Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ရဲခေါင် - ညောင်ရွက်လေချီ

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

အပိုင်း ( ၁ )

ဝင်ဒါမီယာဥယျာဉ်အတွင်းမှ ညင်သာစွာကွေ့၍ ထွက်လာသော နှစ်ယောက် စီး မော်တော်ကားကလေးသည် လက်ယာဘက်သို့ ဦးလှည့်လိုက်၏။ လုံးဝချမ်းသာသူ များ မဟုတ်သည့်တိုင်အောင် အဖျင်းဆုံးအားဖြင့် ငွေဘက်ကဆိုလျှင် ကြွယ်ဝသူများဟု ခေါ်ဆိုရသော၊ ထိုအနီးအနားရှိ လူသိုက်တို့ နေ့စဉ်နှင့်အမျှ ရှူရှိုက်နေရသည့် ကြည်သင်းရနံ့တို့ကို ဖောက်ထွင်း၍ မောင်းနှင်သွား ခဲ့သူကား အသက် (၃၀) ကျော်ခန့် မိန်းမချောတစ်ဦးပင် ဖြစ်လေသည်။

အတွင်းသိများကသာ ၎င်းအား အသက် (၃၀) ကျော်ဟုဆိုကြမည်ဖြစ်သော် လည်း အများအားဖြင့် ၎င်းအား အသက်အစိတ်အောက်ဟု ခန့်မှန်းခြေပေးလေ့ရှိကြ သည်ကို ထောက်ချင့်ခြင်းအားဖြင့် အဆိုပါအမျိုးသမီးမှာ အဘယ်မျှ နုပျိုနေသေးသည် ကို တွေးတောကြံဆနိုင်ကြမည်ဖြစ်လေသည်။

မော်တော်ကားသည် ကုန်းမြင့်ကို မှန်မှန်ကလေးတက်သွားကာ လမ်းညီညွတ် ပြေပြစ်လာသည်နှင့်တစ်ပြိုင်နက် အရှိန်ပြင်းထန်စွာဖြင့် ပြေးလေတော့သည်။ လမ်းဆုံ ရောက်သော် ဘက်ထရီဟွန်းကို ကျယ်လောင်စွာနှိပ်ရင်း ပြည်လမ်းတစ်လျှောက် ရှေ့ရှု သွားလေသည်။ အခြားမော်တော်ကား မောင်းသူများမှာ ရုတ်တရက်အားဖြင့် ဒေါပွသွားသည့်တိုင်အောင်၊ မိန်းမသားတစ်ယောက်ဖြစ်သည့်အတွက် မည်သို့မျှ မပြော နိုင်ဘဲ၊ မိမိတို့သွားမြဲလမ်းများသို့ ဆက်လက်သွားကြလေသည်။

နှစ်ယောက်စီးကားဝါကလေးသည် ပြည်ကျောင်းဆောင်၊ တကောင်းကျောင်း ဆောင်စသော တက္ကသိုလ်ကျောင်းဆောင်များသို့ ရောက်လာသည်နှင့် အရှိန်နည်းသွား လေသည်။ ကားမောင်းသူအမျိုးသမီးမှာလည်း တေးတေး ကလေးဖြစ်သွားလျက် ကျောင်းသားများအား ပြောက်ကျားပြောက်ကျားမြင်နိုင်သည့် ကျောင်းဆောင်နှစ် ဆောင်ကို လှမ်း၍ကြည့်မိလေသည်။

ထိုခဏ၌ ကားတစ်စီးသည် ကားဝါကလေးကိုကျော်၍ အတက်နေသော ကားမောင်းသူအမျိုးသမီးကြောင့် ကားဝါကလေးမှာ လက်ယာဘက်သို့ ယိမ်းထိုးလာ လေရာ ကျော်တက်သည့်ကားမှာ၊ တစ်ဖက်မှကားတစ်စီးနှင့်ဝင်၍ တိုးလုခမန်း ဖြစ်သွားလေသည်။

ကျော်တက်မိသည့် ကားပိုင်ရှင်လူဝဝကြီးမှာ အတော်ဒေါသထွက်သွားလေ သည်။ ထို့အတွက် နောက်တစ်ကြိမ်ကျော်တက်သည့်အခါတွင်

ဟေ့သူငယ်မရဲ့ ။ ကားမောင်းတာလည်း လမ်းကြည့်ပြီး မောင်းစမ်းပါဦး...”

