ရန်ကုန်ဘဆွေ - ချစ်ဇနီးသို့
ချစ်ဇနီးသို့ ......
မှ - ရန်ကုန်ဘဆွေ
ဇနီးချစ် ...
မင်းတို့ ငါတို့တစ်တွေလည်း ဘာလိုလိုနဲ့ “ကလေး”ရဲ့ မိခင် ဖခင်တွေ ဖြစ်လာကုန်ကြပါကောဟ။
တကယ်ဆိုတော့ မင်းရော ငါရောပေါ့ကွာ “ကလေး” ကို ဘယ်လို ပြုစုရမယ် ..... အိမ်ထောင်မှုကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ စဉ်းစားခဲ့ဖူး ကြရဲ့လား။ ။
ဟား ... ဟား ... မင်းလည်း မစဉ်းစားမိဘူး၊ ငါလည်း ထိုနည်းလည်း ကောင်းပဲ။ တကယ်ဆိုတော့ ဘယ်သူမှ ကြိုတင် လေ့လာဆည်းပူးကြရမယ် လို့ သတိမရခဲ့ကြဘူး။
အမယ် .. ငါတို့ “ဇနီးမောင်နှံ” သာ ဒီလိုခပ်ပေါ့ပေါ့နဲ့ အေးအေး နေခဲ့ကြတယ် ထင်သလား ဗမာတစ်ပြည်လုံးရှိ ... ငါတို့ရဲ့ မောင်တော်၊ နှမတော်တွေ အကုန်လုံးလိုလိုပဲ ဒီအတိုင်းပဲဟ။ ။
အမှန်တော့ ဒီလိုလူလုပ်ရေးအခြေခံ မခိုင်လုံမှုကြောင့်ဘဲ ထင်ပါရဲ့ ကွာ၊ ငါတို့ဗမာပြည်က ဗမာတွေဟာ ကျန်းမာရေး၊ ချမ်းသာရေး၊ အသက်ရှည်ရေး တို့နဲ့ အဝေးကြီး ဝေးကြရုံတင်မကဘဲ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင် ကြင်နာမှုတွေနည်းပါးလို့ အမျိုးကိုစောင့်ရှောက်ခင်မင်တဲ့ စိတ်တွေ ခေါင်းပါးပြီးအကျင့်စာရိတ္တတွေပါ ပျက်ပြားကုန်ကြတော့တာပါပဲ။
ကဲ ... အဲဒီတော့ ပြုပြင်ဖို့သင့်တာတွေ ပြုပြင်လိုက်နာဖို့ သင့်တာတွေ လိုက်နာပြီး စွန့်ပစ်ဖို့သင့်တာတွေ စွန့်ပစ်လိုက်ကြစို့ ။
နောက်တစ်ခုက လူဆိုတာဟာ တိုးတက်တဲ့ နေထိုင်စားသောက်ရေး လမ်းစ,ကို အမြဲတမ်းရှာဖွေစမ်းသပ်ပြီး .... အဲ ... အတွေ့ အကြုံတွေ မှတ်သား ပြီး လေ့လာကျင့်သုံးခဲ့ကြတဲ့အတွက် တိရစ္ဆာန်တွေနဲ့ ခြားနားလာခဲ့ကြတာ မဟုတ်လား။
အဲဒီလို ခြားနားလာတဲ့လူကို လူပီပီ လူ့လမ်းစဉ်ကျင့်သုံးသူများလို့ ခေါ်နိုင်တာပေါ့ ....။
ရှိရင်းစွဲအတိုင်း ဘယ်တော့မှ မတိုးတက်ဘဲ နေကြတဲ့လူများဆိုရင် တော့ “လူ” လောက်နီးနီး တော်ခဲ့တဲ့ “လူ” တွေအဖြစ်နဲ့ ကျန်ရစ်ခဲ့ကြတယ် ဆိုရင် မမှားဘူးပေါ့ကွာ၊ တကယ်ဆိုတော့ အမြဲတိုးတက်မှု ရှိနေမှသာ “လူ” ပီသမှာကွ တိုးတက်မှုမရှိဘဲ ရပ်နေရင်တော့ “လူ” မပီသတော့ဘူး။
အဲဒီတော့ တို့တစ်တွေလည်း လူပီသအောင်ပေါ့လကွာ ငါတို့ “ဇနီး မောင်နှံ” ကစပြီး နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ ကျန်းမာရေး၊ ချမ်းသာရေး၊ အသက်ရှည်ရေးဆိုတာတွေကို စမ်းသပ်ပြီး စည်းကမ်းတကျ နေထိုင်လိုက်နာကြည့်ကြစို့လား။
“ဘယ်ဟာက .. ဘာကို စပြီး လိုက်နာရမတုံး ...”
