မဝင့်(မြစ်ငယ်) - ဝထ္ထုတို ၅ ပုဒ်
ရွှေအိုးလို့လည်း ခေါ်ကြပါရဲ့
ကျွန်မမှာ သားလေးတစ်ယောက် ရှိပါတယ်။ အသက်ကြီးမှ ရလာတဲ့ တစ်ဦးတည်းသော သားကလေးကို ခက်ခက်ခဲခဲ မွေးခဲ့ ရတာမို့ သူ့ကို အရမ်းချစ်ပါတယ်။
သားကို ချစ်ခင်မြတ်နိုးစွာ မွေးမြူရင်းက ဗုဒ္ဓမြတ်စွာဟောကြား ခဲ့တဲ့ မေတ္တသုတ်ပရိတ်တော်ထဲမှာပါတဲ့ သားတစ်ယောက်တည်းသာ ရှိတဲ့ မိခင်ရဲ့ ချစ်ခြင်းမေတ္တာကဲ့သို့ သတ္တဝါဝေနေယျများအပေါ် ထား ရှိဖို့ နှိုင်းခိုင်းစေညွှန်းခဲ့တာ သတိရမိတယ်။
ကျွန်မရဲ့ ချစ်ခြင်းမေတ္တာမျိုးက မြတ်စွာဘုရားတောင်မှ ညွှန်း ဆိုရလောက်တဲ့ မိခင်စိတ်ဓာတ်ပါလားလို့လည်း ကျေနပ်မိတယ်။သားလေးကို ဒီလောက်ချစ်မှတော့ သူ့အတွက် ဘာမျှော်လင့် ချက်တွေထားသလဲလို့ မေးရင် ဘယ်လိုဖြေရမှန်းတောင် မသိပါဘူး။
သားကြီးလာရင် ဆရာဝန်ကြီး၊ စစ်ဗိုလ်ကြီး၊ ကုမ္ပဏီသူဌေးကြီး၊ ကွန်ပျူတာပညာရှင်ကြီး စသည်ဖြင့်ပေါ့။ ဖြစ်စေချင်သလားမေးရင် ခေါင်းယမ်းမိလိမ့်မယ်။ ဒါမှမဟုတ် စာရေးဆရာ၊ အဆိုတော်၊ ဂီတသမား၊ ရုပ်ရှင်မင်းသား၊ ဟင့်အင်း။ ကျွန်မမှာအဲသလိုမျိုး မျှော်လင့် ချက်တွေ လုံးဝ မရှိပါဘူး။
ဒါဖြင့် သားကို ဘာဖြစ်ရမယ်ဆိုတဲ့ ဆန္ဒစွဲမပါဘဲ သူဖြစ်ချင်တာ ကိုပဲ အားပေးလိုက်မှာလားလို့ မေးရင်လည်း ဟုတ်ကဲ့လို့ မဖြေနိုင် ပါဘူး။
သားအတွက် ကျွန်မမျှော်လင့်ထားတာက “အမှန်တရား မြတ်နိုး တတ်တဲ့ လူပီသသော လူတစ်ယောက်ဖြစ်နိုင်ဖို့ပါပဲ။ သားက ဉာဏ်ကောင်းပြီး စာတော်၊ မိဘများကလည်း သားပညာသင်ဖို့ ငွေကြေး ပြည့်စုံလို့ “
ပါမောက္ခကြီး” ဖြစ်လာရင်တောင်မှ သတ္တိနဲ့ သိက္ခာ မျှတစွာ ရဲရင့်တဲ့ ပါမောက္ခကြီး ဖြစ်စေမယ်။ သားဘဝ အကြောင်း မကောင်းလို့ သာမန်အလုပ်သမားလေးဖြစ်ရင်လည်း သူဘဝကို ခုခံ ရင်ဆိုင်ရဲတဲ့ အလုပ်သမားကောင်းတစ်ယောက်ဖြစ်မှ ကျေနပ်မယ့် အမေပါ။
လူဆိုတာ ကိုယ်မှန်တယ်ထင်တာကို ရဲရဲဝံ့ဝံ့၊ ယုံယုံကြည်ကြည် လုပ်ပါမှ “တကယ့်လူတဲ့။ သားရဲ့ အဖေနဲ့ အမေမှာတော့ အဲဒီ အရည် အချင်းတွေ မရှိကြပါဘူး။ ဒါမျိုးဆိုတာက စကတည်းက အင်အား လည်းရှိဖို့ လိုအပ်တာ မဟုတ်လား။
