Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ရန်ကုန်ဘဆွေ - မင်းလိုလူစားအများကြီးဟေ့

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out

တစ်ခါက ရန်ကုန်တက္ကသိုလ်၌ အပျော်တမ်းပြဇာတ်အဖွဲ့ တစ်ခု ဖွဲ့ရာတွင် အတူပါဝင်ကူညီဆောင်ရွက်ရန် လာရောက်သွေးဆောင်သောကြောင့် နဂိုက ဝါသနာပါသူဖြစ်သည့်အလျောက် အလွယ်တကူ လက်ခံ လိုက်သည်။

လာရောက်သွေးဆောင်သူကား မောင်ကိုယုဖြစ်၏။ ထိုအဖွဲ့၌ တက္ကသိုလ်ကျောင်းသားများသာမက အပြင်မှ ပြဇာတ်ဝါသနာရှင် နာမည် ကြီးတို့လည်း လက်ရွေးစင် ပါဝင်ပါသေးသည်ဆို၏။ ရည်ရွယ်ချက်မှာ ကျောင်းသားတို့သည် ပြဇာတ်တိုကလေးများ ရေးရန်၊ ကပြရန် ...။

ထို့ပြင် ရေးဖူးကြ၊ ကပြဖူးကြသော အတွေ့အကြုံများသူတို့၏ ထံမှလည်း အတူစုပေါင်းပြုလုပ်ရင်း လက်တွေ့ဆည်းပူးရန်ဟုဆို၏။

စာရေးသူကလည်း ပြဇာတ်၊ ရုပ်ရှင်၊ ပန်းချီ၊ စာပေ စသည် စသည် တို့ဆိုပါက လက်ဖက်ထက်လည်းကောင်း၊ အရက်ထက်လည်းကောင်း ကြိုက်သေးသောကြောင့် အလွယ်တကူ ခေါင်းညိတ်မိ၏။ ထို့နောက် မောင်ကိုယု ပြန်သွားလောက်မှ တစိမ့်စိမ့်တွေးမိရင်း ကြက်သီးထလာ၏။

ဘယ့်နှယ် ကြက်သီးမထဘဲ ရှိပါအံ့နည်း။ စာရေးသူသည် ယခု ခေတ် တက္ကသိုလ် မဟာကျောင်းတော်သားကြီးများ၏ အကြားသို့ အမှတ် မထင်သော်လည်းကောင်း၊ အမှတ်ထင်ထင်သော်လည်းကောင်း၊ အကြိမ် ကြိမ် ရောက်ဖူး တိုးဖူးခဲ့သည်မဟုတ်ပါလား။

တစ်ခါက စာရေးသူတို့သည် စာရေးဆရာအသင်းကြီး၏ အနေဖြင့် “လူသည် ခွေးထက်မိုက်၏'ဟူသော အဆိုတစ်ရပ်ကိုတင်၍ ဖိတ်ခေါ်ရာ ရာ အမြို့မြို့ အနယ်နယ်သို့ သွားရောက်ပွဲသွင်းကာ စကားစစ်ထိုးခဲ့ဖူးကြ သည်။

စင်စစ် ဤအဆိုသည် ရင့်သီးလှသော်လည်း ထူးထူးဆန်းဆန်း မဟုတ်လှပါ။ စာရေးသူတို့ငယ်စဉ်က စကားရည်လုပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်နိုင်ရန်အတွက် ဆရာသမားများ၏ သွန်သင်ညွှန်ပြမှုကို ခံယူခဲ့ရသည်။ ထိုစဉ်က ဆရာတို့သည် ဤသို့တင်ပြမိန့်ဆိုကြ၏။

အမောင်တို့ စကားရည်လုပွဲ (ဝါ) စကားစစ်ထိုးပွဲ ဆိုသည်ကို မောင်တို့အနေနှင့် ပေါ့ပေါ့တန်တန် မမှတ်လေနှင့်၊ ရှေးအခါက တစ်ဆယ့် ရှစ်ရပ်သော အတတ်ပညာဆိုသည့်အထဲမှာ စကားရည်လုပွဲနှင့် သက်ဆိုင် သောအတတ်ပေါင်း ဆယ်မျိုးအထိ ပါရှိကြတယ်မောင်တို့။ ။

သုတိ၊ သမ္မုတိ သင်္ချာ ဆိုတဲ့ ပါဠိလင်္ကာတွေနဲ့ ဖွဲ့ ထားခဲ့တဲ့ ယောက်ျားတို့ တတ်အပ်တဲ့ တစ်ဆယ့်ရှစ်ရပ်သော အတတ်တွေထဲမှာ ...

