ယုဝတီခင်ဦး - ရွှေကြက်သံချိုဝထ္ထုတိုများ
မြစားတော်ဆက်
အောက် အီး အီး အွတ်... တဲ့။
ရွှေကြက်သံကဖြင့် ချိုပေပြီ၊ မမြစိမ်းသည် ခြင်ထောင်တစ်ဖက် | ကို အသာပင့်ကာ အိပ်ရာမှ အားယူ၍ ထလိုက်၏။ ကပိုကရိုနှင့် ပြေကျ လာသော ဆံပင်တွေကို ပြန်၍ မဆုံးနိုင်သေးဘဲ မှန်ပြတင်းပေါက်ကို သာ တွန်းဖွင့်ကြည့်ရလေသည်။
အပြင်မှာတော့ နှင်းတွေက မှုန်၍နေ၏။ ကြယ်နီပွင့်အားမရှိတော့ သလို အရောင်မှိန်ဖျော့နေသည်ဟု ထင်ရသည်။ ပန်းခင်းကို ဖြတ်၍ တိုက်လာသော လေပြည်ကို အရုဏ်ဦးတွင် ရှူရှိုက်လိုက်ရသည်မှာ ရင်ထဲတွင် ရှိန်းခနဲ ချိုခနဲဖြစ်ပြီး အေးမြသွားစေ၏။
“အောက်-အီး-အီး-ဘွတ်”
နောက်တစ်ကြိမ်ထပ်၍ပင် ရွှေကြက်တောက မာလကာပင်ပေါ်မှ တွန်သံပေးလိုက်ပြန်လေပြီ။ မမြစိမ်းသည် ပြေလျော့၍ စွာကျနေသော ဆံပင်ကို ပြင်၍ထုံးပြီး ခေါင်းအုံးအောက်မှ မီးခြစ်နှင့် ဖယောင်းတိုင်ကို လက်နှင့်စမ်းကာ ယူလိုက်သည်။
“ဆိုင်ရှင်တို့ မရှိကြဘူးလား၊ တံခါးမြန်မြန် ဖွင့်စမ်းပါ... မြန်မြန်”
မမြစိမ်းသည် မီးအိမ်ကို ကမန်းကတန်းထွန်းပြီး အိမ်ရှေ့သို့ ပြေး ထွက်လာခဲ့ရလေသည်။
“ဒေါ်ဒေါ်... အိမ်ရှေ့က ဘယ်သူလဲ မသိဘူး၊ ထစမ်းပါဦး”
အဒေါ်ကို အော်နှိုးလိုက်ရင်း အိမ်ရှေ့ ပျဉ်ပေါက်ကြားမှ အပြင်ကို ချောင်းကြည့်တော့ ကုတ်အင်္ကျီဖားဖား၊ သက္ကလတ်ဦးထုပ်ပျော့ပျော့နှင့် လူတစ်ဦးသဏ္ဌာန်ကို မှုန်ဝါးဝါး တွေ့ နေရလေသည်။
အဒေါ်သည် အိပ်မှုန်စုံမွှားနှင့်ထကာ အိမ်နောက်ဖေး ထမင်းချက် သမား အဘိုးကြီး လင်မယားရော၊ ပန်းကန်ဆေးသမားကိုပါ အော်ဟစ်ခေါ်နေ၏။
“ဘယ်သူလဲရှင့်... ဘာကိစ္စလဲ”
မမြစိမ်းသည် ပါးမုန်းမွေးရေးရေး၊
မျက်ကွင်းချောင်ချောင်နှင့် မသဲမကွဲ ပျဉ်ပေါက်ကြားထဲမှမြင်နေရသော မျက်နှာကို စူးစိုက်ကြည့်ပြီး မေးရလေသည်။
“အိုဗျ.. မြစားတော်ဆက်ဆိုတဲ့ ထမင်းဆိုင်ရယ်လို့ ဆိုင်းဘုတ် ကြီး အိမ်ရှေ့တပ်ထားပြီး လူကို ဘာကိစ္စရှိလို့လဲလို့ မေးရသလား၊ တံခါး မြန်မြန်ဖွင့်စမ်းပါဗျ၊ ကျုပ် ဖျားနေတယ်”
အပြင်ကလူက လက်ထဲက သားရေသေတ္တာကို ဝုန်းခနဲ ကြမ်းပြင် ပေါ်တွင် လွှတ်ချလိုက်ပြီး ဒေါနှင့်အော်ပြော၏။
“ဒီအချိန် ထမင်းမရောင်းသေးဘူးရှင့်”
မမြစိမ်းသည် မီးအိမ်ကို လက်တစ်ဖက်က ကိုင်ကာ ပူပူထူထူနှင့် ပြန်၍ အဖြေပေးလိုက်လေသည်။