ငါ့ထင်မြင်ယုံကြည်ချက် ပြောရမှာဖြင့် ကမ္ဘာပေါ်မှာ၊ လူမျိုးတစ်မျိုးရဲ့ လူတန်းစေ့မှု၊လွတ်လပ်စွာနေနိုင်မှု၊ ပစ္စည်းမဲ့ ကျောမွဲကြီးများရဲ့ လောကနိဗ္ဗာန် တည်ဆောက်နိုင်မှုဆိုတာတွေဟာ ..
အဲဒီ .. လူမျိုးတစ်မျိုးလုံးရဲ့ ကျန်းမာမှု၊ ဉာဏ်ပညာထက်မှု၊သတ္တိရှိမှု၊ အကျင့်စာရိတ္တကောင်းမွန်မှုဆိုတဲ့ အပေါ်မှာ တည်တယ်ကွ ..
နောက်တစ်ခါ ... လူမျိုးတစ်မျိုးလုံးရဲ့ ကျန်းမာမှု၊ ဉာဏ်ပညာ ထက် မြက်မှု၊ အသိတရား တိုးတက်မှု၊ သတ္တိကောင်းမှု၊ အကျင့်စာရိတ္တ ကောင်းမှုဆို တာတွေဟာလည်း ဘယ်သူ့အပေါ်မှာ တာဝန်ရှိပြန်သလဲ ဆန်းစစ်ကြည့် လိုက်ဦး ...
မင်းက အစိုးရဆိုတဲ့ အုပ်ချုပ်သူ လူတန်းစားတွေအပေါ်မှာ တာဝန်ရှိတယ်လို့ ဆိုချင်သလား။
အဲဒီ အုပ်ချုပ်သူလူတန်းစားတွေဆိုတာကွာ သိပ်အားကိုးစရာကောင်း တဲ့ လူတန်းစားမျိုး မဟုတ်ပါဘူး။ တကယ် အမြော်အမြင်ရှိရှိနဲ့ လူထု တိုးတက်မှုကို ဂရုစိုက်ပါတယ်ဆိုတဲ့ အစိုးရမျိုးပဲ ဖြစ်ဦးတော့ သူတို့တစ်တွေ ဟာ တိုက်တွန်းရုံ၊ အားပေးအားမြှောက်ပြုပေးရုံလောက်တတ်နိုင်ကြတာက လားကွဲ့ ။
ပြီးတော့လည်း ဒီအုပ်ချုပ်တဲ့ လူတန်းစားတွေဟာ ငါတွေ့တာပြော ရမယ်ဆိုရင်။ ။
တိုင်းသူပြည်သားတွေက ကျွန်တော်တို့ လုပ်ခနဲ့ အင်အားမမျှလို့ အိမ်က “ကလေး” တွေ အစာမဝ ဖြစ်နေပါတယ်၊ ဒါ့ကြောင့် “လုပ်” တိုးပေးပါ။ အစာဖြည့်ပေးပါလို့ အော်မိရင် သို့မဟုတ် အလုပ်မလုပ်နိုင်ကြလို့ မလုပ်ဘဲ နေမိရင်၊ ဘာပေးတယ်ထင်သလဲ” “အစာ” တော့ မပေးဘူး “လက်ထိတ်”ပဲ ပေးကြတယ်။
ဖမ်းလားဆီးလား လုပ်ဖို့အတွက် ဘယ်တော့မှ လက်မနှေးတတ်ဘူး။
သူတို့ “ဥပဒေ” တွေကလည်း အလုပ်မလုပ်နိုင်လို့ မလုပ်ဘူးပြောရင် အပြစ်ရှိတာပဲ၊ အစာမဝလို့ မဝဘူးပြောရင် အပြစ်ရှိတာပဲ။ အဲဒီ အပြစ်ဟာ ဘယ်လောက်ကြီးတယ်ထင်သလဲ မယုံရင် လူစုပြီး ပြောကြည့် စက်သေနတ် နဲ့ ပစ်အဖမ်းခံရလောက်အောင် အပြစ်ကြီးလေးတယ်ဆိုတာ မင်းကိုယ်တွေ့ သိလာမှာပဲ။ ဒီလိုကိစ္စမျိုးမှာဆိုရင် အပြစ်ပေးစရာ ဥပဒေ” ရှာဖို့လည်း သိပ်လက်သွက်ကြတယ်။
အဲဒီလို ထမင်း မ ဝမှု၊ လုပ်ခတိုးရလိုမှုတွေမှာ အဖမ်းအဆီးရဲ အပြစ် ပေးရဲသလို။
ကိုယ့်အိမ်ကိုယ် သန့်သန့်ရှင်းရှင်း မနေရင် ထောင်ဒဏ် ၆ လ...
