ရန်ကုန်ဘဆွေ - ဝထ္ထုတိုငါးပုဒ်
သူထီး
ခင်ထားမူသည် ခန်းမဆောင်ကြီး၏ အလယ်မှ ရပ်၍ မျက်လုံးကိုမှေးကာ ပတ်ပတ်လည်ကို လှည့်၍ကြည့်လိုက်သည်။ ခန်းမဆောင်ကြီး၏ ပတ်လည်တွင် ခပ်ငြိမ်ငြိမ်ကလေးရဲလျက်ရှိသော အနီ ရောင် ပေါ်ပလင်စကို နဖူးစည်းအဖြစ် ခန်းလုံးပြည့် ဆင်ယင်ထား သည်။
စင်မြင့်၏ နောက်ခံတည့်တည့်တွင် ခွပ်ဒေါင်းပုံပါသော အစိမ်းရောင်ရင့် ကျောင်းသားအလံကို စည်းပေါ်သို့ တစ်ဝက်ခန့်ဖုံး အောင် ဖြန့်ကြက်၍ထားသည်။
စင်မြင့်ပေါ်ရှိ စားပွဲကုလားထိုင်များကိုလည်း နဖူးစည်းနှင့် တစ်ဆင်တည်းဖြစ်သော အနီစကလေးများကို တင်းတင်းရင်းရင်းနေ အောင် ဖုံးအုပ်၍ထားသေးသည်။
စင်မြင့်၏လက်ဝဲဘက်ထောင့်တွင် ခြောက်လက်မကျော်ခန့် ရှိသော အောက်ခံခုံနှင့် တည့်မတ်စွာ စိုက်ထူထားသည့် ခွပ်ဒေါင်းပါသော ပိုးသားအလံလည်း ရှိသေးသည်။
ထုံးစံအတိုင်းဆိုသော် အလယ်ရှိစားပွဲပေါ်တွင် ရေချိုင့်ပန်းအိုး စသည်တို့ ရှိရမည်ဖြစ်ပေသည်။
သို့ရာတွင် ခင်ထားမူသည် ထိုအဆင်အပြင်မျိုးကို မကြိုက်ပေ။ ထို့ကြောင့် သူသည် ပန်းအိုးအဖြစ် အသုံးပြုရန် ဆင်စွယ်ရောင် ဆေးသုတ် ထားသော ရွယ်တူ စည်ပြတ်ကြီးနှစ်လုံးကို ယူဆောင်လာကာ ထို စည်ပြတ်ကြီးထဲ၌ နီနီရဲရဲ ပွင့်လျက်ရှိသော “ဗုဒ္ဓသရဏံ” ပန်းပင်များကို လွန်ခဲ့သည့် ငါးရက်ခန့်ကစ၍ ကြိုတင်စိုက်ယူထားခဲ့လေသည်။
ယခုအခါတွင် ထိုစည်ပြတ်ကြီး နှစ်လုံးသည် စင်မြင့်ပေါ်မှ စားပွဲခုံ၏ ဘယ်ညာ တစ်ဖက်တစ်ချက်တို့၌ စိမ်းစိုလတ်ဆတ်စွာ ရောက်ရှိနေချေပြီ။ ခင်ထားမူသည် သူ၏ အဆင်အပြင်ကို တော်တော် ကျေနပ်၍သွားလေသည်။
ထို့နောက် ဘေးမှ အဖော်များအား လှည့်၍ပြောလိုက်၏။
“ခင်လဲ့လဲ့ဝင်းရေ မီးတွေ ဖွင့်စမ်းဟေ့” ခင်လဲ့လဲ့ဝင်းသည် မီးခလုတ်ကို ပြေး၍ဖွင့်လိုက်သောအခါ တစ်ခန်းလုံးသာယာ၍ သွား လေသည်။ အဖော်များသည် စိတ်ထဲ၌ ဝမ်းသာသွားလျက် ခင်ထားမူ အား ချီးကျူးသော မျက်လုံးများဖြင့် ဝိုင်း၍ကြည့်လိုက်ကြသည်။
ခင်ထားမူသည် အခန်းထဲရှိ မီးချောင်းများအားလုံးကို စက္ကူ စိမ်းဖြင့် ဖုံးကာ မျက်နှာကြက်ဘက်သို့လှည့်၍ ပြောင်းပြန်ထွန်းထား ခြင်းဖြစ်လေသည်။
အစိမ်းရောင်များသည် ဖြူလှသော မျက်နှာကြက်နှင့် နံရံတို့ ကို ရောင်ပြန်ရိုက်ကာ အေးကြည်သော အစိမ်းနုရောင်ကလေးများ အဖြစ်နှင့် တစ်ခန်းလုံးကို လင်းကျင်း၍ လာလေသည်။