“အို... ဒီအချိန် ထမင်းစားဖို့လာရအောင် ကျုပ်က မရူးသေးပါ ဘူးဗျာ၊ ငှက်ဖျားမိနေလို့ ထမင်းဆိုင်မှာ ခဏတည်းချင်လို့ပါ ဆိုင်ရှင် မမဖုရားရယ်၊ စကားများမနေစမ်းပါနဲ့၊ ကျုပ်မှာ ချမ်းလှပြီဗျ”
တဟီးဟီး တုန်တက်နေသော အပြင်က မျက်နှာစိမ်းလူကို မမြစိမ်း သည် ပါးစပ်ကလေး အပွင့်သားနှင့် ပျဉ်ပြားမှ ကြည့်နေမိ၏။
“အို.. ကျုပ်တို့က ထမင်းဆိုင်ပဲဥစ္စာ၊ တည်းခိုဖို့ ဟိုတယ်မှ မဟုတ် ဘဲ၊ ဘယ်ကသူငယ်များပါလိမ့်တော်၊ ရိုင်းကလည်း ရိုင်းစိုင်းလိုက်တာ၊ တကတဲ အော်ကြီးဟစ်ကျယ်နဲ့”
အဒေါ်က သူ့လူသိုက်တွေကို တုတ်တို့-ဓားတို့ ဆွဲကိုင်ကာ ခေါ် လာခဲ့ပြီး အနားတွင် ဒေါပွ၍ အော်နေပြန်၏။ မမြစိမ်းသည် သူ့အဒေါ် ကို တစ်ချက်လှည့်ကြည့်ပြီး ဘာမှမပြောတော့ဘဲ တံခါးမင်းတုပ်ကိုဖြုတ် ကာ တံခါးကိုသာ တွန်းဖွင့်ပေးလိုက်မိလေသည်။
လူရွယ်သည် မည်သူ့ကိုမျှ သဲသဲကွဲကွဲ မြင်ရဟန်မတူ။ အထဲကို သာ ဒယီးဒယိုင်နှင့် ဝင်လာကာ ခွေလဲသွား၏။
“ဘုရားရေ”
မမြစိမ်းသည် မှန်အိမ်ကို ကြမ်းပြင်ပေါ်တွင် ပစ်ချလိုက်မိပြီး လူရွယ်ကို ဆွဲထူပေးမိလေသည်။ လူရွယ်၏ခွန်အားကို မနိုင်။ သူပါ လဲကျတော့မည်ရှိစဉ် ထမင်းချက် အဘိုးကြီးက လူရွယ်ကို ဝင်တွဲထား လိုက်ရ၏။
အဒေါ်က အံ့အားသင့်ကာ သူ့တူမကို ပြူးပြဲကြည့်နေလေသည်။
“ဘာကြည့်နေကြတာလဲ ကိုဘပုတို့ ဒေါ်ဖွားတို့.. လူတစ်ယောက် ဒုက္ခရောက်လာတာများ ရပ်ကြည့်နေကြတာ အံ့ပါရဲ့ရှင်၊ ဟောဒီသားရေ သေတ္တာကြီးယူပြီး ထောင့်စွန်းခန်းမှာ သွားထားချေကြ၊ အိပ်ရာပါ တစ်ခါတည်း ပြင်လိုက်၊ ဪ... ဒေါ်ဖွား၊ ရေနွေးတစ်ခွက်နဲ့ ကျွန်မဗီရို ထဲက ငှက်ဖျားဖြတ်ဆေးနှစ်လုံး မြန်မြန်ယူပေးစမ်းပါ”
မမြစိမ်းသည် ပန်းကန်ဆေးသမား ကိုဘပုလက်ထဲသို့ သားရေ သေတ္တာကို ဆွဲထည့်ပေးလိုက်ပြီး ထမင်းချက်အဒေါ်ကြီး ဒေါ်ဖွားကို နောက်ဖေးသို့ အမြန်တွန်းလွှတ်ပို့နေလေသည်။
“ကဲ.. ဦးတင်၊ ရှင်က အဲဒီလူကို တစ်ချိန်လုံး တွဲရပ်ထားလို့ ဖြစ်ပါ့မလား၊ ဟိုပက်လက်ကုလားထိုင်ပေါ် အသာတွဲခေါ်သွားလေ”
အဒေါ်သည် ဘာတစ်ခွန်းမျှ ဝင်မပြောဘဲ ခါးထောက်ကာ သူမကို သာ ရပ်ကြည့်နေ၏။
“ကဲ... ဒီဒေါ်ဒေါ်ကလည်း ဘာရပ်လုပ်နေတာလဲ၊ မနက်မှာ ထမင်းဆိုင်ဖွင့်ဖို့ နောက်ဖေးမှာ သွားစီမံပါဦးလား ဒေါ်ဒေါ်ရဲ့”