ဟု လှမ်း၍အပြော၊ အဆိုပါသူငယ်မအခေါ်ခံရသူသည် ထိုလူကြီးဘက်သို့ လှည့်ကြည့်လေသည်။ လူဝဝကြီး၏ပြောစကားကို မကြားသေးသဖြင့်လည်း ပါ

ရှင်...... ဘာအမိန့်ရှိပါသလဲ”

ဟု ပြန်မေးလိုက်လေသည်။ သို့ရာတွင် လူဝကြီးကား ထပ်မပြောတော့ဘဲ မိမိ၏ကားမောင်းသူအား လျင်မြန်စွာ မောင်းခိုင်းလိုက်သည်။ အကြောင်းသော်ကား သုံးရက်လမျက်ခုံး၏ အောက် ကော့ညွှတ်သော မျက်တောင်တို့ဖြင့် တန်ဆာဆင်သော ကောင်းကင်ပြာမျက်လုံးတို့မှာ မျက်ရည်တို့ဖြင့် အတိရွှမ်းနေသောကြောင့်တည်း။

နှစ်ယောက်စီးကားဝါကလေးသည် အင်းစိန်နှင့်ပြည်လမ်းဆုံသို့ ရောက်လာ သည်နှင့် ကားမောင်းသူမှာ စိတ်ဒွိဟဖြစ်နေသလို အရှိန်တန့်သွားပြီးမှ အင်းစိန်လမ်း ဘက်သို့ ဇွတ်အတင်းချိုးဝင်သွားလေသည်။

အကယ်၍သာ ထိုကားဝါကလေးသည် ပြည်လမ်းဘက်သို့ လည်း ချိုးကွေ့ လိုက်မည်။ ရိပ်သာ... ဟူသော ခြံကြီးရှေ့၌လည်း ထိုးရပ်လိုက်မည်ဆိုပါက

ညောင်းလေပြည်ပက်ဖျန်း ဘယ်လိုရည်ညွှန်းလို့ လွမ်းဖွယ်ဖန်တယ်၊ မာလာစုံ ဖူးပွင့်ပန်းတို့ လန်းဆန်းလို့ မွေးကာကြူ တော့တယ်...”

အဆိုကလည်းပိုင် တီးလုံးလည်းမြိုင်သောကြောင့် ကြားမိသူတိုင်း နားစွင့်နေမိ ကြသည့်တိုင်အောင် ပြောင်လက်နေသော စန္ဒရားရှေ့တွင်ထိုင်လျက် ခေါင်းကလေးကို ငဲ့ကာ၊ စောင်းကာနှင့်ဆိုနေသောသူကား အသက် ၁၄ နှစ်ခန့်မျှသာရှိဦးမည့် လုလင် ကလေးတစ်ယောက်ဖြစ်လေသည်။

အိစက်ညက်ညောသော ဆိုဖာကြီးများပေါ်တွင် ထိုင်ကာနေကြသောမိဘ နှစ်ပါးကား သားငယ်အား နှစ်ထောင်းအားရစွာ ရွှန်းရွှန်းစားစားကြီး ကြည့်နေကြ သည်။ သားဖြစ်သူ မောင်သန်းဆွေကား ငယ်စဉ်ကတည်းက ဝါသနာ အလျောက် ဗီဇအလျောက် အတီးအမှုတ်ဘက်လိုက်စားကာ စန္ဒရားကို ဖိဖိစီးစီး အတီးသင်ခဲ့သဖြင့် ယခုကဲ့သို့ လက်သံပြောင်နေခြင်း ဖြစ်လေသည်။

ညိုညိုရီတောင် ထိပ်ဖျားက ကြွားလှတဲ့ရေတံခွန်ရယ် ယဉ်ယဉ်ငယ်တွေတွေ ကျတယ်-အလှထိပ်ခေါ်ရမှာလားကွယ်...”

