Skip to product information
1 of 18

စိတ်ကူးချိုချိုစာပေ

မြို့မဆရာဟိန် - အိုင်းရစ်အရေးတော်ပုံ

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out
အခန်း (၁)
မျိုးချစ်စိတ် စတင်ပေါ်ပေါက်ခြင်း

           တောရွာကလေး၌ မွေးဖွားသော အိုင်ရစ်အမျိုးသားတိုင်း တွေ့ကြုံ သိမြင်ရသည့်နည်းတူ နိုင်ငံခြားသားတို့၏ အုပ်ချုပ်စိုးမိုးခြင်းလက် အောက်တွင် အကျွန်ုပ်တို့၏ အမျိုးသားများမှာ မရှိဆင်းရဲ ငတ်မွတ်မွဲ၍ နေရသောအခြေအနေကို အကလေးအရွယ် ငယ်စဉ်ကပင် ကျွန်ုပ်သည် တွေ့ကြုံသိမြင်ခဲ့ရပေသည်။

           ဘရော့စနားရွာကလေးတွင် နေထိုင်ကြသော ရွာသူရွာသားတို့၏ မျိုးချစ်စိတ်သည် အတန်ထက်သန်ခိုင်မာပေသည်။ အခွန်အတုတ် မပေး နိုင်ရှာသော ရွာသူရွာသားများအား ဘိလစ်စာရေးကြီးများသည် နေအိမ်မှ နှင်ချခြင်း၊ အိမ်ထောင်ပစ္စည်းများကို ဝရမ်းဖမ်းခြင်း၊ ရွာသူရွာသားတို့၏ ကျွဲနွားများကို ဖမ်းဆီးခြင်း စသော ဗလက္ကာရအမှုများလည်း မကြာခဏ ဖြစ်ပေါ်၏။ ရွာသူရွာသားများကလည်း ထိုသို့ သော မတရားမှုတို့ကို သပိတ်မှောက်ခြင်း၊ ခုခံခြင်းတို့ဖြင့် မကြာခဏ လက်စားချေကြ၏။ ဘိလစ်စာရေးတစ်ယောက်မှာ တရားခံတစ်ဦးအတွက် သက်သေခံရန် ရုံးသို့လာရာ၌ “စ ကောက်ဂရေး” ခေါ် မြင်းတပ်ဖြင့် ဝိုင်းရံ၍ လာရသည်ကို ကျွန်ုပ်သည် မှတ်မိသေး၏။ တစ်ခါတွင်လည်း မိန်းကလေးတစ် ယောက်သည် မိမိအားထားမှီခိုရာဖြစ်သော လယ်သမားကြီး၏ ပစ္စည်း များကို ဘိလစ်စာရေးသည် ဝရမ်းဖမ်းရာ သည်းမခံနိုင်သဖြင့် အဆိုပါ ဘိလစ်စာရေးအား ခုခံရိုက်နှက်မိသောကြောင့် ထောင်ဒဏ်အပြစ်ပေးခြင်း ခံရဖူးလေသည်။ တစ်ကြိမ်တွင်လည်း လယ်သမားကြီးတစ်ယောက်မှာ လယ်သမားများအသင်း၏ စည်းမျဉ်းကို လိုက်နာမိသဖြင့် ထောင်ချခြင်း ကို ခံရပေရာ သူ၏ အိမ်နီးပါးချင်းတို့မှာ မနေသာဘဲနေ၏။ သားမယား များအတွက် ကောက်ပဲသီးနှံများကို စိုက်ပျိုးပေးရခြင်း၊ ရိတ်သိမ်းပေးရ ခြင်းဖြင့် ဝိုင်းဝန်းကူညီကြရပေသည်။