သုတိဆိုတဲ့ အကြားအမြင်အတတ်၊ သမျှတိဆိုတဲ့ ဓမ္မသတ် အတတ်၊ သင်္ချာဆိုတဲ့ ဂဏန်းအတတ်၊ နီတိဆိုတဲ့ လူမှုရေးအတတ်၊ ပူရဏ ဆိုတဲ့ ရှေးစကားကို သိနားလည်ပြောတတ်ခြင်းအတတ်၊ ဣတိဟာသဆို တဲ့ ရယ်ရွှင်မှုအတတ်၊ မာယာဆိုတဲ့ လှည့်ပတ်တတ်မှုအတတ်၊ ဆန္ဒတိ ဆိုတဲ့ ဆန်းကျမ်းအတတ်၊ သဒ္ဒါဆိုတဲ့ သဒ္ဒါကျမ်းအတတ်၊ ကေတုဆိုတဲ့ သံတမန်အတတ် -

အဲဒါတွေ - အဲဒါတွေ အားလုံးပါတယ် မောင်တို့၊ ဒါ့ကြောင့် စကားရည်လုပွဲမှာ ပါဝင်ရမယ့် ပညာရဲရင့် ပွဲလယ်တင့်တဲ့ သူရဲကောင်း ဟာ အကြားအမြင် အင်မတန်များမှ ဖြစ်တယ်ဘွဲ့ ။

စကားရည်လုတယ်ဆိုတာဟာ စကားစစ်ထိုးတာ စကားစစ်ထိုးတဲ့ စစ်သူကြီးတွေဟာ နိုင်မည့်ဘက်ကနေပြီး နိုင်အောင်ပြောတယ်ဆိုရင် မထူး ခြား မဆန်းကြယ်ဘူးကွဲ၊ ရှုံးမည့်ဘက်ကနေပြီး နိုင်အောင် ပြောနိုင်မှ တကယ့်လူတော် ကတယ့်သူရဲကောင်း ......

အဲဒီတော့ ဆိုကြပါစို့ကွယ် “လူသည် ခွေးထက်မိုက်၏။ ဓားပြဗိုလ်သည် ပြည့်ရှင်မင်းထက် ကြင်နာသနားတတ်၏။ မိန်းမရွှင်သည် ကြေးရည် တက် ဂုဏ်ကြီးရှင် အမျိုးသမီးထက် သစ္စာရှိ၏” ဆိုတာမျိုးတွေကို အဆို ဘက်ကနေပြီး အကိုးအကား အထောက်အထားတွေ အခိုင်အမာနဲ့ တကယ်နိုင်အောင် ပြောနိုင်မှဘွဲ့” ဟု ဆိုဘူး၏။

ထိုစဉ်က စာရေးသူတို့သည် အထက်ဖော်ပြပါ အဆိုတွေအားလုံး ကို အဆိုဘက်ကလည်းကောင်း၊ အချေဘက်ကလည်းကောင်း ပြောဖူးကြ ၏။ တစ်ခါတစ်ရံ ဘာသာရေးစာပေတွေနှင့် တဖက်က အခိုင်အမာပြုလာသောအခါ ထိုဘာသာရေးစာပေတို့ကိုပင် ယုတ္တိမဲ့သော စာပေများအဖြစ် အခိုင်အမာ ပြန်ဖျက်ပြကြရသောကြောင့် နားထောင်သူ ပရိသတ်တို့၏ စိတ်၌ပင် ထင်ရောင်ထင်မှားတွေ ဖြစ်လာတတ်ကြရာ အဆိုဘက်ကဖြစ် စေ၊ အချေဘက်ကဖြစ်စေ မည်သည့်ဘာသာရေးစာပေကိုမျှ ကိုးကား ပြော ဆိုခြင်း မပြုရဟု တားမြစ်ထားရ၏။

စာရေးဆရာအသင်းမှ စကားရည်လုပွဲ ပြုလုပ်ကြမည်ဟုဆိုသော အခါ ဤငယ်စဉ်က လေ့ကျင့်ခဲ့ရမှုတို့ကို သတိရလာ၏။ ထို့ကြောင့် အဆို တစ်ခု ရွေးပေးပါဟု ဆိုသောကြောင့် “လူသည်ခွေးထက်မိုက်၏” ဟူသော အဆိုကို ရွေးပေးလိုက်၏။