ပရိသတ် မမြင်နိုင်သော နေရာလောက်ဆီမှနေ၍ စင်မြင့်ဆီ သို့ ထိုးထားသော ဆလိုက်မီးမှ မိုးပြာရောင်များသည် နီရဲသော စားပွဲကြီးပေါ်သို့ ကျရောက်လျက်ရှိလေရာ အမှောင်ခိုသော နေရာအချို့ တို့တွင် ခရမ်းရောင်ကလေးများသမ်းလျက် ရေးခြယ်ထားသော ပန်းချီ ကားချပ်ကြီးတစ်ခုနှင့်သာ တူနေလေတော့သည်။
“ထားတို့ကတော့ဟေ့ ခေတ်မီအောင်ထွင်တဲ့နေရာမှာတော့ ရှာမှရှားပဲ၊ သူ့အယူအဆကိုက တစ်မျိုးဟေ့”
ဝိဇ္ဇာတန်းတွင် ၂ နှစ်လုံးလုံး ဝါဆိုခဲ့ပြီဖြစ်သော ဖက်မာ ကြီးက ပြောလိုက်လေသည်။
ခင်ထားမူသည် စင်မြင့်ပေါ်တွင် ကွက်၍ကျနေသော ဆလိုက် မီးရောင်ကို မျက်စိကလေးမှေးကြည့်နေရာမှ ဖက်မာ၏ဘက်သို့ လှည့်ကာ မျက်လွှာပင့်၍ကြည့်လိုက်သည်။
“သိပ်မချီးမွမ်းနဲ့ဦး မာရဲ့ ၊ တော်တော်ကြာ ချီးမွမ်းစရာတွေ ကုန်နေဦးမယ်၊ ထား ရွေးလာတဲ့ စာရေးဆရာတွေ ဟောကြ၊ ပြောကြ တာကိုလည်း စောင့်ပြီးနားထောင်လိုက်ဦး၊ ဘယ်လောက်တိုးတက်တဲ့ အယူအဆတွေ၊ ဘယ့်လောက်ဆန်းသစ်တဲ့ အတွေးအခေါ်တွေဆိုတာ စောင့်ကြည့်ဦး”
“အေးကွ ကိုယ်ပြောချင်တဲ့လူတွေကို တည့်တည့်ကွက် ပြော စမ်းပါ၊ အများနဲ့ ရောမနေစမ်းပါနဲ့၊ ကိုယ်တို့ ထားကြီးက သူ့ငါးချဉ်၊ သူချဉ်တဲ့ အကြိမ်ပေါင်းများလှပြီ၊ ထားလူက ဘယ့်လောက်များ ဘာ တွေတိုးတက်နေလို့လဲ”
“အဲ့ဒါတော့ မာကြီးနဲ့ ကိုယ်တိုင်တွေ့ကြတော့ ဘာတွေတိုး တက်တယ်ဆိုတာ ကိုယ်တိုင် သိလိမ့်ပေါ့”
“အမယ်တော် မလုပ်ပါနဲ့၊ ကိုယ့်ဥစ္စာကြီးကို ကျုပ်မသိချင်ပါဘူး”
“ဟုတ်တယ် မာရဲ့ ၊ သူနဲ့ ပေါင်းသင်းရတာ တစ်မျိုးကြီးပဲ။လက်ဝဲဆန်တယ်၊ သူ့အတွေးအခေါ်တွေက အခုစက်မှုခေတ်နဲ့တောင် သိပ်မဆိုင်ဘူး၊ လျှပ်စစ်ခေတ် အဏုမြူခေတ်ထဲမှာ ရောက်နေတယ်။ အယူအဆတွေကိုက ဘယ်လိုမှန်းမသိဘူး”
“သူက ဂရဂျူအိပ်” လား”
“ဂရဂျူအိပ်တော့ မဟုတ်ဘူး၊ အင်တာကနေ ထွက်လာတာ တဲ့၊ ဒါပေမဲ့ အင်းဂလိတ်ရှ် သိပ်ကောင်းတယ်၊ သူဖတ်တဲ့ စာအုပ်တွေ ဆိုရင် ထားတို့ ကောင်းကောင်းနားမလည်ဘူး”
ခင်လဲ့လဲ့ဝင်းက ဝင်၍ တောလိုက်လေသည်။
“ဒီလိုဆိုရင် မမထားနဲ့၊ သိပ်တူတာပေါ့၊ မမထားလည်း လဲ့တို့ မာလာဆောင်တစ်ခုလုံးမှာ ခေတ်အမီဆုံး၊ အတိုးတက်ဆုံး အနုပညာသည်၊ အဲဒီတော့ ရှေ့သွားနောက်လိုက် သိပ်ညီမှာပဲ”
ခင်ထားမူသည် ခင်လဲ့လဲ့ဝင်း၏ လက်မောင်းအိုးကလေးကို လိမ်ဆွဲလိုက်ရာမှ
“ကိုယ်နဲ့ ရှေ့သွားနောက်လိုက် မညီဘူး၊ ဟိုက လူပုံချောကြီး ဆိုတော့ ခင်လဲ့လဲ့ဝင်းတို့လို မယ်လောင်းတွေနဲ့မှ ရှေ့သွားနောက်လိုက် ညီမှာ”
