Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ရန်အောင် - တိုင်းလုံးကျော်ဝထ္ထုတိုများ

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out

မေတ္တာ

တောရွာကလေးများသို့ သွားရောက်နေထိုင်ကာ စိတ်ကူးရရာ စာပေကလေး များ ရေးသားခြင်းဖြင့် စိတ်နှလုံးလည်း ကြည်လင်ချမ်းမြေ့၊ စာရေး၍လည်း တိတ်ဆိတ်ငြိမ်သက်ကာ သမာဓိရလျက် အသက်ဝင်သော စာပေများ ဖြစ်မြောက်နိုင်သည်။

ထို့ကြောင့် တပေါင်းလပြည့်ကျော် ၁-ရက်နေ့က အင်းစိန်ခရိုင်၊ သာဓုကန်ရွာအနီးက အုတ်ဖိုရွာသို့သွားရောက်ကာ စာပေရေးသား၍နေသည်။

တစ်နေ့တွင် ကျွန်တော် တည်းခိုနေထိုင်သည့် ဆေးဆရာကြီးဆရာ ကျော်၏ အိမ်သို့ လူရွယ်တစ်ယောက် တက်လာကာ ဆရာကတော် ဒေါ်အေး အားစာလွှာကလေးများ ပေးသွားသည်ကို တွေ့ရ၏။ ဒေါ်အေးက စာလွှာ များကို ဖတ်ကြည့်ပြီး

ဆရာ့အတွက်လည်း ပါတယ်ဆရာ....” ဟုဆိုကာ

ကျွန်တော့်ကို တစ်ရွက်ပေးလာသဖြင့် ဖတ်ကြည့်ရာ သာဓုကန်ရွာမှ ထိမ်းမြားမင်္ဂလာပွဲတစ်ခု၏ ဖိတ်စာဖြစ်ကြောင်း သိရ၏။

ကျွန်တော် တည်းခိုနေထိုင်ရာ အုတ်ဖိုရွာနှင့် သာဓုကန်ရွာမှာ တစ်မိုင် မျှသာ ဝေးလျက် နှစ်ရွာ တစ်ရွာဖြစ်သည်။ ၄င်းပြင် သာဓုကန်ရွာအနီးတွင် သာဓုကန်စေတီရှိရကား ကျွန်တော် အုတ်ဖိုရွာသို့ရောက်တိုင်း သာဓုကန်စေတီကို ဖူးမြော်ရန် အသွားတွင် သာဓုကန်ရွာတွင်းသို့ ဝင်လျက် အသိ အကျွမ်း မိတ်ဆွေသင်္ဂဟများ ရှာဖွေဖွဲ့ စည်း စကားစမြည် ပြောဆိုမြဲဖြစ် သည်။ ထို့ကြောင့် သာဓုကန်ရွာကလည်း ကျွန်တော့်ကို သိနေကြသည်။

သို့သော် ယခုဖိတ်စာပါ အိမ်ကိုကား ကျွန်တော် မသိပါ။ ထိုအိမ်ကို ကျွန်တော် ရောက်ဖူးချင် ရောက်ဖူးမည်ဖြစ်သော်လည်း သူတို့၏ နာမည်နာမ များကို ကျွန်တော်က မေ့နေခြင်းလည်း ဖြစ်နိုင်၏။ သို့မဟုတ် သာဓုကန်ရွာသို့ မကြာခဏလာသည့် စာရေးဆရာ “ရန်အောင်” ဟူ၍ သူတို့က သိနေကြ သဖြင့် ကျွန်တော့်ကို ဖိတ်ခြင်းလည်း ဖြစ်နိုင်ပါသည်။

မည်သို့ပင်ဖြစ်စေ တောရွာကလေးများသို့ရောက်သခိုက် တောမင်္ဂလာ ဆောင်သို့သွားကာ တောဗဟုသုတကလေးများဆည်းပူးရသော် ကောင်းလေ စွဟု ကျွန်တော် တွေးလျက်

ဒေါ်အေးတို့သွားရင် ကျွန်တော်လည်း လိုက်မယ်ဒါ့...” ဟု လှမ်း၍ ပြောလိုက်၏။

ဆရာ လိုက်ရင် ကောင်းတယ်ဆရာ...။ ဟိုရောက်ရင် အထူး အဆန်းတွေလည်း ကြားရ၊ သိရလိမ့်မယ်...”

