ရန်ကုန်ဘဆွေ - နှင်းနု
အခန်း (၁)
နွေရာသီ၏ ညတစ်ညဖြစ်ပါသည်။
ကျယ်ပြန့်သော ကုန်းမြင့်ကြီး၏ဆင်ခြေလျှောတွင် ဟိုတစ်စု ဒီတစ်စု အမိုးအကာ ကျကျနနမရှိဘဲ နေထိုင်လျက်ရှိကြသော ဒုက္ခသည် များသည် ကြယ်ပြောင်ကလေးများ ပြွတ်သိပ်လျက်ရှိနေသော မိုး ကောင်းကင်ကြီးကို ဝမ်းဟာဟာနှင့် မော့ကြည့်နေကြလေသည်။
တချို့က မိမိတို့၏အစာရရှိရေးအတွက် ခပ်တိုးတိုး တိုင်ပင်နေကြ၍ တချို့မှာ အဖျားအနာရောဂါများ၏ နှိပ်စက်မှုကြောင့် ညည်းညူလျက် ရှိကြသည်။ တချို့နေရာများမှ အစာမစားရသော ကလေးငယ်များ၏ စူးစူး ဝါးဝါး ငိုယိုသံသည် တိတ်ဆိတ်သောညကို ထွင်းဖောက်၍ ထွက်လာလေ သည်။
တစ်ခါတစ်ခါတွင် ၎င်းတို့နှင့် မနီးမဝေး ကုန်းမြင့်ပေါ်ရှိ မီးတွေ ထိန် လျက်ရှိသော တဲကြီးဆီမှ ပျော်ရွှင်စွာ ရယ်လိုက်ကြသောအသံတို့ ကို ခပ်သဲ့သဲ့ ကြားနေကြရလေသည်။
ထိုအတွင်း လေရူးကလေးနှင့် ရောနှော၍ ပါလာသော မနီးမဝေး ရွာများဆီမှ သေနတ်ပစ်ဖောက်သံများ၊ မီးလောင်သံများကို ကြားလိုက်ကြရ လေသည်။
မှောင်ကြီးထဲတွင် ငြိမ်သက်၍နေကြသော လူအုပ်ကြီးသည် မိုးမိုး မည်းမည်းနှင့် လှုပ်လှုပ်ရွရွ ဖြစ်လာကြလေသည်။
“လာဟေ့. ထကြဟ။ ပွဲတော်ကြီးနဲ့ တိုးပြန်ပဟေ့.. နားထောင် လိုက်ကြစမ်း...”
သေနတ်သံများ လေထဲတွင် ဆူညံစွာ မြည်ဟည်း၍ လွင့်ပါလာ ကြလေသည်။
“ကြေးစည်သံတွေ ကြားပြန်ပဟေ့... ဒါကြောင့် နတ်ထွင်းတဲ့ ခံတွင်း လို့ လူကြီးသူမတွေ ပြောတာပေါ့လကွာ. ဒီပွဲတော်ကြီးမှာ ဝင်ကြဲလိုက် ကြရရင်တော့ တစ်လစာ ဖူလုံသွားကြမှာပဲကွ..”