ဤတွင် ဖက်မာက ရုတ်တရက် ကြားဝင်၍
“အဲ အဲ ပေါ်ပြီ ပေါ်ပြီ၊ ကိုယ်တို့ထားကြီးက အယူအဆကိုပဲ ကျနေသလား၊ လူကိုပဲ ကျနေသလားဆိုတာ လာမှ အကဲခတ်”
“အကဲခတ်နေစရာ မလိုပါဘူးလေ၊ ထားတို့က ဗြောင်သမား ပဲ၊ ကဲ မာကြီး ကိုယ်တိုင်ဝန်ခံစမ်းပါ၊ မြဝတီတို့ ရှုမဝတို့မှာ ပါပါလာ တဲ့ သူ့ဝတ္ထုတွေကို အယူအဆ သစ် မသစ် မာကြီးကိုယ်တိုင် ကြိုက် မကြိုက်”
“ကိုယ်တို့တော့ ဒါတွေ ဒါလောက်နားမလည်လို့ မသိဘူး ထားရဲ့ ၊ ဝတ္ထုတွေ ဘာတွေ သိပ်မဖတ်ဘဲ၊ ထားတို့ကသာ မာလာ စာစောင် စာတည်းအဖွဲ့ဝင်တွေဆိုတော့”
“ဟော ဟော မာကြီးနော် မာကြီး၊ ဒီလိုမလုပ်စမ်းပါနဲ့၊ ကဲ ပြောစမ်း ခင်ကြူမေ”
“ဘာတုန်း မမထား”
“အဲဒီ စာရေးဆရာ ရေးတဲ့ စာတွေကို ကြိုက် မကြိုက်”
“ဘယ်သူတုန်း မမရဲ့ ”
“စာရေးဆရာ အောင်ဝင်း”
“ဟာ သိပ်ကြိုက်တာပေါ့၊ ကြူ “ဖေးဘရိဒ်” ပဲ၊ အဲဒါဘာပြု လို့လဲ အန်တီမာ”
“ညည်းလင် အန်တီမာ”
“ဆောရီး ချာ ချာ ယောင်လို့ ယောင်လို့၊ ကြူတို့ အစ်မကြီး မာက မကြိုက်ဘူးတဲ့လား၊ ဘာပြုလို့လဲ၊ ဟိုက ငယ်နေလို့လား”
“မိတ္တူ နော် မိတ္တူ၊ ညည်းလင်ကို ငယ်တယ် ကြီးတယ် ကျုပ် မသိရသေးဘူး၊ ဟိုက”
“အဟုတ်မသိဘူး၊ ဟင့် ယုံဘူး ယုံဘူး၊ ဘုရားအရှည် လိုက်စူး၊ မိုးကြိုးအရှည်လိုက်” ၊
“ကြူ နော် တော်တော် ထစမ်း၊ ဟိုက လာမှ ပေးစားပစ်လိုက် စမ်းပါ ထားရယ်၊ ဒီကောင်မလေးကို”
“အောင်မယ် ဘာရမလဲ သူများအကျကြီးကို၊ သူများအကျ မဟုတ်ရင်တော့ လာခဲ့၊ ချွေဘဲဥကလေးအနေနဲ့ ချွေငကျောသီးကလေး အချောင်းတောင် ပေးလိုက်ဦးမယ်၊ လူတစ်ယောက်ဆိုနည်းလား၊ တစ်မဲတော့ ကျိန်းသေတာပေါ့”
ခင်ထားမူသည် ဖက်မီးမာနှင့် ခင်ကြူမေတို့ကို ကြည့်၍ ပြုံးနေရာမှ စင်မြင့်ဆီသို့ ရုတ်တရက်လှည့်ကာ မျက်စိကိုမှေး၍ ကြည့် လိုက်သည်။
“ကိုယ်စိတ်ကူးတစ်ခုရတယ်၊ ဒီမှာ အဲဟိုစင်မြင့်ပေါ်ထိုးထား တဲ့ ဆလိုက်မီးတစ်လုံးကို အပေါ်က အရောင်စက္ကူဖြုတ်ပစ်လိုက်ချင် တယ်၊ ဒါမှ စင်ပေါ်က လူတွေကို ဒီအောက်က ကျောင်းသားတွေက ထင်ထင်ရှားရှား မြင်ကြရလိမ့်မယ်ထင်တယ်” ။
ဖက်မာသည် စင်ဘက်သို့လှည့်ကာ ငေးလျက်ရှိစဉ် ကြူက ဝင်၍ အဖြေပေးလိုက်လေသည်။
“ဝန်ကြီးချုပ်ပြောတာ အားလုံးမှန်တယ်”
“ဘာလဲနော့ ညည်းက”
“သိဘူးလေ၊ ကြူတို့က ဘာမှမလုပ်တတ်တော့ ဝန်ကြီးချုပ် ပြောတာ အားလုံးမှန်လိုက်ရတာပေါ့”
ထို့နောက် ခင်ထားမူတို့သည် စားပွဲများ ကုလားထိုင်များကို