စားပွဲတင်ပန်ကာကလေးသည် ကလေး၏ ပိုးရှပ်အင်္ကျီကလေးကို လှုပ်ရှား စေ၏ ။ ဆံစကလေးများကိုလည်း ရွေ့ လျားစေကာ နဖူးပေါ်သို့ဝဲကျလာစေ၏။ စားပွဲ ပေါ်မှ နှင်းဆီပွင့်များသည်လည်း မငြိမ်မသက်ရှိကြသည်။ ။

နှင်းဆီပွင့်များမှ ကြူကြူသင်းသော မွှေးရနံ့တို့သည် ဦးမင်းညိုနှင့် ဒေါ်ဒေါ်ကြည် တို့အား သိုင်းခြုံနေကြကုန်သည်။ ဦးမင်းညိုလည်း မောင်သန်းဆွေကို ကြည့်နေရာမှ ဒေါ်ဒေါ်ကြည်ဘက်သို့အလှည့်၊ ဇနီးသည်၏မျက်လုံးများ မျက်ရည်ရွှမ်းနေသည်ကို တွေ့ရလေသည်။

အဘယ်ကြောင့် ဤသို့မျက်ရည်ဝိုင်းနေသည်ကို ဦးမင်းညိုကောင်းစွာ သိ၏။ သူပင်လျှင် စိတ်ကိုအတော်ထိန်းထားရဟန်တူသည်။ လွန်ခဲ့သော ၁၄ နှစ်ခန့်က အဖြစ်အပျက်များသည် သူတို့နှစ်ဦး၏အသည်းနှလုံးများ၌ ပူပူနွေးနွေးကြီး ထင်နေဆဲ ဖြစ်တော့သည်။ သို့တစေလည်း ဒေါ်ဒေါ်ကြည်အား လက်ဝဲလက်ဖြင့် ကြင်နာစွာ ဖက်လိုက်ကာ။ ။

အို.. မင်းကလည်းကွယ်။ ကလေးသိရင် စိတ်မကောင်းအောင်”

ဟု လေသံသဲ့သဲ့နှင့်ပြောလိုက်မှ ဒေါ်ဒေါ်ကြည်လည်း ပဝါဖြူကလေးဖြင့် စို့နေသော မျက်ရည်ဥများကို ပယ်ရှားပစ်လိုက်သည်။ ပြီးလျှင် မောင်သန်းဆွေအား မကြည့်တော့ဘဲ ဆေးဝါနုသုတ်ထားသော အုတ်နံရံကိုသာ ငေးကြည့်နေလေသည်။

ဤ “ချစ်စမ်းယဉ်” သီချင်းကို ကြားရတိုင်း ဒေါ်ဒေါ်ကြည်၏အသည်းဆိုင် များမှာ ကြေမွသွားတော့မတတ် အဆွေးမာန်ကြွလေသည်။ လွန်ခဲ့သော ၁၄ နှစ်မှ အဖြစ်အပျက်များကို ပြန်ပြောင်းသွားလိုက်တိုင်း အသက်ရှူများပင် မှားမှားသွားကာ ဖန်လာသောကံကြမ္မာ၏ ဆန်းကြယ်ပုံကို နားမလည်နိုင်အောင် ဖြစ်နေရှာလေသည်။