ဒုက္ခသည် အိုးမဲ့အိမ်မဲ့များသည် မိမိတို့ပိုင် တုတ်၊ ဓားများကို ပြင် ဆင်လျက် ရှိကြလေသည်။
တချို့ အိပ်ရာပေါ်တွင် လဲနေကြသော လူမမာများသည်လည်း နီးရာ လက်နက်များကို ဆွဲကာ အတင်းအားခဲ၍ ထလျက် ရှိကြလေ သတည်း။
လေရူးကလေးများ ဝှေ့ယမ်းလျက်ရှိကြသော်လည်း တဖျစ်ဖျစ် နှင့် မြည်ဟည်းတောက်လောင်လာသော မီးညွန့်မီးလျှံတို့ကို ဖြတ်သန်း တိုက်ခတ် လာခြင်းဖြစ်သောကြောင့် ပူလောင်အိုက်စပ်လျက် ရှိကြသည်။
မီးတောက်သံ ချိုးဖဲ့ဖျစ်ဖျစ်ကြားထဲတွင် သေနတ်သံများလည်း ဆူညံစွာ ရောထွေးလျက် ပါလာသည်။
တစ်ရွာလုံး ဆောက်တည်ရာမရဘဲ ခြေဦးတည့်ရာကို ပြေးနေကြ သည်။ အော်သူအော်၊ ခေါ်သူခေါ်နှင့် မိခင်ကွဲနေသော သားငယ်၏ ဟစ်အော်ငိုလိုက်သော အသံများကိုလည်း ကြားနေရသည်။ လူတွေသာ မက ကျွဲနွား ကြက်ငှက်များလည်း အုပ်လိုက်အုပ်လိုက် လိုက်လံပြေးလွှား လျက်ရှိကြသည်။ တချို့ ကြီးမားသော အိမ်ကြီးများလည်း မီးတောက်မီးလျှံ များနှင့်တကွ ရွာလမ်းပေါ်သို့ဖြတ်ကာ လဲပြိုကျလျက် ရှိကြသည်။ ကျောမွဲ ကြီးများကို သနားသဖြင့် တိုင်းပြည်ကို ပြုစုပျိုးထောင်ရန် အားခဲလျက် ရှိကြသော တော်လှန်ရေးသမားအမည်ခံတို့၏ သေနတ်ကျည်ဆန်တို့သည်ဆောက်တည်ရာမရဘဲ ပြေးလွှားနေကြသော ရပ်သူရွာသားတို့ကို ထိမှန် ကာ ရွာလမ်းပေါ်တွင် အတုံးအရုံး လဲလျက် ရှိကြသည်။
လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်က ဆန်ကွဲကျို၍ ငါးပိရည်လူးကာ ဆွေမျိုး၊ မိဘ၊ ညီအစ်ကိုမောင်နှမ၊ သားသမီး တစ်ပြုံတစ်ခေါင်းနှင့် တပျော်တပါးကြီး စားသောက်ပြီး မြေမွေ့ရာပေါ်တွင် ကြည်နူးလာခဲ့ကြသော လယ်သမားအိမ်ထောင်သည်ပေါင်းများစွာတို့သည် ယခု တစ်ခဏချင်းဆွေကွဲ၊ မျိုးကွဲ၊ သားကွဲ သမီးကွဲဖြစ်ကြကာ သောကပရိဒေဝ ဒေါမနဿ ဥပမာသတို့နှင့် ရင်ဆိုင်ကြုံတွေ့ နေရရှာလေသတည်း။ ။
မျက်စိရှေ့တွင်ပင် သေသူတွေ သေကုန်ကြပြီဖြစ်သော်လည်း ကျန်ရစ်ခဲ့သူတို့၏ ဒုက္ခတို့မှာလည်း မအေးလှသေး၊ မထိခိုက်သေးသဖြင့် မသေသေးဘဲ ကြွင်းကျန်ရစ်ကြသော ရွာသားအားလုံးတို့သည် ပြေးပေါက် မရှိဘဲ ရွာထိပ်ရှိ မြေကွက်လပ်ကြီးတစ်ခုတွင် အလိုလို စုရုံးနေမိလျက်သား ဖြစ်နေကြလေသည်။ နောက်ဘက်ဆီမှ မီးတွေ တဟုန်းဟုန်း တောက်လောင်နေကြသလောက် ရှေ့ဘက်ဆီမှလည်း ကျည်ဆန်တွေတဦးဦး ဖြတ်သန်းလာလျက် ရှိကြသည်။ အားလုံးလိုလိုပင် တစ်ယောက်နှင့် တစ်ယောက်ကြည့်ကာ ဖြူရော်သောမျက်နှာနှင့် ထိတ်ထိတ်ပျာပျာ ဖြစ်နေ ကြရှာသည်။
ယောက်ျားတွေက အံကြိတ်လျက် ဒေါသကြောင့် တဆတ်ဆတ် တုန်ရင်း ပါးစပ်မှ ဆဲဆိုရေရွတ်ကာ မိမိတို့၏ သားသမီးနှင့် မယားတို့ကို ဆွဲယူပွေ့ဖက်၍ ထားကြသော်လည်း
မိန်းမများနှင့် ကလေးများမှာမူ ဆောက်တည်ရာမရဘဲ ဟစ်အော်ငို လျက် ရှိကြလေသည်။ ။
ဆူသံ၊ ဆဲသံ၊ ငိုသံ၊ အော်သံတွေကြားထဲတွင် တုန်ယင်ချည့်နဲ့သော် လည်း တည်ငြိမ်သော အသံတစ်ခုသည် အခြားအသံများကို လွှမ်းမိုးကာ ရုတ်တရက် ပေါ်၍လာခဲ့သည်။
“သားတို့၊ သမီးတို့၊ မြေးတို့၊ ကဲ... တိတ်လိုက်ကြစမ်း၊ ငါတို့ အခု အချိန်မှာ ဘုရားမှတစ်ပါး ကိုးကွယ်ရာ မရှိကြဘူး။ တကယ်လို့ သေကြရ တောင် ဘုရားကိုအာရုံပြုရင်း သေကြစို့လား...”