ဘယ်လို အထူးအဆန်းလဲ ဒေါ်အေးရဲ့ ...” ဟု ကျွန်တော်က မေးလိုက်၏။

ဟိုကျတော့ ဆရာ သိရမှာပေါ့ ...၊ အထူးအဆန်းပြောမယ့်သူနဲ့ ဆရာနဲ့ မိတ်ဖွဲ့ ပေးပါ့မယ်...”

အထူးအဆန်းကို ကြားချင်၊ မြင်ချင်၊ တွေ့ချင်၊ သိချင်သောစိတ်မှာ စာရေးဆရာများတွင် ပို၍ ထက်သန်လေရကား ကျွန်တော်သည် အထူး အဆန်းကြားရ၊ သိရမည်ဆိုသော မင်္ဂလာဆောင်ကျင်းပမည့်ရက်ကို ရောက် ခဲလှချေ၊ ရောက်ခဲလှချေဟု တောင့်တငံ့လင့်၍ နေမိသည်။ ။

မင်္ဂလာဆောင်မည့်နေ့နံနက်တွင် ဒေါ်အေးနှင့်သမီးပျို ကလေး သုံးယောက်တို့သည် ဝတ်ကောင်းစားလှ ဆင်ပြင်ဝတ်စားကြချေပြီ။ ကျွန်တော်လည်း သားသားနားနားကလေးဖြစ်အောင် ဝတ်ဆင်ရ၏။ ပြီးလျှင် ကျွန်တော်တို့တစ်တွေ လှည်းဖြင့် သာဓုကန်ရွာသို့ လာခဲ့ကြသည်။ လှည်းမောင်း သူကား ဒေါ်အေး၏ သမီးအကြီးဆုံး ခင်ပွန်း ကိုလှမောင် ဖြစ်သည်။

ကိုလှမောင်သည် အိမ်ထောင်မကျမီက ဆိုင်းထဲတွင် နှဲဆရာ လုပ်ခဲ့ သည်။ ဗျာထောင်ခဲ့သည်။ ယခုကား တောလိုက်၊ အုံလိုက် လယ်လုပ်၍ နေရရှာ၏။ ကိုလှမောင်မှာ သဘင်သည်၊ ဂီတသည်တို့ ဘာဝ ရွှင်မြူးသည်။ သူစကားပြောလျှင် ဟာသပါသည်။

လှည်းမောင်းလာရင်းပင် ကျွန်တော့်ဘက်သို့လှည့်ကာ “ကိုရင်ဖိုးရန် သီချင်းဆိုပါဗျ..” ဟု ကိုလှမောင်က ခပ်သောသော ပြောလိုက်၏။

ကျွန်တော် သူ့အတွက် အလျင်က စပ်ထားခဲ့ဖူးသော သီချင်းတစ်ပုဒ် ကို သံနေသံထားနှင့် ဆိုပြလိုက်သည်။

ခေါင်းတုံးရယ်ပြောင်၊ မောင်မောင်လှ လူ ချော၊ မြက်ရိတ်ကာ နွားတွေကျောင်းပါလို့၊ နေစောင်းလျှင် အိမ်ပြန်လာတဲ့ပြင်။ ညံစာစာနှဲသံညည်းလို့ရယ်၊ တီးတဲ့သူ့ဗျာ။ ။”

ကျွန်တော်၏သီချင်းဆုံးလျှင် ဒေါ်အေးနှင့် သမီးပျိုလေးသုံးယောက် က ပြုံး၍ နေကြသည်။ ကိုလှမောင်က ဟားတိုက်၍ ရယ်ကာ..၊

အိမ်ကျရင် ကျွန်တော့်မိန်းမ မစောရီကိုလည်း ဆိုပြဦးနော်... ကိုရင်ဖိုးရန်၊ ကျွန်တော်က နှဲ လိုက်ပေးမယ်”” ဟု ဆိုလေသေးသည်။