လမ်းမမှာ အမှိုက်တွေ အရမ်းပစ်ရင် ထောင်ဒဏ် ၃ လ...
ကလေးငယ်ကလေးတွေကို စည်းကမ်းမဲ့လမ်းမမှာ ပစ်ထားရင် ထောင် ဒဏ် တစ်နှစ်။
ကျန်းမာခြင်းနဲ့ မညီညွတ်တဲ့ မုန့်ပဲသရေစာတွေကို ကန့်သတ်ထားတဲ့ နေရာ ကန့်သတ်ထားတဲ့ အချိန်မဟုတ်ဘဲ မြို့ထဲ၊ ရွာထဲလှည့်လည် ရောင်းချလျှင် ထောင်ဒဏ် ၃ လ ဝယ်စားတဲ့လူ ၆ လ ... ။
အရွယ်ရောက်ပြီးစ ကလေးတွေ ကျောင်းမထားရင် မိဘထောင်ဒဏ် တစ်နှစ်ဆိုတာမျိုးတွေကျတော့။
အဲဒီ အစိုးရဆိုတဲ့လူတွေဟာ လက်နှေးကြ သတ္တိကြောင်ကြတယ်။ တိုင်းသူပြည်သားတွေအပေါ်မှာ သနားညှာတာ၊ ကရုဏာစိတ်တွေ ယိုဖိတ်တော်မူကြသတဲ့ မလုပ်ရက် မလုပ်ဝံ့ ရှာတော်မူကြဘူး။ သူတို့ကို “ဖက်ဆစ်” ဆန်တဲ့ အစိုးရလို့ အများကပြောမှာ ကြောက်တော်မူကြရှာသတဲ့။
ဒါကြောင့် ဒီအစိုးရ အခေါ်ခံ အုပ်ချုပ်နေတဲ့လူတန်းစားတွေအတွက် ငါတို့ ထည့်မစဉ်းစားကြဘဲ ပေယျာလကန် ဝကွက်ချန်ပြီး တကယ်အစစ် တိုက်ရိုက် သက်ဆိုင်တဲ့လူတွေ ရှာကြည့်စို့လား။
အဲဒါ ဘယ်သူတွေတုံး။
မင်းတို့ ငါတို့ဆိုတဲ့ “ကလေး” မိခင် ဖခင်တွေပေါ့ကွ။
လူမျိုးတစ်မျိုး စည်းကမ်းရှိဖို့ တိုးတက်ဖို့ဟာ အဲဒီလူမျိုးတွေကို ငယ်စဉ်တောင်ကျေး ကလေးဘဝတုန်းက ထိန်းသိမ်းစောင့်ရှောက်လာခဲ့ ကြရတဲ့ “မိဘ တွေပဲ။
ဒါကြောင့် မဟုတ်လား၊ ငါတို့ဗမာ ပညာရှိ တချို့က ... ။
“လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနဲ့ဖ”တဲ့။
မဂဓတိုင်းက ဟင်ဒီပညာရှိကြီးတွေကလည်း။ ။
“မာတာဝေရီ . ပီတာသတ္တရု..
ကေနဗာလေ .. နသိက္ခိတာ” တဲ့။
အဓိပ္ပာယ်ကတော့ ငယ်စဉ်တောင်ကျေး ကလေးအရွယ် လူမမယ်များ ကို ပညာသင်မပေးတဲ့ မိဘဟာ သား သမီးတို့ရဲ့ ရန်သူဆိုပဲ သိုးဆောင်း စကားပုံတစ်ခုကလည်း...