ထို ၁၄ နှစ်၏ဟိုဘက်ဆီက အဖြစ်အပျက်တို့သည် ပျော်ဖွယ် ရွှင်ဖွယ် ကြည်နူးဖွယ်အဖြစ်ပေါင်းစုံများဖြင့် အတိလွှမ်းသည့်တိုင်အောင် ယခုအချိန်အခါမှာကား စိတ်မချမ်း မြေ့ဖွယ်ရာများဖြင့် အတိပြီးတော့သည်။ ထိုအဖြစ်အပျက်များကို မေ့ပစ်လိုက်သည့် တိုင်အောင် နေ့စဉ် ချစ်မြတ်နိုးနေရသော မောင်သန်းဆွေ ကလေး၏အသွင်သည် “ဒီအဖြစ်ကို မမေ့နဲ့” ဟု ဖော်ပြထားဘိသည်နှင့်မခြား တူညီလှပေသည်။

ဟိုတုန်းကလေ ချစ်ပင်ဝေ ပန္နက်စွဲလို့ အသည်းထဲလှိုက်ဖိုချစ်ငွေ့ ပို တယ်... တူနှစ်ကိုယ်အတူတွဲလို့ သာသာယာယာ စမ်းနံဘေးဝယ် အေးမြတဲ့ချို အေးကြွယ် ရွှင်ရွှင်ကြည်ခဲ့တယ်......”

သာယာသောအသံ၊ ဝေဆာသောတီးလုံး၊ နှလုံးကြည်စေသော သာယာမှု တို့ဖြင့် ပြီးသည့်အချိန်အခါဟု တေးပရိသတ်က မှတ်ချက်ချလောက်သည့်တိုင် အောင် ဒေါ်ဒေါ်ကြည် အဖို့ ကား ဤမည်သောအသံ၊ ဤမည်သော သာယာမှုတို့ကို မကြားမမြင်သည့် အသွင်ဆောင်နေလေတော့သည်။

စန္ဒရားသံသည် ဗြုန်းခနဲရပ်သွား၏။ မူမမှန် မသေချာသော လက်ချောင်းကလေး တို့သည် စန္ဒရားခလုတ်ကလေးများကို စမ်းနေသည်။ အသံများလည်း “ကြောင်” နေသည်။

ဟာ...ဒီနေရာ တီးကွက်မေ့နေပြန်ပါပြီ။ ဓာတ်ပြားဖွင့်ကြည့်ဦးမှပဲ”

ကလေးသည် ထိုင်နေရာမှထ၏။ ဓာတ်စက်ဆီသို့ အပြေးကလေးပြေး သွားကာ ဓာတ်စက်အောက် ဓာတ်ပြားဗီရိုတွင်းမှ ဓာတ်ပြားသေတ္တာတစ်ခုကို ဆွဲထုတ်လိုက်၏။ ထိုဓာတ်ပြားကား လွန်ခဲ့သော ဆယ့်သုံးလေးနှစ်ခန့်က အသံ သွင်းခဲ့သော ချစ်စမ်းယဉ်သီချင်းဓာတ်ပြားဖြစ်လေသည်။

လူကလေး... မောင်သန်းဆွေ”

မောင်သန်းဆွေသည် ဓာတ်ပြားကို လက်ကကိုင်ရင်း ဒေါ်ဒေါ်ကြည်ဘက် သို့ လှည့်ကြည့်လိုက်သည်။

ဘာလဲ မေမေ”

မောင်သန်းဆွေသည် အနီးသို့ ရောက်လာ၍ ဒေါ်ဒေါ်ကြည်၏ပေါင်ပေါ် တက်ထိုင်လိုက်သည်။ သူ့မိခင်၏ မသာယာသောမျက်နှာကို တွေတွေကလေးကြည့် နေသည်။

မေမေ နေမကောင်းဘူးလား”

“ကောင်းသားပဲ။ လူလေး ဒါလောက်တီးနေရတာ မမောဘူးလား”