တောလမ်း၊ တောစခန်းတွင် လှည်းကြမ်းစီးကာ ရယ်ရယ်မောမော လာရပြန်တော့ ပျော်မိ၊ ရွှင်မိသည်။ မိမိ၏ကြီးရင့်သော အသက်ကိုပင် မေ့၍နေသည်။ ငယ်စဉ်က ဤကဲ့သို့သော တောလမ်း၊ တောစခန်းတို့တွင် ညီမလေးတို့၊ လှထွေးတို့၊ စောလှိုင်တို့ ဟူသော သူငယ်ချင်းမလေးတွေနှင့် တပျော်တပါး လှည်းစီး၍ သွားရသည်ကို ထင်ယောင်၊ မြင်ယောင်မိသည်။ ဒီလိုဆိုတော့လည်း လောကကြီးဟာ ပျော်စရာပါပဲကလား .......။

ထို့နောက် မင်္ဂလာဆောင်အိမ်သို့ ရောက်လာကာ တောဓလေ့၊ တော သဘာဝအလျောက် မင်္ဂလာပွဲဆင်နွှဲကျင်းပသည်ကို တွေ့ရ၏။ မင်္ဂလာဆောင် သတို့သား၊ သတို့သမီးတို့သာလျှင်မက တစ်ရွာလုံးပင် အုန်းအုန်း ကျွက်ကျွက်ဖြင့် ပျော်ကြ၊ ပါးကြသည်။ တစ်ဦးနှင့်တစ်ဦး နောက်ပြောင် ကျီစယ်ကာ ရယ်သွမ်းသွေးကြသည်။

မင်္ဂလာကိစ္စပြီး၍ ဒေါ်အေးတို့ ပြန်ရန် ပြင်ဆင်ကြရာ ကျွန်တော်ကမလိုက်သေး၊ တစ်ညဉ့်အိပ်နေဦးမည်ဟု ပြောလိုက်သည်။

ထိုအခါတွင်မှ ကျွန်တော်၏သဘောကို ဒေါ်အေး ရိပ်မိကာ မင်္ဂလာ ဆောင် ဇာတ်လိုက်တစ်ဦးနှင့် မိတ်ဖွဲ့ပေးသည်။ ကျွန်တော်သည် စာရေးဆရာ ဖြစ်၍ ထူးထူးဆန်းဆန်းကလေးများကို ကြားလို၊ သိလိုသည်ဟု ဒေါ်အေးက ပြောပြလိုက်သေးသည်။

ထိုညဉ့်တွင်ပင် အကြင်ဇာတ်လိုက်က ကျွန်တော့်အား သူတို့ဖြစ်စဉ်ကို ကုန်စင်အောင် ပြောပြပေတော့သတည်း။

သာဓုကန်ရွာကလေးထဲ ဝင်မိပြီဆိုရင်ပဲ စိတ်စက်တွေ ကြည်လင်ပြီး ပျော်သလို၊ ရွှင်သလို ဖြစ်လာတာပဲဗျ။ ဘာကြောင့်လဲဆိုတော့ ကျုပ်တို့ ငယ်စဉ်က ဒီလိုတောရွာကလေးမျိုးတွေမှာ နေခဲ့ရတော့ သာဓုကန်ရွာထဲရောက်လာတယ်ဆိုရင်ပဲ ငယ်စဉ်က အဖြစ်အပျက်တွေ တွေးမိတယ်။ ငယ် စိတ်၊ ငယ်သွေးတွေ ပေါ်လာတယ်။ တောရွာဆိုတော့ တကယ်ပျော်စရာ၊ ကြည်နူးစရာ၊ ကဗျာဆန်တဲ့ နေရာကလေးပေပဲကလား။ ။

နောက်တစ်ခုကလည်း ကျုပ်တို့ ကြီးပြင်းလာတဲ့အခါ မြို့ကြီးပြကြီး တွေမှာနေရတယ်။ မြို့ကြီးပြကြီးဆိုတာက အမြဲ ပွဲတော်၊ လမ်းတော်ကြီး လုပ်နေတာလို မျက်စိနောက်စရာ၊ စိတ်ရှုပ်စရာတွေချည်း မြင်ရ၊ ကြားရ၊ တွေ့ရဖန်များတော့ တစ်ခါတစ်ခါများ ရူးများသွားမလားလို့တောင် ထင်မိ ပါတယ်ဗျာ။