“ကဲ... ထိုင်ကြ၊ ထိုင်ကြ။ ဒါမှ ကျည်ဆန်အထိအခိုက်လည်း သက်သာသွားကြမယ်ဘွဲ့ ..”
စောစောက သွေးလန့်လျက် ကျွက်စီကျွက်စီ လှုပ်လှုပ်ရှားရှား မတ်တတ်မတ်တတ်နှင့် နေကြကုန်သော လူအုပ်ကြီးသည် ရုတ်တရက် သတိရကြကာ တချို့က ထိုင်လိုက်ကြ၏။ တချို့က ဒူးထောက်လိုက်ကြ၏။ တချို့က မှောက်လိုက်ကြ၏။ ထိုအချိန်၌ အဘသည် ရဲရင့်တည်ငြိမ်စွာကောင်းကင်သို့ မျက်နှာမူလျက် ဒူးထောက်ပြီးလျှင် ဘုရားကို အာရုံပြုလိုက် သည်။
အဘ၏ရဲရင့်သော အဘိုးအိုသံသည် သေနတ်သံတွေကြားထဲမှ ကြည်နူးဖွယ်ရာ ထွက်ပေါ်၍လာခဲ့သည်။
“အို... သတ္တဝါများကို ရင်ဝယ်သားကဲ့သို့ သနားတတ်သော ဗုဒ္ဓ ရှင်တော်ဘုရား...၊ ဘုရားတပည့်တော်နှင့်တကွ ဤရိုင်းစိုင်းယုတ်မာသောလောကသားအပေါင်းတို့ အား ယဉ်ကျေးအောင် ဆုံးမတော်မူလှည့်ပါ ကရုဏာတော်သခင် အရှင်တော်မြတ်ဘုရား”
အဘိုးအို၏အသံသည် ဆောက်တည်ရာမရသူတို့အား ငြိမ်သက် စေ၏။ လက်အုပ်ချီစေ၏၊ လိုက်လျောစေ၏။ သို့နှင့် အားလုံးတို့သည် အဘိုးအိုနှင့်အတူ လိုက်၍ ဆိုကြကုန်၏။
“အစိန္တေယျ အစိန္တေယျ၊ အပ္ပမေယျ အပ္ပမေယျ၊ ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၊ ရှင်တော်မြတ် ဘုရားအား တပည့်တော်တို့သည် တုပ်ကွရိုကျိုး လက်စုံမိုး၍ ရှိခိုးပါ၏။
သတ္တဝါအများတို့အား ကရုဏာတရားနှင့် ရင်ဝယ်သားကဲ့သို့ လွှမ်းမိုးသောမေတ္တာ ထားရှိတော်မူသော မြတ်စွာဘုရား၊ ရှင်တော်ဘုရား၏ ကရုဏာရေအလျဉ်သည် လောကသားတို့၏ လောဘ၊ ဒေါသ၊ မောဟ စိတ်များ ကို လွှမ်းမိုးကာ စာနာတတ်သော တရားများ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟု ဆိုအပ်သော ဗြဟ္မာစိုရ်တရားကို ပွားများနိုင်ကြပါစေ ကုန်သတည်း”
သူတို့၏အသံသည် ကောင်းကင်ယံသို့ ဟိန်းတက်သွားလေသည်။ သို့ရာတွင် သေနတ်ကျည်ဆန်များသည် သူတို့အသံကို ပမာမထား လာမြဲလာနေ၏။ မှန်မြဲ မှန်နေ၏။ တစ်ယောက်ပြီးတစ်ယောက် ထိနေ၏။