ဟာ... ဘယ်မောမလဲမေမေရဲ့၊ ကျွန်တော် ဒီ “ချစ်စမ်းယဉ်” ကိုသာ တီးရမယ်ဆိုရင်လေ... တစ်ထိုင်တည်း ဆယ်ခေါက်တီးမတီးရ”

ဒေါ်ဒေါ်ကြည်သည် ဦးမင်းညိုအား ဖျတ်ခနဲလှမ်း၍ကြည့်လိုက်မိလေ သည်။ ဦးမင်းညိုနှင့် အကြည့်ချင်းဆုံနေ၏။ ပြီးသော် ဓာတ်ပြားပေါ်သို့ စက္ခုအာရုံ စိုက်သွားလေရာ

သီဆိုသူ အဆိုကျော်ခင်ခင်ငွေ၊ ကိုတင်ဝင်းတူရိယာအဖွဲ့” ဟူသော စာလုံးများကို သွား၍တွေ့ရလေသည်။

နေပါဦးကွယ့်...ဒါက လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်လောက်က သီချင်း ပဲ။ ရှေးမကျဘူးလား။ အခုနောက်ဆုံးပေါ်နေတဲ့ လဲ့ဝင်းသဠာတို့၊ ဆောင်ကြာဗွေဦး တို့ကို မကြိုက်ဘူးလား။ နုရီတို့၊ နှင်းနွယ်တို့ ဆိုကြတာတွေလေ”

လဲ့ဝင်းသဠာတို့၊ ဆောင်ကြာဗွေဦးတို့လည်း ကောင်းကြတာပါပဲ။ ဒါပေမဲ့ “ချစ်စမ်းယဉ်”ကိုတော့ မမီနိုင်ဘူးထင်တယ်။ ဟောဒီ အဆိုကျော် ခင်ခင်ဝေဆိုတဲ့ အသံကို ကြားရရင် ကျွန်တော့်စိတ်ထဲသိပ်သာယာတယ်လို့ကို ထင်တာပဲ။ကိုတင်ဝင်း တူရိယာအဖွဲ့က ပီယာနိုသံ ကလည်း သိပ်ကောင်းတယ်။ ကျွန်တော်ဖြင့် နားထောင်ရတာ ရိုးကိုမရိုးဘူး။ နားထောင်ရင်း ရင်ထဲတလှပ်လှပ်နဲ့ ဖြစ်ဖြစ်လာ တာပဲ။ အခုလို အချိန်မျိုးဆိုရင်...”

ဦးမင်းညိုသည် ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေလေသည်။ ဒေါ်ဒေါ်ကြည်ကား အိပ်ခန်းထဲသို့ ဝင်သွားလေသည်။ ဦးမင်းညိုအတွက်မူ သတင်း စာကြီးတစ်စောင်ဖြင့် မျက်နှာကိုကွယ်ထားလေသည်။ အမှန်အားဖြင့် သူသည် စာထဲ၌ စိတ်မဝင်။ အတွေးနယ်ချဲ့လျက်သာ ရှိလေသည်။ ပတ်ဝန်းရံသမျှအရာ တို့ကို မမြင်ဟန်၊ ဂရုမစိုက်ဟန်ဆောင်နေသည့်တိုင်အောင် အခန်းတွင်းမှ ဒေါ်ဒေါ် ကြည်ကား ခေါင်းအုံးပေါ်၌ မှောက်လျက်သားငိုနေမည်ကို သူသိလေသည်။

သူ၏မျက်စိထဲတွင်လည်း မှုန်မွှားသော ရှေးဖြစ်စဉ်သည် ရေးရေးမျှမှ သေချာ ပေါ်၍ပေါ်၍လာသည်။ ပေါ်လာသမျှကို သူကြိုးစား၍ ဖျောက်သည်၊ မရ။

မရသည့်အပြင် ဓာတ်စက်ဘက်မှ..

“ဟိုတုန်းကလေ.. ချစ်ပင်ဝေပန္နက်စွဲလို့...”