အဲ... ဟောဒီ သာဓုကန်ရွာကလေးရောက်လာတော့ မြို့မှာနေရလို့ စိတ်နောက်တာတွေဟာ တစ်ခါတည်း ပြေပျောက်သွားသဗျ။ လမ်းကလေး တွေကို ကြည့်ဦးမလား၊ ကောက်ကောက်၊ ကွေ့ကွေ့၊ ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ သီတင်းကျွတ်မီးထွန်းပွဲချိန်ခါမှာ ဝင်္ကပါထဲ ဝင်သွားရသလိုပဲဗျ။ လမ်းဘေး ဝဲယာ အိမ်ကလေးတွေကလည်း မြို့ကြီးပြကြီးများမှာလို အကွက်ရိုက်ပြီး စည်းစနစ်ကျကျ ဆောက်ထားတာမဟုတ်ဘဲ ဟိုမှာ တစ်အိမ်၊ ဒီမှာ တစ်အိမ်၊ ဟိုတစ်စု၊ သည်တစ်စုနဲ့ ကြည့်ရှုလို့ ခပ်ဆန်းဆန်းဖြစ်နေသဗျ။

တချို့က ပြောကြလိမ့်မယ်။ လမ်းတွေက ကောက်ကောက်ကွေးကွေး၊အိမ်တွေက ရှုပ်ရှုပ်ထွေးထွေး၊ ဒါကိုများ ကဗျာဆန်တယ်၊ အနုပညာ ဆန်တယ်လို့ ပြောတာ အံ့ပါရဲ့လို့။ ။

ဖြောင့်ဖြောင့်မတ်မတ်၊ တိတိကျကျဆိုရင် ဘယ်မှာ အနုပညာဆန် ပါတော့မလဲဗျ။ ဥပမာ၊ မြစ်တွေ၊ ချောင်းတွေဟာ ကောက်ကောက်ကွေ့ကွေ့ မဟုတ်ဘဲ မျဉ်းသားထားသလိုဖြစ်နေရင် ဘယ်မှာ ကြည့်လို့ဆန်းကြယ်တော့ မှာလဲ။ သစ်ပင်တွေဟာလည်း အညွန့်တွေ၊ အခက်တွေ ကောက်ကွေး ယှက်ဖြာမနေဘဲ သေတ္တာများလို လေးထောင့်စပ်စပ်ဖြစ်နေတယ်ဆိုရင် ရှုလို့ ပနံမရတော့ဘူးပေါ့။ ပန်းပွင့်ကလေးတွေဟာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ရောင်စုံ မဟုတ်ဘဲ တစ်ဆင်တည်း၊ တစ်ရောင်တည်းဆိုရင် စိတ်ဝင်စားစရာ မကောင်း တော့ဘူးပေါ့ ဗျာ။

အဲဒီတော့ ရှုပ်ရှုပ်ထွေးထွေးဖြစ်နေတဲ့ သာဓုကန်ရွာကလေးဟာ ကျပ် မျက်စိထဲမှာတော့ သိပ်ပြီး ကြည့်လို့တင့်တယ်သပေါ့။ အိမ်ကလေးတွေရဲ့ အနီးပတ်ဝန်းကျင်မှာ စိုက်ပျိုးထားတဲ့ သရက်ပင်တွေ၊ မရန်းပင်တွေ၊ ငှက်ပျော ပင်တွေ၊ သင်္ဘောပင်တွေဆိုတာကလည်း ဝေဝေဆာဆာ၊ မြိုင်မြိုင်ဆိုင်ဆိုင် အင်မတန်တင့်တယ်ပေသကိုး။

တောရွာရဲ့ အဆင်တန်ဆာဖြစ်တဲ့ ကောက်ရိုးပုံ၊ စပါးကျီ၊ စပါး ထောင်းတဲ့ မောင်း၊ ရေတွင်း အဲဒါကလေးတွေကလည်း တစ်မျိုးကျက်သရေ ရှိတာပဲ။

ရွာထဲဝင်လိုက်တယ်ဆိုရင်ပဲ ရက်ကန်းလက်ခတ်သံကလေးတွေက တေးဂီတကို သီကျူးနေသလို ကြားလိုက်ရတော့ ကျုပ်စိတ်ထဲမှာ အပျော်ကြီး ပျော်၊ အကြည်နူးကြီး ကြည်နူးသွားပြီး ကျုပ်လာခဲ့ရင်းကိစ္စကိုတောင် မေ့သွား သဗျ။