အဒေါ်သည် မည်သို့မှ မပြောဘဲ နှုတ်ခမ်းတစ်ဝက်စုပြီး တစ်ဝက် ကိုမဲ့ကာ မျက်နှာပေးတစ်မျိုးလုပ်၍ အနားမှ ထွက်ခွာသွားသည်။
မမြစိမ်းသည် အဒေါ်ကို ကြည့်ပြုံးမိပြီး မီးအိမ်ကို လက်တစ်ဖက် ဆွဲကာ လူရွယ်များသို့ တိုးကပ်သွားရ၏။ တစ်ကိုယ်လုံး အသားတွေက ဝါနေသည်။ မျက်တွင်းချိုင့်၊ ပါးရိုးကါ၊ ပါးမုန်းမွေးပျစ်နှင့် ငှက်ဖျားမိလာသော လူရွယ်၏မျက်နှာကို တစ်ချက်လှမ်းကြည့်မိလိုက်၏။
လူရွယ်သည် တဟီးဟီးနှင့် အဖျားတက်နေ၏။ မျက်လုံးပင် မဖွင့်နိုင်တော့။ မမြစိမ်းသည် ရေနွေးပူပူနှင့် ငှက်ဖျားဖြတ်ဆေးကို သတိ မရတစ်ချက် ရတစ်ချက်နှင့် ငှက်ဖျားတက်နေသော လူရွယ်၏ပါးစပ် ထဲသို့ အတင်းထည့်၍ တိုက်ရလေသည်။
“အင်း... တော်ပါသေးရဲ့၊ ဆေးဝင်သွားပေသေးလို့”
မမြစိမ်းသည် နှင်းတွေဝေနေသော နံနက်ဦးမှာပင် ချွေးတစို့စို့ ဖြစ်သွားလေသည်။
“ဦးတင်... ဒီလူကို ကိုဘပုနဲ့နှစ်ယောက်သွေ့ပြီး အခန်းထဲယူသွား လိုက်ပါ၊ ပြီးတော့ ဟင်းတွေကို ပြန်နွေးဖို့ နောက်ဖေးမီးဖိုချောင်ကို ဝင်ပေဦးတော့နော်”
မမြစိမ်းသည် မှန်အိမ်ကလေးကို စားပွဲပေါ်တင်ထားပြီး ပြတင်း ပေါက် တံခါးပေါက်တွေ လိုက်၍ ဖွင့်နေလေသည်။ လေပြည်လေညင်း က ချီ၍လာ၏။ သဇင်နံ့ပင်လျှင် သင်းနေပါပြီကလား။
ဘုရားသခင်မ
“ဘယ်နဲ့လဲရှင့်.. နေလို့ တော်တော်ကောင်းသွားပြီလား”
မမြစိမ်းသည် အိပ်ရာမှ နိုးလာစ ဧည့်သည်ကို ပြုံး၍ နှုတ်ဆက် မေးမြန်းလိုက်လေသည်။
လူရွယ်သည် ခပ်ကြောင်ကြောင်ဖြစ်သွားကာ ထဘီအစိမ်းနုသွေး၊ အင်္ကျီလက်ရှည်အဖြူနှင့် ယဉ်စစမျက်နှာဟန်ရှိသော မမြစိမ်းကိုသာ တအံ့တသြနှင့် ကြည့်နေ၏။
“ကိုမြင့်နိုင် ညက တော်တော်ဖျားလိုက်တယ်”
“ခင်ဗျာ”
လူရွယ်သည် သူ့နာမည်ကို ခေါ်လိုက်သဖြင့် ပို၍ အံ့သြသွားဟန်လည်းရှိ၏။
“ခုမနက်လည်း ကွီနိုင် ထပ်သောက်ဦးပေါ့၊ မျက်နှာသစ်တော့မလား”
လူရွယ်သည် တံတွေးကို အရင်မျိုချနေလေသည်။
“ခင်.. ခင်ဗျား ဘယ်သူလဲဟင်၊ ကျွန်တော့်ကို သိလား”
မမြစိမ်းသည် လူရွယ်၏ခုတင်ဘေးမှ သားရေသေတ္တာကို လှမ်း ကြည့်ပြီး ပြုံးလိုက်မိပြန်၏။
“ကျွန်မနာမည် မမဖုရားလေ”
မမြစိမ်းသည် ပြတင်းပေါက် မှန်တံခါးကို သွားဖွင့်လိုက်ပြီး ခန်းဆီးစကို ကြိုးနှင့် ပြန်ချည်လိုက်လေသည်။