           ကျွန်ုပ်တို့ ဒိစတြိတ်မြို့နယ်မှ တခြားနိုင်ငံများသို့ ထွက်ခွာသွားကြ ရရှာသူများမှ အဆက်မပြတ်လှပေ။ ကျား-မမဟူ လူငယ်လူရွယ်ကလေး တို့မှာ ကြေကွဲသောနှလုံး စိုရွှဲသောမျက်ရည်ဖြင့် မိဘမောင်ဘွား ဆွေမျိုး များနှင့်ခွဲခွာကာ အမေရိကတိုက်သို့ အသက်မွေးဝမ်းကျောင်းအလို့ငှာ သွားရောက်ကြရလျက် တစ်ကျွန်းစီနေ တစ်ပြည်စီခြားရာမှ ငွေကြေးဖြင့်ထောက်ပံ့ကြရသည်ကိုလည်း ကျွန်ုပ်ကိုယ်တိုင် ကိုယ်တွေ့ကြုံခဲ့ရပေ သည်။ ကျွန်ုပ်မှာလည်း ထိုလူငယ်များနည်းတူ အမေရိကန်နိုင်ငံသို့ ထွက်ခွာသွားရသည်ဖြစ်ရာ ထိုစဉ်အခါက ကျွန်ုပ်တို့အမျိုးသားတစ်စု၏ အဖြစ်အပျက်ကို ကျွန်ုပ်၏ စိတ်နှလုံးတွင် ဓာတ်ပုံရိုက်ကူးထားဘိသကဲ့သို့ ထင်ရှားစွာ တည်မြဲခဲ့ပေတော့သည်။

           အိုင်ယာလန်ပြည်မှ ထွက်ခွာသွားရခြင်းသည် အိုင်ယာလန်ပြည် အား ပိုမိုချစ်ခင်ခြင်းကို မဖြစ်စေသော်လည်း တိုင်းချစ်စိတ် ပိုမိုရင့်သန် လာခြင်းကိုမူကား အားပေးလာသည်။ ကျွန်ုပ်တို့သည် အိုင်ယာလန်ပြည် ၌ နေထိုင်ရစဉ်အခါ၌ မိမိတို့ပြည်ကြီးသည် မိမိတို့ ကိုယ်အင်္ဂါအစိတ် အပိုင်းတစ်ခုပင်ဖြစ်သည်ဟု ထင်မှတ်ခဲ့ပေသည်။ အိုင်ယာလန်ပြည်ကြီး၏ သာယာသော ရှုမျှော်ခင်းများကို ကြည့်ရှုရခြင်းသည် မိဘတို့၏ မျက်နှာကို ဖူးမြော်ရဘိသကဲ့သို့ ကျေနပ်ဝမ်းမြောက်ခြင်းဖြစ်ဘိ၏။ သို့ဖြစ်လင့်ကစား မိမိတို့ပြည်ကြီးကို မြတ်နိုးသောစိတ်ဓာတ်သည် ထိုမျှ ခိုင်မာတည်မြဲလျက်ရှိသည်ကို အဦးအစ၌ ကောင်းစွာ သတိမပြုမိခဲ့ပေ။

           မိဘဆွေမျိုးတို့၏ အသိုက်အဝန်းမှ ခွဲခွာလာခဲ့ကြပြီးနောက် တခြားတစ်နိုင်ငံသို့ ရောက်သောအခါ ထိုနိုင်ငံရှိ အခြေအနေတို့သည် မည်မျှပင် ကြည်သာရွှင်မြူးဖွယ် ဖြစ်လင့်ကစား ကျွန်ုပ်တို့၏ မွေးဖွားရာ ဒေသမဟုတ်သည်ကို သတိရမိ၏။ ပေါင်းသင်းဆက်ဆံရန် အသင်း အဖွဲ့ များလည်းမရှိပေ။ ကျွန်ုပ်မှာ အမေရိကန်နိုင်ငံ၌နေထိုင်စဉ် မိမိ နေ့ စဉ်ကြုံတွေ့ရသော ရှုမျှော်ခင်းများကို ကြည့်ရှုရင်း ပျင်းရိထိုင်းမှိုင်းလာတော့၏။ ငယ်စဉ်က ပြေးလွှားရွှင်မြူး အပျော်ကြူးခဲ့ရသော နေရာဒေသ များကို တရေးရေး ထင်ယောင်မြင်ယောင်မိ၏။ အိုင်ယာလန်ပြည်မှာ နေစဉ်အခါက သုံးလေ့သုံးထရှိသော နေ့စဉ်သုံးစကားမျိုးတို့ကိုပင် ပြော ကြားရမည်မှာ ရှက်ကြောက်စဖွယ်ကဲ့သို့ဖြစ်ရကား အလျှင်း မကြားရ တော့ပေ။