အဲ သားကိုတော့ တကယ့်လူ” ဖြစ်စေချင်တာပါ။ ဒါကြောင့် သားကျတော့ ကာယအင်အားရော၊ ဉာဏအင်အား ပါ ကောင်းဖို့ လိုအပ်လာပြီး သားကို ဖွားမြင်ပြီးကတည်းက အဲဒီ စိတ်ကူးနဲ့ နို့တိုက်ခဲ့တာ။ ထမင်းခွံ့ခဲ့တာပါ။ အဲဒီစိတ်ကူးနဲ့ပဲ သားကို ကျောင်းအပ်ခဲ့တာ။ ပညာသင်စေခဲ့တာပါ။ပြောပြီးမဟုတ်လား။ သားရဲ့ မေမေမှာ အင်အားသိပ်မှ မရှိတာ။ အစားအစာဆိုလည်း စိတ်ကတတ်နိုင်ပေမဲ့ လက်က ခပ်ကျဲကျဲပဲတတ်နိုင်တာကလား။ ကျောင်းထားတော့မယ်ဆိုတော့လည်း။
ဒီကြားထဲ သားက တီဗွီကြည့်ရင်း “မေမေ သားသား ကိုရီးယား စာ စားချင်တယ်ဆိုတော့ ဘာပူဆာတာပါလိမ့် တွေးယူရတယ်။ နောက်မှ ဟင်းချက်ပြိုင်တဲ့ ကိုရီးယားဇာတ်လမ်းတွဲက မင်းသားလေး “ဟိုဒေါင်းတို့ကို သတိရတာ။
သားက “မေမေ သား အိုင်အယ်လ်ဘီစီဆိုတဲ့ကျောင်းမှာ နေချင် တယ်ဗျာဆိုတော့ သူက တစ်တန်းကျောင်းသား ဖြစ်နေပြီ။ အသံထွက်ကောင်းကောင်း ထွက်တတ်နေပြီ။ သား ဘာပူဆာတယ်ဆိုတာ တန်း သိတာပေါ့ ။
ဒါပေမဲ့ သိတယ်မို့လား။ အဲဒါ မေမေ မတတ်နိုင်ဘူးလို့ ဘယ် ပြောမလဲ။ ကလေးတွေ ပူဆာရင် မေမေတွေ ပြောနေကျပုံစံအတိုင်း၊ “ဟာ...ဒီကလေး၊ ဘာတွေပူဆာမှန်းမသိဘူး၊ အချိန်တန်ရင် မေမေ ဝယ်ကျွေးမယ်”လို့ ခပ်တည်တည်နဲ့ ငေါက်ပစ်လိုက်တာပေါ့ ။
တစ်နေ့ကလည်းသားက ကွန်ပျူတာ ဝယ်ပေးလို့ ပူဆာပြန် တယ်။ ဒီတစ်ခါတော့ ကျွန်မက အပိုင်ငေါက်ပစ်တာ။ ဟဲ...ကွန် ပျူတာနဲ့ ကလေးနဲ့ ဘာဆိုင်သလဲပေါ့။ ဒီတော့သားက ဘာပြန်ပြော တယ်မှတ်သလဲ။
“ဟာ...မေမေက ခေတ်နောက်ကျလိုက်တာ။ နိုင်ငံခြားမှာဆိုရင် ကွန်ပျူတာကို ကလေးတိုင်း သုံးနေကြပြီ။ သားတို့ မြန်မာပြည် မှာလည်း သုံးကြပါ့။ သားသူငယ်ချင်း တရုတ်ကလေးဆိုရင် ကွန်ပျူ တာဂိမ်းတောင် ဆော့တတ်ပါ့ ။ အင်တာနက်ခေတ်ဗျ မေမေရဲ့”
သားက ဟန်နဲ့ပန်နဲ့ ပြောတော့ ကျွန်မ ရယ်လိုက်ရတာလေ။ ရယ်ရင်းနဲ့ မျက်ရည်လည်မိတယ်။ သားကို အင်အားကြီးသူ တစ် ယောက်ဖြစ်အောင် ပြုစုပေးမယ့် မေမေက ဒါတွေကိုဘာလို့ မစဉ်းစားမိပါလိမ့်။ မဂ္ဂဇင်းနဲ့ ဂျာနယ်လေးတွေ ဖတ်တတ်လာပြီဖြစ်တဲ့ သားက ဒါတွေကို သူ့အလိုလို တောင်းဆိုတတ်လာပြီကော။