“မမဖုရား တဲ့၊ ဟုတ်လားခင်ဗျာ”
လူရွယ်က အံ့အားသင့်၍ ခုတင်မှ အားယူ၍ ထနေသည်။ မမြစိမ်း သည် ဒီတော့မှ သွားတက်ကလေးတွေ ဖွေးသွားအောင် ရယ်လိုက်ကာ အနားက သားရေသေတ္တာကို ဆွဲယူပြလိုက်လေသည်။
“ညက ရှင်အဖျားတက်လာတယ်လေ၊ ကျွန်မတို့ ထမင်းဆိုင်ကို တွေ့တော့ အတင်းအော်ပြီး တံခါးဖွင့်ခိုင်းတယ်၊ ကျွန်မတို့ကလည်း ရုတ်တရက် ဘယ်ဖွင့်ရဲမလဲ၊ အဲဒီတော့ ရှင်က အပြင်ကနေပြီး ကျွန်မကို ဆိုင်ရှင် မမဖုရားရယ်..... တံခါးမြန်မြန်ဖွင့်ပါ၊ ကျုပ် ချမ်းလှပြီတဲ့”
လူရွယ်သည် ဒီတော့မှ စိတ်လန်းဆန်းသွားဟန်နှင့် လိုက်၍ ရယ် မောတော့လေသည်။
“ဟောဒီသေတ္တာပေါ်မှာလည်း ရှင့်နာမည်ရေးထားတာ တွေ့ထား တာကိုး။ ကိုမြင့်နိုင်တဲ့၊ ဟုတ်ရဲ့ လားရှင့်”
“ဟုတ်ပါတယ် ခင်ဗျာ”
ကိုမြင့်နိုင်သည် စကားပြောနေရင်းက ယဉ်စစနှင့် ကြည်လင်လန်းဆန်း နေသော မမြစိမ်း၏မျက်နှာကို တစ်ချက်ဝင့်၍ ကြည့်လိုက်မိလေသည်။
“တကယ်တော့ ကျွန်မတို့ထမင်းဆိုင်သက်သက် ဖွင့်ထားတာပဲ ရှင့်.. တည်းခိုခန်းသက်သက်ရယ်လို့လည်း ရှိတာမဟုတ်ပါဘူး၊ ဒါပေမဲ့ ဒုက္ခရောက်လာတယ်ဆိုတော့လည်း ကျွန်မတို့မှာ ရှိတဲ့အခန်းထဲပဲ ရှင့်ကို ပို့ထားရတယ်ရှင်”
ကိုမြင့်နိုင်သည် ဆိုင်ရှင်မ၏စေတနာအတွက် ရင်ထဲတွင် လှိုက် လှိုက်လှဲလှဲ ကျေးဇူးတင်သွားပုံရလေသည်။ သို့ရာတွင် ပါးစပ်က ပြော၍ မထွက်။
မမြစိမ်းသည် အခန်းထဲမှ ထွက်ခွာသွားတော့မည့် ဟန်နှင့် ခန်း ဆီးတစ်ဖက်စကို လက်နှင့်အသာမ၍ ကိုင်လိုက်လေသည်။
“နေ.. နေပါဦး မမဖုရားရယ်”
မမြစိမ်းသည် အံ့အားသင့်ပြီး မျက်ခုံးကလေးပင့်ချီ၍သွား၏။ ကိုမြင့်နိုင်၏မျက်နှာအမူအရာသည် ရွှတ်နောက်နေခြင်းမဟုတ်။ တကယ် ရိုးသားခြင်းရှိလှသည်။
“ကျွန်မနာမည် မမြစိမ်းပါတဲ့ရှင့်”
“ဪ... ဟုတ်ကဲ့ခင်ဗျာ၊ ကျွန်တော်အဖို့တော့ မမြစိမ်းဟာ ဘုရားသခင်မဖြစ်နေလို့ မမဖုရားခေါ်တာလည်း မမှားနိုင်ပါဘူး”
ကိုမြင့်နိုင်၏ရိုးသားစွာနှင့် ကျေးဇူးတင်လိုက်သော စကားလုံး အတွက် မမြစိမ်းသည် နေရခက်ပြီး နှုတ်ခမ်းပွင့်ကလေးမှာ စု၍သွား သလို ထင်ရသည်။
“ကျွန်တော် ညတုန်းက အဖျားသွေးတက်ပြီး ကယောင်ကတမ်းနဲ့ အော်ဟစ်ပြောခဲ့မိတာတွေကိုလည်း ခွင့်လွှတ်ပါလို့ တောင်းပန်ပါရစေ ခင်ဗျာ”