           ကလေးဘဝက အိုင်ယာလန်ပြည်ရှိ စိမ်းစိုသော မြက်ခင်းတို့ကို ဖြတ်သန်းတိုက်ခိုက်လာသော လေပြည်လေအေးကို ရှူရှိုက်ရခြင်း၊ ကြည်လင်အေးမြသော ထူးတွင်း စမ်းအိုင်တို့တွင် ငါးမျှားခဲ့ရခြင်း၊ ကျေး ငှက်တို့သည် ချုံနွယ်ပိတ်ပေါင်းအတွင်း၌ အသိုက်အအုံပြုကာ နေကြ သည်ကို ရှာဖွေခဲ့ရခြင်း စသော ငယ်စဉ်က အဖြစ်အပျက်တို့ကိုလည်း တရေးရေးမြင်ယောင်လျက်ရှိရကား ဤ မိမိတို့နေရင်းဌာနတို့ကို ပြန် လည်ကြည့်ရှုလိုသောဆန္ဒသည် ဖြစ်ပေါ်လာပြန်၏။ ကျွန်ုပ်မွေးဖွားရာ အိမ်ဟောင်းကလေးနှင့်ပတ်သက်၍ စာမဖွဲ့လောက်သော ရှေးဟောင်း နှောင်းဖြစ်ကလေးများကိုပင် ပြန်လည်သတိရလေတော့၏။

           အမေရိကန်တိုက်တွင် နှစ်နှစ်မျှကြာသောအခါ ရုတ်ကျွန်းတွင် ဆင်ယင်ကျင်းပသော စိန့်ပက်ထရစ်နေ့ပွဲတော်ကြီးနှင့် ကြုံကြိုက်ရပေရာ ကျွန်ုပ်သည်လည်း အဆိုပါ ပွဲနေ့လှည့်လည်ပွဲတွင် ဝင်ရောက်နွှဲပျော်ခဲ့၏။ ထိုသို့ ပွဲလှည့်ရာတွင် တစ်တိုင်းတစ်နိုင်ငံသို့ လွင့်လာကြသော အိုင်ရစ် လူမျိုးတစ်စုတို့သည် မိမိတို့အမျိုးသားဆိုင်ရာ ပွဲတော်ကြီးကို နွှဲဆင်နေဘိ သကဲ့သို့ ထင်မြင်အောက်မေ့မိရကား ထိုနေ့ကစ၍ ကျွန်ုပ်၏ တိုင်းချစ် စိတ်သည် နိုးကြားထကြွလာပေသည်။ ထိုသို့ နိုးကြားလာသော တိုင်းချစ် စိတ်ပင် ကျွန်ုပ်အား အိုင်ယာလန်ပြည်သို့ပြန်ရန် လှုံ့ဆော်ခဲ့ပေသည်။

           အိုင်ယာလန်ပြည်သို့ ပြန်လည်ဆိုက်ရောက်ပြီးနောက် နှစ်နှစ်မျှ ကြာသောအခါ အိုင်ယာလန်ဘာသာစကားကို ပြန့်ပွားစေရန် ဖွဲ့စည်း ထားသော “ဂဲလစ်လိ” ခေါ် အသင်းသို့ ဝင်ရောက်ခဲ့ပေသည်။ နောင်သောအခါ ဝုဖ်တုံအမည်ရှိသော မျိုးချစ်ပုဂ္ဂိုလ်တစ်ဦး၏ မြေပုံအနီးတွင် အိုင်ရစ်သမ္မတအဖွဲ့ (Irish Republican Brotherhood)၏သစ္စာကို ခံယူကာ မျိုးချစ်အသင်းသားတစ်ဦး ဖြစ်လာတော့၏။