သားက ဉာဏ်ကောင်းတဲ့ကလေးလို့ ခေါ်ရမယ်။ ဗီဇအရဆိုရင် လည်း ကျွန်မတို့ ဇနီးမောင်နှံက ဉာဏ်ရည်မညံ့ခဲ့ကြတာပါမှာပေါ့။ ပတ်ဝန်းကျင် ရှင်သန်မှုအရဆိုရင်လည်း မိဘနှစ်ပါးနဲ့ ပေါင်းသင်း ပတ်သက်တဲ့ မိတ်ဆွေတွေက စာပေသမားနဲ့ ပညာတတ်တွေ များတာ ကိုး။
ခုတစ်လော သားကို ပုံပြောရင်တောင်မှ သတိထားပြောရတယ်။ သူက သူ့အတွေးနဲ့ သူစီးဆင်းနေတာ။ ကျွန်မပြောချင်တဲ့ ရည်ရွယ် ချက်ကို လိုက်မလာတတ်ဘူး။ ဒါကြောင့် သူ့ကို သတိထား ပြောနေရ တယ်။
တစ်နေ့ကလည်း သားကို ပုံပြင်တစ်ပုဒ်ပြောမိတယ်။ ကျွန်မ ရည်ရွယ်ချက်က အချင်းချင်း မညီညွတ်ဘဲ စိတ်ဝမ်းကွဲလို့ ပျက်စီး သွားကြရတဲ့ ပုံပြင်ကလေးပါ။
တစ်ခါတုန်းက ကျေးရွာတစ်ရွာက လင်မယားနှစ်ယောက်ဟာ ရာသီဥတု မကောင်းလို့ တောမှာလယ်ကူလီလုပ်စားရတာ ဆင်းရဲ ပင်ပန်းလွန်းလို့ မြို့ကြီးကို ပြောင်းရွှေ့ လာခဲ့ကြသတဲ့”
“လယ်ကူလီဆိုတာ ဘာလဲမေမေ”
“လယ်ကူလီဆိုတာ ကိုယ်ပိုင်လယ်မရှိဘဲ သူများလယ်မှာ နေ့ စားဘဝနဲ့ လုပ်ရတဲ့ လယ်သမားကို ခေါ်တယ်”
“ကိုယ်ပိုင်မဟုတ်တာဗျာ...ရာသီဥတုကောင်းလည်း ဘယ် လောက်ရမှာလဲ။ မြို့ပေါ်ပြောင်းတာမှ ကောင်းသေးတယ်”
“ဟေး မေမေက သားကိုပုံပြင်ပြောနေတာ။ ဝေဖန်ခိုင်းနေတာ မဟုတ်ဘူး။ နားထောင်။ မြို့ကိုရောက်တော့ လင်မယားနှစ်ယောက်အတွက် အဆင်ပြေမယ့်အလုပ် ရှာကြတာပေါ့။ သူတို့နှစ်ယောက် အတွက် လတ်တလော အဆင်ပြေသွားတာကတော့ ထမင်းဆိုင်မှာ ကူညီလုပ်ပေးရတဲ့ အလုပ်ပဲ။ အဲဒီအလုပ်က ထမင်းလည်း စားရ မယ်။ နေစရာလည်း အခန်းလေးတစ်ခန်းလည်း ရတယ်။ လင်မယား နှစ်ယောက်လုံးလည်း အလုပ်အတူလုပ်ကြရမှာဆိုတော့ တော်တော် လေးအဆင်ပြေတာပေါ့။ ဒါပေမဲ့ လခကျတော့ နည်းနည်းလေးပဲ ရကြသတဲ့။ ဒါပေမဲ့ ထမင်းစရိတ်ငြိမ်းဆိုတော့ အဆင်ပြေမှာပါဆိုပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဝင်လုပ်လိုက်ကြရောတဲ့”
“ဒါပေမဲ့ တစ်ခုခုဖြစ်တော့မှာ မဟုတ်လားမေမေ”
“ဟဲ့ မေမေပြောနေတာ နားထောင်ပါဆို”
“ပုံပြင်ဆိုတာ တစ်ခုခုဖြစ်တာကို ပြောတာပဲ မဟုတ်လား မေမေ ကြီးကလည်း”