ထိပေစေ၊ သေပေစေ၊ သူတို့တွင် ဘုရားတနေရုံမှတစ်ပါး တခြား အားထားရာလည်း မရှိ၊ ပြုလုပ်ဖွယ်ရာလည်း မရှိ၊ ရွာသားများသည် တစ်ယောက်ပြီးတစ်ယောက် ထိမှန်ကျဆုံးလျက်ရှိကြ၏။ မထိမှန်သေးသောသူများသည် မျက်ရည်ဝိုင်းသော မျက်လုံးများဖြင့် ထိမှန်ကျဆုံးသွား ကြသူများကို တစေ့တစောင်း ကြည့်ကာ တွင်တွင်သာလျှင် စိတ်ကိုတင်း လျက် ဘုရားကိုသာ အာရုံပြုနေကြရ၏။
အဘိုးအို၏အသံသည် ပိုမို၍ ကျယ်လောင်လာလေသည်။
“လောဘ၊ ဒေါသ၊ မောဟတို့ဖြင့် ဖုံးလွှမ်းနေသော ဤတိုင်းပြည်အား အမြန်ဆုံး ကယ်... မ...”
ထိုအတောအတွင်း အဘိုးအိုကို ကျည်သင့်ကာ ကျဆုံးခဲ့လေပြီ။ ရွာသားတို့၏မျက်လုံးသည် အဘိုးအိုဆီသို့ရောက်သွားကြ၏။ ရုတ်တရက် အသံတိတ်သွားကြသည်။ ခဏကြာမှ တိုးတိုး တိုးတိုးနှင့် ဆုတောင်းသံ၊ အချင်းချင်းတိုင်ပင်သံ၊ ညည်းညူသံ၊ ကျိတ်ကာငိုလိုက်သံများ တဖြည်း ဖြည်း ပေါ်လာကြလေသည်။ ထိုအတွင်း..။
“ဟေ့... ဒီ ဘီလူးသဘက်တွေကြားထဲမှာ ဘုရားတနေလို့ သေရုံ ရှိကြမှာပဲ”
ဟူသော ပြတ်သားသော အသံတစ်ခုကို ကြားလိုက်ကြရလေ၏။
အသံရှင်သည် မျက်နှာတွင် ချွေးသီးချွေးပေါက်များ စို့နေသည်။ အဝတ်အစားများနှင့်တကွ လူတစ်ကိုယ်လုံး စုတ်ပြတ်ညစ်ပေလျက် သူ၏ ပုံသည် သူ၏ဘဝ လယ်ကူလီရုပ်ကို ဖော်ပြနေသော်လည်း သူ၏မျက်လုံး များမှာ ဒေါသကြောင့် ပြောင်လက်တောက်ပ၍နေသည်။
သူသည် ထက်မြက်သောအသံနှင့် တောင့်တောင့်ရပ်၍ အော်လိုက် ၏။
“ဒါ ကျောမွဲကြီးတွေအတွက်လား၊ ဒီကျည်ဆန်တွေဟာ ကျောမွဲကြီး တွေအတွက်လား၊ သူတို့ ရွာကိုလာကြတိုင်း ပြောသွားကြတဲ့စကားတွေကို စဉ်းစားလိုက်ကြစမ်းပါဦး၊ ခင်ဗျားတို့ ကျောမွဲကြီးတွေအတွက်၊ ပစ္စည်းမဲ့ လယ်သမားတွေရဲ့ ကုပ်သွေးကို ခွစုပ်နေကြတဲ့ မြေရှင်၊ အရင်းရှင်ကြီးတွေကို တိုက်ဖို့နဲ့ အင်္ဂလိပ်၊ အမေရိကန် အရင်းရှင်တွေရဲ့ အလိုတော်ရိဖြစ်တဲ့ ဖောက်ပြန်တဲ့အစိုးရကို တော်လှန်ဖို့တဲ့...”