အဆိုဘက်မှ ရည်ညွှန်းပြောရသူတို့သည် “လူနှင့် တိရစ္ဆာန်တို့ လောဘ၊ ဒေါသ၊ မောဟချင်း တူညီကြပုံ၊ လူက ပိုထူးသည်မှာ၊ အသိ တရားသာထူးပုံ။ ထိုအသိတရားထူးသောကြောင့် ခံစားမှု၊ ကြံစည်မှု စသည်တို့လည်း တိရစ္ဆာန်တို့ထက် ပိုသာ၍ပိုထူးပုံ၊ ထို့ကြောင့် လူတို့ သည် မိမိတို့၏ လောဘ ဒေါသ မောဟတို့ကို အများမမြင်တွေ့ရအောင် ဖုံးဖိထားကြ၍ လောဘ ဒေါသ မောဟတို့ကို ခံစားရာ၌ တိရစ္ဆာန်တို့ထက် ပို၍စုံစုံမက်မက် ခံစားပုံ။ ထို့ကြောင့် တကယ်အမှန်အတိုင်းဆိုက လူသည် တိရစ္ဆာန်တို့ထက် ပို၍ လောဘ ဒေါသ မောဟ ကြီးသည်ဟု ဆိုနိုင်ပုံ၊ တိရစ္ဆာန်တို့ထက် လောဘ ဒေါသ မောဟ ကြီးသည်ဆိုပါက တိရစ္ဆာန် တို့ထက် မိုက်မဲခြင်းပင်ဖြစ်ပုံ။

ခွေးသည် တိရစ္ဆာန်ဖြစ်သောကြောင့် တိရစ္ဆာန်တို့ထက် ပို၍မိုက် သော လူသည် ခွေးထက်လည်း ပို၍မိုက်ပုံ။ ခွေးတစ်ကောင်သည် မ,အတွက်ကြောင့် အခြားတစ်ကောင်ကို သေအောင် ကိုက်သတ်ချင်သတ် မည်ဖြစ်သော်လည်း ထိုအခြားတစ်ကောင်ကို မသေ, သေအောင် နှစ်ရှည် လများ ကြံစည်နေခြင်း မိမိကိုယ်ကို မ,အတွက်ကြောင့် သတ်သေခြင်း မပြုလုပ်ကြသော်လည်း ခွေးထက်မိုက်သော လူသည် မ,အတွက်ကြောင့် အခြားလူတစ်ယောက်ကို မသေ,သေအောင် နှစ်ရှည်လများ ကြံစည်သတ် ဖြတ်ခြင်း၊ မိမိကိုယ်ကို သတ်သေခြင်းစသည်တို့ ပြုလုပ်တတ်ကြပုံ ...

ခွေးတစ်ကောင်သည် မိမိတို့အစာဖြစ်သော ကြက်ကလေး၊ ဘဲ ကလေး စသည်တို့ကို ကိုက်သတ်ခြင်း၊ မိမိနှင့် အစာလုဘက်ဖြစ်သူ အခြား ခွေးတစ်ကောင်အား လတ်တလော စိတ်လိုက်မာန်ပါ ကိုက်သတ်ခြင်း စသည်တို့၌ လူတို့ကဲ့သို့ပင် ပြုကြဖြစ်ကြသော်လည်း ထိုမိမိတို့၏ အစာ ဖြစ်သည့် အကောင်ဘလောင်တို့အား နေ့ဘို့ညစာ တာရှည်လှောင်၍ သတ်စားကြရန် ဖမ်းဆီးထားခြင်း မပြုကြ၊ မိမိတို့နှင့် အစာလုဘက်ဖြစ်သော အခြားခွေးတစ်ကောင်အား မသေ,သေအောင် နှစ်ရှည်လများ ကြံ စည်သတ်ဖြတ်ခြင်း၊ မပျက်စီး, ပျက်စီးအောင် နှစ်ရှည်လများ ကြံစည် ဖျက်ဆီးခြင်း၊ မိမိတို့၏အစာရရှိရေး ဖူလုံရေးအတွက်၊ မိမိတို့နှင့်ဘဝတူ အခြားခွေးတစ်ကောင်အား မဝရေစာပေး၍၊ ကျွေး၍ မိမိတို့အတွက် အစာ အရှာခိုင်းခြင်း၊ ထိုဘဝတူခွေးပေါ်မှတဆင့် ခေါင်းပုံဖြတ်၊ သွေးစုတ်၍ မိမိ အတွက် ညှဉ်းပန်းခိုင်းစေခြင်း၊ မိမိအတွက် မလုပ်ပေးဘဲ မနေနိုင်အောင် အကြပ်ကိုင်ခြင်း စသည်တို့ကို မပြုလုပ်ကြ၊ ထိုမျှလောက် ဆိုးဝါးသော အလုပ်ကို လူတို့ကသာ အလွန်ရက်စက်စွာ ပြုလုပ်ကြသည်။ ထို့ကြောင့် လူသည် ခွေးထက်မိုက်သည်။