“ ဒီလောက်မှ သိနေရင်လည်း မပြောဘဲနေလိုက်မှာနော်။ နား ထောင်၊ ထမင်းကျွေးတယ်ဆိုပေမယ့် ထမင်းဆိုင်မှာမရောင်းရလို့ ကျန် တဲ့ထမင်းဟင်းတွေဆိုတော့ တစ်ရံတစ်ခါမှာ အသိုးတွေ စားရသတဲ့။ အလုပ်ကတော့ မနက်အစောကြီးထကြရပြီး ညသန်းခေါင်မှ အိပ်ကြရ တာပေါ့။ တစ်နေ့လုံး အနားမပေးဘဲ ခိုင်းတာဆိုတော့ လင်မယား နှစ်ယောက် အရမ်းပင်ပန်းကြတာပေါ့။ လင်မယားနှစ်ယောက် သုံးနှစ်လောက် အလုပ်လုပ်ငွေစုပြီး တောပြန် လယ်တစ်ဧကလောက်ဝယ်ဖို့ စိတ်ကူးထားပေမဲ့ လစာကနည်းတော့ ဆေးလိပ်ဖိုး၊ ကွမ်းယာဖိုးနဲ့ ကုန်ရောတဲ့။ မစုမိဘူးပေါ့ကွယ်”
“သနားပါတယ်နော်၊ သူတို့ရွာကို လွမ်းမှာပေါ့”
“အေး ဟုတ်တာပေါ့၊ ဒါကြောင့် ဒီထက် အဆင်ပြေမယ့် အလုပ် ရှာကြတာပေါ့။ ဒါပေမဲ့ ထမင်းဆိုင်ရှင် မသိအောင် ရှာကြရတာ။သိရင်စိတ်ဆိုးမှာ မဟုတ်လား။ မြို့ကြီးဆိုတော့ အလုပ်တွေက ပေါပါ တယ်။ ဒါပေမဲ့ လခများများရမယ့် အလုပ်ဖြစ်ပြန်တော့ နေစရာအိမ်က အခက်အခဲဖြစ်ပြန်တယ်။ နေစရာရော လခကောင်းပါရဲ့။ ဒါပေမဲ့ တစ်ယောက်တည်းပဲ ခန့်မယ့်အလုပ် ဖြစ်ပြန်နေရော။ ဒီလိုနဲ့ ထမင်း ဆိုင်ရှင်က သိသွားတယ်”
“ဟာ သူတို့ကို အရမ်းစိတ်ဆိုးမှာပေါ့ နော်”
“စိတ်ဆိုးရုံ ဘယ်ကမလဲ။ မလုပ်ချင်ရင် ထွက်သွားလို့ ငေါက် ထုတ်တာ။ သူကလည်း သိတယ်လေ။ အရင်တုန်းက သူ့ဆိုင်လာ လုပ်တဲ့သူတွေ မမြဲတာက နေစရာမပေးခဲ့လို့ မဟုတ်လား။ သူ့ဘက် က စရိတ်ငြိမ်းနေစရာပေးထားရက်နဲ့ ထွက်ချင်သလားလို့ တင်းတော့ တာပေါ့။ တောသားလင်မယားနှစ်ယောက်လည်း ရွာပြန်လို့လည်း မဖြစ်၊ မြို့မှာ ဆက်နေရင်လည်း ဒီဆိုင်ထက် အဆင်ပြေမယ့် နေရာ လည်းမရှိတာကြောင့် ထမင်းဆိုင်ရှင်ကိုပဲ တောင်းပန်ပြီး ပြန်နေကြရ တာပေါ့”
“သူတို့က အလုပ် ထပ်မရှာကြတော့ဘူးလားဗျာ။ သားသာဆို ရင် ကြိုးစားရှာမှာ”
“အေး ဟုတ်တာပေါ့၊ ဒါပေမဲ့ သူတို့ခမျာ ဒီတစ်ခါထပ်ပြီး၊ အလုပ်ရှာတယ်ကြားရင် ထမင်းဆိုင်ရှင်က ချက်ချင်းနှင်ထုတ်ပစ်မှာ ဆိုတဲ့ စကားကလည်း ကြောက်လန့်ကြရသေးတာကိုး။ ဒီတော့ ဒီ အလုပ်က မထွက်နိုင်သေးသရွေ့ ဆက်ပြီး ရင်ဆိုင်ကြရတော့မှာပေါ့။ အဲဒီမှာတင် ပြဿနာကစတော့တာပဲ သားရေ။ သူတို့ လင်မယား နှစ်ယောက်အနက် မယားဖြစ်သူက စဉ်းစားသတဲ့။ အင်း ငါတို့တော့ အဆင်မပြေသရွေ့ ဒီအလုပ်က မထွက်နိုင် လုပ်ကြရတော့မှာ။ ဒီလိုသာ တစ်ချိန်လုံး သူခိုင်းသမျှ အနိုင်ကျင့်သမျှ ခံနေလို့ မဖြစ်တော့ဘူး။