The hand that rocks the cradle rules the world.
အိပ်နေသော သားငယ်၏ ပုခက်ကို လွှဲနေသောမိခင်၏ လက်တစ်ဖက် သည် ကမ္ဘာတစ်ဝန်းလုံးကို အုပ်စိုးနိုင်၏။
သူတို့ဆိုလိုတာက လိမ္မာတဲ့မိခင်ရဲ့ သွန်သင်ခြင်းကို နုနယ်ငယ်ရွယ်စဉ် ကတည်းက ရရှိလာတဲ့သားဟာ ကမ္ဘာကို အုပ်စိုးလာတယ်လို့ ဆိုလိုတာပေါ့။
ကဲ .. ကလေးတွေ မွေးမြူထိန်းသိမ်းခြင်းကို အကြောင်းပြုပြီး ဘယ် လောက် အရေးကြီးတယ်ဆိုတဲ့အကြောင်းကို အဲဒီဘာသာအမျိုးမျိုးက ပြောကြတဲ့ စကားတွေကိုသာ စဉ်းစားကြည့်ပေတော့။
ဘာပြုလို့ ဒီကလေးမွေးမြူရေးကိုပဲ ဒါလောက် ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောနေကြရတာလဲ အဲဒါစဉ်းစားစမ်း။ မင်းစိတ်ထဲမှာ အလွယ်ကလေး ပေါ်ပေါက်လာမှာပါပဲ။
ဒီလိုကွ “လူ”တစ်စုံတစ်ယောက် ကိုယ်ကျင့်တရား ပြည့်ဝပြီး ပညာ ဉာဏ်၊ သတ္တိနဲ့ ကျန်းမာသန်စွမ်းဖို့ဆိုတာ။
အဲဒီလူ တစ်စုံတစ်ယောက်ရဲ့ မိခင်က သူတို့“သား”ကလေးကို ငယ်စဉ် တောင်ကျေး “ကလေး” အရွယ် လူမမယ်ကစပြီး သင်ကြား စောင့်ရှောက် ပြုပြင်လာမှုအပေါ်မှာတည်တာပေါ့။ ။
ဒီတော့ကာ ... ကဲ ထပ်စဉ်းစားစမ်း။
တိုင်းပြည်တစ်ခုလုံးမှာရှိတဲ့ “လူ” တွေရဲ့ ကျန်းမာသန်စွမ်းရေး ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ ပညာသတ္တိထက်မြက်ရေးဆိုတာတွေဟာ လည်း။
အဲဒီတိုင်းပြည် တစ်ခုလုံးမှာရှိတဲ့ လူတွေရဲ့ မိခင်၊ ဖခင်တွေအပေါ်မှာ တာဝန်ကျလာတယ်မဟုတ်လား။
ကဲ .. ဒီတော့
တိုင်းပြည်တစ်ပြည် လူမျိုးတစ်မျိုးလုံးရဲ့ တိုးတက်မှုဆိုတာ တိုင်းပြည် ထဲမှာရှိတဲ့ အိမ်ထောင်ရှင်တိုင်းရဲ့ အမြင်သန်မှု၊ စည်းကမ်းသေဝပ်မှု အပေါ် မှာ တည်တယ်ဆိုတာ မင်း သဘောပေါက်ရောမဟုတ်လား။
ဒီတော့ကာ နောက်ပေါ်မယ့် “ဗမာ”ကလေးတွေကို ငါတို့လို စည်းမဲ့ ကမ်းမဲ့ ဗမာအပျင်းတွေ၊ အဖျင်းတွေ မဖြစ်စေဘဲ ကမ္ဘာပေါ်မှာ ခေါင်းမော် နိုင်မယ့်တော်ပေ့ဆိုတဲ့ “ဗမာ” အသစ်ကလေးတွေချည်း ဖြစ်လာအောင် ဖန်တီး ကြစို့လား။
အိမ်ထောင်ဖက်ရွေးခြင်း ...
ဘယ်လို ဖန်တီးမလဲ ဘာကစပြီး ဘာတွေလုပ်ကြရမလဲ။