ကျုပ်လာခဲ့ရင်းကိစ္စကတော့ စိတ်မချမ်းသာစရာ၊ ဝမ်းနည်းစရာကိစ္စ ပါပဲ။ အဲဒီကိစ္စကို သတိရတာနဲ့တစ်ပြိုင်နက် ကြည်လင်နေတဲ့ ကျုပ်စိတ်တွေဟာ နောက်ကျိသွားတယ်။ အင်း ... လောကကြီးတစ်ခုလုံးဟာ အကောင်းနဲ့ အဆိုး၊ အလင်းနဲ့ အမှောင် ဒွန်တွဲနေတာပါကလားဆိုတာ ကျုပ်သဘော ပေါက်သွားမိပေတယ်ဗျာ။

ရွာလမ်းကလေးအတိုင်း လျှောက်လာခဲ့စဉ်တွင်ပဲ ကျုပ်ဆီကို မျက်နှာ ချင်းဆိုင် လျှောက်လာတဲ့ ရွာသားတစ်ယောက်ကို တွေ့လို့ “မမြနှစ်တို့အိမ် ဘယ်မှာလဲ”” လို့ ကျုပ်က မေးလိုက်တယ်။

ကျွန်တော် လိုက်ပို့ပါ့မယ်ခင်ဗျာ...” လို့ အဲဒီရွာသားက ပြောပြီး ကျုပ်ရှေ့က စိုက်စိုက် စိုက်စိုက်သွားတာနဲ့ ကျုပ်လည်း လိုက်သွားရတာပဲ။

ဝါးဝင်းထရံကလေး သေသေသပ်သပ်ခတ်ထားတဲ့ နှစ်ထပ်အိမ် တစ်လုံးဆီကို လမ်းညွှန်တဲ့လူ ဝင်သွားလို့ ကျုပ်လည်း နောက်က လိုက်သွား သဗျ။ အိမ်ကတော့ ပျဉ်ထောင်၊ ပျဉ်ခင်းပါပဲ။ မိုးထားတာကတော့ ဓနိပဲ။ အိမ်သက်ဟာ အနှစ်-၂၀ လောက်ရှိရော့မထင့်။ တော်တော်ကလေးတော့ ဟောင်းနေပါပြီ။

ကျုပ်တို့ အိမ်ဝင်းထဲဝင်သွားတော့ မမြနှစ်ဟာ အိမ်ပေါက်ကို ပြေး ထွက်လာပြီး “လာ.. လာ... ကိုမြအောင်...” လို့ နှုတ်ဆက်ခေါ်ငင်ရင်း ပဲ သူ့မျက်လုံးများမှာ မျက်ရည်တွေ ဝဲလာသဗျ။

လူ့စိတ်များဟာ တယ်ပြီး အပြောင်းအလဲမြန်ပါကလားဗျာ...။ ဝမ်းသာစရာရှိရင်လည်း လှိုက်လှိုက်လှဲလှဲ ဝမ်းသာလိုက်တာပဲ၊ ဝမ်းနည်းစရာ တွေ့ရပြန်တော့လည်း ရင်ထဲမှာဆို့ပြီး သေတော့မတတ် ဝမ်းနည်းမိတာပဲ။

မျက်ရည်တွေ အိုင်နေတဲ့ မမြနှစ်ကို မြင်လိုက်ရတော့ ကျုပ်လည်း ဝမ်းနည်းပက်လက်နဲ့ ရင်ထဲမှာ ဆို့သွားသဗျ။

သူ့နာမည်က မမြနှစ်တဲ့...၊ ကျုပ်က ကိုမြအောင်...၊ ကျုပ်တို့ နှစ်ယောက်စလုံးရဲ့ နာမည်ထဲမှာ “မြ” ပါနေတော့ ကျုပ်စိတ်ထဲမှာ တစ်မျိုး ကြီးဖြစ်သွားသဗျ။ သာယာကြည်နူးသွားတယ်ဆိုပါတော့ဗျာ...။ ။

ဟယ် မထော်မနန်း ... အရူးမဟုတ်၊ အကောင်းမဟုတ်...” လို့ ကျုပ်စိတ်ကို ဆုံးမလိုက်ရတယ်။

ကျုပ်လည်း... အိမ်ဦးခန်းမှာ မမြနှစ် ခင်းပေးတဲ့ သင်ဖြူးကလေး ပေါ် ထိုင်မိတာနဲ့ တစ်ပြိုင်နက်...

