၍ ခိုင်းနှိုင်းစရာမရှိသလောက် ထင်ရှားခဲ့သည်။
စင်စစ် ခမည်းတော်ဖိလစ်သည် လူယဉ်ကျေးဖြစ်သည်။ မာဆေး ဒိုးနီးယန်း ဘုရင်တို့သည် သူတို့ကိုယ်တွင်း၌ ဂရိတ်သွေးပါသည်ကို ဂုဏ်ယူလေ့ရှိကြသည်။ ဂရိတ်လူမျိုးတို့သည် ယဉ်ကျေးကြသည်။ စာပေကျမ်းဂန် ကဗျာ လင်္ကာတို့၌ ကျွမ်းကျင်သည်။ ဂရိတ်သွေးပါသော မာဆေးဒိုးနီးယန်း ဘုရင်တို့သည်လည်း ကဗျာ လင်္ကာ ပုံတိုပတ်စတို့၌ ကျွမ်းကြသည်။ စာပေနှံ့စပ်ကြသည်။
အိုလံပီယာမှာမူ နန်းထက်၌ ဖွားလျက် မင်းသွေးစင်စစ်ဖြစ်သော် လည်း အယူသီးသည်။ အရည်းကြီးဂိုဏ်းဝင်ဟု ဆိုရချိမ့်မည်။ လပြည့် ဝန်းအောက်တွင် ဝတ်လစ်စားလစ်ကမည်။ အဆိပ်ပြင်းသောမြွေတို့ကို လက်မောင်းနှင့် ကိုယ်အင်္ဂါတို့ပေါ်တွင် ရစ်ပတ်လျက်ကမည်။ သည်အယူဝါဒ မျိုးတို့ကို ဆည်းကပ်သည်။ သည်နယ် တောင်ထိပ်ကပွဲသဘင်တစ်ခု၌ ဖိလစ်နှင့် စတင်တွေ့ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က နှစ်ဦးစလုံး ငယ်ကြိုက်လည်း ဖြစ်ကြသည်။
ဖိလစ်က အသက် ၂၀ ရွယ်ဟု ဆိုနိုင်မည်။ လူငယ်တို့ဘာဝ သူ့တွင် တာဝန်မရှိသေး။ အချိန်တွေက တစ်ပုံတစ်ပင် သုံး၍ မကုန်၊ သဲဘေးစ်မြို့တွင်ကျနေသည့် သုံ့ပန်းဘဝမှ လွတ်မြောက်စဉ် နောင်တော်ဘုရင်က လည်း နိုင်ငံတော်ကို အုပ်စိုးနေစဉ် အားလပ်ခိုက်ကာလတွင် “ခါဘေရွိုင်” မိန်းမလှကျွန်း၏ လျှို့ဝှက်နက်နဲမှုများကို စူးစမ်းရန် အလည်ရောက်ခဲ့သည်။
အိုလံပီယာကလည်း နုနုငယ်ငယ်၊ သူမ၏ ခမည်းတော် ဘုရင် ချီးမြှင့်အပ်သော ပင်တိုင်ဆောင်နန်းမှ ခွာကာ ယဇ်သဘင်ဆင်နွှဲရန် မိန်းမလှ ကျွန်းရှိ တောင်ထိပ်သဘင်ပွဲသို့ မောင်ငယ်လေးနှင့်အတူ ရောက်လာခဲ့သည်။
ချစ်ခြင်းအစ မျက်စိက။ ။
လူငယ်တို့ဘာဝ တွေ့ကြသည်၊ ဆုံကြသည်၊ ချစ်ကြသည်။
နောင်တော်ဘုရင် ပါဒီခါးစ် စစ်မြေ၌ အသက်ကြွေရသည့် နှစ်၌ပင် ဖိလစ်နှင့် အိုလံပီယာတို့ ထိမ်းမြားခဲ့ကြသည်။ ဖိလစ်သည် လုပ်ကြံတိုက်ခိုက် ရန် ခက်ခဲသော တိုင်းနိုင်ငံကိုမှ သိမ်းပိုက်လိုသည်။ အထိန်းအကွပ်ကျပ်သော မိန်းမကိုမှ လိုချင်သည်။ ။
အိုလံပီယာသည် စိတ်စရိုက် ကြမ်းကြုတ်သည်။ စုန်းမသဖွယ် ဖြစ်သည်။ ရုပ်လှသလောက် စိတ်နေကြမ်းလှသည်။ သူမကိုမှ တမင်ရွေး၍ ဖိလစ်က မိဖုရားမြှောက်သည်။ ဖိလစ်သည် သူမအပေါ် မေတ္တာသဒ္ဓါ ပွားခဲ့ ပါသည်။ အခါခပ်သိမ်း စည်းစိမ်ဥစ္စာတို့ဖြင့်လည်း ကုံလုံစေခဲ့ပါသည်။ အကြောင်းကလည်း တစ်ဖက်ရှိခဲ့သည်။ သူမသည် ရုပ်ရည်တင့်တယ်ရုံမျှ မက အမျိုးကလည်း မြတ်သည်။ ဂရိတ်ပြည်တစ်ဝန်းတွင် သူတို့အမျိုးသည် အကြီးဆုံးဖြစ်သည်။ အစဉ်အလာလည်း မသေးငယ်လှ။ သူတို့နှင့် ရန်သူ ဖြစ်ခြင်းထက် မိတ်ဆွေဖြစ်ခြင်းက ပို၍ အကျိုးရှိနိုင်သည်။ ထိုအမျိုးကြီး အဆွေကြီးသမားတို့ကို အကြင်လင်မယားအဖြစ် ပေါင်းသင်းမိလျှင် အပေါ့ အတန်သဘောထား၍မရ။ လျစ်လျူရှု၍ မဖြစ်။ သူတို့ မိဘမောင်ဖား ဆွေမျိုး များက ဖိလစ်သည် အိုလံပီယာအား သားမှတ်မှတ်၊ မယားမှတ်မှတ် ပေါင်း ခြင်းနှင့် ခင်ပွန်းကောင်းဝတ္တရားနှင့် ပြည့်စုံစွာ တင့်တောင့်တင့်တယ်ထားခြင်း တို့သည် မဆန်းလှချေတကား။
ဖိလစ်သည် အိုလံပီယာကို ချစ်ပါ၏။ သို့သော် တစ်နှစ်ပတ်လုံး တော့ မိဖုရားဘေးတွင် မနေနိုင်။ သူသည် ဘုရင်တစ်ပါးဖြစ်သည်။ ဘုရင် တွင် ဘုရင့်တာဝန်တော့ ရှိရပေလိမ့်မည်။ မိမိနယ်နိမိတ် ပိုင်နက်စည်း၏