           အိုင်ယာလန်ပြည်သို့ ပြန်လည်ဆိုက်ရောက်စက ကျွန်ုပ်တို့၏ အမျိုးသားများသည် အိုင်ယာလန်ပြည်လွတ်လပ်ရေးအတွက် မည်သို့ သဘောထားကြသည်ကို မသိရသေးသဖြင့် အထူးစိတ်ပျက်မိ၏။ စင်စစ် အားဖြင့် ကျွန်ုပ်သည် အပြင်အပ အခြေအနေကိုသာကြည့်ရှုလျက် အတွင်းရေးသဘောထားတို့ကို ဆင်ခြင်စူးစမ်းခြင်း မပြုမိသဖြင့် စိတ်ပျက် ခြင်းဖြစ်မိပေသည်။ အကြောင်းအားလျော်စွာ ဖြစ်ပျက်လာသော ကိစ္စ အဝဝတို့ကြောင့် ကျွန်ုပ်သည် အလင်းရောင်ကို ရရှိလာ၏။ လွတ်လပ် ရေးတိုက်ပွဲကြီး ဖြစ်ပေါ်လာသောအခါ အိုင်ယာလန် ပြည်သူပြည်သားတို့ သည် နှောင့်နှေးဆုတ်ဆိုင်းခြင်းမရှိ။ ထထကြွကြွဖြစ်လာသည်ကို သိရပေ တော့သည်။ အနည်းငယ်မျှသော အိုင်ယာလန်ပြည်သား အာဇာနည်ခံယူနိုင်ယာလန်ယာလန်ပြည်သို့ အထူးစိတ်ပျက်လျက်ယောက်ျားတို့၏ စွန့်စားဆောင်ရွက်သွားပုံများကို အားကျကာ မိမိတို့ အိုးအိမ် အသက်စည်းစိမ်တို့ကို စွန့်လွှတ်၍ အရေးတော်ပုံအတွင်း မိမိတို့ ဆိုင်ရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြကုန်သော အိုင်ရစ်အမျိုး သားအမျိုးသမီးများ ထောင်သောင်းမက များပြားသည်ကိုလည်း တွေ့ရ ပေသည်။ အမေရိကန်တိုက်တွင်ရှိနေသော အိုင်ရစ်အမျိုးသားများက လည်း လွတ်လပ်ရေးတိုက်ပွဲကြီး အောင်မြင်စေခြင်းငှာ ငွေကြေးများကို ရက်ရောစွာ ပေးလှူစွန့်ကြဲကြလေသည်။ သို့သော် မိုက်ကယ်ကောလင်း က “ကျွန်ုပ်သည် အဆွေတို့ ရက်ရောစွာပေးပို့ကြသော အလှူငွေကို များစွာအလိုမရှိ၊ အဆွေတို့ထံမှ တိုက်ခိုက်မည့်သူ တစ်ထောင်လောက်ပို့ လျှင် များစွာ ကျေနပ်ပေလိမ့်မည်” ဟုပြောသောအခါ အနည်းငယ်သော မျိုးချစ်တစ်စုတို့သာ မိုက်ကယ်ကောလင်း၏အလိုသို့ လိုက်ပါနိုင်ကြရှာ လေသည်။