နောက်ဆုံး၌ ခွေးသည် မိမိစားကွက်တစ်ခု၊ စားကျက်တစ်ခု အတွက်၊ အခြားခွေးတို့ကို ကိုက်မည်ဖြစ်သော်လည်း တစ်ကောင်တလေ သာ သေအောင်ကိုက်ပေမည်။ ဆိုင်သော မဆိုင်သော ခွေးတို့ကို အကုန် သေအောင် မကိုက်သတ်၊ လူတို့ကား စားကျက် စားကွက်တစ်ခုအတွက် လူပေါင်း အမြောက်အများတို့ကို ထောင်နှင့်သောင်းနှင့်သန်းနှင့် ချီ၍ သတ် ပစ်ကြ၏။ ဆိုင်ဆိုင်မဆိုင်ဆိုင် သတ်ပစ်ကြ၏။ ပြီးခဲ့သော ဒုတိယကမ္ဘာ စစ်ကြီးကို ကြည့်လျှင် သိနိုင်၏။ ဤမျှ ရက်စက်ကြမ်းကြုတ်သောအလုပ်ကို ခွေးတို့မလုပ်ကြ။ လူတို့သာ လုပ်ကြ၏။ ထို့ကြောင့် လူသည် ခွေး ထက် မိုက်၏။

ခွေးသည် မိမိနှင့်မသင့်တော်သော ပြိုင်ဘက် အခွေးအချင်းချင်း အား တစ်ကောင်တလေကိုမျှ သတ်ရန်၊ အနိုင်ယူရန်အတွက်၊ မကောင်း ယုတ်မာသည့်စိတ်ဖြင့် ဘာတစ်ခုမျှ တိုးတိုးကြိတ်ကြိတ် ကြံစည်နေမှုမျိုး မပြုလုပ်ကြ၊ လူသည် မိမိနှင့် မသင့်တင့်သော သို့မဟုတ် မိမိကို ဆန့် ကျင်မည်ထင်ရသော လူတစ်ဦးတစ်ယောက်ကို မဆိုထားဘိ၊ လူသန်း ပေါင်း များစွာတို့ကိုပင် တခဏချင်း သတ်ဖြတ်ပစ်နိုင်အောင် နေ့ညဉ့် မပြတ် ကြံစည်ပြုလုပ်နေကြ၏။ အနုမြူဗုံးများ၊ ဟိုက်ဒရိုဂျင်ဗုံးများ၊ တိုက် ချင်းပစ် ဒုံးပျံများ ပေါ်ပေါက်လာခြင်းသည် ခွေးထက်မိုက်ပုံ၊ ရက်စက် ကြမ်းကြုတ်ပုံတို့ကို ဖော်ပြသည့် လူတို့၏ သရုပ်သကန်ဖြစ်၏” စသည် စသည်တို့ဖြင့် စစ်မဖြစ်ပွားရေး လက်နက်တားဆီးရေး စသည်တို့ကို ဦး တည် ရည်ညွှန်းလျက် စကားရည်လုကြရ၏။

ကမ္ဘာ့ငြိမ်းချမ်းရေး စစ်လက်နက် တားဆီးရေး အကျင့်စာရိတ္တ ကောင်းမွန်ရေးတို့ကို မမျှော်လင့်ဘဲ ကွင်းခနဲ ရှင်းခနဲကြားရခြင်း၊ ပါးစပ် မစေ့ရအောင် တဝါးဝါး တဟားဟား ရယ်မောကြရခြင်းတို့ကြောင့် နားထောင်သည့် ပရိတ်သတ်တို့ ကြိုက်သင့်သလောက် ကြိုက်နှစ်သက်ကြ သော်လည်း စင်စစ် မြင့်မားသောစကားရည်လုပွဲကြီးမျိုး မဟုတ်လှပါ။

သို့သော် - ကံကောင်းထောက်မလာသည်ဖြစ်ရကား ခွေးထက် မိုက်သောလူတို့က “ဤစကားရည်လုပွဲသည် တိုင်းပြည်ကိုလုပ်ကြံရန်၊ တက်နေသည့် အစိုးရကိုမကောင်းပြောရန် ပါးစပ်ဖြင့်တိုက်ရန်၊ လှည့် လည် ပြုလုပ်နေခြင်းဖြစ်ပါသည်” ဟု သတင်းလွှင့်လိုက်သောအခါ တစ်ခဏချင်း နာမည်ကြီးသွားရသည်။ ဟိုမြို့က ဖိတ်အပြောခိုင်း၊ သည် မြို့က ဖိတ်အပြောခိုင်း ပြုလုပ်လာကြသည်။