“ဟား... ဟား... ဒါ ဖောက်ပြန်တဲ့အစိုးရကို တိုက်တာလား၊ ကျုပ်တို့ဟာ ဖောက်ပြန်တဲ့အစိုးရလား၊ ဒီမှာ ကြည့်ကြစမ်းပါဦး၊ ဒီကလေး လေးဟာ ဖောက်ပြန်တဲ့အစိုးရလား၊ ဒီဘုန်းကြီးကျွေးမှ စားရတဲ့ ကပ္ပိယ အဘိုးကြီးဟာ ဖောက်ပြန်တဲ့အစိုးရလား...”
“ကျုပ်တို့ဟာ ဘယ်သူလာလာ လက်နက်တွေကိုင်လာရင် ကြောက် နေရတဲ့ လယ်သမားတွေချည်းပဲ။ အစိုးရဆိုတာတွေလာလည်း ထမင်းချက် ကျွေးရတယ်၊ အုန်းရည်တိုက်ရတယ်၊ တခြားလက်နက်ကိုင်တွေ လာလည်း ထမင်းထုပ်ပေးရတယ်၊ ကြက်ဥကျွေးရတယ်။ ဒါတွေဟာ ကျုပ်တို့ ကိုယ်တိုင် အငတ်ခံပြီး ကျုပ်တို့ချွေးနှဲစာနဲ့ မြေကြီးလက်ဆုပ် လုပ်ကိုင် ရသမျှ ကလေးတွေကို ကြည်ကြည်ဖြူဖြူ ကျွေးခဲ့ကြရတာ မဟုတ်လား။ အခု ဒီလိုကျွေးခဲ့ကြတဲ့အတွက် သင်းတို့က ကျုပ်တို့ကို ကျေးဇူးဆပ်တယ်၊ သေနတ်တွေနဲ့ ပစ်သတ်ကြတယ်၊ သင်းတို့ကို ကျုပ်တို့ မထောက်ခံဘူး၊ အို... ဘယ်သူ့ကိုမှ မထောက်ခံတော့ဘူး၊ ကျုပ်တို့ဟာ... အခုသေကြရမယ့် လူတွေ မဟုတ်လား၊ သေကြရမယ့်အတူတူ ကျုပ်တို့ထမင်းတွေ စားပြီး ကျုပ်တို့ကို သေနတ်နဲ့ ပစ်သတ်နေကြတဲ့ သင်းတို့တစ်တွေကို ကျုပ်တို့က မကျေနပ်ဘူးဆိုတဲ့အကြောင်း သင်းတို့ကို သိအောင် ပြသွားရမယ်....”
“ကဲ... လာကြဒါ့။ ထကြ။ ကျုပ်တို့ဟာ သေကြရမှာပဲ မဟုတ်လား။ သေကြမယ့်အတူတူ သင်းတို့ကိုတော့ မကျေနပ်ကြောင်း ရဲရဲကြီး ပြသွားမှ....”
ထိုသူ၏မျက်လုံးများမှာ အော်ရင်း... အော်ရင်း.. ပြောရင်း... ပြောရင်း မျက်ရည်တွေ ဝိုင်း၍လာ၏။ မျက်လုံးကြီး လည်၍ လည်၍လာ ၏။ ပါးစပ်မှ အမြှုပ်တွေ စီးကျလာ၏။ ကျန်လူများက ရုတ်တရက် ရောယောင်၍ မတ်တတ်ရပ်လိုက်ကြပြီးမှ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြန်၍ ထိုင်သွားကြလေသည်။ နောက်ဆုံး ထိုလူ တစ်ယောက်တည်း ရပ်လျက် ရှိလေသည်။ ထိုလူသည် လှည့်၍ကြည့်ရင်း အလွန်အားမရသည့် မျက်နှာဖြင့်...