           ပြည်နှင်ဒဏ်သင့်ခဲ့သော အိုင်ရစ်အမျိုးသားများမှာ အမေရိကန် တိုက်၌ မိမိတို့ အမျိုးသားအလံများကိုလွှင့်ထူကာ တိုင်းချစ်စိတ် ထက် သန်စေသော အမျိုးသားသီချင်းတို့ကို လွတ်လွတ်လပ်လပ် သီဆိုအော် ဟစ်နိုင်ကြပေသည်။ ကျွန်ုပ်အထက်က ဖော်ပြခဲ့သည့်အတိုင်း စိန့်ပက် ထရစ်နေ့ အထိမ်းအမှတ်ပွဲတွင် နွှဲဆင်ခဲ့ရာ၌ ကျွန်ုပ်သည် မိမိကိုယ်ကိုယ် အိုင်ရစ်အမျိုးသားကြီးတစ်ဦးအနေဖြင့် နိုင်ငံခြားသားတို့၏အလယ်တွင် ထည်ထည်ခံ့ခံ့ကြီး ပါဝင်နွှဲဆင်ခဲ့ရသည်ကို ကျေနပ်ခြင်းဖြစ်မိ၏။ အမေ ရိကန်တိုက်၌ ကျွန်ုပ်တို့မှာ လှလှဝတ်၍ ဝဝစားကာ အေးချမ်းစွာ နေထိုင် အသက်မွေးခဲ့ရပေသည်။ ကျွန်ုပ်တို့မှာ လွတ်လပ်သော နိုင်ငံ၏အရသာ ကို ကောင်းစွာ ခံစားခဲ့ရပေ၏။ ကျွန်ုပ်တို့အမျိုးသား၏ အောင်လံတံခွန် ကိုလွှင့်ထူကာ အိုင်ရစ်လူမျိုးအသင်းအဖွဲ့တို့အား ငွေကြေးတတ်အားသမျှ ထည့်ဝင်လှူဒါန်းနိုင်ခြင်းကိုပင် မိမိတို့တိုင်းပြည်အတွက် အကျိုးဆောင်ခြင်းဟူ၍ယူဆကာ အထူးကျေနပ် ဝမ်းမြောက်ခဲ့ပေ၏။ အိုင်ယာလန် ပြည်၌မူ ထိုသို့မဟုတ် ကျွန်ုပ်တို့မှာ ရှိသမျှအချိန်ကို ဝမ်းရေးအတွက် လုံးပန်းလုပ်ကိုင်နေကြရကုန်၏။ အိုင်ယာလန်ပြည်ကိုလည်းကောင်း၊ ကိုယ့်မင်းကိုယ့်ချင်းနှင့် လွတ်လပ်စွာ နေခဲ့ရခြင်းတို့ကိုလည်းကောင်း၊ သတိရစေရန် ကျင်းပအပ်သော လှည့်လည်ပွဲများကိုလည်း ဝင်ရောက်နွှဲ ပျော်ခြင်းမပြုနိုင်ကြပေ။ အနည်းငယ်သော လူတစ်စုသာလျှင် အိုင်ယာ လန်ပြည်၏လွတ်လပ်ရေး လုပ်ငန်းဟောင်းကို တွေးတောနိုင်ရန် အချိန်ရ ကြ၏။ ထိုလူတစ်စုပင်လျှင် လွတ်လပ်ရေးအတွက် အနစ်နာခံကာ ခုခံ တိုက်ခိုက်ရမည်ကို လေးလေးနက်နက် ဆင်ခြင်စဉ်းစားမိကြလေသည်။

           အိုင်ရစ်အမျိုးသားတို့သည် တိုင်းရေးပြည်ရေးတွင် အမှုမဲ့နေ ထိုင်ကြခြင်းမှာလည်း အခြားအကြောင်းတစ်ခုရှိသေး၏။ ထိုအခါက အိုင်ရစ်ပါလီမန်ထရီပါတီခေါ် အင်္ဂလိပ်တို့ဖွဲ့စည်းထားသော ပါလီမန် လွှတ်တော်သို့ဝင်ရောက်၍ အားပေးနေကြသော အဖွဲ့တစ်ခုက တိုင်းပြည် တွင် အာဏာလွှမ်းမိုးကာ အုပ်ချုပ်နေ၏။ ထိုအဖွဲ့၏ဝါဒမှာ အစစအရာ ရာ၌ အင်္ဂလိပ်တို့၏မျက်နှာကို ထောက်ရှု၍ အလုပ်လုပ်နေကြခြင်းဖြင့် အိုင်ရစ်လူမျိုးတို့၏ ဇာတိမာန်ကို ချိုးနှိမ်ဖျက်ဆီးရာရောက်နေ၏။ အိုင် ရစ်လူမျိုးတို့မှာ မိမိတို့နိုင်ငံလွတ်လပ်ရေးအတွက် ဂရုမစိုက်နိုင်တော့ဘဲ သူတို့၏ ကိုယ်စားလှယ် လူကြီးများသည်လည်း အင်္ဂလိပ်အစိုးရထံအောက်ကျိုကာ မိမိတို့ကိုယ်ကျိုးအတွက်သာ တောင်းခံဆောင်ရွက်နေ ကြကုန်၏။

           အိုင်ရစ်အမျိုးသားတို့မှာ ဇာတိမာန် ကင်းပျောက်သလောက်ရှိချေ ပြီ။ ဒဗ္ဗလင်မြို့တော်ကြီးရှိ ကျွန်ုပ်တို့၏ ပါလီမန်လွှတ်တော်ကြီးကို ဖျက် သိမ်းခြင်းခံရပြီးနောက် တိုင်းပြည်၏ ကိုယ်စားလှယ်အမတ်တို့သည် အင်္ဂလန်ပြည်ရှိ အောက်ပါလီမန်လွှတ်တော်သို့ သွားကြရရှာ၏။ ထို