ကျော်ကြားရန် အကြောင်းတိုက်ဆိုင်လာသည်ဖြစ်ရကား၊ ထိုစကား ရည်လုပွဲ၌ လာရောက်ပြောဟာကြမည့် စာရေးဆရာတို့ ရောက်လာကြ သည်နှင့် သက်ဆိုင်ရာ ထောက်လှမ်းရေးတို့က ခပ်ပြောင်ပြောင်ပင် လာ ရောက် မေးကြ မြန်းကြသည်။ ထိုအခါ ဧည့်ခံကျွေးမွေးကြသူတို့ထံမှ၊တစ်ခဏချင်း မြို့ထဲသို့ သတင်းပြန့်သွားရသည်။

ထိုသတင်းကြောင့် နောက်တစ်နေ့ စကားရည်လုပွဲပြုလုပ်သော အခါ ရုပ်ရှင်ကားကောင်းတို့ ပြသသည့်တိုင်၊ ဖွင့်မပေးခဲ့ရသော ရုပ်ရှင်ရုံ ကြီးတို့သည် နားထောင်သူတို့ လျှံထွက်လာသောကြောင့် ဖွင့်ပေးလိုက်ရ သည်ချည်း ဖြစ်သည်။

ပွဲပြီးသွားသောအခါ၌လည်း နားထောင်ကြသူတိုင်းပြုံး၍ ထွက် လာကြသည်။ “တို့ ထင်သလိုတော့ မဟုတ်ပါဘူးကွာ၊ ဘယ်သူ့မှမချပါ ဘူး။ ဒါပေမဲ့ လူတွေကိုတော့ ချတယ်ကွ၊ ကောင်းတော့ကောင်းပါတယ်။ တစ်မျိုးပဲ သိပ်ရယ်ရတယ်” ဟူသော စကားသံများ ထွက်လာကြသည်။

ဤသို့ဖြင့် ဆေးမစားရမီပုံနှင့် ဆေးစားပြီးပုံကဲ့သို့ ၊ နားမထောင်ရ မီတစ်မျိုး၊ နားထောင်ပြီးတစ်မျိုး နှစ်မျိုးသော ကောင်းခြင်းဖြင့် နာမည် ကြီးလှသော စကားရည်လုပွဲကို မဟာတက္ကသိုလ်ကျောင်းတော်သားတို့က သတင်း သန့်ခနဲ ရလိုက်ကြသည်။

ဤတွင် အခန်းမကြီးလျှံအောင် လက်မှတ်တွေ ရောင်းချလိုက်ကြ ပြီးနောက် စာရေးဆရာတို့ကိုလည်း အရက်ကိုးမောင်းတိုက်ကာ ဖိတ်ခေါ် သွားကြသည်။

ပရိသတ်တကာတို့၏ ပရိသတ်တွင် ဘယ်ပရိသတ်တို့နှင့်မျှ မတူ သော ပျိုမျစ်နုနယ် ငယ်ရွယ်လှပသည့် ယောက်ျားကလေး ပရိသတ်နှင့် မိန်းမပရိသတ်များ၊ ထို့နောက် ခေတ်မီ၊ ယဉ်လှ၊ တောက်ပသစ်လွင်သည့် ဝတ်သစ်ဆင်သစ်များ ... ။

ဤပရိသတ်နှင့် ဤလှပသော အခန်းကြီးထဲတွင် ရှေ့ဆုံးတန်းခုံ၌ ထိုင်နေသည့် နာမည်ကြီးလှသော တက္ကသိုလ်ကျောင်းသားထိန်း ဆရာ ကြီးနှင့် စကားရည်လာလုကြသော စာရေးဆရာတို့သာလျှင် အရုပ်ဆိုး၍ အိုမင်းရင့်ရော်သူများ ဖြစ်ကြသည်။ ခြုံ၍ကြည့်လိုက်လျှင် ဝင်းနေသော ရွှေသေတ္တာငယ်တစ်လုံး၌ ဟင်္သာပြဒါးနီကလေး မဆိုသလောက် ပေါ်နေ ရသကဲ့သို့ဖြစ်၏။

ဤမျှ လှပတောက်ပြောင်၍ လုလင်ပျို လုံမပျိုတို့ဖြင့် မွှေးကြူနေ သော အခန်းဆောင်ကြီးအတွင်း၌ စကားရည်လုပွဲကြီး စလိုက်၏။