သမီးရေ... ဟောဒီမှာ... ညည်းဦးလေး လာနေတယ်ဟေ့...” လို့ မမြနှစ်က ဆိုလိုက်ရင်ပဲ အသက် ၁၇- နှစ်လောက်ပဲရှိဦးမယ့် လုံမလေး တစ်ယောက် အိမ်အပေါ်ထပ်က ဆင်းလာသဗျ။ ကလေးမမျက်နှာကို မြင်လိုက်ရင်ပဲ ကျုပ်သူငယ်ချင်း ဘလှရဲ့ မျက်နှာဟာ ကွက်ခနဲ ပေါ်လာတာပါပဲဗျာ...။ ကျုပ်သူငယ်ချင်း ဘလှက အင်မတန်ချောတဲ့ လူချော၊ လူလှကြီး ဗျ။ ဒါကြောင့် သူ့မိဘများက “ဘလှ” လို့တောင် အမည်ပေးရတာပေါ့ ။

အိမ်း... ဘလှရဲ့သမီးက ဘလှထက်တောင် ချောနေပါသေးသလား လို့ ကျုပ်စိတ်ထဲမှာ တွေးနေမိသဗျ။

မိန်းကလေးဟာ ချောရုံလှရုံတင် မကသေးပါဘူး၊ သွက်လက်ချက် ချာပုံလည်း ပေါ်သဗျ။ ကျုပ်အနားမှာ ပြုံးပြုံးကလေး ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ... ။

ဦးလေး ... ကျွန်မတို့ပေးတဲ့စာ ရလား” တဲ့ မေးတယ်။

အေး .. ရသား ၊ ရရချင်း ဦးလေး ထလာခဲ့တာပဲ။ သို့ပေမဲ့ ဦးလေးက ကြက်ခြေထောက်လို ဟိုဟိုဒီဒီ လျှောက်သွားနေတဲ့သူဆိုတော့ မင်းတို့ပေးတာနဲ့ ဦးလေးရတာ အချိန်အတော်ကြာကြီး ကွာနေသကွ...”

ကျွန်မတို့စာပေးတာ ခြောက်လလောက်ရှိပြီ... ဦးလေးရဲ့ ..”” တဲ့။ ။

ဒီတော့ မမြနှစ်က ဝင်ပြောတယ်...၊ “ခင်နုတို့အဖေ ဆုံးတဲ့နေ့မှာပဲ ကျုပ်တို့ စာထည့်လိုက်တာပဲ...၊ သေခါနီးမှာ ခင်နုတို့အဖေဟာ ကိုမြအောင် ကို တ တတနဲ့ပေါ့ တော်...၊ တော်တို့ချင်း တော်တော်ချစ်ကြသနော်...”

ချစ်ဆိုဗျာ... ညီအစ်ကိုအရင်းတောင် ဒီလောက်ချစ်ကြမယ် မထင် ပါဘူး။ ကျုပ်လည်း တောသား၊ သူကလည်း တောသားပဲ။ တစ်ရပ်တည်း သားချင်းတော့ မဟုတ်ဘူးဗျ။ ကျုပ်တို့ငယ်စဉ်က ရန်ကုန်ကျောင်းမှာ အတူတူ နေခဲ့ရတယ်။ နေအတူ၊ စားအတူ၊ သွားအတူ၊ လာအတူ၊ အိပ်လည်း အတူတူပေါ့ ဗျာ...။ ကျုပ်တို့ကို တခြားကျောင်းသားတွေက ဘယ်လိုပြော သလဲ သိလား...”

ဘယ်လိုပြောလဲ... ဦးလေး ...” လို့ ကလေးမက ကောက်မေး လိုက်သဗျ။

ယောက်ျား လင်မယားတဲ့ကွာ...၊ ယောက်ျား လင်မယားတဲ့...”

ကလေးမက သွားကလေးပေါ်အောင် ပြုံးနေတယ်။ အဲဒီလို ပြုံးပုံ ဟာ သူ့အဖေဘလှ ပြီးပုံမျိုးပဲဗျ။ သူက ဘလှထက် ထူးတာကတော့ သူ့ ဘယ်ဘက်ပါးမှာ ပါးခွက်ကလေးတစ်ခုတည်း ထင်ထင်ရှားရှား ပေါ်နေ