“နေကြ... ခင်ဗျားတို့ နေကြ၊ ဒါကြောင့် ဒီကောင်တွေက ခင်ဗျားတို့ ကျုပ်တို့ကို တောနွားတွေဆိုပြီး လာလာညှဉ်းဆဲနေကြတာ၊ ခင်ဗျားတို့ ဒီအတိုင်းခံနေရင်လည်း ထမင်းတစ်အိုးချက် မကြာခင် ကျုပ်တို့ သေကြရ မှာပါပဲ၊ ခင်ဗျားတို့ ဒီလိုခံနေလို့ ကျုပ်တို့လယ်သမားတွေရဲ့ ရွာတွေကို မီးလောင်တိုက်သွင်းနေကြတာပဲ၊ သူပုန်ရွာဆိုပြီး အစိုးရကပစ်လိုက်၊ ဖောက်ပြန်တဲ့ အစိုးရသူလျှိုရွာဆိုပြီး သူပုန်က မီးနဲ့တိုက်လိုက်၊ ရွာသား တွေကို အလယ်က အကာအကွယ်အဖြစ်ထားပြီး သူပုန်နဲ့ အစိုးရက ညှပ်ပြီး ပစ်လိုက်၊ ဒီလို သင်းတို့လုပ်နေကြတာတွေကို ခင်ဗျားတို့က သေတဲ့အထိ ခံနိုင်ပေမဲ့ ကျုပ် မခံနိုင်ဘူး၊ ကျုပ် မကျေနပ်ဘူး”
ကျန်လူများသည် ငြိမ်သက်လျက် ကြောင်တောင်တောင်နှင့် ထိုသူ ကိုသာ ကြည့်နေကြလေသည်။ ထိုသူသည် အရူးလို ကုန်းကုန်းအော်လျက် ရှိသည်။ သူ့တွင် လူစိတ်ရှိပုံမရ၊ ဒေါသနှင့် ကုန်းကုန်းအော်ရင်း ပစ်ခတ် နေသောဘက်သို့ မျက်နှာမူကာ ထွက်သွားလေသည်။
“ငါ မကျေနပ်ဘူးကွ၊ တို့ကျွေးတဲ့ ထမင်းတွေစားပြီး တို့ကို ပစ်သတ် နေတာ ငါ မကျေနပ်ဘူးကွ၊ ငါတို့ကို ပစ်သတ်နေကြတာ၊ ငါတို့ဟာဖောက်ပြန်တဲ့ အစိုးရလားကွ... ကျောမွဲတွေအတွက်ဆိုပြီး ကျောမွဲတွေကို ချည်း ပစ်သတ်နေတာ မင်းတို့ရဲ့ တော်လှန်ရေးလမ်းစဉ်လားကွ...”
ထိုအသံများသည် သေနတ်သံတွေကြားထဲတွင် တဖြည်းဖြည်း ဝေး၍ ဝေး၍ သွားလေသည်။ ကျန်ရစ်ခဲ့သော လူအုပ်ကြီးသည် ထိုလူ ထွက်သွားရာသို့ ငေးစိုက်၍ ကြည့်နေကြသည်။ တချို့သူများ၏မျက်လုံး အိမ်များတွင် မျက်ရည်များပင် ရစ်ဝိုင်းလျက်ရှိနေကြသည်။ ထိုသို့ ကြည့်နေ ကြစဉ် ထိုလူ၏အသံသည် ရုတ်တရက် ပျောက်သွားကာ စိုက်စိုက်၊ စိုက် စိုက်နှင့် ထိုးကျသွားလေသတည်း။
လူအုပ်ကြီး၏ ပင့်သက်ချလိုက်သော အသံသည် မီးလောင်သံတွေ ကြားထဲ၌ပင် ပေါ်လွင်၍လာတော့သည်။ ထို့နောက် ခဏမျှငြိမ်သက်၍ သွားကြပြီးနောက် ရှိုက်ငိုလိုက်သံ၊ တိုးတိုးကျိတ်၍ ဆုတောင်းသံများလည်း ဝေါဝေါ၊ ဝေါဝေါနှင့် မြည်လာပြန်လေသည်။
ထိုအချိန်၌ တည်ငြိမ်အေးချမ်းသော အသံတစ်သံသည် ထောင့် တစ်ထောင့်မှ ပေါ်လာပြန်လေသည်။